ဖက်ဒရယ်ပုံစံငယ် မျှော်လင့်ချက်အသစ်နှင့် ရှမ်းပြည်နယ်

အနိုင်ရတိုင်းရင်းသားပါတီများကို ရှမ်းပြည်နယ်လွှတ်တော်တွင်သာမက ပြည်နယ်အစိုးရဖွဲ့စည်းရာတွင်လည်း လုပ်ပိုင်ခွင့်နေရာများ ပေးအပ်သင့်ကြောင်း ဆွေးနွေးသုံးသပ်သူများလည်း ရှိသည်

၂၀၁၉ ခုနှစ်အတွင်းက ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတစ်ရပ်အပြီး ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲကြီးအပြီး ထွက်ပေါ်လာသော ပါတီအသီးသီး၏ ရလဒ်များအရ မြန်မာနိုင်ငံ တစ်နံတစ်လျား နယ်မြေဒေသအများစုတွင် လက်ရှိအာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ရည်ညွှန်းသည့် အနီရောင်က ဖုံးလွှမ်းထားသည်။ သို့သော် ရှမ်းပြည်နယ်တွင်မူ အရောင်အသွေးအစုံကို ဒွေးရောယှက်တင် မြင်တွေ့နေကြရသည်။

မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ကနဦးကာလဖြစ်သည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့် အရပ်သားအစိုးရတစ်ရပ် မှတ်မှတ်ထင်ထင် ပေါ်ထွက်လာသော ၂၀၁၅ ရွေးကောက်ပွဲအပြီး ကာလများတွင်လည်း ရှမ်းပြည်နယ်၏ အသွင်မှာ ထိုကဲ့သို့ အရောင်အသွေးစုံလင်ခဲ့သည်သာပင်။ 

ပါတီကြီးတစ်ခုတည်းက ကြီးစိုးထားသည့် ပုံစံမျိုးမဟုတ်ဘဲ လွှတ်တော်ထဲတွင် တိုင်းရင်းသားလူမျိုးစုံ၊ ပါတီစုံမှ ကိုယ်စားလှယ်များ စုစုဝေးဝေး ရှိနေခဲ့ကြသည်။ သို့သော် ဆုံးဖြတ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ပိုင်းတို့တွင်မူ အရောင်အသွေး မစုံလင်ခဲ့ပေ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်များအရ ရှမ်းပြည်နယ်လွှတ်တော်တွင် ယခင်ကာလများ၏ အခြေအနေနှင့် မတူညီသည့် ထူးခြားမှုများ မြင်လာရဖွယ်ရှိနေသည်။ 

ရှမ်းပြည်နယ်လွှတ်တော်သက်တမ်း နှစ်ခုစလုံးတွင် အင်အားအများဆုံးဖြစ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ယခုရွေးကောက်ပွဲ၌ အနိုင်ရရှိမှု လျော့ကျသွားသလို နေရာတိုးအနိုင်ရလာသည့် NLD သည်လည်း ဥပဒေပြုမဏ္ဍိုင်ဖြစ်သော လွှတ်တော်တွင်သာမကဘဲ ပြည်နယ်အစိုးရဖွဲ့စည်းရာတွင် ပြည်နယ်တွင်းအခြားအနိုင်ရ တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလားအလာများကို မြင်နေရခြင်းကြောင့် ဖြစ်သည်။ 

NLD ပါတီအနေဖြင့် ဒေသခံတိုင်းရင်းသားပါတီများနှင့် ပိုမို၍ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်နိုင်လျှင် ရှမ်းပြည်အတွက် တိုးတက်မှုအခြေအနေကောင်းများ မြင်တွေ့လာရနိုင်သလို ရှမ်းပြည်နေ ပြည်သူများ၏ အဓိကလိုလားချက်ဖြစ်သည့် ဒေသတည်ငြိမ်အေးချမ်းရေးကိုလည်း ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ချက်များ ရှိလာသည်။

“ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ကတော့ ရလဒ်အပေါ်မှာ စဉ်းစားမှုတွေ ရှိမှာပါ။ ၂၀၁၅ ကထက် ရှမ်းပြည်မှာ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရော တိုင်းရင်းသားပါတီတွေအနေနဲ့ရော ပိုပြီးနီးနီးကပ်ကပ် ဆက်ဆံနိုင်မယ်ဆိုရင်တော့ ရှမ်းပြည်အတွက် ပိုကောင်းနိုင်မယ်” ဟု ရှမ်းပြည်နယ် NLD အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်က  Myanmar Now ကို ပြောသည်။

ရွေးကောက်ပွဲရလဒ်နှိုင်းယှဉ်ချက်

ရှမ်းပြည်နယ်တွင် မြို့နယ်စုစုပေါင်း ၅၅ မြို့နယ် ရှိသည့်အနက် ၂၀၂၀ ရွေးကောက်ပွဲတွင် ၄၉ မြို့နယ်၌ ကျင်းပနိုင်ခဲ့သည်။ လုံခြုံရေးအာမခံချက်မပေးနိုင်သည့် အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် ဒေသများမှာ ပန်ဆန်း၊ မိုင်းအော၊ ပန်ဝိုင်၊ နားဖန်နှင့် မိုင်းလား စသည့် ‘ဝ’ ဒေသ ၅ မြို့နယ်ဟု အလွယ်ခေါ်ကြသော မြို့နယ်များနှင့် မိုင်းကိုင်မြို့နယ်တို့ ဖြစ်သည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော် ၄၉ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ ဖြင့် လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် ၆၁ နေရာရှိသည်။​ ပြည်နယ်လွှတ်တော် ၉၈ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ၇ နေရာ ဖြစ်ရာ ရှမ်းပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ခံကိုယ်စားလှယ်စုစုပေါင်း ၁၀၅ ဦးရှိသည်။ 

၂၀၁၅ တွင်မူ ‘ဝ’ ဒေသ ၅ မြို့နယ်အပြင် ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေ၍ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော်နေရာ ၆၀၊ ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၁၀၃ ဦးရှိခဲ့သည်။

ရှမ်းပြည်နယ်တွင် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲနှစ်ရပ်၏ ရလဒ်တို့ကို နှိုင်းယှဉ်ကြည့်လျှင် ပြည်ခိုင်ဖြိုးပါတီက ပြည်နယ်လွှတ်တော်နေရာသာမက ပြည်ထောင်စုတွင်ပါ နေရာရရှိမှု လျော့ကျသွားသလို NLD က လွှတ်တော်နေရာ အသီးသီးတွင် နေရာများ တိုး၍ ရရှိလာသည်ကို ယေဘုယျ မြင်တွေ့နိုင်သည်။

ရွေးကောက်ပွဲနေ့မတိုင်မီအထိ မှန်းဆချက်များတွင် အခြားအားကောင်းလာနေသည့် နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားပါတီများနည်းတူ ရှမ်းပြည်နယ်တွင်လည်း နယ်ခံပါတီကြီးဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကသာ ပို၍ အနိုင်ရရှိနိုင်မည်ဟု သုံးသပ်ခဲ့ကြသည်။

သို့သော် ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် SNLD သည် ပြည်ထောင်စုလွှတ်တော် နေရာများတွင် ၂၀၁၅ နှင့် တူညီသည့်အရေအတွက်ဖြစ်သော ၁၅ နေရာကိုသာ ပြန်လည်ရရှိခဲ့ပြီး ပြည်နယ်လွှတ်တော်တွင်မူ ၂၆  နေရာဖြင့် နှစ်နေရာသာ တိုး၍ ရရှိခဲ့သည်။

လက်ရှိအာဏာရ NLD ပါတီအနေဖြင့်မူ ၂၀၁၅ တွင် ပြည်ထောင်စု ၁၅ နေရာနှင့် ပြည်နယ် ၂၃ နေရာ ရရှိခဲ့ရာမှ ယခုနှစ် ရွေးကောက်ပွဲတွင်တော့ ပြည်ထောင်စုတွင် ၁၈ နေရာနှင့် ပြည်နယ်၌ ၂၉ နေရာအထိ တိုး၍ အနိုင်ရရှိခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီမှာ ၂၀၁၅ တွင် ပြည်ထောင်စု ၁၉ နေရာနှင့် ပြည်နယ် ၃၃ နေရာအထိ ရရှိဖူးသော်လည်း ယခုနှစ်ရွေးကောက်ပွဲတွင်မူ ပြည်ထောင်စု ၁၆ နေရာနှင့် ပြည်နယ်အဆင့်တွင် ၂၅ နေရာသာ ရရှိခဲ့သည်။

ရှမ်းပြည်နယ်အခြေစိုက် အခြားတိုင်းရင်းသားလူမျိုးစုပါတီငယ်များမှာ ၂၀၁၅ အတိုင်းပင် ၎င်းတို့၏ အမာခံနယ်မြေများတွင် ခြားနားမှုများစွာ မရှိဘဲ ပြန်လည်နေရာရရှိခဲ့ကြသည်။

တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) သည်၂၀၁၅ အတိုင်းပင် ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ပြည်ထောင်စုလွှတ်တော် ၅ နေရာနှင့် ပြည်နယ်လွှတ်တော် ၇ နေရာ အနိုင်ရရှိထားသည်။ 

TNP ပါတီသည် ၂၀၁၅ တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅) နှင့် အမှတ် (၁၀) တို့တွင် အနိုင်ရရှိခဲ့ပြီး ယခုနှစ် ရွေးကောက်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် အမှတ် (၁၀) ကို လက်လွှတ်ဆုံးရှုံးလိုက်ရကာ အမှတ် (၅) နှင့် ကပ်လျက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမှတ် (၈) နေရာကို ပြောင်းလဲအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မူဆယ်၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့နယ်တို့ပါရှိရာ အမျိုးသား မဲဆန္ဒနယ် အမှတ် (၅) နေရာမှာ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း TNP ပါတီက ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီကို ပွတ်ကာသီကာ အနိုင်ရရှိခဲ့သည့် နေရာဖြစ်သည်။

TNP ဆုံးရှုံးလိုက်ရသည့် ပင်လောင်း၊ ဟိုပုန်းနှင့် ဆီဆိုင်မြို့နယ်များပါဝင်သော အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀) ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က အနိုင်ရသွားသည်။ PNO သည် ယခုရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော် ၃ နေရာအနိုင်ရပြီး၂၀၁၅ တွင် ရရှိခဲ့သည့် အရေအတွက်အတိုင်း အပြောင်းအလဲမရှိသော်လည်း ပြည်နယ်လွှတ်တော်တွင်မူ ၁ နေရာ တိုးကာ ၇ နေရာ အနိုင်ရထားသည်။

ယခုနှစ်ဆန်းပိုင်းက ‘ဝ’ နှစ်ပါတီ ပေါင်းစည်းထားသည့် ‘ဝ’ အမျိုးသားပါတီက ဟိုပန်တွင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အမှတ် (၁) ၊ မိုင်းတုံတွင် ပြည်နယ် အမှတ် (၂) နေရာတို့ကို ရရှိခဲ့သည်။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့်မူ ၂၀၁၅ က ပြည်နယ်လွှတ်တော် ၂ နေရာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် မက်မန်းမြို့နယ် အမှတ် (၂) တစ်နေရာတည်းသာ အနိုင်ရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က မိုင်းပန်မြို့နယ် ပြည်နယ်အမှတ် (၁) တစ်နေရာသာ ရရှိခဲ့ပြီး ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ (KDUP) မှာမူ ယခုနှစ်တွင် တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။

လက်ရှိ နေရာရထားကြသည့် ပါတီငယ်များအနက် PNO နှင့် ‘ဝ’ အမျိုးသားပါတီတို့မှာ ပြည်ခိုင်ဖြိုးနှင့် မဟာမိတ်ဆက်ဆံရေးရှိသည့် ပါတီများအဖြစ် မှတ်ယူထားကြသည်။ ထိုပါတီနှစ်ခုသည် ဩဂုတ်လအတွင်း ပြည်ခိုင်ဖြိုး ဦးဆောင်မှုဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံခဲ့သည့် ၃၄ ပါတီတွင် ပါဝင်ခဲ့သည်။ 

ယခုနှစ် ရွေးကောက်ပွဲမှာ ပြိုင်ဆိုင်မှုပြင်းထန်သလို အကြိတ်အနယ်လည်း ရှိသည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ ရှမ်းပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာလှစိုင်းက မှတ်ချက်ပြုသည်။

“ကိုယ့်ရှမ်းပြည်နယ်အတွက်ဆိုရင် နိုင်ငံသားတစ်ယောက်အနေနဲ့သော်လည်းကောင်း၊ ပြည်နယ်သားတစ်ယောက်အနေနဲ့သော်လည်းကောင်း အလိုအပ်ဆုံးက ဒေသတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

တအာင်း (ပလောင်) အမျိုးသားပါတီ TNP ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် မိုင်းအောင်မင်းကမူ ပြည်နယ်အဆင့်လွှတ်တော်တွင်ဖြစ်စေ၊ ပြည်နယ်အစိုးရအဖွဲ့တွင်ဖြစ်စေ NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီမှ ကိုယ်စားလှယ်များကို နေရာပေးမည်ဟု မျှော်လင့်ကြောင်းဆိုသည်။ 

“နိုင်တဲ့ တိုင်းရင်းသားပါတီတွေကို ခေါ်ပြီးတော့ နေရာပေးမယ်လို့ ထင်တယ်။ ဒီသက်တမ်းမှာ NLD က ခေါ်သွင်းပြီး သုံးနိုင်မလား၊ အဲဒီလိုတော့ မျှော်လင့်ရတာပေါ့ခင်ဗျာ” ဟု ပြောသည်။

၎င်းသည် ယခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် အမှတ် (၆) ဖြစ်သည့် လားရှိုးခရိုင်တွင် ယှဉ်ပြိုင်ခဲ့ပြီး SNLD ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သည်။

ပြီးခဲ့သည့် အစိုးရသက်တမ်း နှစ်ကြိမ်စလုံးတွင် လွှတ်တော်ကိုယ်စားလှယ်အများဆုံးဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီကသာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရာထူးများကို ခန့်အပ်ခွင့်ရရှိခဲ့ခြင်းဖြစ်ရာ ယခုနှစ်မှာတော့ ထိုသို့ အကြီးအကဲများ ခန့်အပ်ရာတွင် ပါတီနောက်ခံထက် ကိုယ်စားလှယ်တို့၏ ကိုယ်ရေးရာဇဝင်နှင့် ဂုဏ်ပုဒ်များအား ကြည့်၍ ရွေးချယ်နိုင်ရန် မိုင်းအောင်မင်းက မျှော်လင့်သည်။

“ရှမ်းပြည်နယ်လွှတ်တော်မှာတော့ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ ပါတီကနေ ရွေးချယ်ထားတဲ့လူတွေပဲ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ ဖြစ်သွားတယ်။ ခုနကလို Personal (ကိုယ်ရေး) ဂုဏ်ပုဒ်တွေ၊ ယုံကြည်ရတဲ့ဟာတွေပေါ် မူတည်ပြီး ရွေးခဲ့တာမျိုး မဟုတ်ဘူး” ဟု ၎င်းက ရှင်းပြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် NLD က အများစုအနိုင်ရရှိကာ အစိုးရဖွဲ့နိုင်ခဲ့သော်လည်း ရှမ်းပြည်နယ်တွင်မူ ပြည်ခိုင်ဖြိုးက ပြည်ထောင်စုနှင့် ပြည်နယ်အဆင့်တို့တွင် အများဆုံး အနိုင်ရရှိခဲ့သဖြင့် ရှမ်းလွှတ်တော်နှင့် ရှမ်းအစိုးရအဖွဲ့တို့ကို ဖွဲ့စည်းရာတွင် NLD အနေဖြင့် ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝမရှိခဲ့ဟု ကလောမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) တွင် အနိုင်ရရှိထားသည့် ဦးဇော်မင်းလတ်က ပြောသည်။

NLD သည် ၂၀၁၅ ရွေးကောက်ပွဲအလွန် ရှမ်းပြည်နယ်အစိုးရဖွဲ့စည်းရာတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များကို ဝန်ကြီး ၃ နေရာ ပေးခဲ့သည်။ ၎င်းတို့မှာ လက်ရှိ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း (ကိုးကန့်လူမျိုး)၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး (ပအိုဝ်းလူမျိုး) နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျော် (တအာင်း/ပလောင်) တို့ ဖြစ်ကြသည်။

“အခုရွေးကောက်ပွဲအလွန် ရှမ်းပြည်နိုင်ငံရေးကို ဖော်ဆောင်မယ့် အပိုင်းမှာတော့ ရရှိထားတဲ့ ရလဒ်တွေကို ဂဏန်းပေါင်းကြည့်ရင် ဘယ်လိုလုပ်လို့ ရမလဲဆိုတာ စဉ်းစားလို့ရမှာပါ” ဟု ဦးဇော်မင်းလတ်က ဆိုသည်။

မေ့ထား၍ မရသည့် သုံးပုံတစ်ပုံ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၁ (ဃ) အရ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၌ ရွေးကောက်တင်မြှောက်ခံရသည့် အရပ်သားကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့် ညီမျှသော တပ်မတော်သားကိုယ်စားလှယ် အရေအတွက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးသွင်းကာ ခန့်အပ်ရသည်။ 

၂၀၁၅ ရွေးကောက်ပွဲရလဒ်များအရ ရှမ်းပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၁၀၃ ဦးရှိရာ ယင်း၏ သုံးပုံတစ်ပုံအဖြစ် တပ်မတော်သားကိုယ်စားလှယ်အရေအတွက်က ၃၄ ဦးရှိခဲ့သည်။

ရွေးကောက်ခံကိုယ်စားလှယ် ၁၀၃ ဦးအနက် ၃၃ ဦးက တပ်မတော်အရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုးပါတီမှ ဖြစ်သည်။ သို့ဖြစ်၍ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများရွေးချယ်ရာတွင်လည်းကောင်း၊ လွှတ်တော်တွင်း၌ အကြောင်းအရာအဖုံဖုံကို ဆွေးနွေးဆုံးဖြတ်ရာတွင်လည်းကောင်း ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ကသာ မဲအသာဖြင့် အခရာကျခဲ့သည်။

ရှမ်းပြည်နယ်လွှတ်တော်တွင် လက်ရှိ ရွေးကောက်ခံထားရသူ အရပ်သားကိုယ်စားလှယ်ပေါင်းက ၁၀၅ ဦး ရှိရာ ယင်း၏ သုံးပုံတစ်ပုံအဖြစ် တပ်မတော်သားကိုယ်စားလှယ်က ၃၅ ဦးရှိလာမည်ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်များအရ ပြည်ခိုင်ဖြိုးပါတီသည် ၂၅ နေရာသာ အနိုင်ရထားသော်လည်း တပ်ကိုယ်စားလှယ် ၃၅ ဦးနှင့် ပေါင်းပါက ၆၀ ဦး ရှိလာမည်ဖြစ်သည်။

တစ်ဖန် နှစ်ပါတီပေါင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၉ ဦးရှိမည့် PNO နှင့် ‘ဝ’ အမျိုးသားပါတီတို့ကလည်း ပြည်ခိုင်ဖြိုးနှင့် နီးကပ်သည့်ဆက်ဆံရေး ရှိနေပြန်ရာ နေရာစုစု‌ပေါင်း ၁၄၀ ဝန်းကျင်ရှိသည့် ပြည်နယ်လွှတ်တော်၌ ပြည်ခိုင်ဖြိုးပါတီကသာ အသာစီးရနေမည်ဖြစ်သဖြင့် အားပြိုင်မှုက ပိုမိုပြင်းထန်လာနိုင်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ လုပ်ပိုင်ခွင့်ပြဋ္ဌာန်းချက်များအရ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲပြဋ္ဌာန်းခြင်း၊ ယစ်မျိုးခွန်၊ စည်ပင်ခွန်နှင့် ပြည်နယ်တိုင်းအဆင့် ရင်းနှီးမြှုပ်နှံမှုဖြင့် ရရှိသည့် အကျိုးအမြတ်များ၊ ဝန်ဆောင်မှုလုပ်ငန်းများမှသည် ရေအားလျှပ်စစ်သုံးစွဲခ၊ သစ်တောထွက်ပစ္စည်းအချို့အပေါ် ကောက်ခံသည့်အခွန် စသည်တို့နှင့် ဆက်စပ်သည့် ဥပဒေပြုရေးများ လုပ်နိုင်သည်။

ယင်းလုပ်ပိုင်ခွင့်များက အခြားဖက်ဒရယ်ပြည်ထောင်စုစစ်စစ်နိုင်ငံများ၏ ပြည်နယ်အဆင့် ပြဋ္ဌာန်းခွင့်များနှင့် နှိုင်းယှဉ်လျှင် လွန်စွာ လုပ်ပိုင်ခွင့်နည်းပါးနေသေးသည်ကို ၂၀၀၈ ဖွဲ့စည်းပုံ၏ အားနည်းချက်တစ်ရပ်အဖြစ် ပညာရှင်များ မကြာခဏ ထောက်ပြခဲ့ကြပြီး ဖြစ်သည်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်ကမူ ထိုသို့လုပ်ပိုင်ခွင့်ရရှိမှု နည်းပါးသည့်တိုင်အောင် ဖက်ဒရယ်စနစ်သို့ သွားမည်ဆိုလျှင် ပြည်ထောင်စုအဆင့်လွှတ်တော်များက အရေးကြီးသကဲ့သို့ ဒေသဆိုင်ရာလွှတ်တော်များ၏ အခန်းကဏ္ဍမှာလည်း အရေးကြီးသည်ဟု ပြောသည်။  

ဖက်ဒရယ်ပုံစံငယ် ဖြစ်လာနိုင်မလား

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကျင်းပပြီး လေးရက်မြောက်ဖြစ်သည့် နိုဝင်ဘာ ၁၂ တွင် အာဏာရ NLD ပါတီက “နောင်အနာဂါတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ခေါင်းစဉ်ဖြင့် တိုင်းရင်းသားပါတီ ၄၈ ခုထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် NLD ၏ ရည်မှန်းချက်များနှင့် တူညီသည်ဖြစ်ရာ NLD အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများအနေဖြင့်လည်း NLD က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ယင်းအိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ဒီမိုကရေစီဖက်ဒရယ်လမ်းသို့ သွားရာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ရသည့် ပါတီများသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအတွက် ပထမဆုံးလှမ်းလိုက်သည့် ခြေလှမ်းဖြစ်သည်ဟုလည်း NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောကြားခဲ့သည်။

ထိုကဲ့သို့ အခင်းအကျင်းများ ရှိနေရာတွင် လာမည့် လွှတ်တော်သက်တမ်း၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ဖြစ်စေ၊ ပြည်နယ်လွှတ်တော်တွင် ဖြစ်စေ မြန်မာနိုင်ငံ၏ သက်တမ်းရင့်ပါတီကြီး နှစ်ခုဖြစ်သည့် NLD နှင့် SNLD တို့အကြား မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြင်တွေ့လာရနိုင်မည်ဟု ယူဆချက်များ ရှိလာသည်။

သို့ရာတွင် SNLD ပါတီ၏ ပြောခွင့်ရ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကမူ “အဲဒါက NLD အပေါ်မှာ အများကြီး မူတည်ပါတယ်ခင်ဗျာ။ နောက် ဒီအချိန်က ပြောဖို့အတွက်က သိပ်ကို စောပါသေးတယ်၊ NLD ကိုယ်၌က အစိုးရမဖွဲ့ရသေးဘူး” ဟု Myanmar Now ကို ပြောသည်။

SNLD ၏ တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်ကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ NLD ဘက်က တရားဝင်ကမ်းလှမ်းလာလျှင်ပင် မည်သို့တုံ့ပြန်ရမည်ကို ပါတီတွင်း တိတိကျကျ မဆွေးနွေးရသေးကြောင်း ဆိုသည်။ 

“ကျွန်တော်တို့ ဘာမှ မဆွေးနွေးရသေးဘူးဗျ၊ လွှမ်းခြုံပြီးတော့တော့ ဘာမှသိပ်မပြောချင်သေးဘူး” ဟု ၎င်းက ဆိုသည်။

အရောင်အသွေးစုံလင်နေသည့် ရှမ်းပြည်နယ်၏ ရလဒ်မှာ ၂၀၁၅ တွင်လည်း ရရှိခဲ့ဖူးသည် ဖြစ်၍ ဒေသခံတိုင်းရင်းသားပါတီများနှင့် လက်တွဲဖော်ဆောင်ရန် NLD သည် အခွင့်အရေးတစ်ကြိမ် ရရှိခဲ့ပြီး ဖြစ်သည်။

သို့သော် NLD အနေဖြင့် ထိုစဉ်က ပြည်နယ်အုပ်ချုပ်ရေးပိုင်းတွင် ဖြစ်စေ၊ ဥပဒေပြုရေးပိုင်းတွင် ဖြစ်စေ တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အာဏာခွဲဝေမှု အားနည်းခဲ့ရာ နောက်ပိုင်းတွင် ယင်းနှင့် တိုင်းရင်းသားပါတီ၊ အဖွဲ့အစည်းများကြား ဆက်ဆံရေး အေးစက်ခဲ့သည်။

ယခုနှစ် ရွေးကောက်ပွဲမကျင်းပမီနှင့် ကျင်းပအပြီး ကာလများတွင်တော့ အမျိုးသားညီညွတ်ရေးအစိုးရဟူသည့် စကားရပ်ကို NLD ဘက်က တွင်တွင်ပြောလာသည်ကို ထူးခြားချက်အဖြစ် မြင်တွေ့လာရသည်။

ရှမ်းပြည်နယ်အခင်းအကျင်းအတွက် SNLD နှင့်သာမက အခြားတိုင်းရင်းသားပါတီငယ်များနှင့်ပါ ပူးပေါင်းရန် လိုအပ်သည်ဟု ရပ်စောက်မြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) တွင် အနိုင်ရထားသည့် NLD ပါတီ ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်စိန်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ SNLD နဲ့ ပေါင်းဖို့လိုမယ်။ နောက်ပြီး ကျန်တဲ့ လူမျိုးငယ်ပါတီငယ်လေးတွေနဲ့လည်း ပေါင်းဖို့လိုတာပေါ့။ အဲဒီလိုပေါင်းလိုက်ရင် လွှတ်တော်မှာ ဒီမိုကရက်တစ်အင်အားစုကတော့ အားကောင်းလာမယ်ဗျ” ဟု ၎င်း၏ အမြင်ကို ဖွင့်ဟသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ နမ့်ဆန်မြို့နယ်တွင် ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) က အနိုင်ရရှိခဲ့သည့် မိုင်းဝင်းထူးကမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်သရွေ့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ လက်ရှိအတိုင်းပင် ဖြစ်လိမ့်မည်ဟု သုံးသပ်မိကြောင်းဆိုသည်။ 

“ဘယ်ပါတီပဲ အရှုံးအနိုင်ဘယ်လိုပဲ ပြောင်းလဲမှုဖြစ်သွားသည်ဖြစ်စေ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကတော့ ဒီပုံစံအတိုင်းပဲ သွားမယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။

မိုင်ဝင်းထူးအပါအဝင် ရှမ်းပြည်နယ်သား နိုင်ငံရေးသမားနှင့် လွှတ်တော်ကိုယ်စားလှယ် မျက်နှာသစ်များကတော့ ဒေသခံပြည်သူများနည်းတူ တိုက်ပွဲကင်းစင်ရေး၊ ဒေသတည်ငြိမ်ရေးတို့ကို အဓိကတောင့်တကြသည်။

ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း စုံလင်စွာရှိသလို တစ်ဖက်တွင်လည်း တပ်မတော်၏ စစ်ဌာနချုပ်၊ တပ်ရင်းတပ်ဖွဲ့များမှသည် ပြည်သူ့စစ်အဖွဲ့ပေါင်းစုံအထိ ကျယ်ကျယ်ပြန့်ပြန့် တည်ရှိရာဒေသကြီး ဖြစ်သည်။ 

သာမန်ကာလျှံကာ ထိတွေ့တိုက်ပွဲငယ်များမှအစ၂၀၁၉ ဩဂုတ်လတွင်မှ ထပ်မံဖြစ်ပွားထားသည့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နှင့် တပ်မတော်တို့ကြား တင်းမာပြင်းထန်သော တိုက်ပွဲများအထိ နယ်မြေမအေးချမ်းမှုများ ရုတ်ခြည်း ပေါ်ပေါက်လာနိုင်သည့် အခြေအနေတွင် ရှိနေသေးသည်။ 

ထိုကဲ့သို့ အခင်းအကျင်းများကြား ထပ်မံအာဏာရရှိလာဦးမည့် NLD အနေဖြင့် ဘက်စုံထောင့်စုံမှ စဉ်းစားသုံးသပ်ကာ ငြိမ်းချမ်းရေးအတွက်ပါ သက်ရောက်မှုကောင်းများရှိနိုင်မည့် အာဏာခွဲဝေမှုပုံစံတစ်ရပ်ကို စမ်းသပ်ကြည့်သင့်သည်ဟု စိုင်းထွန်းအောင်လွင်က မှတ်ချက်ပြုသည်။

 “နိုင်ငံရေးဘောင်ပိုချဲ့တဲ့ အနေနဲ့ စမ်းသပ်ကြည့်သင့်တယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading