ရွေးကောက်ပွဲ

တပ်ချုပ်နှင့် တွေ့ဆုံခဲ့သည့် ၃၄ ပါတီအနက် တစ်နေရာမှအနိုင်မရသည့်ပါတီ ၂၉ ခုရှိ 

လွန်ခဲ့သည့် ဩဂုတ်လက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နေပြည်တော်၌ သွားရောက်တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီ  ၃၄ ပါတီအနက် ၂၉ ပါတီသည် မည်သည့်လွှတ်တော်နေရာမှ အနိုင်မရရှိခဲ့ဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပါတီအချို့သာ နေရာအနည်းငယ်စီ အနိုင်ရရှိခဲ့သည်။ 

ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင်စီစဉ်မှုဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထို ၃၄ ပါတီတွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ မတရားခဲ့ပါက ဝင်ရောက်ဖြေရှင်းပေးရန် ပါတီခေါင်းဆောင်အချို့က အကူအညီတောင်းခံခဲ့ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး” ဟု ပြောဆိုခဲ့သောကြောင့် အုန်းအုန်းကျွက်ကျွက် ဖြစ်ခဲ့သေးသည်။ 

အဆိုပါ တွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခွဲထွက်ပြီး ကိုယ်ပိုင်ပါတီထူထောင်ခဲ့ကြသည့် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်သက်သက်ခိုင်တို့ ပါဝင်ကာ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖယ်ရှားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူရေးကိုလည်း တပ်ချုပ်ထံ တောင်းဆိုခဲ့ကြသည်။  

၂၀၂၀ ရွေးကောက်ပွဲကျင်းပချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီ ၃၄ ပါတီသည် ကိုယ်စားလှယ်လောင်းပေါင်း ၂၁၀၀ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့သူ ၉၀ ကျော်သာရှိသည်။  

နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်း ၁၀၀၀ကျော်ဖြင့် ဝင်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒုတိယအများဆုံး ယှဉ်ပြိုင်ခဲ့သည့်ပါတီဖြစ်သော်လည်း လက်ရှိအချိန်ထိ ပြည်ထောင်စုလွှတ်တော်  ၃၀ နေရာနှင့် တိုင်း/ပြည်နယ်လွှတ်တော် ၃၅ နေရာသာ အနိုင်ရရှိထားသည်။ 

ကျန်နိုင်ငံရေးပါတီများမှာမူ ရလဒ်ဆိုးများနှင့်သာ ကြုံတွေ့ခဲ့ရပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အားကိုးတကြီး တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီ ၃၄ ခုအနက် ၂၉ ပါတီသည် တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။ 

တပ်ချုပ်နှင့် တွေ့ဆုံခဲ့သော ထို ၃၄ ပါတီအနက် ပြည်ခိုင်ဖြိုးပါတီမှလွဲ၍ နေရာအနည်းငယ်စီ အနိုင်ရခဲ့သူများမှာ တိုင်းရင်းသားပါတီများသာဖြစ်ပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) က စုစုပေါင်း ၈ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)က ၉ နေရာ၊ ဝ အမျိုးသားပါတီ(WNP) ၃ နေရာနှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(LNDP) ၁ နေရာ အနိုင်ရရှိခဲ့သည်။ 

ဂရပ်ဖစ် – မိုးထက်လျှမ်း/Myanmar Now

လက်ရှိအာဏာရပါတီ NLD က အပြတ်အသတ်အနိုင်ရရှိထားသည့် ရွေးကောက်ပွဲရလဒ်ကို လက်ခံလိုခြင်းမရှိသည့် အဓိကအတိုက်အခံပါတီ ပြည်ခိုင်ဖြိုးက တပ်မတော်နှင့် ပူးပေါင်းကာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တောင်းဆိုထားသည်။ 

ထို့ပြင် နိုင်ငံရေးပါတီများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော အဖွဲ့အစည်းများပါဝင်သည့် လွတ်လပ်သော စုံစမ်းစိစစ်ရေးကော်မရှင်ကို ၇ ရက်အတွင်း ဖွဲ့စည်း စိစစ်ပေးရန် ပြည်ခိုင်ဖြိုးပါတီနှင့် ရွေးကောက်ပွဲအနိုင်မရခဲ့သည့် ပါတီ ၁၅ ခုပူးပေါင်းကာ ကြေညာချက်ထုတ်ပြန်ထားသည်။ 

ရွေးကောက်ပွဲမဲရလဒ်များသည် အငြင်းပွားဖွယ်ရာဖြစ်နေပြီး ဥပဒေနှင့်အညီ မျှတသည့် ရွေးကောက်ပွဲ အဖြေဖြစ်ရန် ဆက်လျက်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ၎င်း၏ Facebook စာမျက်နှာမှနေ၍ နိုဝင်ဘာ ၁၀ တွင် ထုတ်လွှင့်ခဲ့သည့် ရုပ်သံတွင် ပြောကြားထားခဲ့သည်။ 

“ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးမှာ မိမိတို့ရရှိထားတဲ့ တရားမဲ့ပြုကျင့်မှုအထောက်အထားအားလုံးကို သိမ်းမထားဘဲနဲ့ သက်ဆိုင်ရာနယ်မြေမှာရှိတဲ့ ကျွန်တော်တို့ ပါတီရုံးတွေဆီ ပို့ဖြစ်အောင် ပို့ပေးပါ။ ကျွန်တော်တို့ကို အားပေးထောက်ခံကြတဲ့ ပြည်သူလူထု လိုချင်တဲ့ရလဒ်ဖြစ်အောင် ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု ဦးသန်းဌေးက ပြောသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီများအနက် ရွေးကောက်ပွဲတွင် တစ်နေရာမှ အနိုင်မရခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း “ပြည်သူလူထုဆန္ဒအမှန်ကို မရဘဲနဲ့ သူတို့က အနိုင်ယူသွားတယ်။ တရားမျှတလွတ်လပ်မှု မရှိဘူး။ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူး” ဟု ဆိုသည်။ 

တပ်ချုပ်နှင့် တွေ့ဆုံခဲ့သည့် ၃၄ ပါတီတွင် ပါဝင်သည့် တိုင်းရင်းသားပါတီ ၉ ခုအနေဖြင့် ကိုယ်စားလှယ်လောင်းပေါင်း ၁၅၇ အထိ အင်တိုက်အားတိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ၂၂ နေရာသာ အနိုင်ရရှိခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် တိုင်းရင်းသားများအနက် ရွေးကောက်ပွဲတွင် အများဆုံးအနိုင်ရခဲ့သည့် ပါတီမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဖြစ်ပြီး ၂၈ နေရာ ဝင်ပြိုင်ခဲ့သည့် ၁၀ နေရာ အနိုင်ရခဲ့ည်။ PNOသည် ပြည်ထောင်စုလွှတ်တော်အတွက် ၄နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ၆ နေရာ အနိုင်ရရှိခဲ့သည်။ 

ကယားပြည်နယ်အခြေစိုက် KySDP ပါတီသည် ပြည်နယ်တွင်း မဲဆန္ဒနယ် ၃၀ အထိ ယှဉ်ပြိုင်ခဲ့သော်လည်း လွှတ်တော်သုံးရပ်လုံးအတွက် ၈ နေရာသာ အနိုင်ရရှိခဲ့သည်။ KySDP သည် ဖရူဆိုနှင့် ပြည်သူ့လွှတ်တော် ၂ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာနှင့် ပြည်နယ်လွှတ်တော် ၃ နေရာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

‘ဝ’ တိုင်းရင်းသားများကိုယ်စားပြု ဝ အမျိုးသားပါတီ (WNP) သည်လည်း ပြည်သူ့လွှတ်တော် တစ်နေရာနှင့် ပြည်နယ်လွှတ်တော် တစ်နေရာသာ အနိုင်ရရှိခဲ့သည်။

ကချင်ပြည်နယ်တွင် ၂၉ နေရာအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) သည် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာ တစ်ခုသာ အနိုင်ရရှိခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သည့် ကျန်တိုင်းရင်းသားပါတီများဖြစ်သည့် ကရင်၊ ရခိုင်၊ ကိုးကန့်၊ အင်းတိုင်းရင်းသားကိုယ်စားပြုပါတီများမှာ ယခုရွေးကောက်ပွဲတွင် သက်ဆိုင်ရာတိုင်းရင်းသားများ၏ ထောက်ခံမှု မရရှိခဲ့ဘဲ ရှုံးနိမ့်ခဲ့သည်။

တပ်ချုပ်နှင့် တွေ့ဆုံခဲ့သည့် ပါတီများအနက် ပါတီ ၁၁ ခုမှာ ရွေးကောက်ပွဲတွင် အိမ်ဖြည့်သဘော မဲဆန္ဒနယ် ၃ နေရာအထိသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည်ကို တွေ့ရသည်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ အနည်းဆုံး ၃ နေရာ ဝင်ပြိုင်မှသာ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရမည်ဖြစ်သည်။ 

ထိုပါတီများအနက် လူထုပါတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက “ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး။ ၃ နေရာပြိုင်တာ။ ကိုဗစ်ကြောင့် ဘာလှုပ်ရှားမှုမှ မလုပ်ဘူး” ဟု ဆိုသည်။ 

အများဆုံး ၃ နေရာအထိသာ ဝင်ပြိုင်နိုင်သည့် နိုင်ငံရေးပါတီ ၁၁ ခုသည် ကရင်၊ မွန်၊ ရန်ကုန်၊ ပဲခူး၊ မကွေး နှင့် ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် ၃၃ ခုတွင် ဝင်ပြိုင်ခဲ့သော်လည်း တစ်နေရာမျှပင် အနိုင်မရခဲ့ပေ။ 

Show More

Related Articles

Back to top button