တိုင်းရင်းသားပါတီများ ပူးပေါင်းပါဝင်ရန် အာဏာရ NLD ပါတီ ဖိတ်ခေါ်

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး အတူတကွ ကြိုးပမ်းဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယနေ့ (နိုဝင်ဘာ ၁၂) တွင် အိတ်ဖွင့်ပေးစာပေးပို့ ဖိတ်ခေါ်ခဲ့သည်

Published on Nov 12, 2020
(ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)
(ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က "နောင်အနာဂါတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ" ခေါင်းစဉ်ဖြင့် ယနေ့ (နိုဝင်ဘာ ၁၂) တွင် တိုင်းရင်းသားပါတီ ၄၈ ခုထံ အိတ်ဖွင့်ပေးစာပေးပို့ထားကြောင်း ထုတ်ပြန်ခဲ့သည်။ 

ပြည်နယ်များတွင် တိုင်းရင်းသားပါတီအချို့သည် ကျေနပ်ဖွယ်ရာသော ရွေးကောက်ပွဲရလဒ်များကို ရရှိခဲ့ကြသော်လည်း အချို့သောပါတီများသည် မိမိတို့ ရည်မှန်းထားသည့်အတိုင်း မဖြစ်လာခဲ့သည်ကိုလည်း သိရှိရကြောင်း၊ မည်သည့်အခြေအနေသို့ ရောက်သည်ဖြစ်စေ NLD သည် နောင်အနာဂါတ်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါသည်ဟု ယင်းအိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။

“တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီကြသည်ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂါတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟုလည်း NLD က ဆိုသည်။ 

တိုင်းရင်းသားပါတီများအနေဖြင့်လည်း NLD က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ပါတီဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင် လက်မှတ်ရေးထိုးထားသည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။ 

NLD က ဖိတ်ခေါ်ခဲ့သည့် တိုင်းရင်းသား ၄၈ ပါတီအနက် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) နှင့် ဒီမိုကရေစီပါတီသစ် (ကချင်) အပါအဝင် ကချင်အခြေစိုက်ပါတီများ၊ မွန်ညီညွတ်ရေးပါတီ (MUP) အပါအဝင် မွန်အခြေစိုက် ၂ ပါတီ၊ ရခိုင်အမျိုးသားပါတီ (ANP) အပါအဝင် ရခိုင်အခြေစိုက်ပါတီများ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) အပါအဝင် ချင်းလူမျိုးစုပါတီများ၊ ကယားအခြေစိုက် ၂ ပါတီ၊ ကရင်ပါတီများ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် ရှမ်းအခြေစိုက်သို့မဟုတ် အခြားတိုင်းသို့မဟုတ်ပြည်နယ်များတွင် အခြေစိုက်သည့် ရှမ်းပါတီများ၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ နာဂအမျိုးသားပါတီတို့ ပါဝင်သည်။

ဒီမိုကရေစီဖက်ဒရယ်လမ်းသို့ သွားရာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ရသည့် ပါတီများသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအတွက် ပထမဆုံးလှမ်းလိုက်သည့် ခြေလှမ်းဖြစ်သည်ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောသည်။ 

“ဦးတည်ချက်ချင်းတူတယ်လို့ပဲ ပြောချင်တယ်။ မူဝါဒဆိုတာက တခါတစ်လေမှာ လုပ်ထုံးလုပ်နည်းလေးတွေ ကွဲတတ်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

နိုင်ငံအတွက် အရေးကြီးဆုံးဖြစ်သည့် တိုင်းရင်းသားညီညွတ်ရေး၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးတို့ အမြန်ရရှိရန် လိုအပ်နေသည့်အတွက် မြန်မြန်ဆန်ဆန် အတူတကွဆောင်ရွက်နိုင်ရန် ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းလိုက်တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကလည်း ထိုက်သင့်တဲ့ အုပ်ချုပ်ရေးအတွေ့အကြုံ ရှိနေပြီလို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ ဒါကြောင့် ရှေ့ကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ခရီးသွားနိုင်ဖို့အတွက် အခုလို ကမ်းလှမ်းလိုက်ခြင်းပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်နေရာ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရထားသည့် လက်ရှိအာဏာရ NLD ပါတီသည် လုပ်ပိုင်ခွင့်နေရာ အားလုံးကို ၎င်းတို့ပါတီ တစ်ခုတည်းက ယူမည်မဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရန် ရည်မှန်းထားသည်ဟုလည်း ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောကြားထားသည်။

ဖိတ်ခေါ်မှုနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က NLD ၏ ထုတ်ပြန်ချက်ကို ဖတ်နေဆဲ ဖြစ်သဖြင့် သဘောထားကို မပြောနိုင်သေးကြောင်း ဆိုသည်။ 

“အခုမှ ဖတ်နေတုန်းရှိသေးတယ်။ ကျွန်တော်တို့ ဘာမှမလုပ်ရသေးဘူး” ဟု ဦးစိုင်းညွန့်လွင်က Myanmar Now ကို ပြောသည်။  

ဖိတ်ခေါ်လိုက်ကြောင်း NLD ပါတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ပထမအကြိမ်ထုတ်ပြန်ရာ တိုင်းရင်းသားပါတီ ၃၉ ခုသာ ပါဝင်ပြီး စာရင်းတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ကဲသို့ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာအချို့ အနိုင်ရထားသည့် ပါတီအချို့ မပါဝင်ပေ။ 

ယင်းသို့ မပါဝင်လာခြင်းနှင့် ပတ်သက်၍ ဒေါက်တာမျိုးညွန့်က ဖယ်ထုတ်လိုက်သည့် သဘောမဟုတ်ဟု ဆိုသည်။

“ဒါက ကျွန်တော်တို့ အမည်တပ်ပြီး ဖိတ်ကြားလိုက်ပေမယ့် ကျန်တဲ့လူတွေကို ဖယ်ထုတ်ထားတဲ့သဘောတော့ မသက်ရောက်ပါဘူးခင်ဗျ။ ကျွန်တော်တို့ ဒီဟာ ဆွေးနွေးမှုတွေ ရှိလာမယ်ဆိုရင် ဒီနေရာမှာ ကျွန်တော်တို့ ပန်းတိုင်တူတဲ့သူတွေ ပူပေါင်းလာမယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုရမှာပါ” ဟု ၎င်းက ပြောသည်။

ရွေးကောက်ခံရသည့် ကိုယ်စားလှယ်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်နေဆဲ ဖြစ်သော်လည်း ရွေးကောက်ပွဲရလဒ်များအရ NLD သည် တိုင်းဒေသကြီး မဲဆန္ဒနယ်အားလုံးနီးပါးနှင့် ပြည်နယ်အများစုတွင် အနိုင်ရရှိထားသည်။ 

သို့သော်လည်း ည ၈ နာရီခွဲခန့်အချိန်တွင် ပထမအကြိမ်စာရင်းတွင် မပါဝင်သည့် တိုင်းရင်းသားပါတီ ၉ ခု ထပ်မံပါဝင်လာပြီး စုစုပေါင်း တိုင်းရင်းသားပါတီ ၄၈ ခု ရှိလာသည်။

Myanmar Now က စုစည်းရရှိထားသည့် အချက်အလက်များအရ ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က နေရာ ၃၀၊ SNLD က ၁၅ နေရာ၊ ရခိုင်အမျိုးသားပါတီ (ANP) က ၈ နေရာ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့က ၅ နေရာစီ အနိုင်ရရှိထားသည်။  

NLD သည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီအထိ မဟာမိတ်တိုင်းရင်းသားပါတီများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့သော်လည်း ၂၀၁၅ နောက်ပိုင်းတွင် တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေးအေးစက်ခဲ့သည်။ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ကိုင်တွယ်ဖြေရှင်းခြင်း၊ အုပ်ချုပ်ရေးနှင့် လွှတ်တော်အာဏာ ခွဲဝေခြင်းအပိုင်းများတွင် တိုင်းရင်းသားပါတီများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။ 

(မှတ်ချက်- NLD က ည ၈ နာရီခွဲ အချိန်တွင် ပြင်ဆင်ထုတ်ပြန်သည့်စာရင်းအရ ဤသတင်းကိုလည်း ပြန်လည်ပြင်ဆင်ထားပါသည်)

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading