နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုဖြင့် ထောင် ၂ နှစ် ချမှတ် 

၁၉၉၈ တွင် ဦးကျော်မြင့်ကို ချမှတ်ခဲ့ရသည့် ထောင်ဒဏ် ၉ နှစ်အနက် ၁ နှစ်ခန့်သာ ကျခံခဲ့ပြီး ထောင်မှ ထွက်ပြေးခဲ့သဖြင့် ၎င်းသည် ယခုအခါ ထောင်ပြေးမှုပြစ်ဒဏ် ၂ နှစ် အပါအဝင် စုစုပေါင်း ထောင် ၁၀ နှစ် ကျခံရမည်ဖြစ်သည် 

Published on Nov 12, 2020
ဦးကျော်မြင့်အား ရဲလုံခြုံရေးများစွာဖြင့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရုံးတွင် အောက်တိုဘာလ ၂ရက်က ရုံးထုတ်ခဲ့သည်။ ၎င်းအား မန္တလေးအိုးဘိုထောင်တွင် ထိန်းသိမ်းထားသည်။ (ရန်မိုးနိုင်/Myanmar Now)
ဦးကျော်မြင့်အား ရဲလုံခြုံရေးများစွာဖြင့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရုံးတွင် အောက်တိုဘာလ ၂ရက်က ရုံးထုတ်ခဲ့သည်။ ၎င်းအား မန္တလေးအိုးဘိုထောင်တွင် ထိန်းသိမ်းထားသည်။ (ရန်မိုးနိုင်/Myanmar Now)

နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံလိုက်ရသည့် နှင်းဆီပါတီ (ခေါ်) ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို လွန်ခဲ့သော၂၁ နှစ်က ထောင်ပြေးမှုအတွက် မန္တလေး ချမ်းအေးသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ၂၂၄ ဖြင့် ယနေ့ (နို၀င်ဘာ ၁၂) တွင် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်သည်။

၁၉၉၉ တွင် မန္တလေးအိုးဘိုထောင်မှ ဦးကျော်မြင့် ထွက်ပြေးမှုကြောင့် ထောင် ၉ နှစ် ချခံခဲ့ရသူ ထောင်မှူးဟောင်း ဦးအေးချမ်း (ခေါ်) ဦးဣန္ဒြောဘာသ အပါအ၀င် တရားလိုပြသက်သေ ၅ ဦးနှင့် တရားခံပြသက်သေအဖြစ် နှင်းဆီပါတီကိုယ်စားလှယ်လောင်း ၆ ဦးတို့ကို တရားရုံးက စစ်ဆေးကြားနာပြီးနောက် ယနေ့ရုံးချိန်းတွင် ယင်းသို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဦးကျော်မြင့် ထောင်မှထွက်ပြေးစဉ် အမှုဖွင့်တရားစွဲဆိုခဲ့သည့် အမှတ် (၈) ရဲစခန်းမှူးဟောင်း ရဲအုပ်သိန်းဌေးကိုမူ ရဲက ရှာဖွေတွေ့ရှိခြင်း မရှိသည့်အတွက် လက်ရှိ စခန်းမှူး ဦးအောင်မင်းက တရားလိုပြုကာ ထောင်ပြေးမှုကို အောက်တိုဘာ ၂ တွင် တရားစွဲဆိုခဲ့သည်။ စတင်တရားစွဲဆိုပြီး ၄၁ ရက် အကြာတွင် ထောင်ပြေးကြောင်း ပေါ်ပေါက်သည်ဆိုကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ဦးကျော်မြင့် ထွက်ပြေးစဉ်က နစ်နာခဲ့သူများ ရှိနေသည့်အတွက် ပြည်သူလူထု အမြင်မမှားအောင် အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ရခြင်းဖြစ်ကြောင်း တရားခွင်တွင် တရားသူကြီး ဦးကျော်မျိုးဝင်းက အမိန့်ချအပြီးတွင် ရှင်းပြသည်။ 

"ထောင်ဒဏ်၂ နှစ်က ယခင်ကျခံဆဲ ပြစ်ဒဏ်အပြင် အပိုပြစ်ဒဏ်ပါ။ ကျူးလွန်​ကြောင်း ပေါ်ပေါက်တဲ့အတွက်၊  နောက်ပြီး သူထွက်ပြေးတဲ့ အကျိုးဆက်အတွက်က နစ်နာသူတွေရှိလို့ စဉ်းစားပြီးတော့ အမြင့်ဆုံး ချမှတ်လိုက်တာပါ" ဟု တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။ 

တရားခွင်၌ အမိန့်ချမှတ်လိုက်သည့်အပေါ် ဦးကျော်မြင့်က မည်သည့်စကားမျှ မဆိုဘဲ ခေါင်းအကြိမ်ကြိမ်ညိတ်ကာ လက်ခံနားထောင်ခဲ့သည်။ ၁၉၉၈ တွင် ချမှတ်ခံခဲ့ရသော ထောင် ၉ နှစ် အနက် ၎င်းသည် တစ်နှစ်သာ ကျခံရသေးပြီး ယခုအခါ ထောင် ၂ နှစ် ထပ်မံချမှတ်ခံရသဖြင့် စုစုပေါင်း ၁၀ နှစ် ကျခံရမည်ဖြစ်သည်။​

အမှုအတွက် အယူခံတက်ခွင့် ရှိသေးကြောင်း၊ ၎င်း၏အမှုသည်အတွက် ဥပဒေအရ အခွင့်အရေးများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးကျော်မြင့်၏ရှေ့နေ ဦးနေလင်းထွန်းက အမိန့်ချမှတ်ပြီး တရားရုံးရှေ့တွင် မီဒီယာများကို ပြောသည်။

"တရားရုံးအမိန့်အပေါ်မှာတော့ ဘာမှမပြောလိုပါဘူး။ ကျွန်တော့်အမှုသည်အတွက်တော့ ဥပဒေအရ အခွင့်အရေးတွေ ဆက်လက်ဆောင်ရွက်ပေးသွားမှာပါ" ဟု ဦးနေလင်းထွန်းက ပြောသည်။ 

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ၎င်းထူထောင်ထားသော မြန်မာကျုံယွမ်ကုမ္ပဏီကိစ္စဖြင့် ၁၉၉၈ တွင် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံထားရစဉ် တစ်နှစ်အကြာတွင် ထောင်မှထွက်ပြေးခဲ့သူ ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြီးလျှင် ကိုယ်စားလှယ်လောင်းအရေအတွက် ဒုတိယအများဆုံးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအဖြစ် လူစိတ်ဝင်စားမှု ရခဲ့ပြီးနောက် ၎င်း၏ ထောင်ပြေးမှု နောက်ကြောင်းများ ပေါ်ပေါက်လာခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့များက ယခုနှစ် စက်တင်ဘာ ၂၉ တွင် ဦးကျော်မြင့်ကို ရန်ကုန် ပန်းလှိုင်အိမ်ရာရှိ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး ၂၄ နာရီအတွင်း မန္တလေးအိုးဘိုထောင်သို့ ပို့ဆောင် ထိန်းသိမ်းခဲ့သည်။ 

ဦးကျော်မြင့်သည် ထောင်ပြေးမှုအပြင် ၂၀၁၃ တွင် ပြည်တွင်းသို့ တရားမဝင် ပြန်ဝင်ရောက်ခဲ့ခြင်းအတွက် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၃ (၁) ဖြင့်လည်း အောက်တိုဘာ ၂၃ တွင် ထပ်မံတရားစွဲဆိုခံထားရသည်။ 

ဦးကျော်မြင့်ကို လဝကပုဒ်မဖြင့် ထပ်မံစွဲဆိုထားသည့် ချမ်းအေးသာစံရဲစခန်းနယ်မြေသည် ဦးကျော်မြင့်နေထိုင်ရာ မဟုတ်သည့်အတွက် စွဲချက်မတင်သင့်ကြောင်း ဦးကျော်မြင့်၏ ရှေ့နေနောက်တစ်ဦးဖြစ်သည့် ဦးမျိုးချစ်က ယနေ့ရုံးချိန်းတွင် လျှောက်ထားခဲ့သော်လည်း အမှုကို လက်ခံစစ်ဆေးထားမည်ဟု တရားသူကြီးက တုံ့ပြန်သည်။ 

အဆိုပါပုဒ်မအတွက် အမှုကြားနာခြင်းကို နိုဝင်ဘာ ၂၅ သို့ တရားသူကြီးက ချိန်းဆိုခဲ့သည်။ 

တရားခွင်တွင် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ဝင်ရောက်နားထောင်သည်ကို တွေ့ခဲ့ရပြီး ၎င်းတို့နှင့်အတူ တရားလိုရှေ့နေ နှစ်ဦး၊ တရားခံရှေ့နေ နှစ်ဦး၊ ရဲအရာရှိနှစ်ဦး အရပ်ဝတ်ရဲအရာရှိတစ်ဦး၊ သတင်းထောက်နှစ်ဦးတို့ ဝင်ရောက်နားထောင်ခွင့် ရကြသည်။

ယနေ့ရုံးချိန်းအပြီး ဦးကျော်မြင့်၏ အချုပ်ကား တရားရုံးမှ ပြန်အထွက်တွင် နှင်းဆီပါတီတံဆိပ်ပါ အင်္ကျီများ ဝတ်ဆင်ထားသူ အယောက် ၂၀ ခန့်က “ဥက္ကဋ္ဌကြီး ကျန်းမာပါစေ” ဟု သုံးကြိမ်တိုင် အော်ဟစ်နှုတ်ဆက်ခဲ့ကြသည်။ 

ဦးကျော်မြင့်သည် ၁၉၉၉ တွင် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးလွတ်မြောက်ပြီးနောက် ကနေဒါနှင့် အမေရိကန်နိုင်ငံတို့တွင် ခိုလှုံခဲ့သည်။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ကနေဒါနိုင်ငံ၌၂၀၀၇ တွင် ထူထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီအချိန်တွင် နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သည်။ 

၂၀၁၃ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ UDP ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၎င်း၏ ပါတီသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်ရခဲ့ခြင်း မရှိပေ။ 

နှင်းဆီပါတီသည်၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁,၁၀၀ ကျော်ဖြင့် နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိခဲ့သော်လည်း ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ဖမ်းဆီးခံရပြီးနောက် ပါတီကိုလည်း ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းခဲ့သည်။ 

ဦးကျော်မြင့်၏ နောက်ကြောင်းရာဇဝင်နှင့် စီးပွားရေးလုပ်ငန်းများကို အစိုးရက စစ်ဆေးခဲ့ပြီးနောက် ကျပ်ဘီလျံပေါင်းများစွာကို တရုတ်နိုင်ငံဘက်ခြမ်းမှတစ်ဆင့် တရားမဝင် လွှဲပြောင်းရယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။

လက်ရှိတွင် ဖျက်သိမ်းခံခဲ့ရသည့် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ခြံမြေပစ္စည်းများကို ယာယီသိမ်းဆည်းထားပြီးဖြစ်သည်ဟုလည်း နိုင်ငံတော်သမ္မတရုံးက ထုတ်ဖော်ပြောကြားထားသည်။ 

ငွေကြေးခဝါချမှုအတွက်မူ ဦးကျော်မြင့်ကို မည်သည့်တရားရုံးတွင် တရားစွဲဆိုသွားမည်ကို မသိရှိရသေးပေ။ 

ခင်နှင်းဝေသည် Myanmar Now သတင်းဌာန၏ မန္တလေးအခြေစိုက် သတင်းထောက်ဖြစ်သည်။
 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading