အစိုးရဖွဲ့ရန် လိုအပ်သည့် ပမာဏကို ကျော်လွန်ရရှိပြီဟု NLD က ထုတ်ဖော်ပြောပြီးချိန်တွင် ရွေးကောက်ပွဲရလဒ်အပေါ် ဥပဒေနှင့်အညီအရေးဆိုရန် ကိစ္စများစွာ ရှိနေသည်ဟု ပြည်ခိုင်ဖြိုးနှင့် ပါတီအချို့က ထုတ်ဖော်ပြောဆိုကြသည်

ရွေးကောက်ပွဲမတိုင်မီ နိုဝင်ဘာ ၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ပြည်ခိုင်ဖြိုးနှင့် NLD ပါတီ ထောက်ခံသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 

ရွေးကောက်ပွဲကျင်းပပြီး နောက်တစ်ရက်တွင် လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်ရန် လိုအပ်သည့်ပမာဏထက် ကျော်လွန်ရရှိနေသည့် ရလဒ်အပေါ် မေးခွန်းထုတ်နိုင်မည့် နည်းလမ်းများကို နိုင်ငံရေးပါတီအချို့က ရှာဖွေနေကြပြီး ဝန်းရံသူများကို အထောက်အထားများပေးပို့ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက တိုက်တွန်းလိုက်သည်။

လက်ရှိ ရွေးကောက်ပွဲရလဒ်အပေါ် ဥပဒေနှင့်အညီ အရေးဆိုရမည့် ကိစ္စများစွာရှိနေသည်ဟု ယနေ့ (နိုဝင်ဘာ ၁၀) မွန်းလွဲပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် အသိပေးခဲ့ခြင်းဖြစ်သည်။

“မဲပေးခြင်းလုပ်ငန်းစဉ်တွေ ပြီးဆုံးသွားတဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးဟာ ဥပဒေနှင့်အညီဖြစ်သလား၊ မဖြစ်ဘူးလားဆိုတာကတော့ အငြင်းပွားဖွယ်ရာရှိခဲ့တယ်၊ ရှိနေဆဲ၊ ဆက်ပြီးတော့လည်း အထောက်အထားတွေ ထွက်ပေါ်နေဆဲမို့ ဒီခရီးဟာ မဆုံးနိုင်သေးတဲ့ ခရီးရှည်ဖြစ်မယ်” ဟု ဦးသန်းဌေးက ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြိုင်ဘက် NLD ပါတီကိုယ်စားလှယ်လောင်းကို မဲကွာဟချက် ၅၀၀၀ ကျော်ဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါရလဒ်ကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပြီးလည်း ဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီ၏ လက်ရှိလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြိုင်ဘက် NLD ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သူ ဦးသောင်းအေးက လက်ရှိရလဒ်အပေါ် ယုံကြည်စရာမရှိကြောင်း Myanmar Now ကို ပြောသည်။ 

“အားလုံးက အဘရှုံးသွားတဲ့အတွက် စိတ်မကောင်းလည်းဖြစ်ကြတယ်။ အံ့လည်းအံ့ဩကြတယ်လေ။ တစ်ချို့ဆိုရင် တခြားနေရာတွေ ရှုံးတာ လက်ခံနိုင်တယ်။ ပျော်ဘွယ်ရှုံးတာ လက်မခံနိုင်ဘူးဆိုတဲ့အထိတောင် ပြောလာကြတယ်။ မတရားမှုဖြစ်တဲ့သဘောလို့ပဲ သုံးသပ်ရတာပေါ့” ဟု ၎င်းက ဆိုသည်။ 

ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၏ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အတည်ပြုပြီးဖြစ်သည်။

သို့သော် ထိုရလဒ်ကို ကိုယ်တိုင်လက်မှတ်မထိုးသေးသလို ပြည်ခိုင်ဖြိုးပါတီကလည်း မြို့နယ်အသီးသီး၏ ရွေးကောက်ပွဲရလဒ်များကို ပါတီဝင်များလက်မှတ်ထိုးခြင်း မပြုရန်နှင့် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံ ကန့်ကွက်တောင်းဆိုရန် နိုဝင်ဘာ ၉ ရက်စွဲဖြင့် ညွှန်ကြားထားပြီးဖြစ်ကြောင်း ဦးသောင်းအေးက ပြောသည်။

ပျော်ဘွယ်မြို့နယ်အတွင်းရှိ မဲရုံအချို့တွင် မဲပေးခွင့်ရှိသူဦးရေထက် မဲရလဒ်ပမာဏစုစုပေါင်းက ပိုများနေသဖြင့် ပြည်ခိုင်ဖြိုးပါတီဘက်က စိစစ်နေသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“အခုလောလောဆယ် စစ်လို့ရသလောက်ဆိုရင် နှစ်ရုံ၊ သုံးရုံလောက် တွေ့နေပြီ။ အသေးစိတ်ကိုတော့ ပြီးမှပြောလို့ရမယ်။ ဟုတ်တယ်ဆိုရင်တော့ ကန့်ကွက်မယ်။ ဒါတွေက ခေါင်းငုံ့ခံလို့ရတဲ့ ကိစ္စမှမဟုတ်တာ” ဟု ဦးသောင်းအေးက ပြောသည်။

ပျော်ဘွယ်မြို့နယ်ပါဝင်သည့် ရမည်းသင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးဇော်မင်းကမူ “အဲဒီလိုတိုင်ကြားလာတာ ကန့်ကွက်လာတာတော့ မရှိသေးဘူး” ဟု Myanmar Now ကို ပြောသည်။ 

ဦးသောင်းအေးပြောသည့် မဲစာရင်းနှင့် မဲရလဒ်ပမာဏ ကွာဟမှုများ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့တွင် နိုဝင်ဘာ ၉ရက်နေ့က ပေါ်ပေါက်ခဲ့သည်။

1.jpg

နိုဝင်ဘာ ၉ ရက်ညက NLD နိုင်ပြီဆိုသောကြောင့်ရန်ကုန်တွင် အောင်ပွဲခံနေသူပြည်သူများ (စိုင်းဇော်/Myanmar Now)

သို့သော် မဲစာရင်းပြုစုချိန်တွင် ကိန်းဂဏန်းလွဲမှားမှုသာဖြစ်ပြီး မဲရလဒ်နှင့် မဲပေးသူဦးရေမှန်ကန်ကြောင်း ယနေ့နံနက်ပိုင်းက သက်ဆိုင်သူအားလုံးရှေ့တွင် အတည်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း ဖလမ်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးဆန်ထန်းက Myanmar Now ကို ပြောသည်။

လက်ရှိရလဒ်အပေါ် ပြည်ခိုင်ဖြိုးကဲ့သို့ပင် လက်မှတ်ရေးထိုးခြင်းမပြုဘဲ ကန့်ကွက်ပြောဆိုရန် အကြောင်းများစွာရှိသည်ဟု နိုဝင်ဘာ ၁၀ ရက်နံနက်ပိုင်းအထိ ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နေရာမှ အနိုင်ရလဒ်မထွက်သေးသည့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဒုတိယဥက္ကဌ ဦးကျော်ဇေယျကလည်း ပြောသည်။

နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းများ၊ စောင့်ကြည့်သူများကို မဲရုံအတွင်း ပါတီအမှတ်တံဆိပ် အသုံးပြုခွင့်ပေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရက်ကပ်မှ ထုတ်ပြန်သဖြင့် အာဏာရပါတီ NLDမှလွဲ၍ အခြားပါတီအများစုမှာ နောက်ဆုံးအချိန် မဲဆွယ်နိုင်သည့် အဆိုပါအခွင့်အရေးကိုပင် မသိလိုက်ကြဟု ၎င်းက ပြောသည်။

ထို့အတူ လွတ်လပ်၊ မျှတသော ရွေးကောက်ပွဲပုံရိပ်ကို ထိခိုက်စေနိုင်သည့် မဲစာရင်းမှားယွင်းမှု၊ ကာလရှည်ကြိုတင်မဲကောက်ခံမှု၊ မဲလက်မှတ်နှင့် စာအိတ်အရည်အသွေးညံ့ဖျင်းမှု စသည့် အကြောင်းတရားများစွာကြောင့် အငြင်းပွားဖွယ်ဖြစ်စဉ်အများအပြား ပေါ်ပေါက်နေသည်ဟု ဦးကျော်ဇေယျက ဆိုသည်။

“မနက်ဖြန် PPP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးရှိပါတယ်။ အဲဒီလိုကိစ္စတွေကို ကျွန်တော်ထည့်သွင်းဆွေးနွေးဖို့ရှိတယ်။ ပါတီအနေနဲ့ ဘာလုပ်မယ်ဆိုတာတော့ အစည်းအဝေးပြီးမှ သိမှာပါ”ဟု ၎င်းက ပြောသည်။ ဦးကျော်ဇေယျသည် ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၁တွင် ဝင်ပြိုင်ပြီး NLD ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သူဖြစ်သည်။

တနင်္သာရီတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၉ နေရာတွင် တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ပြီး NLDကို ရှုံးနိမ့်ခဲ့သည့် ဒေါက်တာညိုညိုသင်းကလည်း ၂၀၂၀ ရွေးကောက်ပွဲကို သန့်ရှင်းမျှတမှုမရှိဟု သုံးသပ်နိုင်ကြောင်းပြောသည်။

“မဲလက်မှတ်အချို့မှာ ကျွန်မနာမည်မပါဘူးလို့ ပြောကြတာရှိတယ်”ဟု ၎င်းက ပြောသော်လည်း သက်သေပြရန် အထောက်အထားမရှိဟု ဆိုသည်။ သို့သော် ရွေးကောက်ပွဲဆိုင်ရာမမျှတမှုများကို စာတမ်းတစ်စောင်ထုတ်ပြန်ရန် စီစဉ်မည်ဖြစ်ကြောင်း ဒေါက်တာညိုညိုသင်းကပြောသည်။

မဲလက်မှတ်များကို တာဝန်ယူရိုက်နှိပ်ထုတ်နေသည့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က မဲလက်မှတ်တွင် ကိုယ်စားလှယ်လောင်းနာမည် ကျန်ခဲ့သည်အထိ မှားယွင်းမှုရှိသည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း Myanmar Now ကို မှတ်ချက်ပြုသည်။

“UEC က တာဝန်ရှိသူတွေလည်း ပုံနှိပ်တဲ့နေရာမှာရှိနေပြီး စစ်ဆေးတယ်။ စောင်ရေလည်း အတိအကျအပ်တယ်။ လွဲစရာမရှိဘူး။ ပုံနှိပ်ရင်းပျက်သွားတဲ့ အရေအတွက်ကိုလည်း စနစ်တကျမှတ်တမ်းတင် သိမ်းဆည်းထားပါတယ်။ မဲလက်မှတ်စရိုက်တဲ့နေ့ကနေ ရွေးကောက်ပွဲပြီးဆုံးချိန်အထိ ပုံနှိပ်တဲ့နေရာမှာ ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးယူပါတယ်”ဟု ဦးကိုကိုနိုင်က ပြောသည်။

မဲရုံအတွင်း ပါတီအမှတ်တံဆိပ်တပ်ဆင်ခွင့်ရှိခြင်းကို ရွေးကောက်ပွဲအချိန်ကပ်မှ အကြောင်းကြားခြင်း၊ မဲစာရင်း၊ ကြိုတင်မဲကောက်ခံခြင်း၊ မဲလက်မှတ်အရည်အသွေး၊ မဲပေးခွင့်ရှိသူထက် မဲရလဒ်ပမာဏများပြားနေခြင်း စသည့်ကိစ္စများနှင့် စပ်လျဉ်း၍ UECထံ Myanmar Nowက ဆက်သွယ်မေးမြန်းနေသော်လည်း မရသေးပေ။

NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ အထောက်အထားမရှိ စွပ်စွဲပြောဆိုချက်မျိုးမှာ သင့်တော်မှုမရှိကြောင်း Myanmar Nowကို ပြောသည်။

“စွပ်စွဲချက်တွေမှာ အထောက်အထားနဲ့ တင်ပြစေချင်ပါတယ်။ အထောက်အထားရလာရင်တော့ သက်ဆိုင်ရာ ဥပဒေလမ်းကြောင်းအတိုင်း ရှင်းလင်းကြတာပေါ့ခင်ဗျာ” ဟု ၎င်းက ပြောသည်။ NLD ထံတွင်လည်း တံဆိပ်တုံးအတုလုပ်ခြင်း၊ မဲနှစ်ကြိမ်ပေးခြင်းကဲ့သို့သော ရွေးကောက်ပွဲဆိုင်ရာမသမာမှု အထောက်အထားများရရှိထားပြီးဖြစ်သည်ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

တစ်နိုင်ငံလုံးရှိ ပါတီရုံးများမှ ပေးပို့လာသော စာရင်းများအရ ယနေ့ နိုဝင်ဘာ ၁၀ မနက်ပိုင်းအထိ ပြည်ထောင်စုလွှတ်တော်အတွင်း အစိုးရဖွဲ့နိုင်ရန် လိုအပ်သည့်အရေအတွက် ၃၂၂နေရာကို စိတ်ပူရန်မလိုတော့ဘဲ စုစုပေါင်း ၃၉၉ နေရာ အနိုင်ရရှိထားပြီးဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က အတည်ပြုသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြီးစီးသည့် ၂၀၂၀အထွေထွေရွေးကောက်ပွဲ လွတ်လပ်မျှတ၊ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအပေါ်ကြိုဆိုကြောင်း ရုရှားနှင့် ဂျပန်နိုင်ငံတို့က နိုဝင်ဘာ ၉၊ ၁၀ ရက်တို့တွင် အသိအမှတ်ပြုကြေညာထားသည်။

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading