ခေါန်လန်ဖူးနှင့် နောင်မွန်းမြို့နယ်တို့မှ ရွေးကောက်ပွဲမဲရလဒ်များ မသိရှိရသေးသော်လည်း ပြည်ထောင်စုလွှတ်တော်နေရာ ၃၀ ရှိသည့် ကချင်ပြည်နယ်တွင် NLD ၂၃ နေရာဖြင့် အများဆုံးအနိုင်ရရှိထားသည်
ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲမဲရလဒ်များ ရေတွက်မှု မပြီးစီးသေးသော်လည်း အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း မဲဆန္ဒနယ် ၃၀ ရှိသည့်အနက် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က လက်ရှိအထိ ၂၃ နေရာဖြင့် အများဆုံး အနိုင်ရရှိထားသည်ဟု ပြည်နယ်ပါတီအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။
NLD သည် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ၁၂ နေရာအနက် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော် ၁၈ နေရာအနက် ၁၃ နေရာအထိ အနိုင်ရရှိထားသည်။

မဲရလဒ်သိရှိပြီးဖြစ်သည့် လွှတ်တော်၂၆ နေရာအနက် NLD က၂၃ နေရာအထိ အနိုင်ရနေပြီး ခေါန်လန်ဖူးနှင့် နောင်မွန်းမြို့နယ်တို့မှ မဲရလဒ်များကို မသိရှိရသေးသဖြင့် ပြည်သူ့လွှတ်တော် ၂ နေရာနှင့် အမျိုးသားလွှတ်တော် ၂ နေရာ၊ စုစုပေါင်း ၄ နေရာမှ မဲရလဒ်များကို တွက်ချက်နိုင်ခြင်း မရှိသေးကြောင်း ပြည်နယ်ပါတီအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးဝင်းဗိုလ်က ဆိုသည်။
နိုဝင်ဘာ ၈ တွင် ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အာဏာရပါတီ NLD သည် အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပြင် ဒေသခံ ကချင်ပါတီလေးခု ပေါင်းစည်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) တို့နှင့် အဓိက ယှဉ်ပြိုင်ခဲ့ရသည်။


ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ပါတီစည်းရုံးရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လာခဲ့ပြီး ကချင်လူထုထောက်ခံမှု ရရှိလာသည့်အတွက် အာဏာရပါတီ NLD အနေဖြင့် မဲဆန္ဒနယ်အများစု အနိုင်ရရန် ခက်ခဲမည်ဟု ရွေးကောက်ပွဲအကြိုကာလများတွင် ခန့်မှန်းသုံးသပ်ချက်များ ရှိခဲ့သော်လည်း ယနေ့ (နိုဝင်ဘာ ၉) ညနေပိုင်းအထိ မဲရလဒ်များအရ ရှုံးနိမ့်သည့် ပြည်ထောင်စုလွှတ်တော်နေရာ ၃ ခုသာ ရှိသည်။
NLD သည် ပြည်နယ်လွှတ်တော်နေရာ ၃၆ ခု အနက် ၂၁ နေရာအပြင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဖြစ်လာမည့် တိုင်းရင်းသားရေးရာဝန်ကြီး ၄ နေရာအနက် လီဆူမှလွဲ၍ ဗမာ၊ ရှမ်း၊ ရဝမ် နေရာတို့အတွက်လည်း NLD က မဲအများဆုံးရရှိထားကြောင်း ပြည်နယ်ပါတီဒုဥက္ကဋ္ဌလည်းဖြစ်သူ ဦးဝင်းဗိုလ်က ပြောသည်။


ကချင်ပြည်နယ်ရှိ လွှတ်တော်အရပ်ရပ်၏ မဲဆန္ဒနယ် ၇၀ လုံးတွင် ယှဉ်ပြိုင်ခဲ့သည့် NLD သည် လက်ရှိအထိ ၄၇ နေရာ အနိုင်ရနေပြီဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD သည် ပြည်နယ်၏ လွှတ်တော်နေရာ စုစုပေါင်း ၄၆ နေရာ အနိုင်ရရှိခဲ့သည်။
ရွေးကောက်ပွဲ မဲရလဒ်များအရ ကချင်ပြည်နယ်၌ NLD ထပ်မံအောင်ပွဲခံနိုင်ခြင်းသည် လူမျိုးစုကို အခြေမခံဘဲ တစ်မျိုးသားလုံးကို အခြေခံသော ပြည်သူ့ပါတီဖြစ်သောကြောင့် ထပ်မံရွေးချယ်ကြခြင်း ဖြစ်သည်ဟု ဦးဝင်းဗိုလ်က ဆိုသည်။
NLD ကို ပုံအောမဲပေး၍ ထပ်မံရွေးချယ်ပေးသည့်အတွက် ပါတီကိုယ်စား ကချင်ပြည်သူများကို ကျေးဇူးတင်ကြောင်း လက်ရှိဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောကြားလိုက်ပြီး ပြည်သူများက NLD လွှတ်တော်ကိုယ်စားလှယ်များ ကို ခိုင်းကြပါဟုလည်း တိုက်တွန်းလိုက်သည်။
“ပြည်သူတွေရဲ့ အကျိုးပြုလုပ်ငန်းတွေကို လုပ်ပေးခဲ့တဲ့ အကျိုးရလဒ်လို့ပဲ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ NLD အစိုးရက ပြည်သူတွေကို ဦးထိပ်ထားတယ်။ ပြည်နယ်ရဲ့ အကျိုးပြုလုပ်ငန်းတွေကို ဦးစားပေးပြီး လုပ်တဲ့ပါတီ ဖြစ်တယ်လို့ မြင်ပြီး မဲပေးတယ်လို့ ယူဆပါတယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က Myanmar Now ကို ပြောသည်။
လွှတ်တော်သုံးရပ်ပေါင်း မဲဆန္ဒနယ် ၆၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီသည် လက်ရှိအချိန်အထိ ပြည်သူ့လွှတ်တော်၂ နေရာနှင့် ပြည်နယ်လွှတ်တော် ၃ နေရာ စုစုပေါင်း ၅ နေရာသာ အနိုင်ရရှိသေးသည်။
အလားတူ ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ပြည်သူ့လွှတ်တော် ၁ နေရာနှင့် ပြည်နယ်လွှတ်တော် ၃ နေရာ စုစုပေါင်း ၄ နေရာသာ အနိုင်ရရှိသေးသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီအနေဖြင့် အင်တိုက်အားတိုက် ယှဉ်ပြိုင်ခဲ့သော်လည်း အပြတ်အသတ်ရှုံးနိမ့်ရခြင်းမှာ ကချင်ပြည်နယ် ဖားကန့်၊ တနိုင်း၊ ဆွမ်ပရာဘွမ်မြို့နယ်များတွင် ပြည်မမှ ရွှေ့ပြောင်းအလုပ်သမားများ ဥဒဟို ရောက်ရှိနေပြီး ဒေသခံများနှင့် လူဦးရေမညီမျှဖြစ်နေသောကြောင့် ဖြစ်သည်ဟု ပါတီဒုတိယဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းက Myanmar Now ကို ပြောသည်။
ထို့အပြင် ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ပြည်ခိုင်ဖြိုးပါတီနှင့် မဟာမိတ်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၏ ပြောဆိုချက်များကြောင့် ရှုံးနိမ့်ရခြင်းလည်း ဖြစ်သည်ဟု စွပ်စွဲလိုက်သည်။
“၂၆ ရက်နေ့မှာ ကချင်ပြည်နယ်ပြည်သူ့ပါတီက ဘာမှ မလုပ်နိုင်ဘူး။ သူတို့ကိုပဲ မဲထည့်ပါလို့ ပြောခဲ့တယ်။ ပြည်သူလူထုနားထဲ ရောက်သွားတာက ကချင်ပြည်နယ်ပြည်သူ့ပါတီဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ မဟာမိတ်လုပ်တယ်ဆိုတဲ့ ပြောဆိုချက်ကြောင့်ပါ။ ရှုံးနိမ့်စေတဲ့ အချက်ဖြစ်ပါတယ်” ဟု ကွမ်ဂေါင်အောင်ခမ်းက ဆိုသည်။
လက်ရှိတွင် NLD သည် အင်ဂျန်းယန်နှင့် ဆွမ်ပရာဘွမ်မြို့နယ်တို့တွင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်နေ ရာအားလုံးတွင် ရှုံးနိမ့်ပြီးဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း NLD သည် အင်ဂျန်းယန်၌ ယင်းလွှတ်တော်နေရာများကို ရှုံးခဲ့သည်။
နောက်ထပ် NLD ရှုံးသော မဲဆန္ဒနယ်တစ်ခုမှာ မံစီမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) ဖြစ်သည်။ ယင်းနေရာ၌ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကိုယ်စားလှယ်လောင်း ဦးအေးမင်းက အနိုင်ရရှိခဲ့သည်။ အဆိုပါမဲဆန္ဒနယ်၌ ဦးအေးမင်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိခဲ့သည်။
(မှတ်ချက် - ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








