လွှတ်တော်သုံးရပ်လုံးအတွက် ချင်းပြည်နယ်တွင် မဲဆန္ဒနယ် ၃၉ နေရာရှိသည့်အနက် NLD ပါတီက ၃၅ အထိ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲထက် ၅ နေရာ ပိုမိုအနိုင်ရရှိခဲ့သည်

Published on Nov 9, 2020
ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now
ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now

တိုက်ပွဲများဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်အပါအဝင် ချင်းပြည်နယ်တစ်ခုလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ပြည်ထောင်စုလွှတ်တော်နေရာအတွက် မဲဆန္ဒနယ် ၂၁ ခုတွင် နေရာ ၂၀ အထိ အနိုင်ရရှိခဲ့သည်ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအုပ်နောလ်က ပြောသည်။

ချင်းပြည်နယ်တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် သုံးရပ်လုံးအတွက် မဲဆန္ဒနယ် ၃၉ ခုရှိသည့်အနက် NLD ပါတီက ၃၆ နေရာအထိ အနိုင်ရရှိခဲ့သည်ဟု ဆိုသည်။ 

ချင်းပြည်နယ်တွင် မြို့နယ် ၉ မြို့နယ်ရှိသည့်အနက် ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ထန်တလန်၊ ဖလမ်း နှင့် တီးတိန် စသည့် မြို့နယ် ၇ မြို့နယ်တွင် NLD ပါတီက အပြတ်အသတ်အနိုင်ရထားပြီး ဟားခါးမြို့နယ်တွင် ၁ နေရာနှင့် တွန်းဇံမြို့တွင် ၂ နေရာ ရှုံးနိမ့်သည်ဟု သိရသည်။ 

ဟားခါးမြို့နယ်တွင် မဲဆန္ဒနယ် ၅ နေရာရှိရာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) က ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁) တွင် အနိုင်ရရှိခဲ့သည်။ 

တွန်းဇံမြို့နယ် မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော် ၁ နေရာနှင့် ပြည်နယ်လွှတ်တော် ၁ နေရာကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (Zomi Congress for Democracy- ZCD) က အနိုင်ရရှိခဲ့သည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ NLD ပါတီက စုစုပေါင်း မဲဆန္ဒနယ် ၃၉ နေရာတွင် ၃၀ နေရာသာ အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က ၃ နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ၄ နေရာနှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) က ၂ နေရာအနိုင်ရရှိခဲ့သည်။

ထို့ကြောင့် အာဏာရ NLD ပါတီသည် ချင်းပြည်နယ်၌ ၂၀၁၅ ရွေးကောက်ပွဲထက် ၆ နေရာ ပိုမိုအနိုင်ရရှိခဲ့သည်။ 

လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသည့် ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ရှိ မဲဆန္ဒနယ် ၅ နေရာလုံးတွင် NLD ပါတီက အနိုင်ရရှိသွားသည်ဟု ပလက်ဝမှ ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသားလွှတ်တော်အမတ်လောင်း ဆလိုင်းမျိုးထိုက်က ပြောသည်။ 

၂၀၁၅ မှ စတင်ကာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့၏ တိုက်ပွဲနယ်မြေဖြစ်ပွားခဲ့သည့် ပလက်ဝမြို့နယ်တွင် လူဦးရေ တစ်သိန်းကျော်ရှိပြီး စစ်ရှောင်နေရသူ ၁၀,၀၀၀ ကျော်နှင့် စစ်ပွဲများအကြား ပိတ်မိနေသည့် စစ်ဒဏ်သင့်သူအရေအတွက်မှာ ၆၀,၀၀၀ ကျော်အထိရှိနေသည်ဟု ချင်းအရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က တိုက်ပွဲများဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာခဲ့သည့်အနက် ဝေဖန်မှုများရှိခဲ့ပြီးနောက် ပလက်ဝမြို့နယ် နေရာအများစုတွင် မဲပေးခွင့်ရှိသည့်နေရာများ ကန့်သတ်ခဲ့သော်လည်း မဲဆန္ဒနယ် အပြောင်းအလဲမရှိခဲ့ပေ။ 

ရွေးကောက်ပွဲအနိုင်ရရှိသည့်အတွက် မဲဆန္ဒရှင်ပြည်သူများအပေါ်ကျေးဇူးတင်ကြောင်းနှင့် စစ်ဒဏ်သင့်နေသည့် ပလက်ဝမြို့နယ်အတွက် နောက်တစ်ကြိမ်ကူညီခွင့်ရသည်ကို ဝမ်းသာကြောင်း ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) မှ ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သည့် NLD ပါတီမှ ဦးစိုးထက်က ပြောသည်။

“ကျွန်တော်တို့လူထုတွေကို ဆင်းရဲဒုက္ခအပေါင်းကလွတ်အောင်၊ လုံခြုံပြီး အေးချမ်းသာယာတဲ့ ပတ်ဝန်းကျင်လေးဖြစ်အောင် ဝိုင်းဝန်းကြိုးစားဖို့ အခွင့်အရေးရတယ်လို့ထင်ပါတယ်” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ လက်ရှိ စည်ပင်သာယာရေးဝန်ကြီးလည်းဖြစ်သည့် ဦးစိုးထက်က ပြောသည်။

ရွေးကောက်ပွဲမကျင်းပရန် UEC က ဆုံးဖြတ်လိုက်သည့် မဲဆန္ဒနယ်များတွင်း ၎င်းစည်းရုံးရေးဆင်းထားသည့် မဲဆန္ဒနယ်များပါဝင်သွားခြင်းကြောင်း မဲရှုံးရခြင်းဖြစ်ကြောင်း CNLD ပါတီ ကိုယ်စားပြုကာ အမျိုးသားမဲဆန္ဒနယ် အမှတ် (၈) မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးဘူးထန်ပိုင်က ပြောသည်။

CNLD မှ ဦးဘူးထန်ပိုင်က စုစုပေါင်း မဲ ၁,၂၉၆ ရရှိခဲ့ပြီး NLD ပါတီမှ ဦးပြေမင်းက ၁,၉၇၆ မဲဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ပလက်ဝမြို့နယ်၌ လတ်တလောတွင် တိုက်ပွဲများအနည်းငယ်ငြိမ်သက်နေသော်လည်း လမ်းများ ပိတ်ဆို့ခံထားရဆဲဖြစ်သောကြောင်း စားရေးသောက်ရေးကို စိုးရိမ်နေရသည်ဟု ပလက်ဝမြို့တွင် စစ်ရှောင်နေသည့် နန်းချောင်းဝရွာသား ဦးလင်းဘွယ်က ပြောသည်။

ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရလာခြင်းအတွက် ဝမ်းသာကြောင်း စစ်ရှောင်များ၏ စာရေး၊ သောက်ရေးနှင့် နေရပ်ပြန်နိုင်ရေးကို ရွေးကောက်ခံအမတ်များက ကူညီပေးစေလိုကြောင်း ဦးလင်းဘွယ်က ပြောသည်။

“ဖြစ်နိုင်ရင်တော့ အိမ်အမြန်ပြန်ချင်တာပေါ့၊ သူတို့(ရွေးကောက်ခံအမတ်များ) ကူညီပေးနိုင်ရင်တော့ ကောင်းတာပေါ” ဟု ၎င်းက ပြောသည်။

နန်းချောင်းဝရွာသည် ပလက်ဝမြို့၏ တောင်ဘက် မိုင်အနည်းငယ်အကွာတွင်ရှိပြီး ပြီးခဲ့သည့် ဧပြီ နှင့် မေလများအတွင်းက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခံရခြင်း မီးရှိုခံရခြင်းများကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ် ၂၀ ကျော် မီးလောင်ခံခဲ့ရသည်။

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

 

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading