ရွေးကောက်ပွဲ

ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီ အများဆုံးအနိုင်ရ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ် ၁၃ နေရာအနက် ရခိုင်အမျိုးသားပါတီ (ANP) က ၈ နေရာ အပြတ်အသတ် အနိုင်ရရှိခဲ့သည်ဟု ပါတီဗဟိုအောင်နိုင်ရေးကော်မတီက ပြောသည်။

ANP သည် စစ်တွေ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မာန်အောင်မြို့နယ်တို့ရှိ မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော်နေရာ ၄ နေရာအနိုင်ရရှိခဲ့သည်။

အမျိုးသားလွှတ်တော်တွင်လည်း မဲဆန္ဒနယ် အမှတ် (၃) စစ်တွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ရမ်းဗြဲနှင့် အမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁၂) တောင်ကုတ်မြို့နယ်တို့တွင် ၄ နေရာ အနိုင်ရရှိခဲ့သည်။

ANP သည် စစ်တွေ၊ ရမ်းဗြဲ၊ မာန်အောင်မြို့နယ်တို့တွင် ပြည်နယ်လွှတ်တော် ၂ နေရာစီနှင့် တောင်ကုတ်တွင် ၁ နေရာ အနိုင်ရရှိခဲ့သဖြင့် စုစုပေါင်း ပြည်နယ်လွှတ်တော် ၇ နေရာလည်း အနိုင်ရခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ANP ပါတီက အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော် ၁၂ နေရာနှင့် ပြည်နယ်လွှတ်တော် ၃၅ နေရာအနက် ၂၂ နေရာ အနိုင်ရခဲ့သည်။ 

နိုဝင်ဘာ ၈ တွင် ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ ရခိုင်မြောက်ပိုင်းမြို့နယ် ၉ မြို့နယ်၌ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ဘဲ တောင်ပိုင်းရှိ သံတွဲ၊ မာန်အောင်၊ ဂွ နှင့် ရမ်းဗြဲမြို့နယ်များတွင်သာ နေရာပြည့်ကျင်းပခဲ့ကာ စစ်တွေ၊ တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူမြို့နယ်တို့တွင် နေရာအချို့သာ ကျင်းပနိုင်ခဲ့သည်။

ထို့ကြောင့် NLD အားကောင်းသည့် တောင်ပိုင်းမြို့နယ်များတွင် ANP အနေဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသော်လည်း နေရာအများစုတွင် အနိုင်ရခဲ့သည်။

ရခိုင်တောင်ပိုင်းမြို့နယ်များတွင် အနိုင်ရရှိခဲ့ခြင်းနှင့် ပတ်သက်၍ “အမျိုးသားရေးစိတ်ဓာတ်ပိုင်းဆိုင်ရာကို ပိုပြီးတော့ အသိအမှတ်ပြုလာကြတယ်။ နောက်တစ်ခုက ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့်ကို ပိုပြီးနားလည်ကြတယ်။ အထူးသဖြင့် ဖက်ဒရယ်လစ်ဇင်ရဲ့ အရသာကို လူထု ပိုမက်မောလာတယ်” ဟု ANP ပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဝင်းချေက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ (ANP) သည် အာဏာရ NLD အပြင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၊ ရခိုင့်ဦးဆောင်ပါတီ (AFP) တို့ကိုလည်း အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရကာ နေရာအများစု အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

တောင်ကုတ်တွင် ALD ကိုယ်စားပြုကာ ယှဉ်ပြိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင်နှင့် NLD ကိုယ်စားလှယ်လောင်း ဦးမင်းအောင်သည် ANP ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးယဉ်ကို ရှုံးနိမ့်ခဲ့သည်။

“ကျွန်မ ရှုံးပါတယ်။ ဘယ်လို ဆက်လုပ်သွားဖို့ ပြင်ဆင်ထားလဲဆိုတာကို မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ အစည်းအဝေးတောင် မလုပ်ရသေးဘူး” ဟု ဒေါက်တာတင်မာအောင်က ပြောသည်။

ပြည်ထောင်စုလွှတ်တော် ၅ နေရာအနက် NLD က ၃ နေရာ၊ AFP နှင့် ပြည်ခိုင်ဖြိုးက တစ်နေရာစီ အနိုင်ရရှိသည်။ 

NLD သည် ဂွနှင့် သံတွဲမြို့နယ်တို့တွင်သာ အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော် ၂ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ (မဲဆန္ဒနယ်အမှတ် ၁၁) နှင့် ပြည်နယ်လွှတ်တော် ၄ နေရာ ရရှိခဲ့သည်။

“ခက်ခက်ခဲခဲတော့ ယှဉ်ပြိုင်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကတော့ ဝင်ပြိုင်ကြတဲ့လူတိုင်းကို ကိုယ့်ရဲ့ယှဉ်ပြိုင်ဘက်လို့ပဲ သဘောထားပြီးတော့ ယှဉ်ပြိုင်ကြတော့ အားလုံးက ခက်ခဲပါတယ် ”ဟု ဂွမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရရှိသွားသည့် NLD ကိုယ်စားလှယ်လောင်း ဦးရဲခေါင်ညွန့်က ပြောသည်။

ရခိုင့်ဦးဆောင်ပါတီ (AFP) သည်လည်း ကျောက်ဖြူမြို့နယ်တွင်သာ အနိုင်ရပြီး ပြည်သူ့လွှတ်တော် ၁ နေရာနှင့် ပြည်နယ်လွှတ်တော် ၂ နေရာ ရရှိခဲ့သည်။ 

“အခုလို အနိုင်ရတော့ ရခိုင်ပြည်နယ်အတွက်တော့ ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ တာဝန်ရှိလာမယ်။ ရခိုင့်ရေးရာနဲ့ ပတ်သက်လို့ ပိုပြီးကြိုးစားရမယ်။ ပိုပြီးလုပ်ရမယ့်သဘော ရှိတယ်” ဟု ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၂) အတွက် အနိုင်ရရှိသည့် AFP ကိုယ်စားလှယ်လောင်း ဦးသန်းလွင်က ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် အမ်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် ၁ နေရာနှင့် ပြည်နယ်လွှတ်တော် ၁ နေရာ အနိုင်ရရှိသည်။

ချင်းတိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင် ပြည်နယ်လွှတ်တော်နေရာ ၁၅ ခုံတွင် ANP က ၇ နေရာ၊ NLD က ၄ နေရာ၊ AFP က ၂ နေရာနှင့် ပြည်ခိုင်ဖြိုးပါတီက ၁ နေရာ အသီးသီးအနိုင်ရခဲ့သည်။​

ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲရေတွက်မှုများ မပြီးဆုံးသေးသဖြင့် မဲရလဒ် မသိရှိရသေးပါ။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် တစ်သီးပုဂ္ဂလများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

Show More

Related Articles

Back to top button