လက်ရှိအချိန်ထိ 'တစ်သင်းလုံးကန်မည် PPP’ ဟု ကြွေးကြော်ထားသည့် PPP ပါတီ အနိုင်ရရှိသည့်နေရာ မကြားသိရသေးဘဲ မရမ်းကုန်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ပါတီဥက္ကဋ္ဌသည် ပြိုင်ဘက် NLD ပါတီမှ ဒေါက်တာမေဝင်းမြင့်ကို မဲကွာဟချက်ကြီးမားစွာဖြင့် ရှုံးနိမ့်ခဲ့သည်
မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်သည် ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ဒေါက်တာမေဝင်းမြင့်ကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
အဆိုပါမဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သူ ဒေါက်တာမေဝင်းမြင့်က ခိုင်လုံမဲပေါင်း ၈၉,၅၄၈ ရရှိခဲ့ပြီး PPP ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်သည် ခိုင်လုံမဲ ၇၄၉၈ သာ ရရှိခဲ့သဖြင့် မဲကွာဟချက် ရှစ်သောင်းကျော်ရှိသည်။

ဒေါ်သက်သက်ခိုင်သည် ထိုမဲဆန္ဒနယ်တွင် မဲရရှိမှု တတိယအဆင့်ရှိခဲ့ပြီး ဒုတိယမဲအများဆုံးရရှိခဲ့သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းမှာ မဲ ၉၅၇၄ ရရှိခဲ့သည်။
မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် NLD မှ ဒေါက်တာမေဝင်းမြင့်၊ PPP ပါတီမှ ဒေါ်သက်သက်ခိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးမင်းသိန်းထွန်းနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးစိန်ရွှေဖြိုးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။


NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာပွင့်ဆန်း အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်မူ NLD မှ ဒေါက်တာမေဝင်းမြင့်က အနိုင်ရရှိခဲ့သည်။
ဒေါ်သက်သက်ခိုင်သည် NLD ပါတီဝင်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်မှ NLD ပါတီကိုယ်စားပြု ဝင်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။


၂၀၁၉ ခုနှစ်တွင် NLD ပါတီမှ နှုတ်ထွက်ပြီးနောက် ဒေါ်သက်သက်ခိုင်သည် ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်ရန် စိုင်းပြင်းခဲ့သည်။
'တစ်သင်းလုံးကန်မည် PPP’ ဟု ကြွေးကြော်ကာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားလှယ်လောင်းများတွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ ပါဝင်နေမှုကြောင့် ဝေဖန်ခံခဲ့ရသည်။
ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ၂၀၂၀ ရွေးကောက်ပွဲကို မြေစမ်းခရမ်းပျိုးသည့် သဘောဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ရေရှည်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အလွန် ရွေးကောက်ပွဲများကို ပစ်မှတ်ထားသည်ဟု ပြောဆိုခဲ့သည်။
"NLD ပါတီက အသက် ၇၅ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန်မှီခိုတဲ့ ပုဂ္ဂိုလ်ရေးအခြေပြုပါတီဖြစ်တယ်။ ၂၀၂၅ မှာ သူ(ဒေါ်အောင်ဆန်းစုကြည်)က အသက် ၈၀ ပြည့်ပါမယ်။ အဲ့ဒီအချိန်မှာ NLD ပါတီက အခုလောက် မဟုတ်တော့ဘူး။ သူအလွန်မှာ အကူးအပြောင်းကာလရှိတယ်” ဟု နိုင်ငံတကာသတင်းဌာနတစ်ခုနှင့် အင်တာဗျူးတွင် ဒေါ်သက်သက်ခိုင်က ပြောကြားခဲ့သည်။
လာမည့်ငါးနှစ်အတွင်း မြန်မာ့နိုင်ငံရေးအခင်းအကျင်း သိသာထင်ရှားစွာ ပြောင်းလဲလာမည်ဖြစ်ကြောင်း ယုံကြည်ထားသည့် ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂၃၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
လက်ရှိ (နိုဝင်ဘာ ၉ ညနေပိုင်း) အချိန်ထိ ပြည်သူ့ရှေ့ဆောင်ပါတီအနိုင်ရရှိသည့်နေရာ ကြားသိရခြင်း မရှိသေးပေ။
မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် Facebook ၏ ထုတ်ပြန်ချက်များအရ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလတွင် Facebook ပေါ်တွင် အခကြေးငွေပေး၍ မဲဆွယ်စည်းရုံးရာ၌ ဒေါ်သက်သက်ခိုင်၏ PPP ပါတီက အမေရိကန်ဒေါ်လာ ၆၀၀၀ (ကျပ် ၇၈ သိန်း) ကျော်ဖြင့် ဒုတိယအများဆုံးသုံးစွဲထားသည့် ပါတီဖြစ်သည်။
(မှတ်ချက် - ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








