ရွေးကောက်ပွဲ

မွန်ပြည်နယ်တွင် NLD က ပြည်ထောင်စုလွှတ်တော် ၁၇ နေရာအထိ အနိုင်ရ 

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် မွန်ပြည်နယ်တွင် ပြည်ထောင်စုလွှတ်တော် ၂၂ နေရာအနက် ၁၇ နေရာအနိုင်ရရှိသည်ဟု မွန်ပြည်နယ် NLD ၏ အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးငွေမြင့်က ပြောသည်။

မွန်နိုင်ငံရေးပါတီ နှစ်ခုပေါင်းစည်းထားသည့် ဒေသခံမွန်ညီညွတ်ရေးပါတီ (MUP) က ရေးမြို့နယ် အမျိုးသားလွှတ်တော် နှစ်နေရာ၊ ပြည်သူ့လွှတ်တော် တစ်နေရာနှင့် မုဒုံမြို့နယ် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နေရာ စသည့် ၅ နေရာတွင် အနိုင်ရခဲ့ခြင်း ဖြစ်သည်။  

မုဒုံတွင် ပါတီတွင်း စည်းရုံးရေးအားနည်းခြင်း၊ ရေးမြို့နယ်တွင် ပါတီအောင်နိုင်ရေးဆောင်ရွက်မှုအားနည်းခြင်းနှင့် ကြိုတင်မဲမသမာမှုများကြောင့် ရှုံးနိမ့်ရခြင်းဖြစ်သည်ဟု ဦးငွေမြင့်က ဆိုသည်။ 

ပြည်ထောင်စုလွှတ်တော်အဆင့်တွင် ၅ နေရာရှုံးနိမ့်ခြင်းမှာ အာဏာရပါတီနှင့် ဒေသခံများကြား သဘောထားကွဲလွဲမှု ဖြစ်ခဲ့သည့် ချောင်းဆုံတံတားအမည်ပေးခြင်းကိစ္စနှင့် ပတ်သက်မှုမရှိဟုလည်း ၎င်းက ပြောသည်။ 

“ချောင်းဆုံမှာ အရင်အတိုင်း နိုင်တယ်။ နဂိုမူလက ရှုံးတဲ့နေရာတော့ ရှုံးတယ်။ ဒါပေမယ့် အဲဒီရှုံးတာက အရင်လောက် ဆိုးဆိုးဝါးဝါး မရှုံးဘူး။ ဒါကြောင့် ချောင်းဆုံတံတားနဲ့ မဆိုင်ဘူးလို့ သုံးသပ်တယ်” ဟု ဦးငွေမြင့်က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင်မူ NLD သည် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း ၂၂ နေရာအနက် တစ်နေရာသာ ရှုံးနိမ့်ခဲ့ပြီး ကျန်နေရာအားလုံးတွင် အနိုင်ရရှိခဲ့သည်။ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၇) ရေးမြို့နယ်တွင် မွန်အမျိုးသားပါတီကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ 

ကရင်၊ ပအိုဝ်း၊ ဗမာ တိုင်းရင်းသားရေးရာဝန်ကြီး သုံးနေရာအတွက် မဲရလဒ်မှာ ရေတွက်နေဆဲ ဖြစ်သော်လည်း အလားအလာကောင်းနေသည်ဟု ဦးငွေမြင့်က ဆိုသည်။ 

မွန်ပါတီနှစ်ခုပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီသည် ပြည်ထောင်စုလွှတ်တော် ငါးနေရာအပြင် ပြည်နယ်လွှတ်တော် ခြောက်နေရာ အနိုင်ရရှိခဲ့သည်ဟု ယင်းပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောသည်။ 

တံတားအမည်ကိစ္စ အငြင်းပွားမှုရှိခဲ့သည့် ချောင်းဆုံအပါအဝင် ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်တို့တွင် ပြည်နယ်လွှတ်တော် တစ်နေရာစီနှင့် ရေးမြို့နယ်တွင် နှစ်နေရာလုံး အနိုင်ရခဲ့သည်။

ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) တွင် မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာအောင်နိုင်ဦးက NLD ကိုယ်စားလှယ်လောင်း စည်ပင်ဝန်ကြီး ဦးမင်းကျော်လွင်ကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဒေါက်တာအောင်နိုင်ဦးသည် အဆိုပါ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) တွင် ရွေးကောက်ပွဲ သုံးကြိမ်ဆက်တိုက် အနိုင်ရသူ ဖြစ်လာသည်။

၂၀၁၅ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက NLD သည် အနိုင်ရရှိသည့် လွှတ်တော်နေရာ လျော့နည်းသွားသော်လည်း ပြည်နယ်တွင်း အများစုအနိုင်ရသည့်ပါတီ ဖြစ်နေဆဲပင် ဖြစ်သည်။ 

ချောင်းဆုံမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၄) တွင် မွန်ညီညွတ်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် ကိုယ်စားလှယ်လောင်း ကိုသန်းနိုင်ကမူ ရွေးကောက်ပွဲသည် လက်တွေ့တွင် ကိုယ်စားလှယ်လောင်းချင်း ယှဉ်ပြိုင်ရခြင်းမျိုး မဟုတ်ဘဲ ပါတီချင်း ပြိုင်ရသည့် အခြေအနေဖြစ်သည်ဟု သုံးသပ်သည်။ 

“ပါတီလိုဂိုကို ကြည့်ပြီး ရွေးတဲ့အတွက်ကြောင့် မနိုင်တာပေါ့။ လူချင်းပြိုင်ရတာ မဟုတ်ဘဲ ပါတီချင်းပြိုင်ရတဲ့ ပုံစံမျိုးကြောင့်လည်း ပါတယ်” ဟု ၎င်း၏ မဲဆန္ဒနယ်တွင် NLD ကို ရှုံးနိမ့်ရသည့် အကြောင်းရင်းကို သုံးသပ်သည်။

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

Show More

Related Articles

Back to top button