မိတ္ထီလာခရိုင်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အချို့သော နိုင်ငံရေးပါတီများမှာ ဘဲဥပင်မကွဲကြောင်းနှင့် အဓိကအားဖြင့် အနီနှင့် အစိမ်းသာ ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးက မိတ္ထီလာလွင်ပြင်တစ်ခုလုံးတွင် အောင်ပွဲခံခဲ့သော်လည်း ယခုရွေးကောက်ပွဲတွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်
၂၀၁၅ ရွေးကောက်ပွဲက ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအနိုင်ရရှိပြီး အစိမ်းရောင်လွင်ပြင်ဖြစ်ခဲ့သော မိတ္ထီလာခရိုင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အနိုင်ရသွားကြောင်း ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းထိုက်က Myanmar Now ကို အတည်ပြုသည်။
“ခရိုင်တစ်ခုလုံး ခြုံပြောရင် NLD နိုင်ပါတယ်။ မြို့နယ်တွေကလဲ ပုံစံ ၁၉ နဲ့ စာရင်းအတိအကျ တက်မလာသေးဘူး။ ဒါပေမဲ့ NLD ပါတီက တချို့နေရာတွေမှာ သောင်းဂဏန်းနဲ့ အပြတ်အသတ်နိုင်သလို တချို့က မဲထောင်ဂဏန်းနဲ့ မတိမ်းမယိမ်းနိုင်တယ်။” ဟု ဦးမျိုးမင်းထိုက်က ပြောသည်။
မိတ္ထီလာခရိုင်တွင် မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်နှင့် သာစည်မြို့နယ်များ ပါဝင်ပြီး အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်သူ့လွှတ်တော် ၄ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၈ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၁၄ နေရာ ရှိသည်။
၂၀၂၀ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းအရ မိတ္ထီလာခရိုင်တွင် မဲဆန္ဒရှင်ပေါင်း ခုနှစ်သိန်းကျော်နှင့် မဲရုံပေါင်း ၁၀၆၉ ရုံရှိသည်။ တပ်မိသားစုဝင် မဲဆန္ဒရှင် တစ်သောင်းငါးထောင်ကျော်ရှိပြီး သီးသန့်တပ်မဲရုံ ၁၈ ခုနှင့် အရပ်သားမဲဆန္ဒရှင်များဖြင့် ရောနှောနေသည့် မဲရုံ ၅ ခုရှိသည်။
နိုင်ငံရေးပါတီ ၇ ခုမှ ကိုယ်စားလှယ်လောင်း ၅၈ ဦးယှဉ်ပြိုင်ကြရာ NLD ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဆင့်စိုး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဘုန်းကျော်၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မောင်မောင်၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ကြီးမှ ဝင်ရောက်အရွေးချယ်ခံခဲ့ကြသည်။
2-2.jpg




ယမန်နေ့က ရန်ကုန်NLD ရုံးချုပ်ရှေ.တွင် တွေ.ရသော ပြည်သူတစ်ချို.။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now )
NLD မှ ဒေါက်တာဆင့်စိုးသည် ၂၀၁၅တွင် ရွေးကောက်ပွဲနိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီမှ မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာမောင်သင်းကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
“ကျန်တဲ့ပါတီတွေ မဲမရသလောက်ပါပဲ။ တချို့နေရာတွေဆို ဘဲဥတောင် မကွဲဘူး။ အဲဒီတော့ အနီနဲ့ အစိမ်းပဲ အဓိကယှဉ်ပြိုင်ကြသလို ဖြစ်တယ်” ဟု ဦးမျိုးမင်းထိုက်က ပြောသည်။
မိတ္ထီလာခရိုင်အတွင်း မြို့နယ်အလိုက် မဲရေတွက်မှုသည် ယနေ့နံနက် ၄ နာရီနောက်ပိုင်းတွင်း ပြီးစီးခဲ့ပြီး မိတ္ထီလာနှင့် သာစည်မြို့နယ်က မဲရေတွက်မှုသည် နံနက် ၈ နာရီတွင် ပြီးစီးခဲ့ကြောင်း သိရသည်။
ခရိုင်ချုပ်စာရင်းအတိအကျကို ယနေ့ညနေပိုင်းတွင် ရရှိနိုင်မည်ဟု ခန့်မှန်းထားပြီး တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သတင်းထုတ်ပြန်မည်ဖြစ်သည်။
၂၀၁၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ၌ ပြည်ခိုင်ဖြိုးပါတီအားကောင်းခဲ့သော မိတ္ထီလာခရိုင်က ယခုရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိသွားခြင်းသည် ပြည်သူလူထုက နိုင်ငံရေးအသိ ပြောင်းလဲသွားခြင်းဖြစ်သည်ဟု မိတ္ထီလာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးဇော်ဝင်းက Myanmar Now ပြောသည်။
“ဘယ်နေရာကိုသွားသွား စိတ်လုံလုံခြုံခြုံနဲ့ အေးချမ်းတဲ့ဘဝကိုပဲ လိုချင်တယ်။ အခုက ၂၀၁၃ က ဖြစ်ခဲ့တဲ့ကိစ္စတွေရဲ့ ဂယက်တွေက ဦးတို့ဘဝကို ခုထိရိုက်ခတ်နေတုန်းပဲ။ NLD ပါတီက ဦးတို့ဘဝတွေ လုံခြုံမှုအတွက် အကာအကွယ်ပေးနိုင်မယ်လို့ ယုံကြည်လို့ မဲပေးခဲ့တာပါ” ဟု ၂၀၁၃ မိတ္ထီလာ လူမျိုးရေးအထိကရုန်း ဖြစ်ပွားခဲ့သော နန်းတော်ကုန်းရပ်ကွက် ချမ်းအေးသာယာနယ်မြေက အသက် ၅၀ အရွယ် မဲဆန္ဒရှင်အမျိုးသားတစ်ဦးက Myanmar Now ကို ပြောပြသည်။
(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)


Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








