တပ်မတော် တပ်ရင်းတပ်ဖွဲ့များ တည်ရှိရာ မင်္ဂလာဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၂၈၀,၀၀၀ ကျော်ရှိပြီး တပ်မတော်သားများ သီးသန့် မဲရုံ ၈ ခုတွင် တပ်မတော်သားနှင့် တပ်မိသားစုဝင် ၂ သောင်းကျော်ရှိပြီး တပ်ကြိုတင်မဲ ၅ ထောင်ကျော်ရှိသည်
ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် အိမ်ထဲက အိမ်ပြင်ပင် မထွက်ကြသည့် ရန်ကုန်မြို့ခံလူထုသည် နိုဝင်ဘာလ ၈ ရက် နံနက်တွင် အလင်းရောင်ပင် မရှိသေးသည့် ဝေလီဝေလင်း အချိန်ကပင် ဝီရိယကောင်းစွာဖြင့် နိုးထနေကြသည်။
ရန်ကုန်၏ မြို့နယ်အသီးသီးရှိ စာသင်ကျောင်းများ၊ ရပ်ကွက် ဓမ္မာရုံများနှင့် မြို့နယ်ခန်းမများရှေ့တွင် ရာနှင့်ချီသော လူတန်းကြီးသည် စနစ်ကျစွာ စီတန်းနေပြီး မဲရုံစတင်ဖွင့်လှစ်မည့် နံနက် ၆ နာရီထိုးမည့် အချိန်ကို စောင့်မျှော်နေကြသည်။

ရန်ကုန်မြို့လယ်မှ ရန်ကုန် - ပြည်လမ်းမကြီးအတိုင်း မိနစ် ၄၀ ခန့် မောင်းနှင်လာပါက တပ်ရင်း၊ တပ်စခန်းများနှင့် တပ်မိသားစုဝင်များ အများစုနေထိုင်ကြရာ မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိမည်ဖြ စ်သည်။
ရန်ကုန် - ပြည်လမ်းဘေးရှိ သဘာဝအလျောက်ပေါက်ရောက်နေသည့် သစ်ပင်ကြီးများဖြင့် စိမ်းလန်း စိုပြေနေသည့် အ.လ.က (၄) မင်္ဂလာဒုံ ကျောင်းဝင်းအတွင်းတွင် တပ်မတော်သားများနှင့် တပ်မတော်သား မိသားစုဝင်များ သီးသန့် ဆန္ဒမဲပေးနိုင်သည့ တပ်မဲရုံ ၈ ခုရှိသည်။


ထိုကျောင်းဝင်းအတွင်းရှိ တပ်သီးသန့် မဲရုံ ၈ ရုံတွင် တပ်မတော်သားနှင့်တပ်မတော်သား မိသားစုဝင် ၂ သောင်းကျော် ဆန္ဒမဲပေးသွားကြမည်ဖြစ်သည်။
မင်္ဂလာဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၂၈၀,၀၀၀ ကျော်ရှိပြီး တပ်မတော်သားများ သီးသန့် ဆန္ဒမဲပေး ရမည့် မဲရုံ ၈ ခုတွင် တပ်မတော်သားနှင့် တပ်မိသားစုဝင် ၂ သောင်းကျော်ရှိပြီး တပ်ကြိုတင်မဲ ၅ ထောင်ကျော်ရှိသည်။


အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် မင်္ဂလာဒုံမဲဆန္ဒနယ်တွင် တပ်မတော်သားနှင့်တ ပ်မိသားစုဝင်များ၏ ဆန္ဒမဲ ၂ သောင်းကျော်မှာ အလွန်အရေးပါသည့် ကိန်းဂဏန်းပင်ဖြစ်သည်။
ပထမဆုံး မဲပေးရမည့် တပ်မိသားစုဝင်
ကျောင်းအဝင်ဝတွင် လုံခြုံရေး တာဝန်ယူထားသည့် တာဝန်ကျ တပ်မတော်အရာရှိများက အရပ်ဝတ်များကို ဝတ်ဆင်ထားပြီး လာရောက် မဲပေးသည့် တပ်မိသားစုဝင် မဲဆန္ဒရှင်များကို အပူချိန်တိုင်း၍ လက်သန့်ဆေးများ ဝေငှနေကြသည်။
တစ်ဦးနှင့်တစ်ဦး စကားပြောခြင်းမရှိ၊ ရယ်မောမှု မရှိ တိတ်တိတ်ဆိတ်ဆိတ်နှင့်ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသူ၊ မဲဆန္ဒပေးပြီး ပြန်ထွက်လာသူများဖြင့် စည်ကားနေသည်။
ထိုသို့ ဆန္ဒမဲပေးရန် စောင်ဆိုင်းနေသူများထဲတွင် မင်္ဂလာဒုံဆေးတပ်မှ တပ်ကြပ်ကြီးတစ်ဦး၏ သားဖြစ်သူ ဒဂုံတက္ကသိုလ် အဝေးသင် ဒုတိယနှစ် ကျောင်းသား ကိုတင်ထွဋ်ဝင်းလည်း တစ်ဦး အပါအဝင် ဖြစ်သည်။
အသက် ၁၈ နှစ်အရွယ်ရှိ ကိုတင်ထွဋ်ဝင်းသည် ဆန္ဒမဲပေးခွင့်ရရန် နံနက် ၅ နာရီခွဲခန့်ကပင် ၎င်း၏ မိခင်နှင့် အစ်ကိုဖြစ်သူတို့နှင့်အတူ စောင့်ဆိုင်းနေခဲ့ပြီးနောက် တစ်နာရီခွဲခန့် အကြာတွင် ဆန္ဒမဲပေးခွင့် ရခဲ့သည်။
ပထမဆုံးအကြိမ် ဆန္ဒမဲပေးရသည့် အတွေ့အကြုံဖြစ်သည့်အတွက်ကြောင့် ရင်ခုန်စိတ်လှုပ်ရှားရပြီး တပ်ထဲတွင် မည်သည့်ပါတီကို မဲထည့်ပါဟူ၍ တိုက်တွန်း ပြောကြားခြင်းမျိုးမရှိပဲ လွတ်လပ်စွာ ဆန္ဒမဲပေးခွင့်ရှိကြောင်း မဲပေးပြီး ပြန်အထွက်တွင် ကိုတင်ထွဋ်ဝင်းက ပြောသည်။
“ကျွန်တော်တို့က စစ်တပ်မှာနေတာလေ။ ကျွန်တော်တို့ကို နေစရာ နေရာတွေ၊ စားစရာတွေ အများကြီး ထောက်ပံ့ပေးထားတာလေ။ သူတို့ကိုလည်း Support လုပ်ဖြစ်တာပေါ့။ အပြန်အလှန်ပေါ့ဗျာ။ အပြန် အလှန် အကျိုးပြုတဲ့ သဘောပါပဲ” ဟု ၎င်းက မဲပေးရသည့် အပေါ် တွေးတွေးဆဆဖြင့်ပြောသည်။
ပြိုင်ဆိုင်မှု ပြင်းထန်
မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီနှင့် လူထုပါတီ တို့မှ ကိုယ်စားလှယ်လောင်း ၆ ဦးက ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
မတူညီသည့် နိုင်ငံရေးပါတီ ခြောက်ခုမှ ကိုယ်စားလှယ် ခြောက်ဦးတွင် NLD ပါတီမှ အသက် ၃၈ နှစ်အရွယ်ရှိ ဒေါ်ခင်မြတ်သူနှင့် ပြည်ခိုင်ဖြိုးပါတီမှ ဦးတင်မောင်ဝင်းတို့မှ အဓိက ပြိုင်ဘက်များ ဖြစ်ကြသည်။
ဒေါ်ခင်မြတ်သူသည် အသက် ၂၀ အရွယ်ကပင် NLD ပါတီဝင်ဖြစ်လာခဲ့ပြီး ၎င်း၏ အဖိုးနှင့် ဖခင်ဖြစ်သူ NLD ပါတီဝင်ဟောင်းများ၏အမွေကို ဆက်ခံခဲ့ခြင်းဖြစ်သည်ဟု ဒေါ်ခင်မြတ်သူက ဆိုသည်။
တပ်မတော်သားများနှင့်တပ်မတော်သား မိသားစုဝင်များ၏ ဆန္ဒမဲများနှင့်ပတ်သတ်ပြီး စိုးရိမ်ခြင်းမရှိဘဲ NLD ပါတီက မင်္ဂလာဒုံမြိုနယ်တွင် အနိုင်ရရှိရန်မှာ ၇၀ ရာခိုင်နှုန်း သေချာသည်ဟု ဒေါ်ခင်မြတ်သူက ပြောသည်။
“၂၀၁၅ တုန်းကလဲ တပ်မဲရုံတွေက တပ်ထဲမှာပဲရှိတယ်လေ။ အဲဒီအချိန်မှာတောင် ကျွန်မတို့ တစ်မြို့နယ် လုံး အတိုင်းအတာနဲ့ ချိန်လိုက်ရင် နိုင်ခဲ့တယ်” ဟု သူက ပြောသည်။
“ခုပိုပြီးတော့ မစိုးရိမ်တာက တပ်မဲရုံတွေက အပြင်ထွက်လာတယ်။တ ပ်မတော်သားနဲ့ တပ်မတော်သား မိသားစုဝင်တွေရဲ့ မဲပေးပိုင်ခွင့်က ရာနှုန်းပြည့် မဟုတ်ရင်တောင်မှ အများကြီး ပိုပြီးတော့ လွတ်လပ်ခွင့်ရ လာတယ်လို့ ယူဆပါတယ်” ဟု ဒေါ်ခင်မြတ်သူက ဆက်ပြောသည်။
ကြိုတင်မဲကောက်ယူစဉ်က ဆန္ဒမဲပေးရာတွင် တပ်မတော်သားများ၏ စိုးရိမ်ပူပင်မှုကို မြင်တွေ့ခဲ့ရပြီး နောက် NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရန်မှာ အရပ်သားများ၏ လွတ်လပ်စွာမဲပေးခွင့်က ပိုမို အရေးပါသည်ကို သိရှိခဲ့ရသည်ဟု သူက ပြောသည်။
“ဒီအချိန်မှာ ကြောက်ရွံ့ခြင်းကင်းကင်းနဲ့ အမှန်တရားကို ဖော်ဆောင်ပေးဖို့အတွက် ကျွန်မတို့ကတော့ မဲဆန္ဒရှင် လူထုကိုပဲ အားကိုးရမှာပါပဲ။ မဲဆန္ဒရှင်လူထုရဲ့ အဆုံးအဖြတ်ကိုပဲ ကျွန်မတို့ ခံယူသွားပါမယ်” ဟု ဒေါ်ခင်မြတ်သူက ပြောသည်။
တပ်နယ်မြေက အရပ်သားမဲရုံ
အ.မ.က (၄) မင်္ဂလာဒုံ ကျောင်းဝင်းအတွင်းရှိ တပ်သီးသန့် မဲရုံများနှင့်ဆန့်ကျင်စွာ မင်္ဂလာဒုံမြို့နယ် နွယ်ခွေကျေးရွာရှိ မဲရုံထားရှိရာ အ.မ.က(၂၂) ကျောင်းရှေ့တွင် အော်ဟစ်နောက်ပြောင်သံများဖြင့် ဆူညံနေသည်။
နွယ်ခွေကျေးရွာတွင် အသက် ၃၅ နှစ်အရွယ် ကုန်စုံဆိုင်ဖွင့်လှစ် ရောင်းချသူ မဇာခြည်ဖြိုးမှာ နွယ်ခွေကျေးရွာရှိ အစောဆုံး ဆန္ဒမဲပေးခွင့်ရှိသူ ၁၀ ဦးတွင် တစ်ဦး အပါအဝင်ပင် ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဇာခြည်ဖြိုးအတွက် ၃ ကြိမ်မြောက် မဲပေးခြင်းပင်ဖြစ်သည်။၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတုန်းက မဇာခြည်ဖြိုးမှာ တနင်္သာရီတိုင်း ကော့သောင်းမြို့ရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေခဲ့ပြီး ကုမ္ပဏီပိုင်ရှင် မဲထည့်ခိုင်းသည့် နိုင်ငံရေးပါတီကိုသာ မဲထည့်ခဲ့ရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင်တော့ ကိုယ်နှစ်သက်ရာ နိုင်ငံရေးပါတီကို လွတ်လပ်စွာ မဲထည့်ခွင့်ရရှိခဲ့ပြီး ထိုပါတီကို ဆန္ဒမဲထည့်ခဲ့သည့်မှာ ယနေ့ ၂၀၂၀ ရွေးကောက်ပွဲ အထိပင်ဖြစ်သည်။
“ပျော်တယ်လေ။ ကိုယ်ကြိုက်တဲ့ပါတီကို ကိုယ်မဲ ပေးလိုက်ရတော့။ အမေလေ။ အမေ့ပါတီကိုပဲ မဲပေးလိုက်တယ်” ဟု မဇာခြည်ဖြိုးက မှင်စွန်းနေသည့် လက်သန်းကို ထောင်ပြရင်း ပြုံးပြုံးရယ်ရယ်ဖြင့် ပြောလိုက်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











