ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် အာဏာရ NLD အစိုးရနှင့် တပ်မတော်ကြား သတင်းထားတင်မာမှုများရှိခဲ့ရာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ သတိပေးပြောကြားမှုများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲရလဒ် လက်သင့်ခံမခံနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယတိပြတ် ပြောဆိုခဲ့ခြင်း မရှိပေ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၏ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအတွင်းက ပြောကြားချက်များကြောင့် ရွေးကောက်ပွဲအပြီးတွင် အာဏာသိမ်းနိုင်ခြေရှိကြောင်း ယူဆချက်များနှင့် စိုးရိမ်ပူပန်မှုများ ရှိသော်လည်း ပြည်သူ့ဆန္ဒနှင့်အညီ ထွက်ပေါ်လာသည့် ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်၌ ယနေ့မဲပေးပြီးနောက် ပြောကြားလိုက်သည်။
"ကျွန်တော်ကတော့ ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့ မရဘူး။ လက်ခံရမှာပဲ။ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ခံစားနေရတဲ့သောကတွေ၊ ဒါတွေကို ဘယ်လိုဖြေသိမ့်ဖို့အတွက် စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ လိုပါတယ်" ဟု နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် မဲပေးပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး "ဒါဟာ ကျွန်တော်တို့အတွက် အင်မတန်အရေးကြီးတဲ့အချက်၊ နိုင်ငံသူ၊ နိုင်ငံသားတွေ ခံစားနေရတဲ့သောကကို ဖြေသိမ့်နိုင်ဖို့ အရေးကြီးတယ်။ ဒါကတော့ မလွဲမသွေ လုပ်ကိုလုပ်ရမှာပဲ" ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
မည်သည့်ပါတီကို မဲပေးခဲ့သနည်းဟု မေးမြန်းရာတွင် ၎င်းက “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ဒီအပေါ်မှာ အလေးထားတဲ့ ပါတီပေါ့။ နောက်ပြီးတော့ တို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ ပါတီပေါ့။ ကျနော်အမြဲတမ်းပြောတယ်။ ကျွန်နော်တို့ တပ်မတော်နဲ့ လက်တွဲပြီး အလုပ်လုပ်လို့ရတဲ့ပါတီကို ကျနော်ရွေးချယ်ပြီး ပေးခဲ့ပါတယ်။ ပိုပြီးကောင်းတဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ့်သူတွေလို့ ကျနော် အပြည့်အဝယုံကြည်ပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။


၎င်းနှင့်အတူ မဲပေးခဲ့သည့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးစိန်ဝင်းကလည်း တိုင်းပြည်အတွက် အကောင်းဆုံးသော ရလာဒ်များကို ပေါ်ထွက်လာမည်ဟု မျှော်လင့်ကြောင်း မဲမပေးမီ Myanmar Now ကို ပြောကြားခဲ့သည်။
ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းက ရွေးကောက်ပွဲကော်မရှင်နှင့် အစိုးရကို တပ်မတော်က ပြစ်တင်ဝေဖန်ခဲ့ပြီး လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ကော်မရှင်နှင့် အစိုးရတွင် တာဝန်ရှိကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုနှင့် အင်တာဗျူးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတိပေးပြော ကြားခဲ့သည်။


တပ်မတော်၏ ပြောဆိုချက်များသည် ဖွဲ့စည်းအခြေခံဥပဒေ၊ နိုင်ငံဝန်ထမ်းဥပဒေများနှင့် ညီညွတ်ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ရှင်းချက်ထုတ်ခဲ့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးမှာ တပ်မတော်၏ အဓိကတာဝန်ဖြစ်ကြောင်းနှင့် တပ်ချုပ်သည် ဒုတိယသမ္မတအဆင့်နှင့် ကိုက်ညီကြောင်း ထုတ်ပြန်ကာ တုံ့ပြန်သည်အထိ အခြေအနေတင်းမာခဲ့သည်။
ရွေးကောက်ပွဲမတိုင်မီ သုံးရက်အလိုတွင် တိုင်းနှင့်ပြည်နယ် စစ်ဌာနချုပ်တိုင်းမှူးများနှင့် တွေ့ဆုံခဲ့ရာတွင် မဲဆန္ဒရှင်တို့၏ သွားရေး၊ လာရေး၊ စားရေး၊ သောက်ရေး များကို ကူညီရန် တပ်ချုပ်ကမှာကြားခဲ့ပြီးနောက် တစ်နိုင်ငံလုံးရှိ မဲရုံများတွင် တပ်မတော်သားများကို အရပ်ဝတ်ဖြင့်ထားရှိမည်ဟု ကြားသိရ၍ မြို့နယ်ပါတီ တာဝန်ရှိသူများက ဒေသအလိုက် ကန့်ကွက်ရန် စီစဉ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂွိုလ်က Myanmar Now ကိုပြောကြားထားသည်။
တပ်ချုပ်သည် ရွေးကောက်ပွဲမတိုင်မီကတည်းက ဆန္ဒမဲပေးရာတွင် အမျိုးဘာသာ သာသနာ နှင့် တို့တာဝန်အရေးသုံးပါးကို အလေးထားသည့် ကိုယ်စားလှယ်လောင်းများကို စဉ်းစားရန်လည်း အမြဲတစေ ပြောကြားလေ့ရှိသူဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








