တပ်မတော်တပ်ရင်းတပ်ဖွဲ့များ ဝန်းရံထားပြီး အမျိုးသားရေးလှုပ်ရှားမှုများ အားကောင်းသည့် မိတ္ထီလာခရိုင်တွင် မဲပေးပိုင်ခွင့်ရှိသူ ၇ သိန်းကျော်ရှိပြီး အာဏာရပါတီနှင့် ဗိုလ်ချုပ်ဟောင်းဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီကြား ပြိုင်ဆိုင်မှုပြင်းထန်မည့် မဲဆန္ဒနယ်များ ပါဝင်လျက်ရှိသည်
မိတ္ထီလာခရိုင်အတွင်း အောက်တိုဘာ ၂၉ ရက်မှ ယနေ့ (နိုဝင်ဘာ ၇) အထိ ကြိုတင်မဲပေးသူ တစ်သိန်းနီးပါးရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ သိရသည်။
မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနှင့် မလှိုင်မြို့နယ်များ၌ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ရမည့်သူများ၊ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ကွာရန်တင်းဝင်ရောက်နေသူ မဲဆန္ဒှရှင် စုစုပေါင်း ၈၉,၈၇၄ ဦးက ကြိုတင်မဲပေးခဲ့ကြခြင်းဖြစ်သည်။

ကိုဗစ်နိုင်တင်းရ (Covid-19) ကပ်ရောဂါကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အသက် ၆၀ အထက် ဘိုးဘွားများ၊ နာမကျန်းသူများကို ရွေးကောက်ပွဲနေ့မတိုင်မီ ၁၀ ရက်အတွင်း ကြိုတင်မဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။
ကြိုတင်မဲပေးခွင့်ပြုသည့် အချိန်ကာလကြာရှည်ခြင်းနှင့် ပတ်သက်၍ တိုင်ကြားမှုများသလို တချို့သော နိုင်ငံရေးပါတီများက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းသည်ဟုလည်း မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းထိုက်က Myanmar Now ကို ပြောသည်။
“ကော်မရှင်တာဝန်က နိုင်ငံရေးပါတီတွေကို ကြီးကြပ်တယ်ဆိုပေမဲ့ အခုကျ ပါတီတွေက ကျနော်တို့ကို ပြန်ကြီးကြပ်နေတဲ့သဘောဖြစ်နေတယ်။ ပြဿနာတခုခုဖြစ်ရင် အဆင့်ဆင့်တင်ပြဖြေရှင်းကြဖို့ မေတ္တာရပ်ခံထားပေမဲ့ တချို့ပါတီတွေကျ တဆင့်ချင်းသွားတာမဟုတ်ဘဲ အပေါ်ကို တိုက်ရိုက်တိုင်တယ်” ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော စာရင်းများအရ မိတ္ထီလာခရိုင်တွင် မဲပေးပိုင်ခွင့်ရှိသူ ခုနှစ်သိန်းကျော်ရှိသည့်အနက် တပ်မိသားစုဝင် မဲဆန္ဒရှင် တစ်သောင်းငါးထောင်ကျော် ပါဝင်နေသည်။ ထို့ပြင် မဲရုံပေါင်း ၁၀၆၉ ရုံရှိသည့်အနက် သီးသန့်တပ်မဲရုံ ၁၈ ခုနှင့် အရပ်သားမဲဆန္ဒရှင်များနှင့် ရောနှောနေသည့် မဲရုံ ၅ ခုရှိသည်။


ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မိတ္ထီလာနယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီက သောင်ပြိုကမ်းပြိုနိုင်ခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဒေါက်တာမောင်သင်းက ပြောဆိုထားပြီး ပြိုင်ဆိုင်မှုပြင်းထန်မည့် ရွေးကောက်ပွဲဖြစ်ကာ ဘုရင့်နောင်ဖောင်ဖျက်တိုက်ပွဲဟု မိတ္ထီလာမြို့နယ် NLD ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဥက္ကဌအဖြစ် တာဝန်ယူထားသူ ဒေါက်တာဝင်းစိုးဦးက တုံပြန်ထားသည်။
တရားဝင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများ စတင်ခွင့်ပြုခဲ့သည့် စက်တင်ဘာလဆန်းပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီက မိတ္ထီလာမြို့တွင် သာသနာ့အလံအသုံးပြုကာ မဲဆွယ်စည်းရုံးခဲ့သဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခံခဲ့ရသည်။
မိတ္ထီလာမြို့နယ် ညောင်ကိုင်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွင် ပါဝင်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထောက်ခံသူ ရွာခံအချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာတွင် ပြည်ခိုင်ဖြိုးပါတီမဲဆွယ်သူများက နေအိမ်တစ်လုံးကို ဖျက်ဆီးခဲ့သဖြင့် ရဲစခန်းတွင် အမှုဖွင့်ခံခဲ့ရပြီး ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေး ၆ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










