ရွေးကောက်ပွဲ

မဲမဆွယ်ရသည့်နေ့တွင် ဆိပ်ကြီးခနောင်တို၌ မဘသအင်အားစုများ သွေးထိုးလှုံ့ဆော် 

မဲမဆွယ်ရနေ့ဖြစ်သည့် ယနေ့ (နိုဝင်ဘာ ၇) တွင် ရန်ကုန်တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ (မဘသ) အင်အားစုဝင်များက အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်သူကို မဲပေးရန် စည်းရုံးလှုံ့ဆော်ခဲ့သဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။

ရွေးကောက်ပွဲကျင်းပရန် တစ်ရက်အလိုနေ့ (Silent Day) တွင် မည်သို့သော မဲဆွယ်စည်းရုံးလှုပ်ရှားမှုမျှ မပြုရန် ရွေးကောက်ပွဲကော်မရှင်က တားမြစ်ထားသော်လည်း ဆိပ်ကြီးခနောင်တို၌ ယနေ့ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ အထက်အာဏာပိုင်များက ညွှန်ကြားထားခြင်းမရှိ၍ အရေးယူနိုင်ခြင်းမရှိကြောင်း မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးနိုင်အောင်မြင့်က Myanmar Now ကို ပြောသည်။ 

ထိုသို့ ဘာသာရေးအကြောင်းပြ မဲဆွယ်သူများမှာ အခြားမြို့မှလာသူ အင်အားစုများဖြစ်ပြီး ၁၅ ဦးခန့်ရှိသည်ဟု ဦးနိုင်အောင်မြင့်က ဆိုသော်လည်း လူအင်အား ၅၀ ခန့်ရှိကြောင်း ဆိပ်ကြီးခနောင်တို မြို့ဒေသခံများက ပြောသည်။ 

အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်သူကို မဲပေးရန် လှုံ့ဆော်သူများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က တားမြစ်ရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ရဲစခန်း၌ ဖြေရှင်းခဲ့ရသည်ဟု သိရပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အထက်အမိန့် ခွင့်ပြုချက်မရသဖြင့်ဆိုကာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့တာဝန်ရှိသူများက ဖြေဆိုရန် ငြင်းဆိုသည်။ 

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် မဘသအဖွဲ့ မဲဆွယ်စည်းရုံးနေသည်ဟု နားလည်မှုလွဲမှားကာ ရဲစခန်းရောက်လာခြင်းဖြစ်ပြီး ညှိနှိုင်းရာတွင် ပြေလည်သွားသည်ဟု ဆိပ်ကြီးခနောင်တို ရဲစခန်းမှူး ဒုရဲအုပ် ဆန်းမင်းဦးက ပြောသည်။ 

မြို့နယ်အုပ်ချုပ်ရေးရုံးက မဘသအဖွဲ့သည် ခွင့်ပြုချက်မတင်ဘဲ ဥပဒေချိုးဖောက်ကာ မဲဆွယ်ခဲ့ကြောင်းဆိုသော်လည်း ရဲစခန်းမှူးကမူ မဘသအဖွဲ့က မဲဆွယ်ခဲ့ခြင်းမရှိဘဲ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရန်သာ လှုံ့ဆော်ခြင်းဖြစ်ကြောင်း ဆိုသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ပြည်ည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ဦးခင်ရီပုံ အပါအဝင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်ထိပ်တွင် သာသနာ့အလံ တွဲဖက်လွှင့်ထူထားသည်ကို တွေ့ရသည်။ 

ဆိပ်ကြီးခနောင်တို မြို့အတွင်း၌ စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်တွင် သာသနာ့အလံ တွဲဖက်လွှင့်ထူထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ မည်သူမဆို လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် ဟောပြောလှုံ့ဆော်ပါက ဥပဒေကြောင်းအရ ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ကျပ် ၁ သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နှင့် မန္တလေးမြို့များတွင် ‘အမျိုးဘာသာ သာသနာ စောင့်ရှောက်ပါ’ စာတမ်းဝတ်ဆင်ထားသူ အချို့က ‘အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်သူကို မဲပေးကြမည်’ ဆိုသော လက်ကမ်းစာစောင်များနှင့် စတစ်ကာများ လိုက်လံဝေငှသည့် လှုပ်ရှားမှုကို တစ်ပြိုင်နက် ပြုလုပ်ခဲ့ကြသည်။ 

Show More

Related Articles

Back to top button