၂၀၂၀ ရွေးကောက်ပွဲရဲ့ ထူးခြားတဲ့ အသွင်လက္ခဏာတစ်ရပ်လည်းဖြစ်၊ ပထမဆုံးအရပ်သားအစိုးရပေါ်ပေါက်ပြီး ဆင့်ပွားဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီအင်အားစုအတွင်း တက်ရောဂါလက္ခဏာတစ်ခုလည်းဖြစ်တဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ ပေါင်းစည်းရပ်တည်ပြီး အာဏာရပါတီ NLD ကို ရင်ဆိုင်အပြိုင်ကြဲမယ့် ကိုယ်ထူကိုယ်ထ ဒေသတွင်းနိုင်ငံရေးအင်အား ထူထောင်လှုပ်ရှားမှုများဟာ ပြည်နယ်အတော်များများရဲ့ ရွေးကောက်ပွဲအခင်းအကျင်းတွေမှာ တွေ့ရှိလာရပါတယ်။

ကယန်းအမျိုးသားပါတီ အားပေးထောက်ခံသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

၂၀၂၀ ရွေးကောက်ပွဲရဲ့ ထူးခြားတဲ့ အသွင်လက္ခဏာတစ်ရပ်လည်းဖြစ်၊ ပထမဆုံးအရပ်သားအစိုးရပေါ်ပေါက်ပြီး ဆင့်ပွားဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီအင်အားစုအတွင်း တက်ရောဂါလက္ခဏာတစ်ခုလည်းဖြစ်တဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ ပေါင်းစည်းရပ်တည်ပြီး အာဏာရပါတီ NLD ကို ရင်ဆိုင်အပြိုင်ကြဲမယ့် ကိုယ်ထူကိုယ်ထ ဒေသတွင်းနိုင်ငံရေးအင်အား ထူထောင်လှုပ်ရှားမှုများဟာ ပြည်နယ်အတော်များများရဲ့ ရွေးကောက်ပွဲအခင်းအကျင်းတွေမှာ တွေ့ရှိလာရပါတယ်။ တိုင်းရင်းသားပါတီငယ်များဟာ ကိုယ့်ပါတီ ကိုယ်ဖျက်ပြီး ပါတီအသစ်တစ်ခုအဖြစ် ပေါင်းစည်းဖွဲ့စည်းကာ ရွေးကောက်ပွဲဝင်လာကြပါတယ်။ အထူးသဖြင့် ဒေသတွင်း နိုင်ငံရေးသြဇာနဲ့ အာဏာကို လက်ရှိ အာဏာရပါတီထက် သာလွန်အောင်ရယူကာ ဒေသတွင်း တိုင်းရင်းသားပါတီတွေရဲ့ တန်ဖိုးကို မြှင့်တင်ပြီး နောက်တစ်ကြိမ် အာဏာရပါတီဖြစ်လာမယ့် ပါတီနဲ့ ဒေသတွင်း နိုင်ငံရေးသဘောတူညီချက်တွေအတွက် ဈေးကစားနိုင်ဖို့ ရည်ရွယ်ထားကြပါတယ်။

အဲဒီပြည်နယ်တွေအထဲမှာ လှုပ်ရှားတက်ကြွမှုအများဆုံး၊ အားအကောင်းဆုံးလို့ ယူဆရတဲ့ ပြည်နယ်တွေကတော့ ကယား ပြည်နယ်နဲ့ မွန်ပြည်နယ်ပဲဖြစ်ပါတယ်။ ကယားပြည်နယ်မှာတော့ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ ( ကယားပြည်နယ်) နဲ့ ကယားလူမျိုးစုဒီမိုကရေစီပါတီ နှစ်ခုဟာ ၂၀၁၇ ခုနှစ်မှာ ပေါင်းစည်းလိုက်ပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအဖြစ် ပါတီသစ် ထူထောင်လိုက်ကြသလို တချိန်က NLD ဝန်းရံသူ၊ အမျိုးသားရေး တက်ကြွလှုပ်ရှားသူများဖြစ်တဲ့ မျိုးဆက်သစ်တိုင်းရင်းသားလူငယ်များကလည်း အဆိုပါ ပါတီအသစ်မှာ ဝင်ရောက်ပူးပေါင်းပါဝင်ကာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ကို အပြိုင်ကျဲပြီး အနိုင်ရဖို့ ကြုံးဝါးထားပါတယ်။ မွန်ပြည်နယ်မှာလည်း မွန်ပါတီ နှစ်ခုပေါင်းပြီး NLD ကို မဲဆန္ဒနယ်အများအပြားမှာ ရင်ဆိုင်ဖို့ တာဆူနေပြီဖြစ်ပါတယ်။ ဒီပြည်နယ်နှစ်ခုရဲ့ ထူးခြားချက်တစ်ခုကတော့ အခုလို ဒေသတွင်း တိုင်းရင်းသားပါတီ နိုင်ငံရေးအင်အားကို မြှင့်တင်ဖို့ စေ့ဆော်ချက်ပေါ်ပေါက်လာတဲ့ နောက်ခံအကြောင်းရင်းပြဿနာချင်း တူညီနေတာပဲဖြစ်ပါတယ်။

အားလုံးသိပြီးတဲ့အတိုင်းပဲ၂၀၁၇ မှာ မွန်ပြည်နယ်ချောင်းဆုံတံတား အမည်ပေးတဲ့ကိစ္စ အငြင်းပွားခဲ့ပြီး အာဏာရပါတီရဲ့ လွှတ်တော်တွင်း အာဏာကုန်သုံး ဖြေရှင်းအနိုင်ယူမှုကြောင့် အကျိုးဆက်ဂယက်အဖြစ် အဆိုပါ တံတားတည်ရှိရာ ချောင်းဆုံမြို့နယ်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က ရွေးကောက်ပွဲ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီဖြစ်စဉ် ဒီဇာတ်လမ်းလေးဟာ အခြားပြည်နယ်က တိုင်းရင်းသားအရေး မြှင့်တင်လှုပ်ရှားသူတွေအတွက် နမူနာကောင်း၊ ပုံစံကောင်းလေးဖြစ်သွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ တိုင်းပြည်အနှံ့အပြား မြို့ကြီးတွေမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိရေးကိစ္စပေါ်ပေါက်လာပြီး ကယားပြည်နယ်မှာ ချောင်းဆုံတံတားကိစ္စဆန်ဆန် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိမှုဆန့်ကျင့်ရေးလှုပ်ရှားမှု ပေါ်ပေါက်ခဲ့သလို အစိုးရအဆင့်ဆင့်ရဲ့ ကိုင်တွယ်ဖြေရှင်းမှုဟာလည်း မွန်ပြည်နယ် ချောင်းဆုံတံတားအရေးနဲ့မခြား ဒေသတွင်း လူမျိုးရေးနိုင်ငံရေး အစာမကြေမှုတွေသာ ကျန်ရစ်စေခဲ့ပါတယ်။ ဒါကြောင့် ကယားပြည်နယ်မှာ ဗိုလ်ချုပ်ရုပ်တုဆန့်ကျင်ရေး လူငယ်အင်အားစုများက ပေါင်းစည်းလိုက်တဲ့ ဒေသခံ တိုင်းရင်းသားပါတီမှာ အားဖြည့်ပါဝင်လာကြပြီး ကယားပြည်နယ်တွင်း လာမယ့်ရွေးကောက်ပွဲတွေမှာ အမျိုးသားရေးအခြေခံပြီး NLD အပေါ် အောင်ပွဲခံနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ပူးပေါင်းလိုက်တဲ့ ပါတီတွေအနေနဲ့ ပါတီအသစ်အဖြစ်ထွက်ပေါ်လာသော်လည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အရင်ပါတီဟောင်းတွေအနေနဲ့ ဘယ်လို ရလဒ်ကိန်းဂဏန်းတွေ ရရှိခဲ့လဲဆိုတဲ့ အနေအထားတွေကနေ ဒီကနေ ရွေးကောက်ပွဲအလားအလာကို သုံးသပ်ကြည့်ချင်ပါတယ်။

ကယားပြည်နယ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှတ်တမ်းအရ မဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းရှစ်သောင်းနီးပါးသာရှိပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ မဲရုံကို မဲလာပေးတဲ့သူ တစ်သိန်းတစ်သောင်းကျော်သာ ရှိခဲ့ပါတယ်။ ကယားပြည်နယ်ကို ဖွဲ့စည်းထားတဲ့ မြို့နယ် ၇ မြို့နယ်ထဲမှာ လွိုင်ကော်၊ ဒီမောဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ လူဦးရေ သောင်းဂဏန်းရှိပြီး ကျန် မြို့နယ် ၄ မြို့နယ်တွေမှာ လူဦးရေ ထောင်ဂဏန်းပဲ ရှိပါတယ်။ ဒါကြောင့် အချို့ ပြည်မက နိုင်ငံရေးသမားတွေဟာ မဲဆန္ဒရှင် ၃ ထောင်ဝန်းကျင်သာရှိတဲ့ ကယားပြည်နယ်ထဲက ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အချို့ကို စည်းရုံးရေးနယ်မြေ သေးငယ်တဲ့အတွက် အဲဒီမဲဆန္ဒနယ်တွေကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မျက်စိကျတတ်ကြတာတွေ့ရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကနေ စရမယ်ဆိုရင် ကယားပြည်နယ်မှာ မဲဆန္ဒနယ် ၈ ခု သတ်မှတ်ပြီး ရွေးကောက်ပွဲ ပြုလုပ်ခဲ့ရာ NLD က ၄ နေရာမှာ အနိုင်ရခဲ့ပြီး ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီအဖွဲ့ချုပ်က ၂ နေရာ အနိုင်ရခဲ့တာတွေ့ရပါတယ် ( ၎င်းပါတီဟာ ၁၉၉၂ မှာ ဖျက်သိမ်းခံခဲ့ရပါတယ်)။ ကျန်တဲ့ ၂ နေရာက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တစညက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ပြည်မမှာ ဗဟိုပြုတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၂ ပါတီထဲသာ ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းရင်းသားပါတီဆိုလို့ ကယန်းအမျိုးသားပါတီတစ်ခုတည်းသာ ပြည်သူ့လွှတ်တော်အတွက် ဒီမောဆို မဲဆန္ဒနယ်နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ နဲ့ ၄ မှာ မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ တွေ့ရပါတယ်။ မဲဆန္ဒနယ်အားလုံးမှာ ကြံ့ခိုင်ရေးပါတီ က အနိုင်ရရှိခဲ့ပါတယ်။( အချို့မဲဆန္ဒနယ်မှာ မဲပေးခွင့်ရှိသူ ဦးရေ ၁၅၀ တောင် မပြည့်ပဲ မဲပေးသူ ၈ ဦးသာရှိတာ တွေ့ရပြီး ကျန်မဲ ၁၃၀ ကျော်ဟာ ကြိုတင်မဲဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီလိုပဲ မဲဆန္ဒရှင် ၁၆၈၀ ရှိတဲ့ နောက်မဲဆန္ဒနယ်တစ်ခုမှာ မဲလာပေးတဲ့သူ ၅၉ ယောက်သာရှိပြီး ကြိုတင်မဲ ၁၆၂၁ မဲရှိတာတွေ့ရပါတယ်) ။ ၂၀၁၃ မှာ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ ( ကယားပြည်နယ်) နဲ့ ကယားလူမျိုးစု ဒီမိုကရေစီပါတီဆိုပြီး ဒေသတွင်း တိုင်းရင်းသားအင်အားစုပါတီတွေ တည်ထောင်လာကြကာ၂၀၁၅ ရွေးကောက်ပွဲမှာ NLD နဲ့အတူ ရွေးကောက်ပွဲ ပါဝင်လာခဲ့ပါတယ်။

NLD ပါတီ ရွေးကောက်ပွဲ ပါဝင်လာခြင်းဆိုတဲ့ နိုင်ငံရေး ထကြွနိုးကြားလှုပ်ရှားမှု ဂယက်လှိုင်းကြောင့် ကယားပြည်နယ်တွင်း၂၀၁၅ ရွေးကောက်ပွဲရလဒ်တွေမှာ ကယားတိုင်းရင်းသားပါတီ နှစ်ခုရဲ့ မဲရလဒ်တွေဟာ အတော်လေးဆိုးရွားခဲ့ပြီး NLD ကို နေရာအများစုမှာ ရှုံး နိမ့်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီထက်ပင် နည်းပါးနေတာ တွေ့ရပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ပေါင်း ၁၉ နေရာရှိတဲ့အနက် ၁၅ နေရာမှာ ကယားပါတီ ၂ ခု ရဲ့ မဲရရှိမှု ဟာ ၃ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းဝန်းကျင်အထိသာ အများဆုံးရရှိပြီး ကျန် ၄ နေရာ ရဲ့ မဲအများဆုံးရရှိမှုကို ကြည့်တဲ့အခါ ၂၀.၃၂ % ကို အမျိုးသားမဲဆန္ဒနယ် အမှတ် ၅ (ဖရူဆို ဒေသ) ၊ ၁၆ .၉ % ကို မဲဆန္ဒနယ် ၁၀ ( ဖားဆောင်း ဒေသ)၊ ၁၀.၂၅% ကို အမှတ် ၆ မဲဆန္ဒနယ် ( ဖရူဆို ဒေသ) နဲ့ ၁၅.၆% ကို ဖရူဆို ပြည်သူ့လွှတ်တော်နေရာတွေမှာ ရရှိခဲ့တာတွေ့ရပါတယ်။ အဲဒီ မဲဆန္ဒနယ်ပေါင်း ၁၉ နေရာမှာ NLD က ၁၅ နေရာ အနိုင်ရရှိခဲ့ပြီး ကျန် ၄ နေရာကို ကြံ့ခိုင်ရေးပါတီက ရရှိခဲ့ပါတယ် ( တစ်သီးပုဂ္ဂလအနေနဲ့ အနိုင်ရသော ကြံ့ခိုင်ရေးဝန်ကြီးတစ်ဦးအပါအဝင်) ။ ၂၀၁၅ မဲရလဒ်တွေအရ ကယားပါတီ ၂ ခုစလုံးရဲ့ မဲရရှိနိုင်မှုဟာ အများကြီးမျှော်လင့်လို့ မရနိုင်ဘူးဆိုတာ တွေ့ရပါတယ်။ သို့သော်လည်း ၂၀၁၅ တုန်းက NLD ပါတီရဲ့ နိုင်ငံရေးအရှိန်အဝါလှိုင်းက ကြီးခဲ့သလို အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ " တိုင်းရင်းသားများ နိုးထလော့ တိုင်းရင်းသားပါတီကိုသာ မဲပေးပါ "ဆိုတဲ့ ဒေသတွင်း အမျိုးသားရေးစေ့ဆော်မှုလှိုင်းက အထိုက်အလျောက် ဂယက်ထနေတာ တွေ့ရပါတယ်။

ဒီဂယက်လှိုင်းဟာ ကယားပြည်နယ်ထဲမှာ ရှိတဲ့ မဲဆန္ဒရှင် ဒေသခံတိုင်းရင်းသားတွေဆီကို ဘယ်လောက်အထိ ရိုက်ခတ်ပြီး ဆန္ဒမဲတွေကို NLD နဲ့ ကြံ့ခိုင်ရေးပါတီတွေဆီကနေ ပေါင်းစည်းလိုက်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဆီကို ပြောင်းလဲပို့ဆောင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဖရူးဆိုဒေသမှာ ကယားပါတီတွေ အားကောင်းမှုကို တွေ့မြင်ရပြီး ဖားဆောင်းမှာလည်း ထောက်ခံမှု အတော်အသင့် အင်အားရှိတာကို တွေ့ရပါတယ်။ ဗိုလ်ချုပ်ရုပ်တုဆန့်ကျင်ရေး လှုပ်ရှားမှုကနေ ရရှိထားတဲ့ အမျိုးသားရေစေ့ဆော်မှု အရှိန်အဟုန်ဟာ အဲဒီဒေသတွေမှာ ကယားပါတီအတွက် အခြေအနေကောင်းတွေ ဖန်တီးပေးနိုင်သလို ဗိုလ်ချုပ်ရုပ်တုဆန့်ကျင်ရေး ကရင်နီလူငယ်လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးကလည်း ဖရူးဆိုး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ လက်ရှိ NLD ပါတီရဲ့ကယားပြည်နယ်အတွင်း အကွဲအပြဲအခြေအနေများအရ အရှုပ်အထွေးရှိနေပြီး လက်ရှိ NLD အမတ်ဟောင်းတချို့ ပါတီကထွက်ကာ တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် အဲဒီဂယက်က ကယားပြည်နယ် မဲဆန္ဒနယ်အချို့မှာ မဲကွဲမှုတွေရှိနိုင်ပါတယ်။ သို့သော်လည်း ဒီအခြေအနေဟာ ကယားပါတီထက် ဒုတိယမဲအများဆုံးရခဲ့တဲ့ ကြံ့ခိုင်ရေးပါတီအတွက် အခြေအနေကောင်းကို ဖန်တီးပေးသလိုဖြစ်ပြီး တပန်းသာသွားစေဖို့ အကြောင်းရှိနိုင်ပါတယ်။ အထူးသဖြင့် NLD အနေနဲ့ ကြံ့ခိုင်ရေးပါတီကို မဲကွာဟချက် ကျဉ်းမြောင်းစွာ (၄၃.၈၂-%- ၃၆.၂၇% ) နဲ့ အနိုင်ရရှိခဲ့တဲ့ ဖားဆောင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ဟာ ဒီတကြိမ်မှာတော့ စိုးရိမ်ဖွယ်ရာ အခြေအနေမှာရှိနေပါတယ်။

မွန်ပြည်နယ် ချောင်းဆုံတံတားပြဿနာကဲ့သို့ လူမျိုးရေးနိုးကြားမှုကို နှိုးဆွပေးသော အဖြစ်အပျက်မျိုး ရှိခဲ့တဲ့အပြင် ကယားပြည်နယ်တွင်းရွေးကောက်ပွဲမှာ မတူထူးခြားတဲ့ နောက်ထက်အဖြစ်အပျက်တစ်ခု ကယားပြည်နယ် ဝန်ကြီးချုပ် ထုတ်ပယ်ခံရခြင်းနဲ့ နောက်ဆက်တွဲပြဿနာဖြစ်ပါတယ်။ ကယားဝန်ကြီးချုပ်ပြဿနာဟာ သာမန်အားဖြင့် NLD ပါတီတွင်း ပြဿနာလို့ ဆိုနိုင်ပေမယ့် ဒေသခံပြည်သူလူထုအတွင်း ရိုက်ခက်မှုရှိစေတဲ့ အချက်ကတော့ ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်မှုမှာတင်ပြထားတဲ့ ဝန်ကြီးချုပ်ရဲ့ အငြင်းပွားဖွယ်ရာ ဘဏ္ဍာ ရေးဆိုင်ရာ စီမံခန့်ခွဲမှုပဲဖြစ်ပါတယ်။ NLD ပါတီဗဟိုနဲ့ အစိုးရက တုန့်ပြန်မှုများ၊ အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ခဲ့သော်လည်း စွပ်စွဲချက်ပါ ဘဏ္ဍာရေးပြဿနာတွေ မေးခွန်းတွေကို အများပြည်သူ နားလည်စွာ သိရှိနိုင်အောင် ဖြေရှင်းပေးနိုင်ခြင်းမရှိတာ တွေ့ရသလို စွပ်စွဲခံ ဝန်ကြီးချုပ်ကို အကာအကွယ်ပေးလိုတဲ့ သဘောသာ သက်ရောက်ခဲ့ပါတယ်။ ဒီလို အများပိုင်ငွေကြေးကို လွဲမှားစွာသုံးစွဲခဲ့တယ်လို့ ကျော်ဇော်မှုဖြစ်ပေါ်စေခြင်းဟာ သာမန်ပြည်သူလူထုရဲ့ အတွေးအမြင်မှာ ပြောင်းလဲသက်ရောက်မှုကို အလွယ်တကူဖြစ်စေပါတယ်။ ဒါကြောင့် ကယားပြည်နယ် ရွေးကောက်ပွဲအခင်းအကျင်းမှာ NLD အနေနဲ့ တိုင်းရင်းသားအခွင့်အရေးမြှင့်တင်ရေး၊ ကရင်နီအမျိုးသားရေးဖိအားကို ခုခံတွန်းလှန်ရာမှာ ဒီဒဏ်ရာဒဏ်ချက်ဟာ NLD ရဲ့ ခုခံအား အပေါ် ဘယ်လောက်ထိ ထိုးနက်ထိရောက်မှုရှိမလဲဆိုတာလည်း အထူးစောင့်ကြည့်ရမယ့် အချက်တစ်ချက်ပဲဖြစ်ပါတယ်။၂၀၂၀ ကယားပြည်နယ်တွင်းရွေးကောက်ပွဲ အလားအလာကို ခြုံငုံသုံးသပ်ရရင် NLD က လက်ရှိ ရရှိထားတဲ့ ၁၅ နေရာထဲက အနည်းဆုံး ၃ နေရာကို လက်လွှတ်ရဖို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဆိုချင်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲကနေ မွန်ပြည်နယ်ရဲ့ ရွေးကောက်ပွဲ နိုင်ငံရေးစစ်တမ်းကို လေ့လာကြည့်မယ်ဆိုရင် မွန်ပြည်နယ်အတွင်း ဖွဲ့စည်းတည်ရှိနေတဲ့ မြို့နယ် ၁ဝမြို့ နယ်ကို တစ်ခြမ်းစီခြမ်းကာ မဲဆန္ဒနယ် ၂၀ သတ်မှတ်ကျင်းပခဲ့တာတွေ့ရပြီး NLD က ၁၆ နေရာ နဲ့ မွန် အမျိုးသားဒီမိုကရေစီအဖွဲ့က ၄ နေရာမှာ အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ မွန်အမျိုးသားဒီမိုကရေစီပါတီ အနိုင်ရခဲ့တဲ့ နေရာတွေကတော့ ကျိုက်မရော (၂)၊ မုဒုံ(၂)၊ ရေး (၁) နဲ့ သံဖြူဇရပ် (၂) တို့ဖြစ်ပါတယ်။ အဆိုပါ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီသည်လည်း ၁၉၉၂ မှာ ဖျက်သိမ်းခံခဲ့ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ဒေသတွင်း မွန်တိုင်းရင်းသားကိုယ်စားပြုအနေနဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ရလဒ်အနေနဲ့တော့ ပြည်သူ့လွှတ်တော် ၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၃ နေရာ အနိုင်ခဲ့ သလို အမျိုးသားလွှတ်တော်မှာ ၈ နေရာပြိုင်ပြီး ၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲထဲက ပြည်နယ်ရွေးကောက်ပွဲတွေထဲမှာ မွန်ပြည်နယ်ဟာ အင်အားကြီး ကြံ့ခိုင်ရေးပါတီကို ဒေသခံ တိုင်းရင်းသားပါတီက မဲရလဒ်ကောင်းကောင်းနဲ့ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ပြည်နယ် ဖြစ်နေတာလည်း တွေ့ရပါတယ်။ မွန်ပါတီရဲ့ ရှုံးခဲ့တဲ့နေရာတွေမှာ ရခဲ့တဲ့ မဲရလဒ်ဟာလည်း အတော်လေး အားကောင်းခဲ့တာတွေ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကတော့ တစ်နိုင်ငံလုံးမှာ NLD ပွဲလည်းဖြစ်ခဲ့သလို မွန်ပြည်နယ်ရွေးကောက်ပွဲရဲ့ ပြည်သူ အမျိုးသား လွှတ်တော်နှစ်ရပ်ပေါင်း ၂၂ နေရာ မှာလည်း NLD က ၂၁ ရာ အနိုင်ရခဲ့ပြီး မွန်အမျိုးသားပါတီက တစ်နေရာသာ အနိုင်ရရှိခဲ့ပါတယ်။ ( ၆ နေရာ မှာ မွန်ပါတီများ ဝင်မပြိုင်ခဲ့ )။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ မွန်တိုင်းရင်းသားကိုယ်စားပြုပြီး မွန်အမျိုးသား ပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နှစ်ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ထူးခြားတာက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဟာ ၂၀၁၀ မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က ရရှိခဲ့တဲ့ မဲရလဒ်ကို ၂၀၁၅ မှာ မရရှိတော့ပဲ အတော်လေး လျော့ကျသွားတာတွေ့ရပါတယ်။ အထူးသဖြင့် နေရာအတော်များများမှာ ရမဲများဟာ ကြံ့ခိုင်ရေးပါတီရဲ့ရမဲအောက်ကို ရောက်သွားတာတွေ့ရပါတယ်။ အကြမ်းဖျင်းအားဖြင့် မွန်ပါတီ ၂ ရပ် ရဲ့ မဲရလဒ်ပေါင်းခြင်းဟာလည်း နေရာအတော်များများမှာ NLD နဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ရမဲတွေကို မမီတာတွေ့ရပါတယ်။ မုဒုံ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာဆိုရင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက တစ်မဲမှ မရတဲ့အထိ မဲနည်းပါးခဲ့တာ တွေ့ရပါတယ်။

သို့သော် ရေး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာတော့ မွန် ၂ ပါတီ စလုံးရဲ့ ရမဲတွေဟာ အတော်အားကောင်းတာ တွေ့ရပါတယ်။ ရေးမှာ NLD အနိုင်ရရှိသွားခဲ့ပေမယ့် မွန်ပါတီ ၂ ပါတီ ရရှိခဲ့သော မဲအရေအတွက် ၂ ခုပေါင်းရင် NLD ကို နိုင်ပါတယ်။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ပါတီ ၂ ခုပေါင်းဖို့ ဆုံးဖြတ်ခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ပြောနိုင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ် အနေအထားအရတော့ မွန်ပါတီ နှစ်ပါတီလုံးဟာ မုဒုံ နဲ့ ရေးမှာ မဲရလဒ် အတော်ကောင်းတာကို တွေ့ရတဲ့အတွက် အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အဲဒီ ၂ နေရာကို အခြေပြုထားတဲ့ မဲဆန္ဒနယ်တွေမှာ ပေါင်းစည်းလိုက်တဲ့ မွန်ညီညွတ်ရေးပါတီက အခြေအနေ ပိုကောင်းနိုင်ပါတယ်။ တိတိကျကျပြောရရင် ရေး နဲ့ မုဒုံ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၆ နဲ့ ၇ တို့ဖြစ်ပါတယ်။ မွန်ပါတီ ၂ ပါတီ ပေါင်းစည်းလိုက်ပြီး တစ်ပါတီထဲအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်သော်လည်း ပြည်ထောင်စုလွှတ်တော် မဲဆန္ဒ နယ်အားလုံးမှာ ယှဉ်ပြိုင်မှာမဟုတ်ပဲ မွန်ပြည်နယ်ရဲ့ ပြည်ထောင်စုမဲဆန္ဒနယ် ၂၂ နေရာမှာ ၄ နေရာ ချန်လှပ်ပြီး ပြည်သူ့လွှတ်တော် ၈ နေရာနဲ့ အမျိုးသားလွှတ်တော် ၁၀ နေရာအတွက်ပဲ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ဒီနေရာမှာ အများစိတ်ဝင်တစားရှိကြတဲ့ ချောင်းဆုံနိုင်ငံရေးကို ရှေ့နောက် အနည်းငယ်လေ့လာပြီး ၂၀၂၀ ရွေးကောက်ပွဲအပေါ် သက်ရောက်နိုင်အားကို သုံးသပ်ချင်ပါတယ်။ ချောင်းဆုံရဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတားဖြစ်စဉ်ဟာ ချောင်းဆုံနဲ့ မွန်ပြည်ဒေသတွင်းတင်မက အခြားသော တိုင်းရင်းသားလူမျိုးစုများနေထိုင်ရာ ပြည်နယ်များရဲ့ နိုင်ငံရေးအင်အားစုတွေဆီအထိ ရိုက်ခတ်မှု ပြင်းခဲ့တာတွေ့ရပါတယ်။ အထက်မှာတင်ပြခဲ့သလို ချောင်းဆုံတံတားဖြစ်စဉ်ဟာ NLD ပါတီရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တစ်ခုကို အင်အားသုံးချမှတ်အကောင်အထည်ဖေါ်ဆောင်မှုကိုရော ဒေသတွင်း လူမျိုးရေးနိုင်ငံရေး အဆိုင်အခဲများအပေါ် အလေးအနက်မထားရှိနိုင်မှုကိုပါ ထင်ရှားစေခဲ့သလို တစ်ဆက်တည်းကျရောက်လာတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာပါ NLD အတွက် အရှုံးရလဒ် ထွက်ပေါ်လာခဲ့တာကြောင့် ပြည်နယ်အသီးသီးက တိုင်းရင်းသားအရေးကို မြှင့်တင်လိုတဲ့ အင်အားစုများအတွက် စံပြ ဥပမာကောင်းဖြစ်စေခဲ့ပါတယ်။ တကယ်တော့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ဟာ NLD ရဲ့ အမာခံမဲဆန္ဒနယ်တစ်ခုဖြစ်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အခု NLD ရဲ့ ဗဟိုအလုပ်မှုဆောင်တစ်ဦးဖြစ်သူ ဦးအောင်ကြည်ညွန့်နဲ့ ဒေါ်ခင်ဌေးကြွယ်တို့ဟာ ချောင်းဆုံမဲဆန္ဒနယ်ကနေ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ NLD ပါတီ မပါဝင်ခဲ့ပဲ ကြံ့ခိုင်ရေးပါတီက အသာစီးရခဲ့တဲ့၂၀၁၀ ရွေးကောက်ပွဲမှာတောင် ချောင်းဆုံမဲဆန္ဒနယ်ဟာ ဝင်ရောက်အရွေးခံခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာပါတီကိုပဲ အနိုင်ပေးခဲ့တာတွေ့ရပါတယ်။

သို့သော်လည်း တံတားနာမည်ပေးခြင်းဂယက်ကြောင့် ကြံ့ခိုင်ရေးပါတီခေတ်ကတောင် ကြံ့ခိုင်ရေးပါတီက အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချောင်းဆုံမဲဆန္ဒနယ်မှာ NLD ခေတ်မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ရောက်မှ ကြံခိုင်ရေးပါတီက အနိုင်ရရှိသွားတာကို အံသြကြီးစွာတွေ့မြင်ရပါတယ်။ ဒါကြောင့် ချောင်းဆုံရဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ ကိန်ဂဏန်းအချက်အလက်တွေကို ချိန်ထိုးပြီး ပြောင်းလဲချက်တွေကို အရင်လေ့လာကြည့်တဲ့အခါမှာတော့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ၂၀၁၅ တုန်းက မဲလာပေးသူ ၆ ထောင် ခန့် မဲလာမပေးတာ တွေ့ရပါတယ်။ ဒါဟာ ကြားဖြတ်ရွေးကောက်ပွဲဖြစ်လို့ စိတ်ဝင်စားမှု လျော့ကျတာဖြစ်နိုင်သလို တံတားကိစ္စကြောင့် စိတ်ပျက်ပြီး လာမပေးတာလည်းဖြစ်နိုင်ပါတယ်။ မဲရုံ မဲရလဒ်တွေရဲ့ ထူးခြားချက်တွေကို လေ့လာကြည့်တဲ့အခါမှာ NLD ပါတီဟာ ၂၀၁၅ တုန်းကထက် မဲတစ်သောင်းကျော် လျော့ပြီးရတာတွေ့ရသလို ကြံ့ခိုင်ရေးပါတီက ၂၀၁၅ တုန်းကထက် မဲ ၃ ထောင်နီးပါး ပိုရတာတွေ့ရပါတယ်။ ဒါကြောင့် NLD ပါတီက ဆုံးရှုံးသွားတဲ့ မဲတစ်သောင်းမှာ လာမပေးတဲ့ မဲ ၆ ထောင်ပါတယ်ဆိုရင်တောင် မဲ၃ ထောင်လောက်က ကြံ့ခိုင်ရေးပါတီကို ရောက်သွားပြီး ကျန်မဲတွေက မွန်ပါတီဆီ ရောက်သွားတယ်လို့ ယူဆနိုင်ပါတယ်။ မွန်ပါတီတွေရဲ့ ရမဲကွာခြားချက်ကို ကြည့်တဲ့အခါ မွန်အမျိုးသားပါတီက ၂၀၁၅ တုန်းကထက် ၈၉၂ မဲ လျော့ပြီးရတာ တွေ့ရပါတယ်။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကတော့ ၂၀၁၅ တုန်းကထက် ၆၈၁ မဲ ပိုရတာတွေ့ရပါတယ်။ ဒီကိန်းဂဏန်းတွေအရ တံတားကိစ္စကြောင့် NLD မဲတွေ လျော့ကျသွားတာ သေချာနေပေမယ့် တံတားကိစ္စကို အကြောင်းပြုပြီး မွန်ပါတီတွေ မဲ ပိုရလာတယ်လို့ ပြောလို့မရနိုင်တာကို တွေ့ရပါတယ်။

ဖြစ်နိုင်ခြေရှိတာက ဒေသခံသတင်းရင်းမြစ်တွေက ပြောကြသလို ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းကိုယ်တိုင်က ချောင်းဆုံမဲဆန္ဒနယ် ဒေသခံပြည်သူလူထု အကြားမှာ ရေပန်းစားကျော်ကြားမှု ရှိနေတာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲအခြေအနေကို ခန့်မှန်းသုံးသပ်ကြည့်တဲ့အခါ မွန်ပါတီပေါင်းစည်းခြင်းကြောင့် အမျိုးသားရေးစိတ်ပြင်းထန်တဲ့ နေရာတွေမှာ နိုးကြားမှုတွေဖြစ်ပေါ်ပြီး မွန်ညီညွတ်ရေးပါတီက အနိုင်ရရှိနိုင်ပါတယ်။ ချောင်းဆုံမြို့နယ်အခြေအနေကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ မွန်ပါတီအနိုင်ရခဲ့ဖူးတဲ့ သာဓကရှိသလို ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ဟာလည်း လာမယ့် ၂၀၂၀ မှာ ပြည်သူ့လွှတ်တော်ကနေ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခြင်းမရှိတော့ပဲ ပြည်နယ်လွှတ်တော်ကို ပြောင်းရွှေ့ ယှဉ်ပြိုင်ထားတာကြောင့် မွန်ညီညွတ်ရေးပါတီအတွက် အောင်ပွဲကို အများကြီးမျှော်လင့်နိုင်တာ တွေ့ရပါတယ်။ အထူးသဖြင့် မွန်ညီညွတ်ရေးပါတီကနေ ဝင်ရောက်အရွေးခံမယ့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းဟာ ယခင် ၂၀၁၅ မှာ ပြည်နယ်လွှတ်တော် ချောင်းဆုံ အမှတ် ၁ မဲဆန္ဒနယ်မှာ NLD ပါတီ ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်း ဖြစ်နေပါတယ်။ အဆိုပါ NLD ကနေ နှုတ်ထွက်ပြီး မွန်ညီညွတ်ရေးပါတီကို ကူးပြောင်းလာတဲ့ ကိုယ်စားလှယ်လောင်းဟာ ၂၀၁၅ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲကို NLD ကိုယ်စားလှယ်အနေနဲ့ ဝင်ခဲ့စဉ်က မဲရှုံးခဲ့သော်လည်း မဲရရှိမှု ရာခိုင်နှုန်းဟာ ၂၉.၅၁% ရရှိခဲ့တာကြောင့် အနိုင်ရရှိသွားတဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားလှယ်လောင်းရဲ့ ရမဲရာခိုင်နှုန်း ၃၄.၉% နဲ့ ယှဉ်ရင် အာတော်လေး အားကောင်းခဲ့တယ်လို့ ပြောနိုင်တာကြောင့် ဒီတကြိမ် ချောင်းဆုံမှာ မွန်ပါတီကိုယ်စား ပြန်လည်ဝင်ရောက်လာတဲ့အခါ အခြေအနေကောင်းနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ဘာပဲပြောပြော ယခု ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲတွေမှာ အင်အားပြသနိုင်မှုအနေအထားနဲ့ အမျိုးသားရေးစေ့ဆော်မှုတွေကတော့ မွန်ညီညွတ်ရေးပါတီအတွက် အနည်းဆုံး ရေး၊ ချောင်းဆုံ နဲ့ အမျိုးသားလွှတ်တော် အမှတ် ၆ နဲ့ ၇ စတဲ့ ၄ နေရာမှာ အောင်ပွဲရရှိဖို့ မျှော်မှန်း နိုင်မယ်လို့ သုံးသပ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှတ်တမ်းအရ မွန်ပြည်နယ်မှာ မဲပေးခွင့်ရှိသူ ၁၅ သိန်းကျော်ရှိပေမယ့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လူ ၇ သိန်းကျော်၊ မဲဆန္ဒရှင်ထက်ဝက်ခန့်သာ လာရောက်မဲပေးခဲ့တာ တွေ့ရပါတယ်။ အကယ် ၍ မဲပေးသူရာခိုင်းနှုန်း တိုးလာခဲ့မယ်ဆိုရင်လည်း ပါတီတစ်ခုချင်းစီရဲ့ ရလဒ်အပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်မလဲဆိုတာကလည်း ထည့်စဉ်းစားရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

ရည်ညွှန်း : ၁။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်များ

၂။ ၁၉၉၀ ပြည့်နှစ် မေလ (၂၇) ရက်နေ့ တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း ( ခင်ကျော်ဟန်) 

၃ ။ တိုင်းရင်းသားပါတီများမှ ထုတ်ပြန်ချက်များ သတင်းလွှာများ

(စာရေးသူ ကိုသီဟသွေးသည် ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သကဲ့သို့ မြန်မာ့နိုင်ငံ့ရေးအကြောင်းလေ့လာရေးသောနေသော ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။ ဤဆောင်းပါးသည် စာရေးသူ၏ ဝေဖန်သုံးသပ်ချက်သာဖြစ်ပြီး Myanmar Now ၏ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။) 

အဓိကပါတီကြီးနှစ်ခုအနက် NLD ကိုယ်စားလှယ်လောင်းများက အလှူရှင်ငွေကို အဓိကထားသုံးစွဲပြီး ပြည်ခိုင်ဖြိုးက ပါတီစိုက်ထုတ်ငွေနှင့် ကိုယ်ပိုင်ငွေကို သုံးစွဲခဲ့ကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ထားသည့် ကုန်ကျစားရိတ်ရှင်းတမ...

Published on Dec 21, 2020
Published on Dec 21, 2020
ရွေးကောက်ပွဲမတိုင်မီက အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခု ထောက်ခံသူများ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

နေပြည်တော်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများအနက် အနိုင်ရလဒ် ၁၀ ရာခိုင်နှုန်းသာရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲအသုံးစရိတ် အများဆုံးသုံးသူစာရင်းတွင် ဦးဆောင်လျက်ရှိသည်။ 

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၆၆ ဦး၏ စုစုပေါင်းရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၃၅၀၀ ကျော်ရှိပြီး ရွေးကောက်ပွဲအသုံးစရိတ် အများဆုံး ၁၀ စာရင်းတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ၆ ဦးအထိ ပါဝင်နေသည်။ 

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၈ ခုတွင် ပါတီစုံနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၅၅ ဦးဝင်ပြိုင်ခဲ့သည့်အနက် ကျပ်သိန်း ၈၀ မှ ကျပ်သိန်း ၁၀၀ နီးပါးသုံးစွဲခဲ့သူ ထိပ်တန်းစာရင်းတွင် ဇေယျာသီရိမြို့နယ်တွင် အနိုင်ရထားသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးလည်း ပါဝင်သည်။ 

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်နှစ်ခုအတွက် ဝင်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၁၁ ဦးတွင်လည်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်နှစ်ဦးက ကျပ်သိန်း ၉၀ ကျော်နှင့် ကျပ်သိန်း ၇၀ ကျော် သုံးစွဲပြီး အသုံးရိတ်အများဆုံးစာရင်းတွင် အမှတ်စဉ် ၁နှင့် ၃၌ ရပ်တည်နေသည်။

ပြည်ခိုင်ဖြိုး၏ အဓိကပြိုင်ဘက် NLD ကိုယ်စားလှယ်များထဲတွင် ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ရသည့် ဦးကျော်ထွေးက ကျပ် ၇၈ သိန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲစားရိတ် အများဆုံးသုံးသူစာရင်းတွင် နံပါတ် ၁၁ နေရာ၌ရှိသည်။ 

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ပြိုင်ခဲ့ကြသည့် အာဏာရပါတီမှ အခြားကိုယ်စားလှယ် ၇ ဦးသည်လည်း အဆင့် ၁၂ မှ ၂၄ အတွင်း ရှိနေပြီး ကျပ်သိန်း ၇၀ မှ ၈၀ နီးပါးအထိ သုံးစွဲထားကြသည်။

ပြည်သူ့လွှတ်တော်နေရာအတွက်ဝင်ပြိုင်ပြီး ကုန်ကျစားရိတ်အများဆုံးသုံးစွဲထားသူမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တပ်ကုန်းမြို့နယ်တွင် ဝင်ပြိုင်သည့် ဦးမြင့်ဦးဖြစ်ပြီး အသုံးစားရိတ် ကျပ် သိန်း ၁၀၀ နီးပါးရှိသည်။

ပြည်သူ့ပါတီမှ ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်သည့် ဦးစိန်ဝင်းမှာမူ သတ်မှတ်ထားသည့် ဒီဇင်ဘာ ၁၀ ရက်မတိုင်မီ အသုံးစားရိတ်ရှင်းတမ်းပေးပို့ခြင်းမရှိ၍ အရည်အချင်းပျက်ယွင်းသူအဖြစ်သတ်မှတ်ကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့် ကြေညာထားသည်။

ထို့ကြောင့် ဦးစိန်ဝင်းမှာ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေအရ လာမည့်လွှတ်တော်သက်တမ်းငါးနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည် မဟုတ်ပေ။ 

ပြည်သူ့လွှတ်တော်နေရာအတွက်ဝင်ပြိုင်ကြသူများထဲတွင် တစ်သီးပုဂ္ဂလ ဦးမျိုးမင်းက စားရိတ်အနည်းဆုံးဖြစ်ပြီး ကျပ် ငါးသိန်းနီးပါးသာ ကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ်သုံးစွဲထားကြောင်း တွေ့ရသည်။

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲစားရိတ် အများဆုံးသုံးသူစာရင်း၏ အမှတ်စဉ် ၄နှင့် ၅တွင် ကျပ် ၇၂ သိန်းထက်ပိုမသုံးထားသည့် အနိုင်ရ NLD ကိုယ်စားလှယ်လောင်းနှစ်ဦးက ရပ်တည်နေသည်ကို တွေ့ရသည်။

အမျိုးသားလွှတ်တော်နေရာတွင် ဝင်ပြိုင်ကြသူများအနက် ကုန်ကျစရိတ်အနည်းဆုံးမှာ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီမှ မန္တလေးတိုင်း၊ မဲဆန္ဒနယ် အမှတ် ၁၂နေရာတွင် ဝင်ပြိုင်သည့် ဦးကိုကြီးဖြစ်ပြီး ကျပ် ၇ သိန်းကျော်သာ သုံးစွဲထားသည်။

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရရှိသည့် အသေးစိတ် အသုံးစားရိတ်ရှင်းတမ်းများအရ နေပြည်တော်တွင် ဝင်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများမှာ ပါတီစိုက်ထုတ်ငွေ၊ ကိုယ်ပိုင်ငွေနှင့် အလှူရှင်များမှ ထည့်ဝင်ငွေကို အဓိကထားသုံးစွဲကြောင်းတွေ့ရသည်။

အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခုကို လေ့လာရာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ၏ အသုံးစားရိတ်ထဲတွင် ပါတီမှ စိုက်ထုတ်ငွေနှင့် ကိုယ်ပိုင်စိုက်ထုတ်ငွေ ထက်ဝက်ခန့်စီ ကျခံသုံးစွဲထားကြောင်းတွေ့ရသည်။

NLD  ကိုယ်စားလှယ်များမှာမူ ပါတီထောက်ပံ့ငွေ၊ ကိုယ်ပိုင်စိုက်ထုတ်ငွေနှင့် အလှူရှင်များမှ ထည့်ဝင်ငွေ ထက်ဝက်ခန့်စီဖြင့် ရွေးကောက်ပွဲကုန်ကျစားရိတ်ကို ကျခံသုံးစွဲခဲ့ကြောင်း စာရင်းရှင်းတမ်းများတွင် တွေ့ရသည်။

နေပြည်တော်၌ ဝင်ပြိုင်သည့် NLD ကိုယ်စားလှယ်လောင်းများကို ပျဉ်းမနားမြို့မျက်နှာဖုံး စိုးလျှပ်စစ်လုပ်ငန်းရှင် ဦးကျော်မင်းထွန်းက ကျပ်သိန်း ၂၀ စီလှူဒါန်းခဲ့ကြောင်း အသုံးစားရိတ်ရှင်းတမ်းများတွင် ပါဝင်သည်။

ရွေးကောက်ပွဲအသုံးစရိတ် စိစစ်နိုင်မှု 

ကိုယ်စားလှယ်လောင်းအသီးသီး၏ ရွေးကောက်ပွဲကုန်ကျစားရိတ်တင်သွင်းမှုအခြေအနေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့် အကြောင်းကြားပြီးဖြစ်သည်ဟု ပြည်ထောင်စုနယ်မြေကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးအောင်စိုးဝင်းက Myanmar Now ကိုပြောသည်။

“စာရင်းဇယားမှန်၊ မမှန်၊ သတ်မှတ်ပုံစံကျမကျ၊ လိုအပ်တဲ့စာရွက်စာတမ်းပြေစာသွင်း၊ မသွင်း၊ သုံးထားတဲ့စာရင်းနဲ့ ပြေစာတွေကိုက်မကိုက် အဲဒါကို အဓိကစိစစ်ပါတယ်။ မြေပြင်မှာ သုံးသလား၊ မသုံးလားထိတော့ ကျွန်တော်တို့ မစိစစ်နိုင်ဘူး”ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကမူ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ကိုယ်စားလှယ်လောင်းများ၏ အသုံးစားရိတ်များကို စိစစ်သည့်လုပ်ငန်းစဉ်အတွင်း ကြပ်မတ်မှု၊ ပွင့်လင်းမြင်သာမှု၊ လုပ်နိုင်စွမ်းများမြှင့်တင်ရန် လိုအပ်နေသေးကြောင်း သုံးသပ်သည်။

“အလှူငွေတွေနဲ့ပတ်သက်ပြီး ဥပဒေတွေထဲမှာ သေချာပြောထားတာ မရှိသေးဘူး။ အဲဒါတွေ အသေးစိတ်သိရရင် ပိုပြီးလေ့လာစောင့်ကြည့်နိုင်တာပေါ့။ နောက်တစ်ခုက အခုရွေးကောက်ပွဲမှာ ခေတ်စားလာတာပေါ့၊ ဝန်းရံသူဆိုတဲ့ကိစ္စ၊ အဲဒီအသုံးစားရိတ်တွေကို မစိစစ်နိုင်ဘူး။ တင်လာတဲ့ ပြေစာတွေ စာရင်းကိုက်မကိုက်လောက်ပဲ လုပ်နိုင်တာ တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် ၈၊ အမျိုးသားလွှတ်တော် ၂၊ စုစုပေါင်း ၁၀ နေရာ ယှဉ်ပြိုင်ရွေးချယ်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်သည့် ပြည်ခိုင်ဖြိုးဥက္ကဌ ဦးသန်းဌေးတစ်ဦးတည်းသာ အနိုင်ရခဲ့ပြီး ကျန်မဲဆန္ဒနယ်များ၌ အဓိကပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကသာ အနိုင်ရခဲ့သည်။

Continue Reading

NLD ကိုယ်စားလှယ်လောင်း အနိုင်ရသွားပါက ဒိဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း၊ NLD ကိုယ်စားလှယ်လောင်း၏ အိမ်ထောင်ဘက်မှာ ဘာသာစကားသင်တန်းများ ဖွင့်လှစ်ကာ ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ကျေးရွာတရားပွဲများတွင် ထည့်သွင်းဟောကြား...

Published on Dec 15, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now)

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ကို ရွေးချယ်ရန် တရားပွဲတွင် ဘုန်းကြီးများက ထည့်သွင်းဟောကြားခဲ့သည်။ 

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လွှတ်တော်နေရာ ၇ ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၆ နေရာအနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ 

ပင်းတယမြို့ရှိ ဇောတိကာရုံကျောင်း၌ သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရသည် ရွေးကောက်ပွဲကျင်းပရန် တစ်ပတ်ခန့်သာ လိုတော့သည့် အောက်တိုဘာ ၃၁ တွင် အင်းပက်လက်ရွာတရားပွဲတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးအာကာလင်းကို ရွေးချယ်ရန် ထည့်သွင်းဟောပြောခဲ့သည်။ 

“မဲထည့်မမှားဖို့ ပြောတယ်။ ကြံ့ခိုင်ရေးကိုထည့်ရင် ကောင်းတယ်လို့ ပြောတယ်။ NLD နိုင်သွားရင် ဗုဒ္ဓဘာသာတွေ ပျောက်ကွယ်သွားမှာ စိုးလို့တဲ့” ဟု ဆရာတော်ဦးပညာသာရ၏ တရားပွဲနာကြားခဲ့သူ အင်းပက်လက်ရွာသူ ဒေါ်ချိုက Myanmar Now ကို ပြောသည်။

ထို့ပြင် Myanmar Now က ရရှိထားသည့် ရုပ်သံမှတ်တမ်းများအရ ဆရာတော်ဦးပညာသာရ၏ ဟောပြောချက်တွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးအာကာလင်း၏ ပြိုင်ဘက်ကိုယ်စားလှယ်လောင်း (NLD) သည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း၊ ဘာသာစကားသင်တန်းများဖွင့်လှစ်ကာ ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟုလည်း ပါရှိသည်။ 

“သင်ပေးရင်းနဲ့ သူတို့ (ခရစ်ယာန်) ဘာသာထဲကို ဆွဲသွင်းနေတယ်။ ဘာတွေ ပွားလာမလဲဆိုတော့ ဒိဋ္ဌိပြဿနာ၊ အယူလွဲတဲ့ပြဿနာတွေ ပွားလာတော့မယ်” ဟု ဆရာတော်ဦးပညာသာရက ဟောပြောထားသည်။ 

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ 

“လက်ရှိဒေသဥက္ကဋ္ဌနဲ့ ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်က ဆိုပြီး ကျွန်တော့်အမျိုးသမီးအကြောင်းတွေကို ပြောထားတာ။ ဂျပန်စာတွေသင်တယ်။ ကျောင်းဖွင့်တာက (ကိုယ်စားလှယ်လောင်းတွေရဲ့ ဇနီးတွေထဲမှာ) ကျွန်တော့်အမျိုးသမီးတစ်ယောက်ပဲရှိတယ်” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

ဦးထိန်လင်း၏ဇနီး ဒေါ်အေမီဖြိုးမင်း မိခင်ဖြစ်သူမှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်ပြီး ပင်းတယတွင် ဂျပန်စာသင်ကြားပေးနေခြင်းမှာလည်း ခရစ်ယာန်ဘာသာသို့ ဆွဲသွင်းနေခြင်းမဟုတ်ကြောင်း ဦးထိန်လင်းက တုံ့ပြန်သည်။

ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း  မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။ 

“အဓိကက ဘုန်းကြီးတွေဟောတဲ့ ရွာတွေက ကျွန်တော် ရှုံးတာပဲ။ ဘုန်းကြီးတွေက ၈၀ ရာခိုင်နှုန်းလောက် လွှမ်းမိုးမှုရှိတယ်” ဟု ဦးထိန်လင်းက ဆိုသည်။

ဦးထိန်လင်းက ထိုသို့ဆိုသော်လည်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ဘုန်းကြီးများက ထိုသို့ထည့်သွင်းဟောကြားခဲ့သည်ကို မသိရှိကြောင်းလည်း အနိုင်ရကိုယ်စားလှယ် လက်ရှိဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။ 

"ကျွန်တော်တို့တော့ ဘာမှ မပြောထားဘူး။ ဆရာတော် သံဃာတော်တွေကို ကျွန်တော်တို့ ဘာမှ လျှောက်မထားဘူး။ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက် သံဃာတော်တွေဆိုတာ ရွေးကောက်ပွဲနဲ့ ဘာမှ မဆိုင်ဘူး။ ကျွန်တော်တို့လည်း ဘာမှ မလျှောက်ထားပါဘူး” ဟု ဦးအာကာလင်းက ပြောသည်။ 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း နိုင်ငံရေးအဖွဲ့အသီးသီးက မဲဆွယ်ဟောပြောကြဖြစ်သဖြင့် သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာထုတ်ပြန်ခဲ့သည်။

အင်းပက်လက်ရွာ၌ ဟောပြောခဲ့မှုများနှင့် ပတ်သက်၍ Myanmar Now က ဆရာတော်ဦးပညာသာရကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဟောပြောခဲ့သည်ကို ငြင်းဆိုခြင်း မရှိသော်လည်း “အဲဒါ ကိုယ့်ရွာနဲ့ကိုယ် နည်းနည်းပါးပါး လမ်းမှားမှာ စိုးလို့ ပြောတာ” ဟုသာ မိန့်ကြားပြီး ဖုန်းချသွားခဲ့သည်။

လွန်ခဲ့သည့် ၂နှစ်က ရွာငံမြို့နယ်တွင် ဆောက်လုပ်ခဲ့သည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဒေသဥက္ကဋ္ဌဖြစ်သူ ဦးအာကာလင်းက ဖျက်ခိုင်းခဲ့ကြောင်း၊ ယင်းသို့ ဖျက်ခိုင်းရခြင်းသည်လည်း ဦးအာကာလင်းကိုယ်တိုင် ဗုဒ္ဓဘာသာဖြစ်နေသောကြောင့်ဖြစ်ပြီး ၎င်း၏နေရာတွင် ဘာသာခြား (သို့) ဘာသာခြား၏ အထောက်အပံ့ကို ရယူထားသူဖြစ်ပါက ဒေသအတွင်း အယူဝါဒကွဲပြားသည့် ပြဿနာများ ကြုံတွေ့လာရမည်ဟု ဆရာတော်ဦးပညာဓရက တရားဟောစဉ် ထည့်သွင်းမိန့်ကြားခဲ့သည်။ 

“Church ပေါ်လာခဲ့ရင် ဒို့ဒေသမှာ ဒိဋ္ဌိပြဿနာ၊ အယူပျက်စီးတဲ့ ပြဿနာတွေ ပွားမလာဘူးလား။ စိုးရိမ်စရာမကောင်းဘူးလား။ အဲဒါလေး ပြောချင်တာပါ။ ကိုယ့်ဒေသကို အုပ်ချုပ်မယ့်၊ စီမံမယ့်သူဟာ ဗုဒ္ဓဘာသာ၊ ကိုယ်လူမျိုးရဲ့ အကျိုးကို ရှေးရှုမယ့်၊ တခြားသောဘာသာရဲ့ အထောက်အပံ့ကို ယူမထားတဲ့သူဖြစ်ဖို့ အရေးမကြီးဘူးလား” ဟု ဆရာတော်က မေးခွန်းထုတ်သည်။

ဆရာတော်ဦးပညာဓရ၏ ဟောပြောမှုကို ဗီဒီယိုရိုက်ကူး၍ လူမှုကွန်ရက် Facebook ပေါ် တင်ခဲ့သည့် ရှားပြားရွာမှ တက္ကသိုလ်ကျောင်းသားနှစ်ဦးကို ဘုန်းကြီးကျောင်းသို့ ခေါ်ယူဆုံးမ၍ ရုပ်သံဖိုင်များကိုလည်း Facebook ပေါ်မှ ပြန်လည်ဖြုတ်ချရန် ခိုင်းစေခဲ့သည်ဟု ပင်းတယမြို့နယ် NLD ဝန်းရံသူများက ပြောသည်။

ပင်းတယမြို့နယ် ရှားပြားရွာ (ဆားပြား) ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးပညာဓရသည်လည်း တရားပွဲတွင် ဦးအာကာလင်းကို မဲပေးရန် ထည့်သွင်းမိန့်ကြားခဲ့သည်။ 

ရှားပြားရွာ မီးရရှိရေးအတွက် ဦးစဝ်အောင်မြတ် (ယခင်အစိုးရလက်ထက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်) တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဦးအာကာလင်းအပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက တိုက်တွန်းဟောကြားထားသည်။ 

“ကိုယ့်ရွာမှာ ကျေးဇူးပြုတဲ့လူကို ထည့်ပေးပေါ့။ ပါတီကို မကြည့်နဲ့၊ လူကိုကြည့်။ အဲဒီလူက လုပ်ပေးသလား၊ ဒီလူက လုပ်ပေးသလား။ လုပ်ပေးတဲ့သူကိုပဲ အာကာလင်း (ပြည်ခိုင်ဖြိုးကိုယ်စားလှယ်) ကအစ မဲပေးကြပေါ့" ဟု နိုဝင်ဘာ ၁ က ရှားပြားရွာတရားပွဲတွင် ဆရာတော်ဦးပညာဓရက ဟောကြားခဲ့သည်။ 

Continue Reading

၂၀၁၅ ထက် မဲအရေအတွက် လျော့နည်းခဲ့ခြင်းမှာ ရွေးကောက်ပွဲတရားမျှတမှု မရှိသောကြောင့်ဖြစ်ပြီး ရွေးကောက်ပွဲယဉ်ကျေးမှုအရ ရလဒ်ကို လက်မခံနိုင်၍ မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲရလဒ်လက်ခံခြင်းမည်သော ယဉ်ကျေးမှုကို လမ်းကြောင်းပေါ်တင်ပေးခဲ့သည့် ပါတီက...

Published on Dec 11, 2020
Published on Dec 11, 2020
နေပြည်တော်ရှိ ပါတီဗဟိုဌာနချုပ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ဒီဇင်ဘာ ၁၁ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

လွန်ခဲ့သော ငါးနှစ်ထက် လျော့နည်းကျဆင်းခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အပေါ် လက်မခံနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်များက ပြောကြားလိုက်သည်။ 

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝေလွင်၊ ဦးသောင်းအေးနှင့် ပြောခွင့်ရပုဂ္ဂိုလ်များဖြစ်ကြသည့် ဦးသိန်းထွန်းဦးနှင့် ဒေါက်တာနန္ဒာလှမြင့်တို့ ဦးဆောင်ကာ နေပြည်တော်၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီရလဒ်ကို ကျွန်တော်တို့အသိအမှတ်မပြုပါဘူးခင်ဗျ”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ဒေါက်တာနန္ဒာလှမြင့်သည် ရှမ်းပြည်နယ်၊ ကလောမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်ခဲ့သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကိုယ်စားလှယ်ကို မဲလေးသောင်းကျော်အကွာဖြင့် အရေးနိမ့်ခဲ့သူဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရွေးကောက်ပွဲတွင် မသမာမှုများရှိနေသည်ဟု ဆက်တိုက်ပြောဆိုနေရခြင်းမှာ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်လို၍ မဟုတ်ဘဲ ရာဇဝင်မရိုင်းစေချင်လို့ဖြစ်ကြောင်းလည်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များက ပြောကြားခဲ့သည်။ 

"အနိုင်အရှုံး ပြည်သူ့ရဲ့ဆန္ဒကို လေးစားတယ်။ နိုင်ငံရေးပါတီတွေရဲ့ သက်တမ်းဟာ ငါးနှစ်ပဲ။ ရွေးကောက်ပွဲယဉ်ကျေးမှုအရ ရလဒ်ကို လက်မခံလို့ ပြောနေတာမဟုတ်။ ဒီယဉ်ကျေးမှုကို ကျွန်တော်တို့ကိုယ်တိုင်က လမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ ပါတီကြီးဖြစ်ပါတယ်" ဟု  ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ 

ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲတွင် တစ်နိုင်ငံအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီဖြစ်ပြီး ပြည်သူ့သားသမီးများနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့ပါတီကြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ 

ပါတီဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်ခဲ့ပြီး NLD အမတ်ကို ရှုံးနိမ့်ခဲ့သူလည်းဖြစ်သည့် ပြည်ခိုင်ဖြိုးထိပ်သီး ဦးသောင်းအေးကလည်း တက်ရောက်ပြီး ရွေးကောက်ပွဲရလဒ်ကို မေးခွန်းထုတ်ခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကမဲမှာ ၂၀၁၅ကရသည့် အရေအတွက်အောက် ၈၀၀၀ ကျော် လျော့နည်းခဲ့ခြင်း၊ ၂၀၂၀တွင် ပြိုင်ဘက် NLDအမတ်ရရှိသည့် မဲအရေအတွက်မှာ ၂၀၁၅ ကထက် ၄၀၀၀၀ ကျော် တစ်ဟုန်ထိုးတိုးသွားခြင်းစသည့် ကိန်းဂဏန်းများကို ထုတ်ဖော်ပြသ၍ လက်ရှိရလဒ်အပေါ် သံသယရှိကြောင်း ၎င်းက ပြောခြင်းဖြစ်သည်။

“ဒါဟာဖြစ်နိုင်ခြေရှိရဲ့လား”ဟု ဦးသောင်းအေးက ဆိုသည်။

ဦးသောင်းအေးက ၎င်းကိုယ်တိုင် အချိန်ယူပြုစုရှာဖွေထားသည်ဆိုသော မဲစာရင်းတွင် အငြင်းပွားဖွယ်ရာအချက်အလက်များ၊ လူတွေ့မေးမြန်းထားသည်ဆိုသော ဗီဒီယိုဖိုင်များကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်း၏ မဲဆန္ဒနယ်အတွင်း တစ်ကြိမ်ထက်ပိုမဲပေးသူ၊ မှတ်ပုံတင်မပါဘဲ မဲပေးသူ စသဖြင့် မဲစာရင်းတွင် သံသယဖြစ်ဖွယ်လူဦးရေမှာ ငါးသောင်းကျော်ရှိသည်ဟုလည်း ဆိုသည်။ 

ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ၎င်းကို အနိုင်ယူခဲ့သည့် NLDကိုယ်စားလှယ် ဒေါက်တာဝင်းမောင်ကမူ ဦးသောင်းအေးစွပ်စွဲသကဲ့သို့ မတရားပြုကျင့်မှုမျိုး ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းပြောသည်။

“ရလဒ်က အမှန်ပဲလို့ သုံးသပ်ပါတယ်။ ကျွန်တော်တို့က မသမာမှုလည်းမလုပ်ခဲ့ဘူး။ မသမာမှုမဖြစ်အောင်လည်း အထူးစောင့်ရှောက်ခဲ့တယ်”ဟု ဒေါက်တာဝင်းမောင်က ပြောသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်ခိုင်ဖြိုးအစိုးရဖွဲ့ခွင့်ရချိန်၌ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည့် ဦးဝေလွင်လည်း တက်ရောက်ခဲ့ပြီး ၂၀၂၀ တွင်ကြုံရသည့် ၎င်း၏ အရှုံးရလဒ်မှာ မဖြစ်နိုင်ကြောင်း ပြောသည်။

ပြည်ခိုင်ဖြိုး၏ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌဖြစ်သူ ဦးဝေလွင်မှာ ၂၀၁၅ ရွေးကောက်ပွဲကတည်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ပြိုင်ဘက်ဖြစ်ခဲ့သည့် NLDအမတ် ဦးတင်သစ်(ခ) ဦးရည်မွန်ကို ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅က ၎င်းတို့နှစ်ဦးကြား မဲကွာဟချက် ၂၀၀ ပင်မပြည့်သော်လည်း ၂၀၂၀ တွင် ၁၀၀၀၀ ကျော်သွားခဲ့ခြင်းမှာ မဲစာရင်းမသမာမှုများကြောင့်ဟု သံသယရှိကြောင်း ဦးဝေလွင်က ပြောသည်။

“လွန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက ပုဗ္ဗသီရိမှာ တောက်လျှောက် ပြည်သူနဲ့ ထိတွေ့မှု မပြတ်ရှိခဲ့တယ်။ အခုရွေးကောက်ပွဲဝင်မှ ဦးဝေလွင်က ဒီပုဗ္ဗသီရိထဲ ဝင်တာမဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

ဦးဝေလွင်ကို ယခင်ထက်မဲဖြတ်၍ အနိုင်ရခဲ့သူ ဦးတင်သစ်(ခ)မောင်ရည်မွန်ကမူ ၂၀၁၅က ဗုဗ္ဗသီရိမြို့နယ်သို့ ဒေသအတွေ့အကြုံမရှိဘဲ အစိမ်းသက်သက်ဝင်ပြိုင်ခဲ့၍သာ မဲမပြတ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ငါးနှစ်အတွင်း ၎င်း၏ ခြေစွမ်းပြနိုင်မှုများကြောင့် ၂၀၂၀တွင် ပြည်ခိုင်ဖြိုးကို မဲအပြတ်အသတ်သာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“မဲစာရင်းကို စိတ်တိုင်းကျပြင်ဆင်ထားတယ်ဆိုတဲ့ လုပ်ပိုင်ခွင့်မျိုးက ကျွန်တော်တို့မှာမရှိဘူး”ဟု ဦးရည်မွန်(ခ)မောင်တင်သစ်က ပြောသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲသို့ ပြည်ခိုင်ဖြိုးဒုတိယဥက္ကဌ ဦးလှထွန်း၊ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့လည်း တက်ရောက်ကျပြီး ၎င်းတို့ကလည်း အထက်ပါကဲ့သို့ပင် မဲပေးမှုနှင့် မဲစာရင်းသံသယဖြစ်ဖွယ် အခြေအနေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံဆွေးနွေးခွင့်မရခဲ့ခြင်းများကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။

“မဲစာရင်းတွေအမျိုးမျိုး ပြင်ဆင်ဖြည့်သွင်းရေးဆွဲထားခြင်းအပေါ်မှာ အခြေခံပြီးတော့ တရားမဲ့ပြုကျင့်မှုတွေ လုပ်ဆောင်လို့ရနေခြင်းပဲဖြစ်ပါတယ်”ဟု ဦးသောင်းအေးက ပြောသည်။

သို့သော် ထိုသို့သော ကိစ္စများအားလုံးကို ရွေးကောက်ပွဲကန့်ကွက်မှုအဖြစ် ကျပ်ငွေ ငါးသိန်းသွင်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဥပဒေပြဌာန်းချက်များအတိုင်း ကန့်ကွက်ရန်ရှိမရှိကိုမူ ပြည်ခိုင်ဖြိုးတာဝန်ရှိသူတို့က ယတိပြတ်မပြောကြသေးပေ။

“အနိမ့်ဆုံးတော့ ၅၀(မဲဆန္ဒနယ်)ထက်မနည်း ကန့်ကွက်သွားဖို့ ရှိပါတယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲမတရားပြုကျင့်မှုများနှင့် စပ်လျဉ်း၍ ရဲအရေးပိုင်သည့်အမှု ၁၇၀ကျော်၊ ဒေသဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တိုင်ကြားမှု ၁၀၀၀ ကျော် ဆောင်ရွက်ပြီးဖြစ်သည်ဟု ၎င်းက အသိပေးသည်။

ပြည်ခိုင်ဖြိုး၏ စွပ်စွဲချက်များနှင့်ပတ်သက်၍ ပျော်ဘွယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့နှင့် အကျုံးဝင်သည့် မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ Myanmar Nowက ဆက်သွယ်မေးမြန်းရာ မသမာမှုရှိသည်ဆိုလျှင် ဥပဒေအရ ကျပ်ငါးသိန်းသွင်း၍ ကန့်ကွက် လွှာတင်သွင်းသင့်ကြောင်း အတွင်းရေးမှူး ဦးကျော်ကျော်စိုးက အကြံပြုသည်။

“ဥပဒေအတိုင်း ဆက်လုပ်ကြပေါ့။ ဥပဒေမှာ အခွင့်အရေးတွေပါပြီးသားပဲ” ဟု ၎င်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဝင်ပြိုင်ခြင်းမရှိသော ၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ခဲ့ဖူးသော်လည်း NLD ဝင်ပြိုင်သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ အစိုးရဖွဲ့ရန် အခရာကျသည့် ပြည်ထောင်စုလွှတ်တော်၌ ၄၁ နေရာသာ အနိုင်ရခဲ့ပြီး အာဏာလက်လွှတ်ခဲ့ရသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုလွှတ်တော် ၃၃ နေရာတွင်သာ အနိုင်ရတော့သဖြင့် အစိုးရဖွဲ့နိုင်ငံရေး နီးစပ်မှုမရှိတော့သည့်အပြင် လွှတ်တော်အတွင်း၌ပါ အင်အားလျော့နည်းသွားမည်ဖြစ်သည်။ 

ထိုသို့ ရွေးကောက်ပွဲရလဒ် ထပ်မံကျဆင်းမှုများကြောင့် ပါတီခေါင်းဆောင်မှုအပိုင်း ပြောင်းလဲရန် ရှိမရှိကိုလည်း ပြည်ခိုင်ဖြိုးတာဝန်ရှိသူတို့ဖက်က အတည်မပြုကြသေးပေ။

ငါးနှစ်တစ်ကြိမ်ကျင်းပရမည့် ပါတီညီလာခံကို လာမည့် ၂၀၂၁အတွင်း ကျင်းပပြီးစီးမှသာ ရာထူးအဆင့်ဆင့် ပြန်လည်ရွေးချယ်မှုများလုပ်ဆောင်မည်ဖြစ်ပြီး လက်ရှိ ပါတီဝင်ခေါင်းဆောင်များ၏ သက်တမ်းသည်လည်း ငါးနှစ်သာဖြစ်သည်ဟု ဆိုသည်။ 

Continue Reading