အခုချိန်မှာ ကျွန်တော် အတိအကျပြောနိုင်တာ တစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ တစ်စိတ်တပိုင်းအားဖြင့် အစိုးရဖွဲ့နိုင်တဲ့ ပါတီကို မဲပေးပါဆိုတဲ့ အယူအဆနဲ့ ကိုယ့်တိုင်းရင်းသားပါတီကို မဲပေးပါဆိုတဲ့ အယူအဆနှစ်ခု ပြိုင်တဲ့ပွဲ ဖြစ်တယ်ဆိုတာပါပဲ။

Published on Nov 7, 2020
ကချင်ပြည်နယ်ပြည်သူ့ပါတီ ထောက်ခံဝန်းရံသူများကိုတွေ့ရစဉ် (ဓာတ်ပုံ - Kachin State People's Party Facebook)
ကချင်ပြည်နယ်ပြည်သူ့ပါတီ ထောက်ခံဝန်းရံသူများကိုတွေ့ရစဉ် (ဓာတ်ပုံ - Kachin State People's Party Facebook)

၂၀၂၀ ရွေးကောက်ပွဲဆီကို ခြေသံလုံလုံ ချဉ်းကပ်လာတဲ့ ပြည်နယ်တွေကတော့ ချင်း၊ ကချင် နဲ့ ကရင်ပြည်နယ်တွေ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD က ပြည်နယ် ၃ ခုစလုံးမှာ ၇၀ ရာခိုင်နှုန်းအထက် အနိုင်ရရှိခဲ့တဲ့နေရာဖြစ်ပါတယ်။ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ဒေသခံတိုင်းရင်းသားပါတီ အနိုင်ရခဲ့တဲ့နေရာတွေရှိပေမယ့် ကရင်ပြည်နယ်မှာတော့ NLD နဲ့ ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်း ပြည်နယ်အတော်များများမှာ တိုင်းရင်းသားပါတီတွေ အချင်းချင်း ပူးပေါင်းဖွဲ့စည်းလာကြရာ ကချင်ပြည်နယ်မှာလည်း ကချင်တိုင်းရင်းသားပါတီတွေ စောလျင်စွာ ပူးပေါင်းခဲ့ကြတာတွေ့ရသလို ချင်းပြည်နယ်မှာလည်း ချင်းတိုင်းရင်းသားပါတီတွေ ပူးပေါင်းခဲ့ကြပါတယ်။ ပေါင်းစည်းခဲ့ကြတဲ့ ကချင်ပါတီနဲ့ ချင်းပါတီတွေဟာ တရားဝင် တစ်ပါတီတည်းအနေနဲ့ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေမယ့် ညှိနှိုင်းပြင်ဆင်မှုနဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပေါင်းစည်းရပ်တည်မှုရဲ့ ကနဦးရလဒ်ကောင်းများလည်း ပြခဲ့နိုင်တာတွေ့ရပါတယ်။ တရားဝင် ဖွဲ့စည်းမှတ်ပုံတင်ခြင်းကိုတော့ ၂၀၁၉ မှာ ဆောင်ရွက်နိုင်ခဲ့ကြပြီး လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ၂၀၁၅ တုန်းက တစ်သီးတစ်ခြားစီ ပါတီကွဲများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်က တိုင်းရင်းသားပါတီငယ်များဟာ သက်ဆိုင်ရာ ပြည်နယ် အသီးသီးမှာ တူညီရာလူမျိုးကို ကိုယ်စားပြုတဲ့ပါတီချင်း ပေါင်းစည်းရပ်တည်လို့ လွှတ်တော်မဲဆန္ဒနယ်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတော့မှာဖြစ်ပါတယ်။ အဆိုပါ ပြည်နယ်တစ်ခုချင်းစီရဲ့ ရွေးကောက်ပွဲဖြတ်သန်းမှုသမိုင်းကနေစပြီး ၂၀၂၀ ရွေးကောက်ပွဲ အလားအလာကို သုံးသပ်ကြည့်ပါမယ် ။

ချင်းပြည်နယ်ကနေ စတင်ချင်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကျင်းပစဉ်က ချင်းပြည်နယ်မှာ မဲဆန္ဒနယ် ၁၃ နယ် သတ်မှတ်ကျင်းပခဲ့ပြီး NLD က ၄ နေရာသာ အနိုင်ရခဲ့တာတွေ့ရပါတယ်။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃ နေရာ၊ ဇိုမီးအမျိုးသားကွန်ဂရက် က ၂ နေရာ အနိုင်ရခဲ့ပြီး မရာပြည်သူ့ပါတီက ၁ နေရာ NLD ကနှုတ်ထွက်ပြီး တစ်သီးပုဂ္ဂလ ဝင်ပြိုင်ခဲ့သူတစ်ဦးအပါဝင် တစ်သီးပုဂ္ဂလ၂ ဦး အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ ၁၉၉၀ ကတည်းက ချင်းတိုင်းရင်းသားပါတီတွေနဲ့ ဒေသခံမဲဆန္ဒရှင်တွေရဲ့ ရွေးကောက်ပွဲပါဝင်ဆင်နွှဲမှု ဟာ အားကောင်းနေတာ တွေ့ရသလို ၂၀၁၀ ရွေးကောက်ပွဲတွေ ပြုလုပ်လာတဲ့အခါမှာလည်း အာဏာရ အစိုးရခေါင်းဆောင်တွေ ဦးဆောင်ပါဝင်တဲ့ ကြံ့ခိုင်ရေးပါတီကို အင်နဲ့အားနဲ့ ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ကြောင်းကို ချင်းပြည်နယ်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ်တွေက ဖေါ်ပြနေတာတွေ့ရပါတယ်။ ချင်းပြည်နယ်အတွင်း ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ် ၂၁ နေရာမှာ ချင်းပါတီက ၁၀ နေရာ အနိုင်ရခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ၁၁ နေရာ အနိုင်ရရှိခဲ့ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီနဲ့ ချင်းတိုးတက်ရေးပါတီ နှစ်ခုဟာ ကြံ့ခိုင်ရေးပါတီကို ရှုံးတဲ့ နေရာအတော်များများမှာလည်း မဲရလဒ် အတော်ကောင်းကောင်းရရှိခဲ့တာ တွေ့ရသလို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၀ မှာ အနိုင်ရသွားတဲ့ ကြံ့ခိုင်ရေးပါတီကို မဲ ၁၈၄ မဲထဲနဲ့ ကပ်ရှုံးခဲ့တာဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီ အသာစီးရခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ ပြည်နယ်ရွေးကောက်ပွဲတွေထဲမှာ ချင်းပြည်နယ်ဟာလည်း ကြံ့ခိုင်ရေးပါတီကို ဒေသခံတိုင်းရင်းသားပါတီတွေအနေနဲ့ အကောင်းဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပြည်နယ်တစ်ခုလို့ ပြောလို့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ NLD ရဲ့ ပါဝင် ယှဉ်ပြိုင်မှု နိုင်ငံရေးလှိုင်းဂယက်ကြောင့်တစ်ကြောင်း၊ ၂၀၁၀ မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့တဲ့ ၁၉၉၀ အနိုင်ရပါတီ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ပါဝင်ယှဉ်ပြိုင်လာတာကတစ်ကြောင်း အခြေအနေတွေက ၁၉၉၀ ရွေးကောက်ပွဲ အခင်းအကျင်းပုံစံဖြစ်သွားပြီး ချင်းပြည်နယ်ရဲ့ မဲဆန္ဒနယ် ၂၁ နေရာမှာ NLD ၁၆ နေရာ အနိုင်ရရှိခဲ့သလို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ၄ နေရာ အနိုင်ရကာ ကြံ့ခိုင်ရေးပါတီက ၁ နေရာနဲ့ ပွဲသိမ်းခဲ့ပါတယ်။

၂၀၁၅ မှာ ပြည်ထောင်စုလွှတ်တော်ကို ခြေမချနိုင်လောက်အောင် အောင်ပွဲပျောက်သွားတဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီနဲ့ ချင်းတိုးတက်ရေးပါတီဟာ ၂၀၁၅ နောက်ပိုင်း ပေါင်းစည်းရပ်တည်ဖို့ စဉ်းစားချက်ရှိလာပုံရပါတယ်။ ၂၀၁၄ ခုနှစ်မှာ မှတ်ပုံတင်ပြီး ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ကလည်း မဲတွေ ခွဲယူသွားသလို ဖြစ်ခဲ့တဲ့အတွက် ရှိတဲ့ ချင်းပါတီ ၃ ပါတီ ပေါင်းစည်းရေးဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ရေးအတွက် မဖြစ်မနေ ရွေးချယ်ရမယ့်လမ်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၅ မှာ အရေးနိမ့်ခဲ့တဲ့ ချင်းပါတီ ၃ပါတီ ပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLDP အဖြစ် ပါတီအလံ တစ်ခုတည်းအောက်မှာ ဖွဲ့စည်းခဲ့ပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ CNLDP ဟာ ဟားခါး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တစ်ခုကလွဲရင် ကျန် ပြည်ထောင်စုအဆင့် လွှတ်တော် ၂ ရပ်ရဲ့ မဲဆန္ဒနယ် နေရာ ၂၀ စလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ချင်းပြည်နယ်မှာ အခြားသော ပြည်နယ်များလို အာဏာရပါတီ NLD ကို ပြင်းပြင်းထန် ဝေဖန်ကန့်ကွက်နေတဲ့ နိုင်ငံရေးသတင်းဆိုးမျိုး မရှိတဲ့အတွက် လာမယ့်ယှဉ်ပြိုင်မှုဟာ လက်တလောတည်ငြိမ်နေပါတယ်။ CNLD ရဲ့ ပြိုင်ဘက်ဟာ NLD အပြင် အချို့နေရာတွေမှာ ဇိုမီးအဖွဲ့ချုပ်ဖြစ်ပါတယ်၊ အချို့နေရာမှာတော့ ကြံ့ခိုင်ရေးပါတီနဲ့ ယှဉ်ရမယ့်အနေအထားဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်တွေကို လေ့လာကြည့်တဲ့အခါမှာတော့ နေရာအများဆုံးမှာ အနိုင်ရရှိသွားတဲ့ NLD ရဲ့ ပြိုင်ဆိုင်မှုဟာ ကြံ့ခိုင်ရေးနဲ့တစ်လှည့် ချင်းပါတီတွေနဲ့တစ်လှည့် ပြိုင်ရသလို ဖလမ်း၊ ဟားခါး၊ မင်းတပ်နဲ့ ပလတ်ဝ အဲဒီ ၅ နေရာကလွဲရင် ကျန်တဲ့နေရာတွေမှာ ပြိုင်ဖက်ပါတီများနဲ့ မဲကွာဟချက် သိပ်မများပဲ အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ ၂၀၁၅ မှာ ၄ နေရာ အနိုင်ရရှိခဲ့တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြိုင်ဆိုင်မှုကို ကြည့်မယ်ဆိုရင် သူအားကောင်းတဲ့ တီးတိန် တွန်းဇံ နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်၅ (တီးတိန်နယ်)အမှတ် ၆ (တွန်းဇံနယ်) တွေမှာတော့ ပြိုင်ဘက်တွေအပေါ် မဲအသာစီးနဲ့ နိုင်ခဲ့တာတွေ့ပါတယ်။ ဒီအခြေအနေအရ ကြည့်မယ်ဆိုရင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLDP အနေနဲ့ တီးတိန်နဲ့ တွန်းဇံကလွဲရင် ကျန်တဲ့နေရာတွေကို ပိုပြီးမျှော်လင့်ချက်ထားနိုင်မယ်လို့ ယူဆပါတယ်။

၂၀၁၅ မဲရလဒ်တွေအရ ချင်းပါတီ ၃ ပါတီစလုံးရဲ့ ရမဲတွေဟာ နည်းခဲ့ပါတယ်။ ထူးထူးခြားခြားတွေ့ရှိရတဲ့ ရလဒ်တစ်ခုကတော့ မတူပီမဲဆန္ဒနယ်နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၀ မှာ ချင်းပါတီ နှစ်ပါတီရဲ့ မဲရလဒ်ပေါင်းဟာ အနိုင်ရရှိသွားတဲ့ NLD ထက် များနေတာပဲဖြစ်ပါတယ် ၊ တခါ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် မတူပီ မဲဆန္ဒနယ် ၁ အတွက် ကျင်းပခဲ့စဉ်က ကြံ့ခိုင်ရေးပါတီဝင်မပြိုင်ဘဲ လက်ရှောင်ခဲ့တဲ့အခါ NLD နဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ် ၂ ဖွဲ့တည်း ယှဉ်ပြိုင်ခဲ့ရာမှာ ချင်းဒီမိုကရေစီအဖွဲ့ချုပ်က (၅၃.၃၉%-၄၆.၆၁ %) အနိုင်ရရှိခဲ့တဲ့ အခြေအနေတစ်ရပ်လည်း ရှိခဲ့တာတွေ့ရပါတယ်။ မတူပီ ကြားဖြတ်ရွေးကောက်ပွဲဟာ ပြည်နယ်လွှတ်တော် ရွေးချယ်ပွဲဖြစ်နေတာကြောင့်ရယ် မဲပေးသူတစ်ထောင်ကျော် လျော့နည်းသွားတာကြောင့်ရယ် ကြံ့ခိုင်ရေးပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုတာရယ်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲအလားအလာအတွက် လုံလောက်တဲ့ ထောက်ထားရမယ့် အချက်အလက်မဟုတ်သော်လည်း မတူပီဟာ ချင်းပါတီ CNLDP ရဲ့ အမာခံနယ်မြေဖြစ်တယ်လို့တော့ အခိုင်အမာပြောနိုင်ပါတယ်။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မတူပီနဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၉ မတူပီနယ် ( ၂၀၁၅ ရွေးကောက်ပွဲမှာ အမှတ်၁၀) မှာတော့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLDP အနေနဲ့ အောင်ပွဲကို မျှော်မှန်းနိုင်မယ်လို့ မြင်ပါတယ်။

ခြုံငုံပြီးသုံးသပ်ရမယ်ဆိုရင် ၂၀၂၀ ရဲ့ ချင်းပြည်နယ်ရွေးကောက်ပွဲမှာ ပေါင်းစည်းထားတဲ့ ချင်းပါတီအနေနဲ့ အမာခံဒေသတွေကို အကြောင်းပြုပြီး ၃ နေရာလောက် အနည်းဆုံးမျှော်လင့်ချက်ထားနိုင်မယ်လို့ မြင်ပါတယ်။ လက်ရှိ အနိုင်ရပါတီတွေအပေါ် သုံးသပ်ရမယ်ဆိုရင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ဟာ သူ့ရဲ့ အမာခံဒေသကို ထိန်းထားနိုင်ဦးမယ်လို့ ယူဆသော်လည်း NLD ကတော့ ပူးပေါင်းယှဉ်ပြိုင်လာတဲ့ ချင်းပါတီကြောင့် တချို့နေရာတွေမှာ ရုန်းကန်ရမယ်လို့ မြင်ပါတယ်။ အထူးသဖြင့် NLD နဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ အကြိတ်အနယ်ယှဉ်ပြိုင်ရင်း ထန်တလန်နဲ့ ကန်ပတ်လက်လို ရမဲ သိပ်မကွာခဲ့ကြတဲ့ နေရာမျိုးမှာ ကြံ့ခိုင်ရေးပါတီက ကြားကနေ အသာရသွားနိုင်ပါတယ်။ ဒါကြောင့် NLD က အနည်းဆုံး ၃ နေရာလောက် ပွဲကျပ်နဲ့ ရင်ဆိုင်ရမယ့် အခန့်မသင့်ရင် လက်လွတ်ရနိုင်တဲ့ အခြေအနေရှိနေကြောင်း သုံးသပ်ပါတယ်။

ကချင်ပြည်နယ်ရဲ့ ရွေးကောက်ပွဲအလားအလာကို ဆက်ပြီး သုံးသပ်ချင်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်တွေအရ ကချင်ပြည်နယ်မှာ မဲဆန္ဒနယ် ၁၉ နေရာ သတ်မှတ်ကျင်းပခဲ့ပြီး NLD က ၁၄ နေရာမှာ အနိုင်ရရှိကာ ကချင်အမျိုးသားဒီမိုကရေစီကွန်ဂရက်ပါတီက ၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။ ကျန်တဲ့ ၂ နေရာကတော့ အာဏာပိုင်ပါတီဟောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ( တစည ) က အနိုင်ရရှိတာဖြစ်ပါတယ်။ ကချင်ဒီမိုကရေစီကွန်ဂရက်က အနိုင်ရရှိတဲ့ မဲဆန္ဒနယ်နေရာတွေကတော့ ချီဗွေ၊ ဆွမ်ပရာဘွမ်နဲ့ မြစ်ကြီးနား (၂) တို့မှာဖြစ်ပါတယ်၊ မြစ်ကြီးနား ၁ မှာ NLD က အနိုင်ရရှိသွားတာကို ကြည့်ရင် ကချင်ပါတီက အဲဒီအချိန်မှာကတည်းက မြစ်ကြီးနားမှာ အားမကောင်းတာကို တွေ့ရပါတယ်။ အဲဒီ ကချင်ဒီမိုကရေစီကွန်ဂရက်ပါတီဟာလည်း ၁၉၉၂ မှာ ဖျက်သိမ်းခံခဲ့ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ တစ်ဖန်ပေါ်ပေါက်လာတဲ့ အခါမှာတော့ ကချင်ပြည်နယ်မှာ ပြည်ထောင်စုလွှတ်တော်အတွက် မဲဆန္ဒနယ် ၃၀( ပြည်သူ့လွှတ်တော် ၁၈ နေရာနဲ့ အမျိုးသားလွှတ်တော် ၁၂ နေရာ) သတ်မှတ်ပြီး ရွေးကောက်ပွဲကျင်းပခဲ့ရာ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) တစ်ခုတည်းသာ ကချင်ပါတီအနေနဲ့ ဝိုင်းမော် နဲ့ အင်ဂျန်းယန် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂ နေရာနဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃ နေရာမှာသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက ကချင်ပြည်နယ်ထဲမှာ ကချင်ပါတီက ၅ နေရာသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP က လွှတ်တော် ၂ ရပ်ပေါင်းမှာ ၁၇ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ တွေ့ရပါတယ်။ ရလဒ်ကတော့ ကြံ့ခိုင်ရေးပါတီက ၂၀ နေရာ၊ တစည က ၅ နေရာ ၊ SNDP က ၂ နေရာ နဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီကချင်ပါတီ က ၂ နေရာ၊ တစ်သီးပုဂ္ဂလ ၁ နေရာစီ အနိုင်ရရှိကြပါတယ်။ ကချင်ပါတီအနိုင်ရတဲ့ နှစ်နေရာကတော့ အင်ဂျန်းယန် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ ( မြစ်ကြီးနားမြို့နယ်) ဖြစ်ပါတယ် ။

NLD ပါဝင်ယှဉ်ပြိုင်လာတဲ့၂၀၁၅ ရွေးကောက်ပွဲမှာတော့ ကချင်ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီများ ပိုမိုများပြားခဲ့သလို တိုင်းရင်းသားပါတီများလည်း ပိုပြီး များပြားလာတာတွေ့ရပါတယ်။ လီဆူ ၊ ရှမ်းနီ ၊ လောဝေါ်လူမျိုးစုကိုယ်စားပြုပါတီများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသလို ကချင်တိုင်းရင်းသားကိုယ်စားပြုပြီး ၃ ပါတီ အသစ်ထွက်ပေါ်လာကာ ၁၉၉၂ တုန်းက ဖျက်သိမ်းခံရတဲ့ ကချင်အမျိုးသားများဒီမိုကရေစီကွန်ဂရက်ပါတီလည်း ပြန်လည်ထူထောင်ပါဝင်လာတာ တွေ့ရပါတယ်။ ၂၀၁၅ ကချင်ပြည်နယ်ရွေးကောက်ပွဲမှာ အားလုံးပေါင်း ၁၆ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းပြည်နယ်ထဲက ပါတီကြီးတွေဖြစ်တဲ့ SNLD နဲ့ SNDP ၂ ပါတီလည်း ပါဝင်တာကို တွေ့ရပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေများသလို မြစ်ကြီးနားလို လူနေထူထပ်ပြီး မဲပေးသူ တစ်သိန်းကျော် ရှိတဲ့နေရာမှာ ၁၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင်တာ တွေ့ရပါတယ်။ အဲဒီ မြစ်ကြီးနားမဲဆန္ဒနယ်မှာ အနိုင်ရရှိခဲ့တဲ့ NLD က မဲရုံမဲ ၄ သောင်း၆ထောင်ကျော် ရရှိကာ ကြံ့ခိုင်ရေး က ရမဲ၂သောင်းကျော်နဲ့ ဒုတိယမဲအများဆုံးရခဲ့ပါတယ်။ ကျန်တဲ့ ၁၀ ပါတီမှာ ၉ ပါတီက မဲထောင်ဂဏန်း အသီးသီးရရှိကြပြီး ဝင်ပြိုင်တဲ့ ကချင်ပါတီ ၃ ပါတီပေါင်း မဲ ၁ သောင်း၂ ထောင်သာ ရရှိခဲ့တာတွေ့ရပါတယ်။ ဒီမဲရလဒ်တွေကို ကြည့်ရင် မြစ်ကြီးနားမြို့နယ်ရဲ့ လူမျိုးစုရေး နိုင်ငံရေး အရောင်သွေးစုံမှုကို တွေ့မြင်နိုင်ပါတယ်။ စာရင်းချုပ်တဲ့အခါ ပြည်သူ အမျိုးသားလွှတ်တော် ၂ ရပ် ပေါင်း နေရာ ၃၀ မှာ NLD က ၂၂ နေရာ၊ ကြံ့ခိုင်ရေးပါတီက ၃ နေရာ နဲ့ တိုင်းရင်းသားကိုယ်စားပြုပါတီက ၃ နေရာ ပဲ အနိုင်ရရှိတာ တွေ့ရပါတယ်။ (ကျန်တဲ့ ၂ နေရာက တစညပါတီနဲ့ တစ်သီးပုဂ္ဂလဖြစ်ပါတယ်)။ တိုင်းရင်းသားပါတီတွေ အနိုင်ရတဲ့ ၃ နေရာကို ကြည့်တဲ့အခါ လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ( ဒူးလေး) ပါတီက ၂ နေရာ အနိုင်ရရှိခဲ့တာဖြစ်ပြီး အင်ဂျန်းယန် တစ်နေရာမှာပဲ ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီက အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။

ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလူမျိုးစုပါတီများလိုပဲ လီဆူပါတီကလည်း ကိုယ့်ရဲ့ အမာခံဒေသလို့ ယူဆတဲ့နေရာကိုပဲ ဝင်ပြိုင်ပြီး လီဆူ အမာခံနိုင်ငံရေး ခြေကုတ်ယူဖို့ ကိုးစားတယ်လို့ ယူဆနိုင်ပါတယ်။ လီဆူပါတီဟာ ပြည်သူ့လွှတ်တော်မှာ ၆ နေရာ အမျိုးလွှတ်တော်မှာ ၂ ရာ ဝင်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်မှာ ၂ နေရာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အနိုင်ရရှိခဲ့တဲ့ ဆော့လော်နဲ့ ခေါင်လန်ဖူးမှာ လီဆူပါတီက ကြံ့ခိုင်ရေးပါတီကို (၈၉၇-၈၃၀ ) ( ၁၉၇၃-၁၈၉၉) နဲ့ မဲရလဒ် သိပ်မကွာပဲ အနိုင်ရရှိခဲ့တာ တွေ့ရပါတယ်။ ဒါဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အဲဒီနေရာတွေကို ဆက်ပြီးထိန်းနိုင်ဖို့ လီဆူပါတီအနေနဲ့ အားစိုက်ရမှာဖြစ်ပြီး အရင် အာဏာရပါတီဟောင်းတွေရဲ့ထုံးစံအတိုင်း အာဏာပိုင်မဟုတ်တော့တာနဲ့အမျှ ဒေသတွင်းသြဇာ ကျဆင်းတက်တဲ့ သဘောကြောင့် ကြံ့ခိုင်ရေးပါတီရဲ့ ရမဲ အကျဘက်ကို ရောက်ခဲ့မယ်ဆိုရင်တော့ ဒီပွဲတွေမှာ ချောင်နိုင်တယ်လို့ သုံးသပ်ပါတယ်။ လီဆူ အမျိုးသားဖွံ့ဖြို့တိုးတက်ရေးပါတီဟာ ပြည်သူ့လွှတ်တော်မှာ ၈ နေရာ နဲ့ အမျိုးသားလွှတ်တော် ၂ နေရာ( ပူတာအို နဲ့ တနိုင်းဒေသ) ပေါင်း ၁၀နေရာမှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ကချင်ပါတီတွေအနေနဲ့ကတော့ ၂၀၁၅ မှာ ဆိုးရွားခဲ့တဲ့ ရလဒ်ကို ကုစားဖို့ ၃ ပါတီ ပေါင်းပြီး၂၀၂၀ ပြိုင်ပွဲအတွက် ပြင်ဆင်လာတာတွေ့ရသလို ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ခြေစမ်းပြီး ရလဒ်ကောင်းတွေ မြင်တွေ့ခဲ့ရတာကြောင့် ၂၀၂၀ ပွဲအတွက် ရင်ခုန်သွေးပူနေလောက်ပြီ ထင်ပါတယ်။ သို့သော်လည်း ၂၀၁၅ မဲရလဒ်တွေအရတော့ နေရာတိုင်းမှာ အတော်ကြီး ရုန်းကန်ရမယ့်သဘောရှိပါတယ်။ မဲဆန္ဒနယ် ပြည်သူများအကြားမှာ တိုင်းရင်းသားအရေး၊ အမျိုးသားရေးနှိုးဆော်မှုများအပေါ် အခြေပြုလာမယ့် နိုင်ငံရေးနိုးကြားမှုက ပေါင်းစည်းလိုက်ကြတဲ့ ကချင်ပါတီရဲ့ ရမဲကို ဘယ်လောက်ဆွဲတင်နိုင်မလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပူးပေါင်းထားတဲ့ ကချင်ပါတီက ရမဲတွေတက်ခဲ့ပေမယ့် ပြိုင်ဘက် NLD ပါတီကို ဖိထားရုံပဲ တတ်နိုင်ခဲ့ပြီး ကြားကနေ ကြံ့ခိုင်ရေးပါတီက အခွင့်ကောင်းရကာ အနိုင်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။ အဲဒီကြားဖြတ်ရွေးကောက်ပွဲရဲ့ NLD ရမဲ ၂သောင်းနီးပါးဟာလည်း ၂၀၁၅ တုန်းက ရမဲ ၅ သောင်းနီးပါးရဲ့ထက်ဝက်ကျော်အောက်ကို လျော့ကျသွားတာတွေ့ရပါတယ်။ မဲ လာမပေးသူ ဦးရေကလည်း ၄ သောင်းလောက်ရှိသွားတဲ့အတွက် NLD ကိုထောက်ခံမှု ကျဆင်းသွားတယ်လို့ တိုက်ရိုက်အဖြေမထုတ်နိုင်ပေမယ့် ရွေးကောက်ပွဲမှာ မဲပေးတဲ့သူ အရေအတွက်နည်းသွားရင် NLD ရဲ့အနိုင်အရှုံးအဖြေအပေါ် သက်ရောက်နိုင်မှုရှိတယ်ဆိုတဲ့ အချက်နဲ့ ဒေသခံတိုင်းရင်းသား ပါတီတွေ အားကောင်းလာရင် NLD မဲတွေ ကွဲပြီး ကြံ့ခိုင်ရေးပါတီ ဒုတိယနေရာမှာ အားကောင်းနေတဲ့နေရာတွေမှာ ကြံ့ခိုင်ရေးအတွက် အလိုလိုအနိုင်ရဖို့ အခြေအနေဖြစ်သွားနိုင်တယ်ဆိုတာကိုတော့ သက်သေခံနေပါတယ်။

အခုဆို ၃ ပါတီပေါင်းထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ အမျိုးသားလွှတ်တော် ၂ ရပ်ပေါင်း မဲဆန္ဒနယ် ၃၀ အကုန်လုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကချင်ပြည်နယ် ပြည်ထောင်စုလွှတ်တော်နေရာအတွက် ယှဉ်ပြိုင်ပွဲအနေအထားကို ခြုံငုံကြည့်တဲ့ အခါ ကြံ့ခိုင်ရေးပါတီအတွက် ပြိုင်ဘက်နဲ့ မဲသိပ်မကွာပဲ ရှုံးခဲ့တဲ့ တနိုင်း၊ ဆော်လော၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူး နေရာတွေအတွက် စိတ်ကူးယဉ်နိုင်မှာဖြစ်သလို အနိုင်ရခဲ့တဲ့ မချမ်းဘောနဲ့ နောင်မွန်းအတွက် စိတ်အေးထားနိုင်မယ်လို့ ယူဆပါတယ်။ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP အနေနဲ့လည်း ရမဲတင်မက အောင်ပွဲပါ ဆင်နိုင်ဖို့အတွက် ၂၀၁၅ မှာ ကချင်ဒီမိုကရေစီပါတီ အနိုင်ရခဲ့တဲ့ အင်ဂျန်းယန်ကို အပိုင်တွက်ထားနိုင်ပါတယ်။ အင်ဂျန်းယန်ဟာ ၂၀၁၀ ကတည်းက ကချင်တိုင်းရင်းသားပါတီပဲ အနိုင်ရရှိခဲ့တဲ့ အောင်မြေလည်းဖြစ်ပါတယ်။ ကျန်တဲ့နေရာတွေမှာတော့ တိုင်းရင်းသားအခွင့်အရေးနဲ့ အမျိုးသားရေးလှုံ့ဆော်မှု၊ ကချင်ပါတီများပေါင်းစည်းရပ်တည်ပြနိုင်မှုရဲ့ စည်းလုံးခြင်းသင်္ကေတလက္ခဏာဆောင်မှုက မဲဆန္ဒရှင်တွေအကြားမှာ ဘယ်လောက်ထိ စေ့ဆော်ပြောင်းလဲနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရပါလိမ့်မယ်။

ဒီနေရာမှာ ကချင်ပြည်နယ်ရွေးကောက်ပွဲထဲက ထူးခြားမှုလေးတစ်ခုကိုလည်း ထောက်ပြချင်ပါတယ်။ အဲဒါကတော့ အရင် ဆိုရှယ်လစ်အစိုးရ (၁၉၇၄- ၁၉၈၈) ရဲ့ ပါတီဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည ) ရဲ့ နောက်ဆုံးလက်ကျန်နေရာလေးဟာ ကချင်ပြည်နယ်မှာရှိနေတာပဲဖြစ်ပါတယ်။ တစညပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်ထောင်စုလွှတ်တော် ၃၀၄ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁ (ပူတာအိုဒေသ) တစ်ခုတည်းမှာသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီ ပြောင်းလဲမှုတွေရဲ့ အခြေခံသဘောကို လေ့လာကြည့်မယ်ဆိုရင် မြန်မာပြည်မှာ တပ်မတော်က အာဏာ နှစ်ခါသိမ်းပြီး ပါတီ နှစ်ခါထောင်ခဲ့ခြင်းက ချန်ရစ်တဲ့ ဒေသတွင်းနိုင်ငံရေးသြဇာ အကြွင်းအကျန်လက္ခဏာတွေကို တွေ့နိုင်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက အာဏာစွန့်ခဲ့ရပြီးတဲ့နောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအဖြစ် ပြောင်းလဲထူထောင်ကာ အစိုးရအဆက်ဆက်က ကျင်းပတဲ့ ရွေးကောက်ပွဲတိုင်းကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာတွေ့ရပါတယ်။ အာဏာရှိ ပါတီဖြစ်ခဲ့တဲ့ အရှိန်အဝါကြောင့်ရယ် အစိုးရဖြစ်စဉ်က တိုင်းရင်းသားဒေသတွေမှာ ရင်ဆိုင်နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအရ ပြိုင်ဆိုင်နိုင်ဖို့အတွက် ဒေသတွင်းစည်းရုံးရေးလုပ်ငန်းတွေ လုပ်ခဲ့တာရယ်ကြောင့်ရယ် တစညပါတီအဖြစ် ရပ်တည်ပြီး ပါတီစုံရွေးကောက်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာ ၁၉၉၀ ၊၂၀၁၀ ၊၂၀၁၅ ရွေးကောက်ပွဲတွေမှာ မဲရလဒ်ကောင်းတွေ ဆက်လက်ရရှိနေခဲ့တာတွေ့ရပါတယ်။

ပြိုင်ဘက်ပါတီတွေကို အနိုင်ရသည်အထိ မဲအရေအတွက်မရခဲ့သော်လည်း တိုင်းရင်းသားဒေသအချို့မှာ ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်သည်အထိ မဲအရေအတွက်ရရှိခဲ့တာ တွေ့ရပါတယ်။ နိုင်ငံရေးခေတ်တွေ ပြောင်းလဲမှုအလိုက် တစညပါတီအနေနဲ့ အောင်ပွဲတွေ ဆက်တိုက်ကျဆင်းခဲ့ပေမယ့် ထောက်ခံမဲတွေကတော့ ရရှိနေဆဲဖြစ်တာကို တွေ့ရပါတယ်။ ဒါဟာ မြန်မာပြည်နိုင်ငံရေးနဲ့ ပြည်သူလူထုရဲ့ ဒေသအလိုက်ကွာခြားတဲ့ နိုင်ငံရေးရေချိန်လည်းဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း ထောက်ပြချင်ပါတယ်။ တချိန်က ပြည်သူလူထုအကြားမှာ ကြီးစိုးမှု၊ လွှမ်းမိုးမှုနဲ့ သြဇာအရှိန်အဝါ ကြီးခဲ့ပေမယ့် အာဏာကို ဆုပ်ကိုင်ပြီး အသုံးမပြုနိုင်တော့တဲ့ အခါ နိုင်ငံရေးအရ သြဇာ ရုတ်တရက်ကျဆင်းသွားလိမ့်မယ်လို့ ယူဆစရာရှိပေမယ့် လက်တွေ့မှာ အဲဒီလိုအဖွဲ့အစည်းတစ်ခု သြဇာကြီးမားမှုကျဆင်းသွားဖို့ဆိုတာ အချိန်အတော်ကြာမြင့်တတ်တယ်ဆိုတာလည်း အခုလိုတွေ့မြင်ရပါတယ်။ တပ်မတော်ခေါင်းဆောင်ဆက်ဆက်က တိုင်းရင်းသားဒေသတွေမှာ သြဇာကောင်းတဲ့ လူမျိုးစုခေါင်းဆောင်တွေ အကြီးအကဲတွေကို နိုင်ငံရေး မိတ်ဆွေဆက်ဆံရေးတည်ဆောက်ထားပြီး ပါတီထောင်တဲ့အခါ သူတို့ကို ပါတီရဲ့ ကိုယ်စားပြုရပ်တည်လာတဲ့အထိ စည်းရုံးသိမ်းသွင်းခဲ့တဲ့ မဟာဗျူဟာ ဟာ ဒီကနေ့အထိ အချို့သော ပြည်နယ်အစွန်အဖျားတွေမှာ အလုပ်ဖြစ်နေသေးတာတွေ့ရပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာလည်း အဲဒီ အနိုင်ရ တစညကိုယ်စားလှယ်ဟာ အဲဒီ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁ ကပဲ ဆက်လက်ဝင်ပြိုင်ဦးမှာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ နောက်ကနေ မဲရလဒ် သိပ်မကွာပဲ ကပ်လိုက်လာတဲ့ NLD က အနိုင်ရသွားမလား သူပဲ ဆက်ပြီး အောင်ပွဲကို ထိန်းထားနိုင်မလားဆိုတာကတော့ ကချင်ပြည်နယ်ရွေးကောက်ပွဲထဲက နောက်ထပ် စိတ်ဝင်တစားစောင့်ကြည့်ရမယ့် ရလဒ်တစ်ခုလည်းပဲဖြစ်ကြောင်း လက်တို့ချင်ပါတယ်။

ကရင်ပြည်နယ်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ပြဿနာတွေ မကြားရပဲ တည်ငြိမ်စွာလှုပ်ရှားနေပါတယ်။ ပြိုင်ဘက်ပါတီများအကြားမှာ ပွတ်တိုက်မှုတွေမရှိပဲ ဒေသခံ ကရင်တိုင်းရင်းသားပါတီ ၃ ပါတီပူးပေါင်းလိုက်တဲ့ ကရင်အမျိုးသားဒီမိုကရက်တစ် ပါတီ KNDP ကလည်း စည်းရုံးရေးလုပ်ငန်းတွေ၊ လှည့်လည်မဲဆွယ်တာတွေ ပုံမှန်ဆောင်ရွက်နေသလို NLD ပါတီကလည်း ဝန်ကြီးချုပ်ကိုယ်တိုင် ပြန်လည်အရွေးခံမှာဖြစ်တာကြောင့် ဒေသအတွင်း ကိုယ်တိုင်လှည့်လည်ပြီး စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာတွေ့ရပါတယ်။ အရင်ဆုံး ကရင်ပြည်နယ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဖြတ်သန်းမှု သမိုင်းကြောင်းအနည်းငယ် ပြန်ကြည့်ပါမယ်။

၁၉၉၀ ရွေးကောက်ပွဲမှာတော့ ကရင်ပြည်နယ်ထဲက မြို့နယ် ၇ မြို့နယ်ကို တစ်ခြမ်းစီ ခြမ်းကာ မဲဆန္ဒနယ် ၁၄ နယ် သတ်မှတ်ပြီး ရွေးကောက်ပွဲ ကျင်းပခဲ့တာတွေ့ရပါတယ်။ NLD က ၁ဝမြို့နယ်မှာ အနိုင်ရခဲ့ပြီး ကရင်ပြည်နယ်အမျိုးသားအဖွဲ့ချုပ် က လှိုင်းဘွဲ့ (၁) တစ်နေရာပဲ အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ ထူးခြားတာက ကရင်ပြည်နယ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ ကယန်းအမျိုးသားများ စည်းလုံးညီညွတ်ရေးပါတီက ကယားပြည်နယ်နဲ့ ထိစပ်နေပြီး ကယန်းလူမျိုးများလည်းနေထိုင်ကြတဲ့ သံတောင်(၁) နဲ့ မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့က ကော့ကရိတ်(၂) မှာ အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ကျန်တဲ့ ကြာအင်းဆိပ်ကြီး (၁) တစ်နေရာမှာတော့ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့က အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ ၁၉၉၀ ကတည်းက ကရင်ပြည်နယ်မှာ ကရင်တိုင်းရင်းသားပါတီတွေ အားနည်းခဲ့တာတွေ့ရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ကရင်ပြည်နယ်အမျိုးသားအဖွဲ့ချုပ်ကလည်း ၁၉၉၁ ကတည်းက ကိုယ်ပိုင်ဆန္ဒအလျောက် ဖျက်သိမ်းခဲ့တယ်လို့ မှတ်တမ်းများကဆိုပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာတော့ လက်ရှိအတိုင်း ကရင်ပြည်နယ်မှာ ပြည်သူ့လွှတ်တော် အတွက် မဲဆန္ဒနယ် ၇ နေရာ သတ်မှတ်ကျင်းပခဲ့ပြီး အမျိုးသားလွှတ်တော် ၁၂ နေရာနဲ့ အားလုံး(ပြည်ထောင်စုလွှတ်တော်အတွက်) ၁၉ နေရာမှာ ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ ကြံ့ခိုင်ရေးပါတီက ၁၀ နေရာမှာ အနိုင်ရခဲ့ပြီး ဖလုံစဝေါ်က ၅ နေရာ ကရင်ပြည်သူ့ပါတီက ၂နေရာ၊ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးပါတီက ၁ နေရာ ၊ မွန်ဒေသလုံးဆိုင်ရာ ၁ နေရာ အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ အဆိုပါ ကရင်ပြည်နယ်ရွေးကောက်ပွဲ ၂၀၁၀ ကျင်းပရာ ၁၉ နေရာမှာ ၄ နေရာက ဝင်ရောက်ယှဉ်ပြိုင်သူတစ်ဦးတည်းသာရှိတာကြောင့် မဲပုံးထောင်စရာမလိုပဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီက လွတ်လွတ်ကျွတ်အနိုင်ရရှိခဲ့ရာ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၂ ကနေ အရွေးခံခဲ့ရတာဖြစ်ပါတယ်။ (ကျန် ၃ နေရာမှာ ကြံ့ခိုင်ရေးက ရရှိခဲ့ပါတယ်) ။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ တစ်နိုင်ငံလုံးနည်းတူ ကရင်ပြည်နယ်မှာလည်း ရွေးကောက်ပွဲရလဒ်တွေဟာ ကြီးမားတဲ့ အပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။ ကရင်ပြည်နယ် ပြည်သူနဲ့ အမျိုးသားလွှတ်တော် ၂ ရပ်ပေါင်း ၁၉ နေရာမှာ NLD က ၁၆ နေရာ အနိုင်ရရှိပြီး ကြံ့ခိုင်ရေးပါတီက ၃ နေရာ အနိုင်ရခဲ့ပါတယ်။ တိုင်းရင်းသားကိုယ်စားပြု ၄ ပါတီ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အားလုံးရှုံးနိမ့်ခဲ့တာတွေ့ရပါတယ်။ ယှဉ်ပြိုင်ခဲ့တဲ့ ပါတီအသီးသီးရဲ့ မဲရလဒ်တွေကို လေ့လာကြည့်တဲ့အခါ တိုင်းရင်းသားပါတီတွေရဲ့ရမဲအရေအတွက်ဟာ နေရာအများစုမှာ ပါတီကြီး ၂ ခုစလုံးနဲ့ အတော်ကွားခြားပြီး ရရှိခဲ့တာတွေ့ရသလို အခြားပြည်နယ်များမှာလိုပဲ NLD အနိုင်ရတဲ့ နေရာတွေမှာလည်း ကြံ့ခိုင်ရေးပါတီက ဒုတိယမဲအများဆုံးရရှိခဲ့တာတွေ့ရပါတယ်။ ဒီနေရာမှာ မဲရလဒ်တွေက ပြသနေတဲ့ ထူးခြားချက် ၂ ချက်ကို ထောက်ပြချင်ပါတယ်။ ပထမတစ်ချက်က ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိသွားတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နေရာတွေဟာ ဖါပွန်ဒေသ ဖြစ်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဖါပွန်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ အမာခံနေရာတစ်ခုအဖြစ် မှတ်ယူနိုင်မလားဆိုတာ စဉ်းစားနိုင်ပါတယ်။ ဖါပွန်ဒေသဟာ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေ တည်ရှိရာ ဒေသလည်းဖြစ်နေသလို ဒီအကြောင်းကြောင့်လည်း တပ်မတော်ခေါင်းဆောင်ဟောင်းတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီက မဲအရကောင်းတာဖြစ်တယ်ဆိုတဲ့ မှတ်ချက်တွေလည်းရှိတာကြောင့် အကယ်၍များ တပ်တွင်းမဲရုံတွေ အပြင်ရောက်လာခဲ့ရင် ၂၀၂၀ ရဲ့ ဖါပွန်မဲဆန္ဒနယ်ရဲ့ ရလဒ်ဟာ အပြောင်းအလဲရှိသွားနိုင်သလားဆိုတာလည်း စဉ်းစားစရာရှိနေပါတယ်။

နောက်ထပ်ထူးခြားချက်တစ်ချက်က သံတောင်ကြီးမဲဆန္ဒနယ် ဖြစ်ပါတယ်။ သံတောင်ကြီးပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၇ ( သံတောင်ကြီးမြို့နယ် ) မှာ NLD က အနိုင်ရခဲ့သော်လည်း ကရင်ပြည်သူ့ပါတီနဲ့ အကြိတ်အနယ် ပြိုင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ မဲရလဒ်တွေအရ သံတောင်ကြီး ပြည်သူ့လွှတ်တော်မှာ NLD က မဲ ၁သောင်း ၃ ထောင်ကျော် ရရှိခဲ့သလို ကရင်ပြည်သူ့ပါတီကလည်း မဲအရေအတွက် ၁ သောင်း ၁ ထောင်ကျော် ရရှိခဲ့ပါတယ်။ အမှတ် ၇ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှာလည်း NLD က မဲ ၁သောင်း ၄ ထောင်ကျော် ရရှိခဲ့သလို ကရင်ပြည်သူ့ပါတီကလည်း မဲ ၁ သောင်း ၂ ထောင်ကျော် ရရှိခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် သံတောင်ကြီးဒေသဟာ တိုင်းရင်းပါတီ အထိုက်အလျောက်အားကောင်းတဲ့ မဲဆန္ဒနယ်တစ်ခုလို့ ပြောနိုင်သလို အခုလို ကရင်ပါတီတွေပေါင်းစည်းပြီး "မိမိတိုင်းရင်းသားပါတီကို မဲပေးပါ" ဆိုတဲ့ အမျိုးသားရေးလှုံ့ဆော်မှုသာ လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ အလုပ်ဖြစ်ခဲ့မယ်ဆိုရင် သံတောင်ကြီးဟာ စုစည်းထားတဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအတွက် မျှော်မှန်းနိုင်တဲ့ နေရာတစ်နေရာဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် NLD အနေနဲ့ အနည်းဆုံး ရှုံးထားတဲ့ ဖါပွန်ဒေသနဲ့ နိုင်ထားသော်လည်း ကရင်ပါတီအားကောင်းတဲ့ သံတောင်ကြီးမှာတော့ အောင်ပွဲကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အားစိုက် ရုန်းကန်ရဖွယ်ရှိတယ်လို့ ပြောချင်ပါတယ်။ ကရင်ပြည်နယ်တွင်း လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသားပါတီတွေရဲ့ ပြင်ဆင်နေမှုတွေထဲက စိတ်ဝင်စားစရာအကြောင်းအချို့လည်း ရှိနေပါတယ်။

ကရင်ပြည်နယ်မှာလည်း အခြားသောပြည်နယ်များလိုပဲ ဒေသတွင်းအခြေပြု တိုင်းရင်းသားပါတီတွေပေါင်းစည်းခဲ့တာကို ၂၀၁၈ ခုနှစ်ကတည်းက လုပ်နိုင်ခဲ့တာတွေ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ ကရင်ပါတီတွေဖြစ်တဲ့ ကရင်ပြည်နယ်ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီနဲ့ စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ၃ ပါတီဟာ သူတို့ရဲ့ မူလပါတီတွေကို ဖျက်သိမ်းပြီး ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ " ဆိုတဲ့ အမည်တစ်ခုအောက်မှာ စုစည်းရပ်တည်ခဲ့ပါတယ်။ အဆိုပါ ပါတီရဲ့ ခေါင်းဆောင်ပိုင်းတွေကတော့ အရင်ခေတ်အဆက်ဆက်က အုပ်ချုပ်ရေးဝန်ထမ်းဟောင်းတွေဖြစ်သလို အငြိမ်းစား အစိုးရဝန်ထမ်းဟောင်းတွေလည်း ပါဝင်ကာ ပါတီကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ထူးခြားချက်တစ်ခုကတော့ လာမယ့်ရွေးကောက်ပွဲမှာ ကရင်ပါတီအောင်နိုင်ရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ ၅ နေရာ အနိုင်ရခဲ့တဲ့ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီက ကရင်ပြည်နယ်အတွင်း လုံးဝလက်ရှောင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုပဲ ပါတီအသက်ဝင်ရေးအတွက်သာ မဖြစ်မနေဝင်ပြိုင်ရမယ့် မဲဆန္ဒနယ် ၃ နေရာကို ရန်ကုန်နဲ့ ပျဉ်းမနား မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတွေရဲ့ ပူပေါင်းလှုပ်ရှားမှုကတော့ ပြည်နယ်အလိုက် အတော်လေး အားထည့်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် ကရင်တိုင်းရင်းသားပါတီရဲ့ခေါင်းဆောင်တွေဟာ နိုင်ငံရေးအရ ရေပန်းစားတဲ့ ခေါင်းဆောင်တွေမဟုတ်တာကလည်း ဒေသတွင်း နိုင်ငံရေးနယ်ပယ်မှာ ထင်တိုင်းပေါက်ပါမလားဆိုတာ စဉ်းစားစရာရှိပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ ဆုံပြီး ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမြင်သဘောထားတွေ ဆွေးနွေးဖလှယ်ခဲ့ကြတဲ့ ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၃၄ ပါတီထဲမှာ အဆိုပါ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။ နိုင်ငံရေးအရ ဝေဖန်မှုတွေ ပေါ်ပေါက်စေခဲ့သော အဆိုပါတွေ့ဆုံပွဲကို တက်ရောက်ပါဝင်ခဲ့တဲ့ ပါတီတစ်ရပ်အနေနဲ့ လက်နက်ကိုင်ပဋိပက္ခဒဏ်ကို နှစ်ပေါင်းများစွာခံစားခဲ့ရတဲ့ ဒေသက ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကို လုံလုံလောက်လောက်ရနိုင်မလားဆိုတာလည်း စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

လက်ရှိ ကရင်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ NLD ပါတီရဲ့အခြေအနေကိုလည်း လေ့လာကြည့်ပါမယ်။ ပြည်နယ်တွင်း ရွေးကောက်ပွဲယှဉ်ပြိုင်မှုကို ဦးဆောင်နေတဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာကတည်းက ဘားအံ မြိုနယ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သလို ကရင်ပြည်နယ်အတွင်း နိုင်ငံရေးမျိုးဆက်ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ တိုင်းရင်းသူ ဒေသခံအမျိုးသမီးတစ်ယောက်ဖြစ်သလို ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ပြည်နယ်တွင်းမှာ ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရတဲ့ ကိစ္စကြီးလည်းမရှိခဲ့တာကြောင့် သူမဦးဆောင်နေတဲ့ NLD အောင်နိုင်ရေးကို တိုင်းရင်းသားပါတီတွေအနေနဲ့ အခုလို ရင်ဆိုင်ယှဉ်ပြိုင်ကြတဲ့အခါ အခြားပြည်နယ်များနဲ့မတူပဲ ခက်ခဲနိုင်ပါတယ်။ မဲရလဒ်တွေအရလည်း ၂၀၁၅ မှာ NLD ရဲ့ မဲရရှိမှုတွေက ၂၀၁၀ မှာ ကြံ့ခိုင်ရေးပါတီအနိုင်ရခဲ့စဉ်က မဲရရှိမှုထက်ပိုပြီး အားကောင်းနေတာလည်းတွေ့ရပါတယ်။ ကရင်ပြည်နယ်တွင်း မဲဆန္ဒရှင်ပြည်သူလူထုရဲ့ အရောင်အသွေးကို လေ့လာကြည့်တဲ့အခါမှာလည်း ကရင်လူမျိုးတစ်မျိုးတည်းတင်မက ပအို့ဝ်၊ မွန်နဲ့ ရှမ်း လူမျိုးတွေလည်း အများအပြားရောနှော နေထိုင်ကြတာကြောင့် ကရင်တိုင်းရင်းသားအရေးကို ဇောင်းပေးထားတဲ့ ကရင်ပါတီရဲ့ ရွေးကောက်ပွဲမဟာဗျူဟာဟာ နေရာအတော်များများမှာ လက်တွေ့ကျကျ အောင်မြင်ပေါက်မြောက်ပါမလားဆိုတာလည်း စဉ်းစားစရာရှိပါတယ်။ ဒါကြောင့် အခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အထက်မှာဖေါ်ပြထားတဲ့ ဖာပွန်နဲ့ သံတောင်ကြီးဒေသတွေကလွဲရင် ကျန်မဲဆန္ဒနယ်တွေမှာတော့ NLD က အခြေအနေကောင်းနိုင်တယ်လို့ သုံးသပ်ပါတယ်။

အခု ပြည်နယ်တွေထဲက နောက်ဆုံးကျန်ရှိနေတဲ့ ရခိုင်ကို သွားချင်ပါတယ်။ အခုဆိုရင် ရခိုင်ပြည်နယ်ဟာ လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူနဲ့ အမျိုးသားလွှတ်တော် စုစုပေါင်း၂၉ နေရာရှိတဲ့အနက် ၁၆ နေရာမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ပဲ ရွေးကောက်ပွဲ ဖျက်သိမ်းခဲ့တာကြောင့် ရခိုင်ပြည်နယ်တွင်း ပြည်သူနဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဟာ ၁၃ နေရာပဲ ကျင်းပနိုင်တာမို့ ၄၅% ပဲ ကျင်းပနိုင်တဲ့ သဘောရှိနေပါတယ်။ အခုလို ရွေးကောက်ပွဲ မကျင်းပနိုင်တာကို အကြောင်းပြုပြီး တိုင်းရင်းသားပါတီများအကြားမှာ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပစ်တင်မှုတွေ ပေါ်ပေါက်လျှက်ရှိသလို ဒီလို ရွေးကောက်ပွဲဖျက်သိမ်းခဲ့ရတဲ့ ဆုံးဖြတ်ချက်တွေရဲ့ အနောက်က အခြေခံအကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်အကြားမှာလည်း တစ်ဘက်ကို တစ်ဘက် အပြန်အလှန်လက်ညှိုးထိုးကြတဲ့ အခြေအနေအထိ အငြင်းပွားဖွယ် ဖြစ်လာတာလည်းတွေ့ရပါတယ်။ အခုလို အခြေအနေတွေကြောင့် ပြည်ထောင်စုလွှတ်တော်မှာ ရခိုင်ပြည်နယ်ကိုယ်စားပြုမှု ၁၆ နေရာ လျော့သွားခဲ့ရသလို ၃၄ နေရာရှိတဲ့ ရခိုင်ပြည်နယ်လွှတ်တော် ဟာလည်း ၁၈ နေရာမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့အတွက် ၄၇% သာ ပြည်သူကိုယ်စားပြုမှုပါဝင်တဲ့ လွှတ်တော်ဖြစ်သွားမှာဖြစ်တာကြောင့် ရခိုင်လွှတ်တော်နိုင်ငံရေးဟာ လက်တလောမှာ ငုတ်တုတ်ထိုင်နေရတဲ့ သဘောမှာရှိပါတယ်။ ဒီကြားထဲမှာ ပြဿနာက ပယ်ဖျက်ခံရတဲ့ မဲဆန္ဒနယ် ၁၆ နေရာထဲက ၁၅နေရာဟာ ရခိုင်တိုင်းရင်းသားပါတီဖြစ်တဲ့ ANP ပါတီရဲ့ ၂၀၁၅ အနိုင်ရနေရာတွေဖြစ်သလို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရရှိဖို့သေချာနေတဲ့ နေရာတွေဖြစ်တာကြောင့် အခုလိုဆုံးဖြတ်လိုက်တဲ့အပေါ်မှာ ANP ပါတီအနေနဲ့ အတော်လေး မခံမရပ်နိုင်ဖြစ်နေတာလည်း တွေ့ရပါတယ်။ ( ကျန်တဲ့ တစ်နေရာက အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၇ မောင်တောဒေသဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်)။

ဒီအခြေအနေကနေ ဖြစ်ပေါ်လာမယ့် ပြည်နယ်လွှတ်တော် အခင်းအကျင်းကို ကြည့်မယ်ဆိုရင်လည်း ရွေးကောက်ပွဲကျင်းပမယ့် ၁၆ နေရာမှာ လက်ရှိအနေအထားအရ ရခိုင်အမျိုးသားပါတီ ANP အနိုင်ရထားတဲ့ နေရာက ၆ နေရာသာပါဝင်ပြီး NLD အနိုင်ရထားတဲ့ နေရာက ၈ နေရာစလုံး ပါဝင်နေတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီရလဒ်အတိုင်းပဲ ထွက်ခဲ့မယ်ဆိုရင်တော့ ရခိုင်ပြည်နယ်လွှတ်တော်အဖွင့်ဟာ NLD အင်အားအသာနဲ့ စတင်လာမှာဖြစ်ပြီး အကယ်၍ NLD သာ အစိုးရ ထပ်ပြီးဖွဲ့နိုင်ခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ခန့်ထားရေးနဲ့ ပြည်နယ်အစိုးရဖွဲ့စည်းရေး အတွက် ပြည်နယ်လွှတ်တော် ထောက်ခံချက်ရယူနိုင်ရေးဟာ ၂၀၁၅ ထက်ပိုပြီး ချောချောမွေမွေ့ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲနယ်မြေအချို့ ဖျက်သိမ်းခြင်းဟာ NLD ပါတီရဲ့ နိုင်ငံရေးအကျိုးစီးပွားကို အထောက်အကူပြုနိုင်တယ်ဆိုတာကိုလည်း တွေ့ရပါတယ်။ ဒီအချက်ဟာလည်း အခြားပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားပါတီတွေအတွက် တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍအပေါ် လက်ရှိ အာဏာရပါတီရဲ့ အလေးအနက်မထားရှိမှုကို ပေါ်လွင်စေတဲ့ သာဓကတစ်ခုအဖြစ် သက်သေပြစရာဖြစ်သွားပါတယ်။ ဒီအကျိုးဆက်က တိုင်းရင်းသားပါတီတွေနဲ့ လက်ရှိ အာဏာရပါတီအကြား လာမယ့်ရွေးကောက်ပွဲမှာ ပေါ်ပေါက်လာမယ့် ယှဉ်ပြိုင်မှုကို ပိုပြီး ပြင်းထန်လာစေမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ရွေးကောက်ပွဲ သမိုင်းကြောင်းတလျှောက်ကို လေ့လာကြည့်တဲ့အခါ ၁၉၉၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်မှာ မဲဆန္ဒနယ် ၂၆ နေရာအတွက် ရွေးကောက်ပွဲတွေကျင်းပခဲ့ပြီး NLD က ၉ နေရာပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ၁၁ နေရာ အနိုင်ရရှိခဲ့ပြီး မြို ခေါ် ခမီ အမျိုးသားညီညွတ်ရေးအဖွဲ့က ၁ နေရာ၊ ကမန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁ နေရာ၊ အမျိုးသားလူအခွင့်အရေးပါတီက ၄ နေရာ အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် မဲဆန္ဒနယ် ၄ နေရာမှာ မွတ်စလင်နိုင်ငံရေးသမားများ ဦးဆောင်တဲ့ အမျိုးသားလူ့အခွင့်အရေးဒီမိုကရက်တစ်ပါတီက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ၎င်း အမျိုးသားလူ့အခွင့်အရေးဒီမိုကရက်တစ်ပါတီဟာလည်း ၁၉၉၂ ခုနှစ်မှာ ဖျက်သိမ်းခံခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပတဲ့အခါမှာတော့ လက်ရှိပုံစံအတိုင်း ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ပြည်ထောင်စုလွှတ်တော်အတွက် ပြည်သူ/ အမျိုးသားမဲဆန္ဒနယ်ပေါင်း ၂၉ ခုရှိပြီး ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက ၁၆ နေရာ ကြံ့ခိုင်ရေးပါတီက ၁၃ နေရာ အနိုင်ရရှိကာ အခြားသော ပါတီများအားလုံး တစ်နေရာမှ မရရှိပဲ ရှုံးနိမ့်ခဲ့ကြတာတွေ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ NLD က ပါဝင်ယှဉ်ပြိုင်ခဲ့လို့ တစ်နိုင်ငံလုံးမှာ နိုင်ငံရေးအခင်းအကျင်းတွေ ပြောင်းလဲခဲ့သလို ရခိုင်ပြည်နယ်မှာလည်း နိုင်ငံရေးအခင်းအကျင်းတွေ ပြောင်းလဲခဲ့ပါသေးတယ်။

အခြေခံကျတဲ့ အချက်အလက်အနည်းငယ်ကို တင်ပြရမယ်ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိပဲ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်ပြီး နေရာအတော်များများမှာ အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် NLD က လွှတ်တော်နိုင်ငံရေး (ဝါ) ရွေးကောက်ပွဲနိုင်ငံရေးကို ပြန်ဝင်ဖို့ ဆုံးဖြတ်ပြီးတဲ့၂၀၁၂ ခုနှစ်အလွန် ပါတီနိုင်ငံရေးအင်အားစုများအကြား အင်အားတည်ဆောက်မှုတွေ ဖြစ်ပေါ်လာကြတဲ့အချိန်မှာ ရခိုင်ပြည်နယ်မှာ ရေပန်းစားတဲ့ ပါတီ ၂ ခု ရှိနေပါတယ်။ ၁၉၉၀ အနိုင်ရပါတီနဲ့ လက်တလောအနိုင်ရထားတဲ့ ၂၀၁၀ အနိုင်ရပါတီရယ် ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ရခိုင်ပါတီနှစ်ခုဟာ လာမယ့် ၂၀၁၅ နိုင်ငံရေးအခင်းအကျင်းအသစ်ကို ရင်ဆိုင်ဖို့အတွက် ၂၀၁၃ခုနှစ်မှာ ပေါင်းစည်းခဲ့ကြပြီး ရခိုင်အမျိုးသားပါတီ ANP ကို ထူထောင်ခဲ့ကြပါတယ်။ ဒါကြောင့် ANP ဟာ ကြံ့ခိုင်ရေးနဲ့ NLD လို ပါတီကြီး ၂ ခုပါဝင်လာတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း နေရာအများဆုံးမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပြည်သူ/အမျိုးသား လွှတ်တော်၂ ခုပေါင်း ၂၉ နေရာမှာ ANP က ၂၂ နေရာ အနိုင်ရရှိခဲ့ပြီး NLD က ၅ နေရာ၊ ကြံ့ခိုင်ရေးပါတီက ၂ ရာ အသီးသီး အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ ရခိုင်ပြည်နယ် ရွေးကောက်ပွဲသမိုင်းကြောင်းတလျှောက် ခြုံကြည့်မယ်ဆိုရင် ရခိုင်တိုင်းရင်းသားပါတီဟာ ၁၉၉၀ ကတည်းက အောင်ပွဲဆင်နိုင်ခဲ့သလို ၂၀၁၅ ခုနှစ်တိုင်အောင် အောင်ပွဲတွေကို ထိန်းနိုင်ရုံမက အောင်မြေနေရာကို တိုးချဲ့ရယူနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီနေရာမှာ သတိထားမိတာတစ်ခုက ၁၉၉၀ ရွေးကောက်ပွဲမှာ ၄ နေရာ အနိုင်ရရှိခဲ့သော မွတ်စလင်ပါတီတစ်ခုဖြစ်တဲ့ အမျိုးသားလူအခွင့်အရေးပါတီဟာ ၂၀၁၀ မှာ ပြိုင်ဆိုင်မှုပျောက်ဆုံးသလို ရှိခဲ့ပေမယ့် ၁၉၉၀ မှာ အနိုင်ရရှိခဲ့သော အဆိုပါ ဘူးသီးတောင်နဲ့ မောင်တော မဲဆန္ဒနယ်တွေမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မွတ်စလင်လွှတ်တော်ကိုယ်စားလှယ်တွေကတော့ အနိုင်ရရှိခဲ့တာ တွေ့ရပါတယ်။

မွတ်စလင်ဘာသာဝင်တွေ အများစုနေထိုင်တဲ့ အဲဒီမဲဆန္ဒနယ် ၂ ခုမှာ မဲဆန္ဒရှင် သိန်းချီရှိပြီး မောင်တောမှာ ၂ သိန်းနီးပါးနဲ့ ဘူးသီးတောင်မှာ ၁ သိန်း ၂ သောင်းကျော် မဲလာပေးခဲ့တာ တွေ့ရပါတယ်။ ၂၀၁၂ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း ဒေသခံမွတ်စလင်နဲ့ ရခိုင်လူ့အသိုင်းအဝိုင်းအကြားမှာ ကြီးမားတဲ့ လူမျိုးရေးအထိကရုဏ်းဖြစ်ပွားခဲ့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အဲဒီနောက်ပိုင်းမှာကျင်းပတဲ့၂၀၁၅ ရွေးကောက်ပွဲမှာ ၂၀၁၀ တုန်းက သိန်းချီရှိခဲ့တဲ့ ဗူးသီးတောင်နဲ့ မောင်တော မဲဆန္ဒနယ်တွေက မဲပေးခွင့်ရှိသူ ဦးရေဟာ သောင်းဂဏန်းပဲရှိတာ တွေ့ရပါတယ်။ မောင်တောမှာ ၂ သောင်း၄ထောင်၊ ဘူးသီးတောင်မှာ ၃ သောင်း၆ ထောင် ကျော်ပဲ ရှိတာတွေ့ရပြီး အဲဒီ ၂ နေရာလုံးမှာ ANP က အနိုင်ရရှိခဲ့တာ တွေ့ရပါတယ်။

ဒါကြောင့် ရခိုင်တိုင်းရင်းသားပါတီရဲ့ ဒေသတွင်းနိုင်ငံရေးဟာ တရိပ်ရိပ်တက်လာခဲ့သလို ၁၉၉၀ တုန်းက အနိုင်ရခဲ့ဖူးတဲ့ မွတ်စလင်ပါတီနဲ့ မြို ခေါ် ခမီ၊ ကမန်တိုင်းရင်းသားပါတီတွေရဲ့ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်နိုင်မှုဟာလည်း ပျောက်ဆုံးသွားတာတွေ့ရပါတယ်။

အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း နေရာအများစုမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတာကြောင့် ရခိုင်ပြည်နယ်တွင်း ရွေးကောက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ ထူးပြီးခန့်မှန်းဖို့ မရှိဘူးလို့ ပြောရပါလိမ့်မယ်။ အခြေအနေတွေက ရွေးကောက်ပွဲပြန်ပြီးကျင်းပဖို့ အကြောင်းညီညွတ်ပြီလို့ ရွေးကောက်ပွဲကော်မရှင်က ယူဆတဲ့အချိန်မှာတော့ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲတွေဟာ ကြားဖြတ်ရွေးကောက်ပွဲတွေအဖြစ် ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲတွေဟာ အထွေထွေရွေးကောက်ပွဲတွေ လောက် တန်းမရှိသလို ခံစားရပေမယ့် လွှတ်တော်နိုင်ငံရေးအတွက်တော့ လျှော့တွက်လို့ မရဘူးလို့ ပြောရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲနဲ့ လွှတ်တော်ထဲကို စပြီးရောက်ခဲ့တာ ဖြစ်သလို ရခိုင်နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာအေးမောင်ဟာလည်း အထွေထွေရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးခါမှ နောက်ထပ်ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ လွှတ်တော်ထဲ ပြန်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်လွှတ်တော်နိုင်ငံရေးဟာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေက တစ်ဘက် အစည်းပြန်ပြေသွားတဲ့ ရခိုင်ပါတီကြီး နှစ်ခုအကြား အားပြိုင်မှုတွေက တစ်ဘက်နဲ့ ၂၀၂၀ အလွန်မှာလည်း ရုန်းကန်ရဦးမယ်လို့ သုံးသပ်လိုက်ပါတယ်။

နိဂုံးချုပ်အနေနဲ့ တင်ပြချင်တာကတော့ အထက်မှာ ကျွန်တော်သုံးသပ်တင်ပြသွားတဲ့ အကြောင်းအချက်များဟာ လွန်ခဲ့သော နှစ်ပေါင်း ၃၀အတွင်းက မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်သွားသော ရွေးကောက်ပွဲတွေရဲ့ မှတ်တမ်းမှတ်ရာများကနေ ဖေါ်ပြထားတဲ့ ကိန်းဂဏန်းအချက်အလက်များအပေါ်မှာသာ အခြေခံပြီး လေ့လာသုံးသပ် မှတ်ချက်ပြုထားတာဖြစ်ပါတယ်။ ကျွန်တော့ရဲ့ သုံးသပ်ချက်တွေထဲမှာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းက အာဏာရပါတီရဲ့ စွမ်းဆောင်ချက်များအပေါ် သူ့ကို မဲပေးရွေးချယ်ခဲ့တဲ့ မဲဆန္ဒရှင်တွေရဲ့ လက်တလော ခံစားချက် ဆုံးဖြတ်ချက်သဘောထားတွေကို ကျယ်ကျယ်ပြန့်ပြန့် အခြေခံထားနိုင်ခြင်း မရှိသလို ၂၀၂၀ရွေးကောက်ပွဲအခင်းအကျင်းရဲ့ ထူးခြားချက်လို့ ပြောလို့ရတဲ့ တိုင်းရင်းသားပါတီတွေရဲ့ အမျိုးသားရေးလှုံ့ဆော်မြှင့်တင်မှု၊ ဒေသတွင်းအင်အားစုများ ပူးပေါင်းဆင်နွှဲမှုကနေဖြစ်ပေါ်နိုင်တဲ့ သက်ရောက်မှုအားကိုလည်း အတိအကျ တိုင်းတာတွက်ချက် ထည့်သွင်းစဉ်းစားနိုင်ခြင်းလည်း မရှိခဲ့ဘူးဆိုတာကိုတော့ ရှင်းလင်းထားချင်ပါတယ်။ ဒီအချက်တွေကိုလည်း အခုအချိန်မှာ ခန့်မှန်းပြောဆိုနေမှုတွေသာရှိပြီး ဘယ်သူမှလည်း အတိအကျ ပြောနိုင်တဲ့သဘောလည်း မရှိတာသေချာပါတယ်။ တကယ်က အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကသာ အဲဒီ အကျိုးအကြောင်းတရားတွေကို ထုတ်ပြတော့မှာဖြစ်ပါတယ်။ အခုချိန်မှာ ကျွန်တော် အတိအကျပြောနိုင်တာ တစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ တစ်စိတ်တပိုင်းအားဖြင့် အစိုးရဖွဲ့နိုင်တဲ့ပါတီကို မဲပေးပါဆိုတဲ့ အယူအဆနဲ့ ကိုယ့်တိုင်းရင်းသားပါတီကို မဲပေးပါဆိုတဲ့ အယူအဆနှစ်ခု ပြိုင်တဲ့ပွဲဖြစ်တယ် ဆိုတာပါပဲ။

တကယ်က တိုင်းဒေသကြီးတွေမှာကျင်းပတဲ့ ရွေးကောက်ပွဲတွေက ရိုးစင်းပါတယ်။ ကြံ့ခိုင်ရေးပါတီနဲ့ NLD ပါတီတို့ရဲ့ ဒုတိယအကြိမ် စီးချင်းထိုးတဲ့ပွဲလို့ ပြောလို့ရသလို ရလဒ်တွေဟာလည်း နေရာအများအပြားမှာ ခန့်မှန်းလို့ရတဲ့ အခြေအနေမှာရှိနေပါတယ်။ ပြည်နယ် ရွေးကောက်ပွဲတွေမှာသာ တိုင်းရင်းသားပါတီတွေရဲ့ အမျိုးသားရေးတိုက်ပွဲခေါ်သံရှိနေတာကြောင့် သို့လောသို့လော တွေးစရာတွေ ရှိလာတာဖြစ်ပါတယ်။ လာမယ့် ၂၀၂၀ ပြည်နယ်ရွေးကောက်ပွဲတွေမှာ အခုလို လှုပ်လှုပ်ရှားရှားဖြစ်လာရတာဟာ တိုင်းရင်းသားပါတီတွေ အနေနဲ့ ကိုယ်ပိုင်မျှော်လင့်ချက်ကိုယ်စီနဲ့ သက်ဆိုင်ရာဒေသတွေမှာ နိုင်ငံရေးလူမျိုးရေးရည်မှန်းချက်တွေ ရှေ့ထားပြီး အားစိုက်လုပ်ဆောင်လာခြင်းကြောင့်ဖြစ်သလို မသိမသာ ကပ်ပါနေတဲ့ နောက်တစ်ချက်ကတော့ ကြံ့ခိုင်ရေးပါတီအနေနဲ့ NLD နဲ့ တိုင်းရင်းသားပါတီတွေရဲ့ ပြင်းထန်တဲ့ ပြိုင်ပွဲကနေ ဘေးထွက်အကျိုးရလဒ်အဖြစ် ထွက်ပေါ်လာနိုင်တဲ့ သူ့ရဲ့အောင်ပွဲကို တိတ်တဆိတ်မျှော်မှန်းထားနိုင်ခြင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပါတီကြီး ၂ ခုရဲ့ ရင်ဆိုင်ပွဲတွေကို လေ့လာကြည့်ရင် မြေပြန့်ဒေသတွေမှာ သူ့အားသာချက် သူ့အားနည်းချက် ဆိုတာကို ရှင်းရှင်းလင်းလင်း ကြည့်မြင်ရင်ဆိုင်ကြရတာဖြစ်ပါတယ်။ တိုင်းရင်းသားဒေသ ပြည်နယ်တွေမှာ ရင်ဆိုင်ရတဲ့အနေအထားကတော့ ကြံ့ခိုင်ရေးပါတီအနေနဲ့ NLD ကို တစ်ယောက်တည်းရင်ဆိုင်ရတာ မဟုတ်တဲ့အပြင် မာန်ဖီ ကြုံးဝါးပြီး ကိုယ့်ရှေ့ကနေတက်မယ့် တိုင်းရင်းသားပါတီတွေ ရှိနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် NLD နဲ့ ကြံ့ခိုင်ရေးပါတီကြီး ၂ ခုရဲ့ တိုက်ပွဲမြေပုံကို အပေါ်စီးက ကြည့်မြင်မယ်ဆိုရင် ပြည်နယ်ရွေးကောက်ပွဲနေရာတွေဟာ ကြံ့ခိုင်ရေးအတွက် NLD ကို သက်သောင့်သက်သာ ရင်ဆိုင်နိုင်သလို အောင်ပွဲရလဒ်ကို ပိုပြီးမျှော်လင့်နိုင်တဲ့ နေရာတွေလည်းဖြစ်နေပါတယ်။

ဒီနေရာမှာ တိုင်းရင်းသားပါတီတွေအနေနဲ့ရော NLD ကို အနိုင်ရရှိနိုင်မလားဆိုတာ စဉ်းစားကြည့်ရင် တိုင်းရင်းသားပါတီတွေဟာ NLD ရဲ့ မဲတွေကို ရယူနိုင်ရုံနဲ့တော့ အဲဒီမဲဆန္ဒနယ်တွေမှာ အနိုင်ရရှိမှာ မဟုတ်ပါဘူးလို့ ပြောရပါလိမ့်မယ်။ ကြံ့ခိုင်ရေးပါတီရဲ့ မဲကိုပါ ဖဲ့ယူနိုင်မှ နိုင်မှာဖြစ်ပါတယ်။ ပြည်နယ်ရွေးကောက်ပွဲတွေထဲက NLD အနိုင်ရ နေရာတွေမှာကြည့်ရင် ကြံ့ခိုင်ရေးပါတီက နေရာတိုင်းလိုလိုမှာ ဒုတိယမဲအများဆုံးဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အဲဒီကြံ့ခိုင်ရေးပါတီရဲ့ မဲတွေကိုပါ အရမယူနိုင်ရင်တော့ NLD မဲတွေသာ လျော့သွားပြီး တိုင်းရင်းသားပါတီက ရရှိတဲ့မဲကလည်း ကြံ့ခိုင်ရေးပါတီရဲ့ မဲကိုနိုင်ဖို့ မလုံလောက်ဖြစ်သွားမယ်ဆိုရင် အဲဒီတိုင်းရင်းသားမဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးပါတီက ကြားကနေ အနိုင်ရသွားနိုင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားပါတီ တွေအနေနဲ့ ပါတီကြီး ၂ ခုစလုံး ကို အနိုင်ရဖို့ မဟာဗျူဟာရော နည်းဗျူဟာပါ ပြည့်စုံလုံလောက်နေဖို့ လိုပါတယ်။ တိုင်ရင်းသားပါတီတွေအနေနဲ့ အခုချဉ်းကပ်နေတဲ့ တိုင်းရင်းသားအရေး၊ လူမျိုးစုအခွင့်ရေး၊ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအခန်းကဏ္ဍမြှင့်တင်ရေး ကြွေးကြော်လှုံ့ဆော်မှု ဗျူဟာဟာ မဲရုံ ထဲမှာ မဲပေးဖို့ ရောက်ရှိနေမယ့် မဲဆန္ဒရှင်တစ်ဦးရဲ့ စဉ်းစားဆုံးဖြတ်ချက်ကို တကယ်ပဲ အနိုင်ယူနိုင်မလားဆိုတာလည်း စဉ်းစားစရာရှိပါတယ်။ ဒါဟာ အထက်မှာ ကျွန်တော်ပြောခဲ့တဲ့ "အစိုးရဖွဲ့နိုင်တဲ့ပါတီကို မဲပေးပါ" ဆိုတဲ့ အယူအဆနဲ့ ကိုယ့်တိုင်းရင်းသားကိုယ် မဲပေးပါ" ဆိုတဲ့ အယူအဆနှစ်ခုပြိုင်တဲ့ပွဲမှာ ဒိုင်လူကြီးတွေဖြစ်တဲ့ မဲဆန္ဒရှင်တွေရဲ့ အမှတ်ပေးဆုံးဖြတ်ချက်လည်းဖြစ်ပါတယ်။ ပြည်နယ်ရွေးကောက်ပွဲတွေမှာ NLD နဲ့ ကြံ့ခိုင်ရေးပါတီတွေကို ကိုယ်စားပြုပြီး ဝင်ပြိုင်သူအများစုဟာလည်း တိုင်းရင်းသားတွေပဲ ဖြစ်နေတာ ကြောင့် ဒေသခံ တိုင်းရင်းသားတွေအနေနဲ့ ဘယ်လိုစဉ်းစားဆုံးဖြတ်မလဲဆိုတာ မသိနိုင်ပေမယ့် ဘယ်လိုစဉ်းစားဆုံးဖြတ်နိုင်လည်းဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ၁၉၉၀၊ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲ ၃ ခုစလုံးကို ပြန်ကြည့်ရင် တိုင်းရင်းသားဒေသက မဲဆန္ဒရှင်တွေဟာ မဲပေးရေးကို စဉ်းစားတဲ့အခါ နိုင်ငံတစ်ခုလုံးကို လွှမ်းခြုံတဲ့ နိုင်ငံရေးကို အခြေခံပြီး အများဆုံးစဉ်းစားကြတာ တွေ့ရပါတယ်။ သက်ဆိုင်ရာလူမျိုးစုကို မြှင့်တင်အားပေးလိုတဲ့ အတွေးအခေါ်ခံစားချက်နဲ့ မဲပေးခဲ့တဲ့နေရာတွေလည်းရှိပေမယ့် ရခိုင်နဲ့ ရှမ်းပြည်နယ်မှအပ အခြားပြည်နယ်တွေမှာ ပြည်နယ်တစ်ခုကို ၂ နေရာ ၃ နေရာ လောက်သာ ရှိတာတွေ့ရပါတယ်။ ဒီသဘောတရားကို အသေအချာလေ့လာကြည့်တဲ့အခါ အဓိက အချက် ၂ ချက် တွေ့ရပါတယ်။ ပထမတစ်ချက်က ပြည်နယ်အတွင်းမှာ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုရဲ့ ဒေသတွင်းနေထိုင်မှု သိပ်သည်းဆရှိရှိ ကျယ်ပြန့်ခြင်း၊ ဒုတိယတစ်ချက်က အဲဒီဒေသခံလူမျိုးစု ပြည်သူတွေအကြားမှာ အမြဲလို လူမျိုးရေးအမြင် နိုးကြားနေစေမယ့် ဒေသတွင်း ပဋိပက္ခအရှိန် အားကောင်းခြင်းဆိုတဲ့ ၂ ချက်ကို တွေ့ရပါတယ်။ ဒီအချက်တွေကပေးတဲ့ သဘောတရားတွေဟာ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ရဲ့ ရွေးကောက်ပွဲရလဒ်တွေမှာ တွေ့နိုင်သလို အချို့သော ပြည်နယ်တွေက တိုင်းရင်းသားပါတီအနိုင်ရတဲ့ နေရာတွေမှာလည်း တွေ့နိုင်ပါတယ်။ များသောအားဖြင့် တိုင်းရင်းသားပြည်နယ်တွေထဲက ပါတီကြီး ၂ ခု အနိုင်ရတဲ့နေရာတွေကို ကြည့်ရင် စီးပွားရေးအချက်အချာကျပြီး လူဦးရေ ထူထပ်များပြားတဲ့ လူမျိုးပေါင်းစုံနေထိုင်ရာ နေရာဒေသတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် အထက်မှာ ကျွန်တော်တင်ပြခဲ့တဲ့ အချက် ၂ ချက်နဲ့ တိုက်ဆိုင်နေတဲ့ ပြည်နယ်တွေထဲက မဲဆန္ဒနယ်တွေမှာတော့ လူမျိုးစုတစ်စုချင်းစီရဲ့ အမျိုးသားရေးကို မြှင့်တဲ့ တိုင်းရင်းသားပါတီတွေရဲ့ ရွေးကောက်ပွဲဗျုဟာဟာ အလုပ်လုပ်နိုင်ပါတယ်။ အလုပ်ဖြစ်နိုင်မလားဆိုတာကတော့ ရလဒ်တွေက အဆုံးအဖြတ်ပေးပါလိမ့်မယ်။

ဒီနေရာမှာ ကယားပြည်နယ်က ဗိုလ်ချုပ်ရုပ်တုပြဿနာနဲ့ မွန်ပြည်နယ်က ချောင်းဆုံတံတားပြဿနာဟာ ဒေသတွင်း လူမျိုးရေးဇာတိမာန်ကို မြှင့်တင်ပေးနိုင်မလား၊ အာဏာရပါတီရဲ့ အစိုးရဖွဲ့နိုင်တဲ့ပါတီကို မဲပေးပါဆိုတဲ့ ရွေးကောက်ပွဲ လှုံ့ဆော်ရေးဗျူဟာကို အနိုင်ပြန်တိုက်နိုင်မလားဆိုတဲ့ အချက်ကိုလည်း ခွဲခြမ်းစိတ်ဖြာကြည့်ချင်ပါတယ်။ ဗိုလ်ချုပ်ရုပ်တုပြဿနာရော ချောင်းဆုံတံတားပြဿနာ နှစ်ခုစလုံးကို လေ့လာကြည့်မယ်ဆိုရင် အာဏာရပါတီရဲ့လုပ်ရပ်နဲ့ ဆုံးဖြတ်ချက် က ဒေသတွင်း လူမျိုးစုတွေရဲ့ အသံနဲ့ ဆန္ဒကို မျက်ကွယ်ပြုတယ်ဆိုတဲ့ အဓိပ္ပါယ်ကောက်ယူမှုကို ဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။ သဘောတရားကတော့ နှိုင်းယှဉ်ခြင်းအတွေးအခေါ်တစ်ခုကနေ တစ်ဆင့် အဓိပ္ပါယ်ကောက်ယူရတာမျိုးဖြစ်ပြီး တိုင်းရင်းသားတွေ အထွဋ် အမြတ်ထားရာ တန်ဖိုးထားရာ တစ်စုံတစ်ရာကို ဖယ်ရှားလိုက်လို့ ဖြစ်ပေါ်လာတဲ့ နစ်နာဆုံးရှုံးမှုကို တိုက်ရိုက်အဓိပ္ပါယ်ပေါ်စေတဲ့ ပြဿနာမျိုးတွေမဟုတ်တာ တွေ့ရပါတယ်။ ဒါကြောင့် ဒီပြသနာတွေကို အကြောင်းပြုပြီး စိတ်ဓါတ်မြှင့်တင်ရေး၊ လှုံ့ဆော်ရေးဟာ အာဏာရပါတီ NLD အပေါ် မကျေနပ်စိတ် ခံပြင်းစိတ်နဲ့ တိုင်းရင်းသားပါတီကို မဲပေးခိုင်းတဲ့သဘောသာ သက်ရောက်ပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ချိတ်ဆက်နေတဲ့ အစိုးရဖွဲ့နိုင်မယ့်ပါတီကို မဲပေးပါဆိုတဲ့ အာဏာရပါတီရဲ့ ရွေးကောက်ပွဲ ဗျူဟာမြောက်လှုံ့ဆော်မှုကို တိုက်ရိုက်ထိုးနှက်နိုင်ခြင်း မရှိတာတွေ့ရပါတယ်။ ဒါကြောင့် တိုင်းရင်းသားပါတီတွေရဲ့ ဗျူဟာဟာ လက်တွေ့မှာတော့ NLD ပါတီ အနိုင်ရရှိခဲ့ပြီး NLD ကို မဲပေးခဲ့တဲ့ ဒေသတွေက ဒေသခံတွေအတွက်တော့ သူတို့ရဲ့ အတွေးကို ဝေဝါးစေတဲ့ အာနိသင်ထက်ပိုပြီး တိုင်းရင်းသားပါတီကို မဲပေးရတဲ့အထိ အစွမ်းပြပါ့မလားဆိုတာ စဉ်းစားစရာရှိပါတယ်။

ဒါကြောင့် အားလုံးကို ခြုံငုံပြီး သုံးသပ်ကြည့်တဲ့အခါ ပြည်နယ်ရွေးကောက်ပွဲတွေမှာ တိုင်းရင်းသားပါတီတွေအနေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းမှုကပေးတဲ့ ဆုလာဘ်အနေနဲ့ အမာခံနယ်မြေအချို့မှာ အောင်ပွဲခံနိုင်ပြီး ကြံ့ခိုင်ရေးပါတီအနေနဲ့ကတော့ ကံကြမ္မာက ဘယ်လောက်မျက်နှာသာပေးမလဲဆိုတဲ့ အပေါ်မှာ ရှုံးခဲ့တဲ့နေရာအချို့ကို မျှော်လင့်ချက်ထားနိုင်သလို နိုင်ခဲ့တဲ့နေရာအချို့လည်း ဆုံးရှုံးသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။ တကယ်တော့ ပြည်နယ်ရွေးကောက်ပွဲတွေမှာ NLD ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ တိုင်းရင်းသားပါတီတွေနဲ့ ကြံ့ခိုင်ရေးပါတီ ၂ ခုစလုံးဟာ အစိုးရဖွဲ့နိုင်တဲ့ မျှော်လင့်ချက်နဲ့ ဝေးကွာလွန်းတဲ့ အနေအထားမှာရှိနေတာဖြစ်ပြီး NLD က လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်ခြင်းမရှိပဲ ပြိုင်ဘက်ပါတီများနဲ့ အပေးအယူလုပ်လာရမယ့် ရလဒ်အခြေအနေတစ်ခုကိုသာ ရည်မှန်းထားကြတာဖြစ်ပါတယ်။

NLD အနေနဲ့ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့စေနိုင်ခဲ့တဲ့ ၃၉၀သော တစ်ပြည်လုံးအတိုင်းအတာနဲ့ အနိုင်ရနေရာတွေထဲက ၁၁၀သော ပြည်နယ်အနိုင်ရနေရာတွေထဲမှာ နေရာ ၂၀ လောက် ရှုံးသွားလည်း မထောင်းသာတဲ့ အနေအထားမှာရှိနေပါတယ်။ NLD အနေနဲ့လည်း အဲဒီလို စွန့်စားမှုရှိနေတဲ့ ပြိုင်ပွဲနေရာတွေကို အစားထိုးဖာထေးမယ့် အောင်ပွဲနေရာသစ်တွေလည်း မျှော်မှန်းရွေးချယ်ပြီး ပြင်ဆင်လာတာ တွေ့ရတဲ့အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲထဲက ပြည်နယ်ရွေးကောက်ပွဲတွေရဲ့ ရလဒ်တွေဟာ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးနဲ့ ဒီမိုကရေစီသဘောတရား ရင့်ကျက်မှုရေချိန်၊ ဖက်ဒရယ်စနစ်တည်ဆောက်ရေးအတွက် အနာဂတ် အလားအလာနဲ့ စိန်ခေါ်မှုတွေကို လက်တွေ့ကိန်းဂဏန်းတွေနဲ့ ပြသမှာဖြစ်တာကြောင့် ဘယ်သူ အာဏာရတယ် မရဘူး၊ အာဏာဟာ ဘယ်သူ့လက်ထဲမှာ ရှိတယ် မရှိဘူး ဆိုတာထက် တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်နဲ့ နိုင်ငံရေးစနစ်ကပေးတဲ့ တည်ငြိမ်မှုကို နိုင်ငံသားတွေ အားလုံး၊ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးက အဓိကထားပြီး အဖြေရှာတည်ဆောက် ရယူနိုင်မယ့် ဖြောင့်ဖြူးသော အနာဂတ်လမ်းကို ရွေးကောက်ပွဲတွေကနေ လမ်းပြပေးနိုင်ပါစေကြောင်း ဆန္ဒပြုရင်း ကျွန်တော့ရဲ့ သုံးသပ်ချက်ကို နိဂုံးချုပ်လိုက်ပါတယ်။

(စာရေးသူ ကိုသီဟသွေးသည် ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သကဲ့သို့ မြန်မာ့နိုင်ငံ့ရေးအကြောင်းလေ့လာရေးသားနေသော ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။ ဤဆောင်းပါးသည် စာရေးသူ၏ ဝေဖန်သုံးသပ်ချက်သာဖြစ်ပြီးMyanmar Now ၏ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

စာရေးသူ ကိုသီဟသွေးသည် ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သကဲ့သို့ မြန်မာ့နိုင်ငံ့ရေးအကြောင်းလေ့လာရေးသားနေသော ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading