ဦးအယ်လ်ဖောင်းရှိုအပေါ် မယ်စဲ့ဒေသခံများ၏ ထောက်ခံမှုအများအပြား ရှိနေသေးသော်လည်း ပြည်သူ့ဘဏ္ဍာငွေကို ပါတီနှင့် ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲမှုကြောင့် စွပ်စွဲပြစ်တင်ခံရကာ ရာထူးမှ ရပ်စဲခံရခြင်းသည် မြို့နေလူထုအတွက် သိက္ခာကျဆင်းစေသောလုပ်ရပ်ဖြစ်သည်ဟု ဒေသခံ အာဏာရပါတီဝင်ဟောင်းတစ်ဦးက ဆိုသည်
ကယားပြည်နယ်၏ မြို့တော်လွိုင်ကော်မှ ကားဖြင့် လေးနာရီခန့်မောင်း၍ မြို့နယ်ငါးခုကို ဖြတ်ကျော်ပြီးလျှင် နယ်စပ်မြို့ကလေး မယ်စဲ့သို့ ရောက်သည်။ မြို့ပေါ်ရပ်ကွက်နှစ်ခုသာ ရှိသည့် မယ်စဲ့မြို့တွင် လူဦးရေမှာလည်း ၈,၀၀၀ ခန့်သာရှိသည်။ ရှမ်း၊ ကရင်နှင့် ကယန်းလူမျိုး အများဆုံးနေထိုင်ကြသည်။
လူဦးရေထောင်ဂဏန်းသာရှိသည့် မြို့ငယ်ကလေးဖြစ်သော်လည်း စာသင်ကျောင်း၊ ဆေးရုံ၊ ဝန်ထမ်းအိမ်ရာ စသည်တို့မှာ ကွန်ဂရစ်တိုက်အဆောက်အအုံများ ဖြစ်သည်။ ယင်းအခြေအနေမှာ ပြီးခဲ့သည့် ငါးနှစ်အတွင်းတွင်မှ ပြောင်းလဲလာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။

“ကျွန်တော်တို့ တအားနှစ်သက်တယ်၊ တအားလည်းကြိုက်တယ်။ ဒီတစ်မြို့နယ်လုံးပဲ သူလည်း တကယ့်ကို စေတနာရှိတယ်။ ဒီမယ်စဲ့တစ်မြို့တည်း မဟုတ်ဘူး ကယားပြည်နယ်တစ်ပြည်နယ်လုံးကို စေတနာရှိတယ်။ သူ့လိုမျိုး စေတနာရှိတဲ့လူ ကျွန်တော်တို့ ရှာလို့မတွေ့သေးသလိုပဲ” ဟု ပြောလာသူမှာ မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်နေ ဦးမြစန်း ဖြစ်သည်။
၆၆ နှစ်အရွယ် ဦးမြစန်း ရည်ညွှန်းပြောဆိုနေသူမှာ မယ်စဲ့တွင် ကြီးပြင်းခဲ့သည့် ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ဖြစ်သည်။ မယ်စဲ့မြို့နယ်အတွင်းရှိ ရွာစွန်ရွာဖျားမကျန် လျှပ်စစ်မီးရအောင် လုပ်ပေးခဲ့ပြီး ဦးအယ်လ်ဖောင်းရှိုကဲ့သို့သော ဒေသခံဝန်ကြီးချုပ်တစ်ဦးအတွက် ဂုဏ်ယူမိကြောင်း ဦးမြစန်းက ဆိုသည်။


ဦးမြစန်း ဂုဏ်ယူရသည်ဆိုသော ဦးအယ်လ်ဖောင်းရှိုသည် ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်က ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များအနက် အသက်အငယ်ဆုံးလည်း ဖြစ်ခဲ့သည်။ သို့သော် ပြည်နယ်ရန်ပုံငွေကို အလွဲသုံးသည်ဆိုကာ လွန်ခဲ့သောနှစ်လခန့်က လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုဖြင့် ဝန်ကြီးချုပ်ရာထူးမှ ရပ်ဆိုင်းခံခဲ့ရသူလည်းဖြစ်သည်။


ဦးအယ်လ်ဖောင်းရှိုသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) ၌ ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး ကယားဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်သည်။ ဝန်ကြီးချုပ်သက်တမ်း ကုန်ခါနီး အချိန်တွင် ရာထူးမှ ရပ်ဆိုင်းခံခဲ့ရပြီးနောက်တွင်ပင် ဦးအယ်လ်ဖောင်းရှိုအပေါ် ဒေသခံများက ချစ်ခင်နေကြဆဲဖြစ်သည်။
“သူလုပ်ပေးတာ အများကြီးပြောင်းလဲသွားတာဆိုတော့ သူ့ကို အဲဒါပဲမြင်တယ်လေ။ ပြည်သူတွေက သူ့အပြစ်ကို မမြင်လိုဘူး” ဟု ဦးမြစန်းက ပြောသည်။
မယ်စဲ့ဒေသခံအများစု၏ ထောက်ခံမှုကြောင့်ပင် ဦးအယ်လ်ဖောင်းရှိုသည် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြုကာ ယင်းမဲဆန္ဒနယ်မှပင် ထပ်မံယှဉ်ပြိုင်ဦးမည်ဖြစ်သည်။
သို့သော်လည်း ဦးအယ်လ်ဖောင်းရှိုအပေါ် မယ်စဲ့ဒေသခံများနှင့် ကယားအရပ်ဖက်အဖွဲ့အစည်းများကြား မတူညီသည့် အမြင်များ ရှိနေသည်။
ဦးအယ်လ်ဖောင်းရှို၏ ဒေသတိုးတက်ရေးအပေါ် လုပ်ဆောင်ပေးမှုများသည် အစိုးရအခွင့်အာဏာကို သုံးပြီး ပုဂ္ဂိုလ်ရေးတည်ဆောက်ခြင်းဖြစ်သည်ဟု ပြည်နယ်တွင်း အတိုက်အခံ နိုင်ငံရေးပါတီအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ကြသည်။
“မသိနားမလည်တဲ့ လူထုတစ်ချို့ကတော့ သူပေးကမ်းတဲ့အပေါ်မှာ အထင်ကြီးကြတယ်” ဟု မယ်စဲ့မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ကယန်းအမျိုးသားပါတီ (KNP) ကိုယ်စားပြုကာ ယှဉ်ပြိုင်မည့် လွီးစီငြိမ်း (ခေါ်) ခွန်းဘီထူးက ပြောသည်။
ဦးအယ်လ်ဖောင်းရှို ပုံရိပ်ကောင်းရှိခဲ့သည့် မဲဆန္ဒနယ်
၂၀၁၅ ရွေးကောက်ပွဲ၌ ကယန်းအမျိုးသားပါတီသည် ဦးအယ်လ်ဖောင်းရှိုကို မဲကွာခြားမှု ၄၁ ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ထိုစဉ်က ရခဲ့သည့် ထောက်ခံမဲထက် တိုးလာနိုင်မည်ဟု မျှော်လင့်ချက်ရှိကြောင်း ခွန်းဘီထူးက ဆက်ပြောသည်။
သို့သော် ကယန်းအမျိုးသားပါတီအနေဖြင့် လက်ရှိအာဏာရပါတီနှင့် နှိုင်းယှဉ်ပါက ငွေကြေးသုံးစွဲနိုင်မှုနှင့် လူမှုကွန်ရက်တွင် ထိုးဖောက်နိုင်မှု အားနည်းသဖြင့် စိန်ခေါ်မှုများရှိနေသည်ဟု ၎င်းကဆိုသည်။
မည်သို့ပင်ဆိုစေကာမူ ငါးနှစ်အတွင်း အခြားမြို့နယ်များထက် မယ်စဲ့မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုပီပြင်လာခြင်းနှင့် အခြားငွေကြေးသုံးစွဲခြင်းကလည်း ဒေသခံများအတွက် လက်ရှိအာဏာရပါတီအပေါ် ပိုမိုတိမ်းညွတ်စေသည်မှာ အမှန်ပင်ဖြစ်သည်။
မယ်စဲ့မြို့နယ်သည် ကယားပြည်နယ်တွင် လူဦးရေအနည်းဆုံးမြို့တစ်မြို့ဖြစ်ပြီး တစ်ပြည်နယ်လုံး၏ နှစ်ရာခိုင်နှုန်းခန့်သာရှိသည်။ ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဌာန၏ ၂၀၁၇-၁၈ မှ ၂၀၁၉-၂၀ ခုနှစ်အထိ ခန့်မှန်းဘက်ဂျက်စာရင်းများအရ မယ်စဲ့မြို့နယ်၏ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်သည် ၎င်းထက် လူဦးရေပိုများသော ဘောလခဲထက် တစ်ဆခွဲခန့် ပိုများသည်။
မဲပေးပိုင်ခွင့်ရှိသူ ၅,၀၀၀ ကျော်သာ ရှိသည့် မယ်စဲ့မြို့တွင် နိုင်ငံရေးပါတီ ၇ ခုမှ ကိုယ်စားလှယ်လောင်း ၂၃ ဦး နှင့် တစ်သီးပုဂ္ဂလိက နှစ်ဦး ဝင်ပြိုင်ကြမည်ဖြစ်သည်။ ဦးအယ်လ်ဖောင်းရှို ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင်မူ ၎င်းအပါအဝင် ကိုယ်စားလှယ်လောင်း ငါးဦးရှိသည်။ ပြိုင်ဖက်ကိုယ်စားလှယ်လောင်းများအနေဖြင့် ထောက်ခံမဲရာဂဏန်းရရုံဖြင့် ကိုယ်စားလှယ်အဖြစ် အနိုင်ရနိုင်မည့် အခွင့်အရေးရှိနေသလို ဦးအယ်လ်ဖောင်းရှို၏ ဒေသပုံရိပ်ကိုလည်း ထည့်သွင်းတွက်ချက်ရမည် ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မယ်စဲ့မြို့၏ မဲဆန္ဒနယ်အားလုံးတွင် NLD က အနိုင်ရခဲ့ပြီး ဦးအယ်လ်ဖောင်းရှိုသည် ၎င်း၏ မဲဆန္ဒနယ်တွင် ခိုင်လုံမဲ ၁,၃၁၉ မဲအနက် ၇၂၅ မဲဖြင့် အနိုင်ရခဲ့သည်။
ကယားပြည်နယ် လွိုင်ကော်မြို့ရှိ လောပိတရှမ်းရွာတွင် မွေးဖွားခဲ့သူ ဦးအယ်လ်ဖောင်းရှိုသည် ငါးတန်းကျောင်းသားအရွယ်တွင် ဖခင်ဖြစ်သူ ရဲဝန်ထမ်းနှင့်အတူ မယ်စဲ့မြို့နယ်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
ကယန်းနှင့် ရှမ်းသွေးပါသော ဦးအယ်လ်ဖောင်းရှိုသည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ကျောင်းဆင်းတစ်ဦးဖြစ်ပြီး မယ်စဲ့မြို့နယ်တွင် ၂၀၀၁ မှ ၂၀၁၅ အထိ ၁၅ နှစ်ကြာ ပညာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြ ကျောင်းဆရာအဖြစ်မှ လက်ထောက်မြို့နယ်ပညာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၅ တွင် ရာထူးမှ နုတ်ထွက်ကာ NLD ပါတီသို့ ဝင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဦးအယ်လ်ဖောင်းရှို ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ရန် ၂၀၁၅ မေလအတွင်းက NLD ၏ သုတေသနနှင့်မဟာဗျူဟာလေ့လာရေး ဗဟိုကော်မတီအတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းနှင့် ချိတ်ဆက်ပေးခဲ့သူမှာ မယ်စဲ့မြို့နယ် NLD ကို စတင်ထူထောင်ခဲ့သူ စိုင်းထွန်းရင် ဖြစ်သည်။
“ဒီမှာက စာတတ်ပေတတ်တဲ့လူလည်း သိပ်မရှိဘူးလေ။ လူလည်းနည်းတာကိုး။ အဲဒါကြောင့်မို့လို့ခေါ်တာ” ဟု စိုင်းထွန်းရင်က Myanmar Now ကို ပြောသည်။
စိုင်းထွန်းရင်သည် ၂၀၁၂ မှစ၍ မယ်စဲ့မြို့နယ် NLD ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ကိုယ်စားလှယ်လောင်းရွေးချယ်သည့် ကိစ္စနှင့်ပတ်သက်၍ ပြည်နယ် NLD ရုံးနှင့် သဘောထားကွဲလွဲမှုကြောင့်၂၀၁၅ တွင် ပါတီမှ နုတ်ထွက်ခဲ့သူ ဖြစ်သည်။
၎င်းကိုယ်တိုင် NLD နှင့် ချိတ်ဆက်ပေးခဲ့သူဖြစ်သော်လည်း ငွေကြေးသုံးစွဲမှုပြဿနာများဖြင့် ဦးအယ်လ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံရသည့်အပေါ် စိုင်းထွန်းရင်၏ အမြင်က အခြားဒေသခံအများစုနှင့် မတူပေ။
“ကျွန်တော့်အမြင်နဲ့ဆိုရင်တော့ သူက လုပ်တဲ့ပုံစံက ဇွတ်လုပ်တဲ့သဘောမျိုးပါပဲ။ တခြားလူကို ဂရုမစိုက်တဲ့ သဘောမျိုးပါပဲ” ဟု ၎င်းက ပြောသည်။
ပြည်သူ့ဘဏ္ဍာငွေကို ပါတီနှင့် ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲခြင်းသည် မြို့နေလူထုအတွက် သိက္ခာကျဆင်းစေသောလုပ်ရပ်ဖြစ်ပြီး ရိုးသားဖြူစင်သော မယ်စဲ့ဒေသခံများသည် ထိုအချက်ကို မသိကြဟု စိုင်းထွန်းရင်က ဖြည့်စွက်ပြောသည်။
“(ဒေသခံတွေက) ရိုးသားတယ်။ နိုင်ငံရေးအတွေ့အကြုံလည်း မရှိကြဘူး။ အများအားဖြင့်ဆိုရင်တော့ စားဝတ်နေရေးနဲ့ပဲ လုံးပန်းနေရတယ်လေ။ ထဲထဲဝင်ဝင်လည်း မသိဘူး” ဟု ၎င်းက ဆိုသည်။
ငွေကြေးအလွဲသုံးမှုနှင့် စွပ်စွဲပြစ်တင်ခံရမှု
ပြည်နယ်ရန်ပုံငွေများ အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲချက်များဖြင့် ပြည်နယ်လွှတ်တော်အမတ်လေးပုံတစ်ပုံက လွှတ်တော်တွင် ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်အဆို တင်သွင်းခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးစေခဲ့သည်။
ငွေကြေးသုံးစွဲမှုဆိုင်ရာ စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးတွေ့ရှိချက်များမှာ မှန်ကန်ကြောင်း စက်တင်ဘာ ၃ ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ပြီးနောက် ဦးအယ်လ်ဖောင်းရှိုကို ရာထူးမှ ရပ်စဲသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထို့နောက် စက်တင်ဘာ ၃ တွင် ၎င်းကို နိုင်ငံတော်သမ္မတက ရာထူးမှ ရပ်စဲခဲ့သည်။
ကယားပြည်နယ်စာရင်းစစ်ချုပ်အစီရင်ခံစာအရ ဦးအယ်လ်ဖောင်းရှိုသည်၂၀၁၆ မှ ၂၀၁၈ အတွင်း ပြည်သူပိုင် စက်ယန္တရား ငှားရမ်းခရငွေ ကျပ် သိန်း ၅,၀၀၀ ကျော်အနက် သိန်း ၄၀၀ ခန့်ကို ပါတီကိစ္စနှင့် ကိုယ်ရေးကိုယ်တာကိစ္စများ သုံးစွဲခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်သမီးမင်္ဂလာဆောင် လက်ဖွဲ့ငွေ၊ ဦးဝင်းထိန်နှင့်အဖွဲ့ကို ဧည့်ခံကျွေးမွေးစရိတ်၊ NLD ရန်ကုန်ရုံးသို့ အစည်းအဝေးတက်ရောက်သည့် စရိတ်တို့အပြင် ဧည့်ခံကျွေးမွေးခြင်း၊ မင်္ဂလာဆောင်လက်ဖွဲ့ခြင်းနှင့် နာရေးထောက်ပံ့ခြင်း စသည့်ခေါင်းစဉ်များဖြင့် သုံးစွဲထားခြင်းဖြစ်ကြောင်း ပြည်နယ်စာရင်းစစ်ချုပ်အစီရင်ခံစာက ဆိုသည်။
၎င်းအပေါ် အပြုသဘောမဆန်ဘဲ လုပ်ပိုင်ခွင့်ရှိချိန်တွင် နိုင်ထက်စီးနင်း ပြုမူမှုများသည် နိုင်ငံအတွက် ကောင်းမွန်သည့်အနေအထားကို ရောက်လာမည်မဟုတ်ဟု ဦးအယ်လ်ဖောင်းရှိုက ဆိုသည်။
“လူတိုင်းမှာ အမှားမကင်းနိုင်ကြပါဘူး။ ဘယ်သူမှ အမှားကင်းတယ်ဆိုတာ မရှိပါဘူး။ ဘယ်သူမှ ပြီးပြည့်စုံတဲ့ လူသားဆိုတာ မရှိပါဘူး။ အဲတော့ လုပ်ငန်းများများ လုပ်တဲ့အခါမှာ အပြုသဘောနဲ့ ပြုပြင်တည့်မတ်နိုင်ဖို့သာ အဓိကကျပါတယ်” ဟု စွပ်စွဲပြစ်တင်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ ဦးအယ်လ်ဖောင်းရှိုက ပြောသည်။
စွပ်စွဲပြစ်တင်ခြင်းနှင့် ပတ်သက်သည့် လွှတ်တော်လုပ်ငန်းစဉ်များ အခြေခံဥပဒေနှင့် ညီမညီ အဓိပ္ပါယ်ဖွင့်ဆိုပေးရန် ဦးအယ်လ်ဖောင်းရှိုက သမ္မတမှတစ်ဆင့် အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခဲ့ပြီး ခုံရုံးကလည်း အငြင်းပွားဖွယ် အခြေခံဥပဒေပြဋ္ဌာန်းချက်များကို ပိုမိုတိကျစွာ အဓိပ္ပါယ်ဖွင့်ဆိုပေးခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲနီးမှ ပါတီဝင်ဖြစ်ခဲ့သော်လည်း ဦးအယ်လ်ဖောင်းရှိုသည် ပါတီတွင်း အလျင်အမြန် ဩဇာကြီးလာပြီး ပါတီဝင်သက်တမ်း သုံးနှစ်နီးပါးရှိချိန်တွင် ထိပ်ပိုင်းနေရာဖြစ်သော ဗဟိုကော်မတီဝင်အထိ တက်လှမ်းနိုင်ခဲ့ကာ ပါတီဗဟိုနှင့် နီးကပ်သော ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့ကြောင်း NLD ပါတီဝင်ဟောင်းများအပါအဝင် ပြည်နယ်တွင်း နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။
ဦးအယ်လ်ဖောင်းရှိုကို ရာထူးမှ ရပ်စဲကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့သည့်နေ့တွင်ပင် ၎င်းအပေါ် စွပ်စွဲပြစ်တင်ခြင်းကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဥပဒေနှင့်မညီဘဲ ပုဂ္ဂိုလ်ရေးအာဃာတဖြင့် လုပ်ဆောင်ခဲ့ကြောင်း NLD ပါတီဗဟိုက ထုတ်ပြန်ကြေညာခဲ့သည်။ ယခုကဲ့သို့ ပါတီဗဟိုက ဦးအယ်လ်ဖောင်းရှိုကို ကာကွယ်ပေးသည့် လုပ်ရပ်အပေါ် ကယားပြည်နယ် အရပ်ဘက်နှင့် နိုင်ငံရေးအင်အားစုများက စိတ်ပျက်ခဲ့ကြသည်။
ဦးအယ်လ်ဖောင်းရှိုနှင့် ပတ်သက်၍ ဟိုးလေးတကျော် ပြဿနာများသည် ယခုမှ ပထမဆုံးအကြိမ် ပေါ်ပေါက်ခဲ့ခြင်းတော့ မဟုတ်ပါ။
NLD ပါတီ အာဏာရပြီး နှစ်အငယ်အတွင်းမှာပင် ကယားပြည်နယ်၌ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူသည့်ကိစ္စနှင့်ပတ်သက်၍ လူငယ်ဝန်ကြီးချုပ်နှင့် ဒေသခံလူငယ်များကြား အက်ကြောင်းများ ဖြစ်ပေါ်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် အတင်းအကျပ် စိုက်ထူခဲ့သည့်အပေါ် ဒေသခံလူငယ်များက ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ၎င်းတို့ကို ရဲအင်အားသုံးကာ ရာဘာကျည်ဖြင့် ပစ်ခတ်လူစုခွဲခြင်းနှင့် မငြိမ်မသက်ဖြစ်လာပါက ဝန်ကြီးချုပ်၏ လုပ်ပိုင်ခွင့်အရ တပ်မတော်ကို တာဝန်ပေးမည်ဟုပင် ဦးအယ်လ်ဖောင်းရှိုက ပြောဆိုခြင်းများ ရှိခဲ့သည်။
ဗိုလ်ချုပ်ကြေးရုပ်နှင့်ပတ်သက်၍ ကယားဝန်ကြီးချုပ်နှင့် ဝန်ကြီးကို ဝေဖန်ခဲ့သည့် လူငယ်ခြောက်ဦးကို ပြည်နယ်အစိုးရက တရားစွဲကာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေ (နိုင်လွတ်လုံ) ပုဒ်မဖြင့် ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့သည်။
ထို့ပြင် ၂၀၁၈ အတွင်းကလည်း မယ်စဲ့မြို့နယ်ရှိ ကက်သလစ်သာသနာပြုကျောင်းမြေကို ဝန်ကြီးချုပ်က ၎င်းအမည်ဖြင့် ဂရံဖောက်ကာ သိမ်းယူသည်ဟု အဆိုပါသာသနာပြုအဖွဲ့က စွပ်စွဲခဲ့သည်။ ထိုဖြစ်စဉ်အပေါ် ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်နှင့် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်တို့ ပါဝင်သော NLD ပါတီ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်းစိစစ်ခဲ့ပြီး ပြေလည်အောင် ညှိနှိုင်းပေးခဲ့ရသည်။
“အသက်အငယ်ဆုံးဆိုပေမယ့် ကျွန်တော်ဘယ်တော့မှ ပရမ်းပတာမလုပ်ဘူး။ လက်ရှိနိုင်ငံတော်တည်ဆဲမူဝါဒ ဆိုင်ရာအကြီးအကဲတွေရဲ့လမ်းညွှန်မှု အမြဲတမ်းခံယူပြီးမှ အကောင်းဆုံးစီမံခန့်ခွဲတယ်” ဟု ၎င်း၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ဦးအယ်လ်ဖောင်းရှိုက ခုခံပြောဆိုသည်။
“ဒီလိုစီမံဆောင်ရွက်တဲ့နေရာမှာ လူတိုင်းမှာ ပြီးပြည့်စုံမှုဆိုတာ ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် အကောင်းဆုံး စီမံသွားပေးနိုင်တာကတော့ ကျွန်တော်ယုံကြည်တယ်။ ကိုယ့်လိပ်ပြာလည်းကိုယ်သန့်တယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။
ထိုသို့ ဦးအယ်လ်ဖောင်းရှိုနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ကိစ္စများရှိခဲ့သော်လည်း ၎င်း၏မဲဆန္ဒနယ်မြေဖြစ်သည့် မယ်စဲ့မြို့နယ်လူထုအတွင်း ဂယက်ရိုက်ခတ်မှု မရှိခဲ့ပါ။
ဦးအယ်လ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံရသည့် ဖြစ်စဉ်အသေးစိတ်ကို နားမလည်သော်လည်း အကယ်၍ အပြစ်ရှိခဲ့ပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ အမှားမလုပ်ထား၍ အရေးယူမခံရခြင်းဖြစ်သည်ဟု နားလည်ကြောင်း မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်နေ ဦးမြစန်းက ပြောသည်။
မယ်စဲ့မြို့နယ် နမ့်ဟူရွာနေ ၄၅ နှစ်အရွယ် ဒေါ်စောလှိုင်ကလည်း “တခြားလူက အကောင်းမမြင်တော့ အပြစ်တင်ထားတာပေါ့။ ကျွန်မတော့ မဖြစ်စေချင်ဘူး မဖြစ်နိုင်ဘူး။ အစတုန်းက သူက ကျောင်းဆရာဖြစ်တာလေ။ စိတ်သဘောထားကောင်းတယ်” ဟု ၎င်း၏အမြင်ကို ပြောပြသည်။
ထိုကဲ့သို့ ရိုက်ခတ်မှု မရှိခြင်းမှာ ဦးအယ်လ်ဖောင်းရှိုသည် ကျောင်းဆရာအဖြစ် ဆယ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း ဒေသခံများနှင့် ခိုင်မာသည့် ဆက်ဆံရေးတစ်ခုကို ထူထောင်ခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ဝန်ကြီးချုပ်ဖြစ်သည့်အချိန်တွင်လည်း ပြည်သူလူထုနှင့် အဆက်မပြတ်ထိတွေ့မှုရှိခဲ့ပြီး လူထု၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အစိုးရအလှူလား ဝန်ကြီးချုပ်အလှူလား
လာမည့်ရွေးကောက်ပွဲတွင် ၎င်းကိုအနိုင်ရစေမည့် အကြောင်းအရင်းများအနက် ၉၀ ရာခိုင်နှုန်းသည် ငါးနှစ်အတွင်း ဒေသခံပြည်သူများနှင့် ဆက်ဆံရေးတည်ဆောက်ခဲ့ခြင်းကြောင့်ဟု ဦးအယ်လ်ဖောင်းရှိုက ဆိုသည်။
ခေတ်အဆက်ဆက် စစ်အစိုးရ၏ ဖိနှိပ်မှုနှင့် ပြည်တွင်းစစ်ကြောင့် ငြိမ်းချမ်းရေးအရသာကို မမြည်းစမ်းခဲ့ရဘဲ အကြောက်တရားများခဲ့သော ဒေသခံများသည် ပြည်နယ်ဝန်ကြီးချုပ်ဆိုသူက တရင်းတနှီးဆက်ဆံသည့်အပေါ် သဘောတွေ့နှစ်ခြိုက်ကြသည်။
“စာသင်ချိန်ဆိုလည်း ဆရာလိုပေါ့။ အပြင်မှာလည်း ကျွန်တော်တို့နဲ့တွေ့ရင် သူ့ညီလို၊ သူ့သားလို သဘောထားပြီး ဆက်ဆံတယ်။ ရင်းရင်းနှီးနှီး ပေါင်းသင်းခဲ့တယ်” ဟု မယ်စဲ့မြို့နယ် မယ်ဆည်နမ်ကျေးရွာနေ စိုင်းချစ်မိုးဦးက Myanmar Now ကို ပြောသည်။
ထို့ပြင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် လူထုတွေ့ဆုံပွဲများ၌ ပြည်သူလူထုတောင်းဆိုချက်အများစုကို ဖြည့်ဆည်းမှုများရှိသကဲ့သို့ မတောင်းဆိုဘဲ ဖြည့်ဆည်းပေးမှုလည်း ရှိခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။
“ဝန်ကြီးဖြစ်တဲ့အချိန် ရွာသူရွာသားတွေကို လာပြီးတော့ မျက်နှာပြတာနဲ့ စိတ်ချမ်းသာပြီလေ မဟုတ်ဘူးလား” ဟု ဒေါ်စောလှိုင်က ပြောသည်။
လူထုတွေ့ဆုံပွဲများအတွင်း ဦးအယ်လ်ဖောင်းရှို၏ ထောက်ပံ့လှူဒါန်းမှုများသည် ၎င်း၏ ကိုယ်ပိုင်ငွေကြေးဖြင့် လှူဒါန်းသကဲ့သို့ ဖြစ်နေသည်ဟု အရပ်ဘက်အဖွဲ့အစည်းနှင့် အတိုက်အခံနိုင်ငံရေးအင်အားစုများက ထောက်ပြသည်။
“ကျွန်တော်တို့ကလည်း အမြဲတမ်း ထောက်ပြတယ်။ လက်ရှိအစိုးရတွေက ပြည်သူပိုက်ဆံနဲ့ သူတို့ပိုက်ဆံကို ခွဲမသုံးတတ်ဘူးပေါ့နော်။ သူတို့ကိုယ်ပိုင်ပိုက်ဆံလိုမျိုး အလှူလိုက်ပေးတဲ့ကိစ္စ၊ သူတို့ပိုက်ဆံတွေလို လှူတာတန်းတာ လုပ်နေတဲ့ကိစ္စတွေကတော့ အဆင်မပြေဘူးပေါ့နော်။ ပြည်သူပိုက်ဆံ ဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာမှုနဲ့ သူတို့သုံးရမှာပေါ့” ဟု ကယန်းအမျိုးသားပါတီကိုယ်စားလှယ်လောင်း ခွန်းဘီထူးက ပြောသည်။
ဥပမာအားဖြင့် ကယန်းအမျိုးသားနေ့ပွဲကျင်းပရန် ကယန်းကျောက်တိုင်ကွင်းအတွက် သိန်း ၁၀၀ ကျော်ကို ဒေသခံများမှ တောင်းဆိုခြင်းမရှိဘဲ နှုတ်မိန့်ဖြင့် အလွယ်တကူပေးခဲ့သည်ကို ၎င်းကိုယ်တိုင်တွေ့မြင်ခဲ့ရကြောင်း ခွန်းဘီထူးက ဆိုသည်။
ထို့အပြင် ရွေးကောက်ပွဲနီးလာချိန် ကိုဗစ်နိုင်တင်းကပ်ရောဂါကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများနှင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များအတွက် ဗဟိုအစိုးရ၏ ထောက်ပံ့ငွေပေးအပ်သည့် အစီအစဉ်မျိုးသည်လည်း NLD ဦးဆောင်သော ပြည်နယ်အစိုးရအတွက် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးအရ အားသာချက်များရရှိခဲ့ကြောင်း အတိုက်အခံပါတီအချို့က ထောက်ပြကြသည်။
Myanmar Now က မယ်စဲ့မြို့ပေါ်နှင့် ကျေးရွာငါးရွာရှိ ဒေသခံ ၁၉ ဦးကို ဦးအယ်လ်ဖောင်းရှိုနှင့် ပတ်သက်၍ မေးမြန်းကြည့်ခဲ့ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များကြောင့် ဦးအယ်လ်ဖောင်းရှိုအပေါ် ပုဂ္ဂိုလ်ရေးအနေဖြင့် သဘောကျသူ ၁၃ ဦး၊ သဘောမကျသူနှင့် မှတ်ချက်မပေးလိုသူ ၆ ဦး ရှိသည်။
ဦးအယ်လ်ဖောင်းရှိုကမူ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မယ်စဲ့မြို့နယ်၌ ၎င်းတစ်ဦးတည်းသာမက NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် အမတ်လောင်းလေးဦးစလုံး အနိုင်ရမည်ဟု ယုံကြည်ကြောင်း ဆိုသည်။
“ဒီ ၂၀၂၀ မှာ အပြည့်အဝ နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကိုယုံထားတယ်” ဟု ဦးအယ်လ်ဖောင်းရှိုက ပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။













