ကျောက်ဖြူမြို့နယ် ဇိုင်ချောင်းရွာသား ၆၀ ခန့်ကို တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေသောကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ စိုးရိမ်ထိတ်လန့်ကာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေခြင်း ဖြစ်သည်
ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်၊ ဇိုင်ချောင်းရွာတွင် ရွာသား ၆၀ ခန့်ကို တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေသောကြောင့် အနီးပတ်ဝန်းကျင်ရွာများမှ ဒေသခံများ စိုးရိမ်ထိတ်လန့်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးလျက်ရှိကြသည်။
တပ်မတော်သားအရာရှိနှစ်ဦးကို ရက္ခိုင့်တပ်တော်( AA) ဖမ်းဆီးသွားသည်ဟု သတင်းများပျံ့နှံ့ပြီးနောက် ဇိုင်ချောင်းကျေးရွာတွင်း နိုဝင်ဘာ ၂ ရက်က တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး ရွာသား ၆၀ ခန့်ကို ကျေးရွာစာသင်ကျောင်းအတွင်း ထိန်းသိမ်းကာ စစ်ဆေးနေခြင်းဖြစ်သည်။

ထို့ကဲ့သို့ ဖမ်းဆီးစစ်ဆေးခံရမည်ကို စိုးရိမ်၍ သိုင်းချောင်း၊ ဇိုင်ချောင်း၊ ဆင်ဘုတ်၊ ရေနံတောင်၊ အချွန်း၊ ပြားကျိန် စသည့်ကျေးရွာများနှင့် အနီးအနားရွာများက စိုးရိမ်ကြောက်လန့်ပြီး ကျောက်ဖြူမြို့ပေါ်သို့ ထွက်ပြေးလာကြကြောင်း ဒေသခံများက ပြောသည်။
နိုဝင်ဘာ ၂ မှ ၆ အထိ လေးရက်အတွင်း ကျောက်ဖြူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် လူဦးရေ ၆၀၀ ကျော် ရှိနေကြောင်း ကျောက်ဖြူမြို့တွင် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ကိုထွန်းထွန်းနိုင်က ပြောသည်။


တပ်မတော်စစ်ကြောင်း၏ ထိန်းသိမ်းစစ်ဆေးခြင်း ခံနေရသော ဇိုင်ချောင်းကျေးရွာသားအချို့မှာ ယနေ့ နိုဝင်ဘာ ၆ အထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကျောက်ဖြူမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောသည်။
“ဇိုင်ချောင်းကျေးရွာက လူတွေကတော့ အခုထိတော့ လွတ်တယ်လို့ သတင်းကြားသေးဘူး။ မလွတ်သေးဘူးလို့ ပြောလို့ရတယ်။ ဒေသခံတွေက ဒီနေ့ထိ ထွက်ပြေးနေကြတုန်း” ဟု ၎င်းက ပြောသည်။


ဇိုင်ချောင်းကျေးရွာမှ သိုင်းချောင်းကျေးရွာဘက်သို့ သွားသည့်လမ်းတွင် တပ်မတော်မှ ဗိုလ်အဆင့်ရှိ အရာရှိနှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)အဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟူသော သတင်းမှာ နိုဝင်ဘာ ၂ တွင် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
တပ်မတော်စစ်ကြောင်းက ပြားကျိန်ရွာတွင်လည်း နိုဝင်ဘာ ၂ တွင် ဝင်ရောက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး လူငယ်အချို့၏ ဖုန်းများကို သိမ်းဆည်းလိုက်ကြောင်း အမည်မဖော်လိုသည့် ပြားကျိန်ရွာသားတစ်ဦးက ပြောသည်။
“ကျွန်တော် ဖမ်းဆီးခံရတဲ့အချိန်မှာ ဖုန်းတွေကို စစ်ဆေးတယ်။ ဘယ်ကလဲ ဘာညာ၊ အဲလိုမျိုးမေးတယ်။ ဓညဝတီရေတပ်က စစ်သားတစ်ယောက်က အရက်မူးပြီးတော့ လူတွေကို ရိုက်တယ်။ မလှုပ်နဲ့ အဲဒီလိုပြောတယ်။ ကြက်တွေ၊ ငှက်တွေကိုလည်း အကုန်သတ်စားသွားကြတယ်” ဟု ၎င်းက ပြောသည်။
ယင်းပြောဆိုချက်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ်အစိုးရဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။
ကျောက်ဖြူမြို့နယ် ပြားကျိန်ကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်နှင့် လူဦးရေ တစ်ထောင်နီးပါးရှိပြီး တပ်မတော်စစ်ကြောင်း ဝင်ရောက်လာသည့်နေ့တွင် ကျေးရွာရှိလူကြီးများကို တစ်ည ထိန်းသိမ်းပြီးနောက် ပြန်လွှတ်ပေးလိုက်သော်လည်း ရွာလုံးကျွတ်ထွက်ပြေးနေကြကြောင်း ထိုရွာမှ ဒေသခံတစ်ဦးက ပြောသည်။
“ဇိုင်ချောင်းမှာလို အခြေအနေဆိုးသွားရင် မကောင်းဘူး။ အဲဒါကြောင့် ထွက်ပြေးလာတာ။ ဇိုင်ချောင်းမှာက သက်ကြီးရွယ်အိုတွေလည်း ပါတယ်။ အရမ်းဒုက္ခရောက်ကြတယ်။ ထမင်းလည်းမစားရ၊ ရေလည်းမသောက်ရ၊ အစာရေစာငတ်ပြီးတော့ အခန်းထဲမှာ လှောင်ထားတယ်။ အခုထိ မလွတ်သေးဘူး” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AAတို့ကြား နှစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သော တိုက်ပွဲများကြောင့် နိုဝင်ဘာ ၂ အထိ စစ်ဘေးရှောင်ဦးရေ နှစ်သိန်းသုံးသောင်းကျော် ရှိလာနေသည်ဟု စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းများအရ သိရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












