ရွေးကောက်ပွဲမကျင်းပနိုင်သော နေရာများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော်၌ ရွေးကောက်ခံကိုယ်စားလှယ် ၂၂ နေရာ လစ်လပ်မည်ဖြစ်ရာ လွှတ်တော်တွင်းမှနေ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပို၍ခက်ခဲမည့်အခြေအနေ ရှိနေသည် 

ရန်ကုန်မြို့တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်မြို့နယ်တွင် လက်ရှိအာဏာရ NLD ပါတီ ထောက်ခံသူအချို့ကို အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 

စစ်အာဏာရှင်များ ရေးဆွဲအတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်မှတဆင့် ပြင်ဆင်နိုင်ရန် မျှော်မှန်းချက်ဖြင့် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

NLD ပါတီသည် အာဏာရမရမီ အချိန်ကတည်းပင် တပ်မတော်အား လုပ်ပိုင်ခွင့်များအများအပြား အပ်နှင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်မှတ်ထိုးလှုပ်ရှားမှု ပြုလုပ်ကာ ကြိုးပမ်းခဲ့ဖူးသည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လှုံ့ဆော်မဲဆွယ်ခဲ့ပြီး ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာပြီးနောက် ငါးနှစ်တာအတွင်း၌လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အားထုတ်ကြိုးပမ်းခဲ့သည်လည်း ရှိသည်။ 

NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲကြေငြာစာတမ်းတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ရည်မှန်းချက်ကို ထည့်သွင်းထားသည်။ 

သို့သော် ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် အာဏာရပါတီအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဆိုပါက လွှတ်တော်တွင်းမှနေ၍ အခြေခံဥပဒေပြင်ဆင်ရေး မည်မျှအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုသည်က လက်ရှိအခြေအနေတွင် မေးခွန်းထုတ်စရာဖြစ်နေသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၂၀ တွင် ရွေးကောက်ပွဲမကျင်းပနိုင်သော မဲဆန္ဒနယ် ၂၂ ခုအထိ ရှိနေသည်ဖြစ်ရာ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးအထိ လစ်လပ်မည်ဖြစ်သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် သဘောတူလက်ခံမှသာ ပြင်ဆင်နိုင်မည်ဖြစ်သောကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လက်ရှိထက်ခက်ခဲမည့် အခြေအနေဖြစ်နေသည်။ 

အာဏာရပါတီ၏ ခြေဥပြင်ဆင်ရေး ကြိုးပမ်းမှု 

အခြေခံဥပဒေပြင်ဆင်ရေးဖြင့် အဓိကကြွေးကြော်မဲဆွယ်ခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့သည်။ 

ပုဒ်မ ၄၃၆ (က) အပါအဝင် ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုပြုဥပဒေကြမ်းအတွက် ပြည်ထောင်စုလွှတ်တော်၌ NLD ပါတီက ၂၀၁၅ ဇွန်လအတွင်း အဆိုတင်သွင်းခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာ၌ ရှုံးနိမ့်ခဲ့သည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ၌လည်း NLD ပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေးဖြင့်ပင် အဓိကမဲဆွယ်စည်းရုံးခဲ့သည်။ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အနိုင်ရရှိကာ အာဏာရပါတီဖြစ်လာခဲ့သည်။ 

အာဏာရပါတီ၏ ပထမဆုံးအရပ်သားသမ္မတ ဦးထင်ကျော်က ၂၀၁၅ ခုနှစ် မတ်လ ၃၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောကြားရာ၌ "အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေးရှုသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေး" ဆိုသောအချက်ကို ထည့်သွင်းပြောကြားခဲ့သည်။ 

ဦးထင်ကျော်အစား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ နိုင်ငံတော်သမ္မတဖြစ်လာသူ ဦးဝင်းမြင့်ကလည်း ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောကြားရာ၌ "ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ထည့်သွင်းပြောကြားခဲ့သည်။ 

NLD ပါတီက လွှမ်းမိုးထားသည့် လွှတ်တော်သက်တမ်းအတွင်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် အဖွဲ့ဝင် ၄၅ ဦးပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့သည်။ 

အခန်း ၁၅ ခန်းပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပူးပေါင်းကော်မတီက ၂၀၂၀ ဇန်နဝါရီလတွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် အထူးအရေးမပါလှသော ပုဒ်မအနည်းငယ်ကိုသာ ပြင်ဆင်နိုင်ခဲ့သည်။  

ထိုပူးပေါင်းကော်မတီနှင့်အပြိုင် တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီတို့ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း တင်သွင်းခဲ့ကြသည်။ သို့သော်လည်း တစ်စုံတစ်ရာ အပြောင်းအလဲ မရှိခဲ့ပေ။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ NLD ပါတီအပါအဝင် နိုင်ငံရေးအလွှာအသီးသီးက လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပမှနေ၍ ကျယ်ကျယ်လောင်လောင် ပြောဆိုကာ ကြိုးပမ်းခဲ့ကြသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေသည်ကား ပိုနေမြဲကျားနေမြဲအတိုင်းသာ ရှိနေသည်။ 

၂၀၂၀ ရွေးကောက်ပွဲအလွန် ဖွဲ့စည်းပုံပြင်ဆင်ရေး အလားအလာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ ၂၀၂၀ တွင် ရွေးကောက်ပွဲမကျင်းပနိုင်သော နေရာအများအပြားရှိနေရာ ပြည်သူ့လွှတ်တော် ၁၅ နေရာနှင့် အမျိုးသားလွှတ်တော် ၇ နေရာ စုစုပေါင်း ၂၂ နေရာ လစ်လပ်မည် ဖြစ်သည်။

ပြည်ထောင်စုအဆင့်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၂၄ ဦး (ရွေးကောက်ခံ အရပ်သားကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦး) နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၄၀ဦး (ရွေးကောက်ခံ ၃၃၀ ဦးနှင့် တပ်မတော်သား ၁၁၀ ဦး) စုစု‌ပေါင်း ၆၆၄ ဦး ရှိသည်။ 

စုစုပေါင်း ၆၆၄ နေရာရှိသည့် ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးနှင့် ရွေးကောက်ပွဲမကျင်းပနိုင်သောကြောင့် ၂၂ လစ်လပ်မည်ဖြစ်ရာ ရွေးကောက်ခံ အရပ်သားလွှတ်တော်ကိုယ်စားလှယ် ၄၇၆ နေရာသာ ကျန်ရှိတော့မည်ဖြစ်သည်။ 

ထိုအရေအတွက်မှာ လွှတ်တော်တွင်း၌ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၇၁ ဒသမ ၆၈ ရာခိုင်နှုန်းသာ ရှိတော့မည်ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပို၍ခက်ခဲသော အခြေအနေကို ညွှန်ပြနေသည်။ 

NLD ပါတီအနေဖြင့် အမျိုးသားရင်ကြားစေ့ရေးကို အဓိကထားပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တပ်မတော်ကို စည်းရုံးသွားမည်ဟု NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်က ပြောသည်။ 

"အဓိက ကျွန်တော်တို့ မဲဆွယ်တာကတော့ အမျိုးသားရင်ကြားစေ့ရေးပါပဲ။ တပ်မတော်ကို ရန်သူလို သဘောမထားဘူး။ တပ်မတော်ကို ပူးပေါင်းဆောင်ရွက်လာအောင် ကျွန်တော်တို့ တစ်ဖြည်းဖြည်း စည်းရုံးနေပါတယ်။ ကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာ တပ်မတော်ကို ဖယ်ထုတ်ဖို့၊ သူတို့ဂုဏ်သိက္ခာ နိမ့်ကျဖို့ဆိုတဲ့သဘောမျိုး မဟုတ်ပါဘဲနဲ့ နိုင်ငံကောင်းစားရေးအတွက် တပ်မတော်ဟာ အဲဒီနေရာကနေ ဖယ်ရှားပေးဖို့ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။  

"အဲဒါကို သဘောပေါက်လာတဲ့တစ်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက အောင်မြင်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟုလည်း ဒေါက်တာမျိုးညွန့်က ဆိုသည်။ 

NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းတွင်လည်း စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ထွန်းစေမည့် အခြေခံဥပဒေပေါ်ပေါက်ရေးဟု ထည့်သွင်းထားသည်။ 

အခြေခံဥပဒေပြင်ဆင်ရေး ကန့်ကွက်နေခြင်းမဟုတ်ဘဲ သတ်မှတ်ထားသည့် ဥပဒေလမ်းကြောင်းအတိုင်းသာ ဆောင်ရွက်ရန် သဘောထားရှိပြီး ဥပဒေကို ကျော်လွန်လုပ်ဆောင်သည်ဆိုပါက ကန့်ကွက်သွားမည်ဖြစ်ကြောင်း ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့သည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ကာကွယ်ရမည့် တာဝန်ရှိကြောင်း တပ်မတော်က အစဉ်အမြဲဆုပ်ကိုင် ပြောကြားလေ့ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း ထုတ်ဖော်ပြောကြားရာတွင်လည်း ထိုအတိုင်းပင် ပြောဆိုခဲ့သည်။ 

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက "လက်တွေ့ကျကျပြောရင် စစ်တပ်နဲ့ ညှိနှိုင်းဆောင်ရွက်မှု မရှိဘဲ၊ သဘောတူညီမှု မရှိဘဲနဲ့ ဖွဲ့စည်းပုံ ပြင်လို့မရဘူး။ စစ်တပ်သဘောတူလက်ခံတဲ့ ဘယ်ပုဒ်မတွေ ပြင်မယ်ဆိုတာမျိုးကို နိုင်ငံရေးအရ အနုပညာမြောက်အောင် ညှိနှိုင်းဆောင်ရွက်နိုင်ရင် ပြင်လို့ရမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ပါတီတည်းနဲ့ကတော့ အကုန်နိုင်သွားလည်း ပြင်လို့မရဘူး။ ပြီးခဲ့တဲ့ငါးနှစ်သက်တမ်းမှာလည်း သက်သေပြပြီးပြီ။ သောင်ပြိုကမ်းပြိုနိုင်ထားတာပဲ" ဟု ပြောသည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက် ပထမအကြိမ်လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ၅၄ ချက် ပြင်ဆင်နိုင်ခဲ့သော်လည်း NLD လွှမ်းမိုးသည့် လွှတ်တော်သက်တမ်းတွင် အချက် ၂ ချက်ကိုသာ ပြင်နိုင်ခဲ့သည်ဟုလည်း ဦးကိုကိုကြီးက ပြောသည်။ 

တစ်ပါတီတည်းဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်‌ရေး ပိုခက်ခဲသွားမည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်က Myanmar Now ကို ပြောသည်။

“ဖွဲ့စည်းပုံက ၇၅ ရာခိုင်နှုန်းမကျော်ရင် မရဘူး။ NLD တစ်ပါတီတည်းဆိုရင်တော့ ပိုဝေးပြီပေါ့ဗျာ။ ၇၅ ရာခိုင်နှုန်း အပြည့်ရစရာ အကြောင်းလည်း မရှိဘူး။ ပါတီတစ်ခုတည်း ကြိုးစားရမှာ မဟုတ်ဘူး။ အားလုံး ဝိုင်းကြိုးစားရမှာ။ အားလုံးဝိုင်းကြိုးစားရင်တောင် တပ်ဖက်က သဘောမတူရင် ပြင်လို့ရတဲ့အရာ မဟုတ်ဘူး" ဟု ၎င်းက ပြောသည်။ 

၂၀၁၀ မှ ၂၀၁၅ အထိ ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဦးတင်ယုကလည်း "ပါတီပေါင်းစုံကတော့ ရွေးကောက်ပွဲကတိကဝတ် ပေးကြတာပဲ။ ပြင်သင့်တာကတော့ ပြင်ရမှာပဲ။ တိုင်းရင်းသားတွေ ကွဲလို့မရဘူး။ အမျိုးသားရေးမူဝါဒကို မထိခိုက်ရင် ခေတ်စနစ်နှင့် လျော်ညီအောင် ပြင်ရမှာပါပဲ" ဟု ပြောသည်။ 

အခြေခံဥပဒေကို NLD အပြင် ဘယ်သူပြင်ချင်သေးလဲ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) နှင့် အခြားတိုင်းရင်းသားပါတီများကလည်း ပုဒ်မ ၂၆၁ အပါအဝင် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်လိုကြသည်။  

‘‘ဒီနေ့အခြေအနေမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစမှအဆုံးတိုင် ပြန်လည်ပြုပြင်ရေးဆွဲမယ့် တာဝန်တစ်ရပ်တိုးလာတဲ့အပြင် နဂိုရင်းစွဲ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ လူမျိုးကြီးဝါဒ ပပျောက်ရေးကိစ္စတွေကိုလည်း ဆက်လက်ဆင်နွှဲနေကြရမှာ ဖြစ်ပါတယ်’’ ဟု SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက အောက်တိုဘာ ၂၆ ရက်က ကျင်းပခဲ့သည့် ပါတီတည်ထောင်ခြင်း ၃၂ နှစ်ပြည့်အခမ်းအနားတွင် ပြောကြားခဲ့သည်။ 

SNLD ပါတီအနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ပါတီအတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်က ပြောသည်။ 

"ကျွန်တော်တို့နိုင်ရင်လည်း အတိုင်းအတာတစ်ခုထိပဲ နိုင်မှာ။ ကျွန်တော်တို့က ဒီမိုကရေစီကို ယုံကြည်သက်ဝင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ နည်းလမ်းကတော့ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ အကုန်သွားရမှာဖြစ်တယ်" ဟု ၎င်းက ပြောသည်။

လက်ရှိ အာဏာရပါတီဖြစ်သည့် NLD သည်  ဖွဲ့စည်းပုံပြင်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြွေးကြော်သံများဖြင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရေး မဲဆွယ်စည်းရုံးခဲ့သည်။ 

နိုင်ငံရေးပါတီများ မက်လုံးပေးသော ရွေးကောက်ပွဲကတိကဝတ်များနှင့်ပတ်သက်ပြီး ပြည်သူက ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။ 

"NLD အပါအဝင် နိုင်ငံရေးပါတီတွေသည် ရွေးကောက်ပွဲဝင်တဲ့အခါမှာ ရွေးကောက်ပွဲကတိကဝတ်တွေကို ပေးကြပါတယ်။ လူထုအနေနဲ့ကတော့ ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ သူတို့ ဘာလုပ်သလဲဆိုတာနဲ့ပဲ ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

ဦးမောင်မောင်စိုးသည် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များအပါအဝင် မြန်မာ့နိုင်ငံရေးများ သုံးသပ်နေသူတစ်ယောက်လည်း ဖြစ်သည်။ 

"ပြည်သူကြားထဲ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေတဲ့ အတွေးအခေါ်ပေါ့။ အစိုးရဖွဲ့နိုင်တဲ့ပါတီကို မဲပေးပါ။ နောက်တစ်ခုက တစ်ပါတီတည်းအနိုင်ရမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်နိုင်မယ်။ အဲဒါက ပြည်သူတွေကို၊ မသိနားမလည်မှုကို အမြတ်မထုတ်စေချင်ဘူး။ မှန်မှန်ကန်ကန် ရှင်းပြပြီး စည်းရုံးတာ ကောင်းတယ်လို့ ကျွန်တော်မြင်တယ်" ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။ 

အဓိကပါတီကြီးနှစ်ခုအနက် NLD ကိုယ်စားလှယ်လောင်းများက အလှူရှင်ငွေကို အဓိကထားသုံးစွဲပြီး ပြည်ခိုင်ဖြိုးက ပါတီစိုက်ထုတ်ငွေနှင့် ကိုယ်ပိုင်ငွေကို သုံးစွဲခဲ့ကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ထားသည့် ကုန်ကျစားရိတ်ရှင်းတမ...

Published on Dec 21, 2020
Published on Dec 21, 2020
ရွေးကောက်ပွဲမတိုင်မီက အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခု ထောက်ခံသူများ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

နေပြည်တော်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများအနက် အနိုင်ရလဒ် ၁၀ ရာခိုင်နှုန်းသာရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲအသုံးစရိတ် အများဆုံးသုံးသူစာရင်းတွင် ဦးဆောင်လျက်ရှိသည်။ 

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၆၆ ဦး၏ စုစုပေါင်းရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၃၅၀၀ ကျော်ရှိပြီး ရွေးကောက်ပွဲအသုံးစရိတ် အများဆုံး ၁၀ စာရင်းတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ၆ ဦးအထိ ပါဝင်နေသည်။ 

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၈ ခုတွင် ပါတီစုံနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၅၅ ဦးဝင်ပြိုင်ခဲ့သည့်အနက် ကျပ်သိန်း ၈၀ မှ ကျပ်သိန်း ၁၀၀ နီးပါးသုံးစွဲခဲ့သူ ထိပ်တန်းစာရင်းတွင် ဇေယျာသီရိမြို့နယ်တွင် အနိုင်ရထားသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးလည်း ပါဝင်သည်။ 

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်နှစ်ခုအတွက် ဝင်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၁၁ ဦးတွင်လည်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်နှစ်ဦးက ကျပ်သိန်း ၉၀ ကျော်နှင့် ကျပ်သိန်း ၇၀ ကျော် သုံးစွဲပြီး အသုံးရိတ်အများဆုံးစာရင်းတွင် အမှတ်စဉ် ၁နှင့် ၃၌ ရပ်တည်နေသည်။

ပြည်ခိုင်ဖြိုး၏ အဓိကပြိုင်ဘက် NLD ကိုယ်စားလှယ်များထဲတွင် ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ရသည့် ဦးကျော်ထွေးက ကျပ် ၇၈ သိန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲစားရိတ် အများဆုံးသုံးသူစာရင်းတွင် နံပါတ် ၁၁ နေရာ၌ရှိသည်။ 

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ပြိုင်ခဲ့ကြသည့် အာဏာရပါတီမှ အခြားကိုယ်စားလှယ် ၇ ဦးသည်လည်း အဆင့် ၁၂ မှ ၂၄ အတွင်း ရှိနေပြီး ကျပ်သိန်း ၇၀ မှ ၈၀ နီးပါးအထိ သုံးစွဲထားကြသည်။

ပြည်သူ့လွှတ်တော်နေရာအတွက်ဝင်ပြိုင်ပြီး ကုန်ကျစားရိတ်အများဆုံးသုံးစွဲထားသူမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တပ်ကုန်းမြို့နယ်တွင် ဝင်ပြိုင်သည့် ဦးမြင့်ဦးဖြစ်ပြီး အသုံးစားရိတ် ကျပ် သိန်း ၁၀၀ နီးပါးရှိသည်။

ပြည်သူ့ပါတီမှ ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်သည့် ဦးစိန်ဝင်းမှာမူ သတ်မှတ်ထားသည့် ဒီဇင်ဘာ ၁၀ ရက်မတိုင်မီ အသုံးစားရိတ်ရှင်းတမ်းပေးပို့ခြင်းမရှိ၍ အရည်အချင်းပျက်ယွင်းသူအဖြစ်သတ်မှတ်ကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့် ကြေညာထားသည်။

ထို့ကြောင့် ဦးစိန်ဝင်းမှာ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေအရ လာမည့်လွှတ်တော်သက်တမ်းငါးနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည် မဟုတ်ပေ။ 

ပြည်သူ့လွှတ်တော်နေရာအတွက်ဝင်ပြိုင်ကြသူများထဲတွင် တစ်သီးပုဂ္ဂလ ဦးမျိုးမင်းက စားရိတ်အနည်းဆုံးဖြစ်ပြီး ကျပ် ငါးသိန်းနီးပါးသာ ကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ်သုံးစွဲထားကြောင်း တွေ့ရသည်။

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲစားရိတ် အများဆုံးသုံးသူစာရင်း၏ အမှတ်စဉ် ၄နှင့် ၅တွင် ကျပ် ၇၂ သိန်းထက်ပိုမသုံးထားသည့် အနိုင်ရ NLD ကိုယ်စားလှယ်လောင်းနှစ်ဦးက ရပ်တည်နေသည်ကို တွေ့ရသည်။

အမျိုးသားလွှတ်တော်နေရာတွင် ဝင်ပြိုင်ကြသူများအနက် ကုန်ကျစရိတ်အနည်းဆုံးမှာ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီမှ မန္တလေးတိုင်း၊ မဲဆန္ဒနယ် အမှတ် ၁၂နေရာတွင် ဝင်ပြိုင်သည့် ဦးကိုကြီးဖြစ်ပြီး ကျပ် ၇ သိန်းကျော်သာ သုံးစွဲထားသည်။

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရရှိသည့် အသေးစိတ် အသုံးစားရိတ်ရှင်းတမ်းများအရ နေပြည်တော်တွင် ဝင်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများမှာ ပါတီစိုက်ထုတ်ငွေ၊ ကိုယ်ပိုင်ငွေနှင့် အလှူရှင်များမှ ထည့်ဝင်ငွေကို အဓိကထားသုံးစွဲကြောင်းတွေ့ရသည်။

အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခုကို လေ့လာရာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ၏ အသုံးစားရိတ်ထဲတွင် ပါတီမှ စိုက်ထုတ်ငွေနှင့် ကိုယ်ပိုင်စိုက်ထုတ်ငွေ ထက်ဝက်ခန့်စီ ကျခံသုံးစွဲထားကြောင်းတွေ့ရသည်။

NLD  ကိုယ်စားလှယ်များမှာမူ ပါတီထောက်ပံ့ငွေ၊ ကိုယ်ပိုင်စိုက်ထုတ်ငွေနှင့် အလှူရှင်များမှ ထည့်ဝင်ငွေ ထက်ဝက်ခန့်စီဖြင့် ရွေးကောက်ပွဲကုန်ကျစားရိတ်ကို ကျခံသုံးစွဲခဲ့ကြောင်း စာရင်းရှင်းတမ်းများတွင် တွေ့ရသည်။

နေပြည်တော်၌ ဝင်ပြိုင်သည့် NLD ကိုယ်စားလှယ်လောင်းများကို ပျဉ်းမနားမြို့မျက်နှာဖုံး စိုးလျှပ်စစ်လုပ်ငန်းရှင် ဦးကျော်မင်းထွန်းက ကျပ်သိန်း ၂၀ စီလှူဒါန်းခဲ့ကြောင်း အသုံးစားရိတ်ရှင်းတမ်းများတွင် ပါဝင်သည်။

ရွေးကောက်ပွဲအသုံးစရိတ် စိစစ်နိုင်မှု 

ကိုယ်စားလှယ်လောင်းအသီးသီး၏ ရွေးကောက်ပွဲကုန်ကျစားရိတ်တင်သွင်းမှုအခြေအနေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့် အကြောင်းကြားပြီးဖြစ်သည်ဟု ပြည်ထောင်စုနယ်မြေကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးအောင်စိုးဝင်းက Myanmar Now ကိုပြောသည်။

“စာရင်းဇယားမှန်၊ မမှန်၊ သတ်မှတ်ပုံစံကျမကျ၊ လိုအပ်တဲ့စာရွက်စာတမ်းပြေစာသွင်း၊ မသွင်း၊ သုံးထားတဲ့စာရင်းနဲ့ ပြေစာတွေကိုက်မကိုက် အဲဒါကို အဓိကစိစစ်ပါတယ်။ မြေပြင်မှာ သုံးသလား၊ မသုံးလားထိတော့ ကျွန်တော်တို့ မစိစစ်နိုင်ဘူး”ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကမူ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ကိုယ်စားလှယ်လောင်းများ၏ အသုံးစားရိတ်များကို စိစစ်သည့်လုပ်ငန်းစဉ်အတွင်း ကြပ်မတ်မှု၊ ပွင့်လင်းမြင်သာမှု၊ လုပ်နိုင်စွမ်းများမြှင့်တင်ရန် လိုအပ်နေသေးကြောင်း သုံးသပ်သည်။

“အလှူငွေတွေနဲ့ပတ်သက်ပြီး ဥပဒေတွေထဲမှာ သေချာပြောထားတာ မရှိသေးဘူး။ အဲဒါတွေ အသေးစိတ်သိရရင် ပိုပြီးလေ့လာစောင့်ကြည့်နိုင်တာပေါ့။ နောက်တစ်ခုက အခုရွေးကောက်ပွဲမှာ ခေတ်စားလာတာပေါ့၊ ဝန်းရံသူဆိုတဲ့ကိစ္စ၊ အဲဒီအသုံးစားရိတ်တွေကို မစိစစ်နိုင်ဘူး။ တင်လာတဲ့ ပြေစာတွေ စာရင်းကိုက်မကိုက်လောက်ပဲ လုပ်နိုင်တာ တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် ၈၊ အမျိုးသားလွှတ်တော် ၂၊ စုစုပေါင်း ၁၀ နေရာ ယှဉ်ပြိုင်ရွေးချယ်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်သည့် ပြည်ခိုင်ဖြိုးဥက္ကဌ ဦးသန်းဌေးတစ်ဦးတည်းသာ အနိုင်ရခဲ့ပြီး ကျန်မဲဆန္ဒနယ်များ၌ အဓိကပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကသာ အနိုင်ရခဲ့သည်။

Continue Reading

NLD ကိုယ်စားလှယ်လောင်း အနိုင်ရသွားပါက ဒိဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း၊ NLD ကိုယ်စားလှယ်လောင်း၏ အိမ်ထောင်ဘက်မှာ ဘာသာစကားသင်တန်းများ ဖွင့်လှစ်ကာ ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ကျေးရွာတရားပွဲများတွင် ထည့်သွင်းဟောကြား...

Published on Dec 15, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now)

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ကို ရွေးချယ်ရန် တရားပွဲတွင် ဘုန်းကြီးများက ထည့်သွင်းဟောကြားခဲ့သည်။ 

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လွှတ်တော်နေရာ ၇ ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၆ နေရာအနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ 

ပင်းတယမြို့ရှိ ဇောတိကာရုံကျောင်း၌ သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရသည် ရွေးကောက်ပွဲကျင်းပရန် တစ်ပတ်ခန့်သာ လိုတော့သည့် အောက်တိုဘာ ၃၁ တွင် အင်းပက်လက်ရွာတရားပွဲတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးအာကာလင်းကို ရွေးချယ်ရန် ထည့်သွင်းဟောပြောခဲ့သည်။ 

“မဲထည့်မမှားဖို့ ပြောတယ်။ ကြံ့ခိုင်ရေးကိုထည့်ရင် ကောင်းတယ်လို့ ပြောတယ်။ NLD နိုင်သွားရင် ဗုဒ္ဓဘာသာတွေ ပျောက်ကွယ်သွားမှာ စိုးလို့တဲ့” ဟု ဆရာတော်ဦးပညာသာရ၏ တရားပွဲနာကြားခဲ့သူ အင်းပက်လက်ရွာသူ ဒေါ်ချိုက Myanmar Now ကို ပြောသည်။

ထို့ပြင် Myanmar Now က ရရှိထားသည့် ရုပ်သံမှတ်တမ်းများအရ ဆရာတော်ဦးပညာသာရ၏ ဟောပြောချက်တွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးအာကာလင်း၏ ပြိုင်ဘက်ကိုယ်စားလှယ်လောင်း (NLD) သည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း၊ ဘာသာစကားသင်တန်းများဖွင့်လှစ်ကာ ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟုလည်း ပါရှိသည်။ 

“သင်ပေးရင်းနဲ့ သူတို့ (ခရစ်ယာန်) ဘာသာထဲကို ဆွဲသွင်းနေတယ်။ ဘာတွေ ပွားလာမလဲဆိုတော့ ဒိဋ္ဌိပြဿနာ၊ အယူလွဲတဲ့ပြဿနာတွေ ပွားလာတော့မယ်” ဟု ဆရာတော်ဦးပညာသာရက ဟောပြောထားသည်။ 

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ 

“လက်ရှိဒေသဥက္ကဋ္ဌနဲ့ ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်က ဆိုပြီး ကျွန်တော့်အမျိုးသမီးအကြောင်းတွေကို ပြောထားတာ။ ဂျပန်စာတွေသင်တယ်။ ကျောင်းဖွင့်တာက (ကိုယ်စားလှယ်လောင်းတွေရဲ့ ဇနီးတွေထဲမှာ) ကျွန်တော့်အမျိုးသမီးတစ်ယောက်ပဲရှိတယ်” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

ဦးထိန်လင်း၏ဇနီး ဒေါ်အေမီဖြိုးမင်း မိခင်ဖြစ်သူမှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်ပြီး ပင်းတယတွင် ဂျပန်စာသင်ကြားပေးနေခြင်းမှာလည်း ခရစ်ယာန်ဘာသာသို့ ဆွဲသွင်းနေခြင်းမဟုတ်ကြောင်း ဦးထိန်လင်းက တုံ့ပြန်သည်။

ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း  မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။ 

“အဓိကက ဘုန်းကြီးတွေဟောတဲ့ ရွာတွေက ကျွန်တော် ရှုံးတာပဲ။ ဘုန်းကြီးတွေက ၈၀ ရာခိုင်နှုန်းလောက် လွှမ်းမိုးမှုရှိတယ်” ဟု ဦးထိန်လင်းက ဆိုသည်။

ဦးထိန်လင်းက ထိုသို့ဆိုသော်လည်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ဘုန်းကြီးများက ထိုသို့ထည့်သွင်းဟောကြားခဲ့သည်ကို မသိရှိကြောင်းလည်း အနိုင်ရကိုယ်စားလှယ် လက်ရှိဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။ 

"ကျွန်တော်တို့တော့ ဘာမှ မပြောထားဘူး။ ဆရာတော် သံဃာတော်တွေကို ကျွန်တော်တို့ ဘာမှ လျှောက်မထားဘူး။ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက် သံဃာတော်တွေဆိုတာ ရွေးကောက်ပွဲနဲ့ ဘာမှ မဆိုင်ဘူး။ ကျွန်တော်တို့လည်း ဘာမှ မလျှောက်ထားပါဘူး” ဟု ဦးအာကာလင်းက ပြောသည်။ 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း နိုင်ငံရေးအဖွဲ့အသီးသီးက မဲဆွယ်ဟောပြောကြဖြစ်သဖြင့် သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာထုတ်ပြန်ခဲ့သည်။

အင်းပက်လက်ရွာ၌ ဟောပြောခဲ့မှုများနှင့် ပတ်သက်၍ Myanmar Now က ဆရာတော်ဦးပညာသာရကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဟောပြောခဲ့သည်ကို ငြင်းဆိုခြင်း မရှိသော်လည်း “အဲဒါ ကိုယ့်ရွာနဲ့ကိုယ် နည်းနည်းပါးပါး လမ်းမှားမှာ စိုးလို့ ပြောတာ” ဟုသာ မိန့်ကြားပြီး ဖုန်းချသွားခဲ့သည်။

လွန်ခဲ့သည့် ၂နှစ်က ရွာငံမြို့နယ်တွင် ဆောက်လုပ်ခဲ့သည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဒေသဥက္ကဋ္ဌဖြစ်သူ ဦးအာကာလင်းက ဖျက်ခိုင်းခဲ့ကြောင်း၊ ယင်းသို့ ဖျက်ခိုင်းရခြင်းသည်လည်း ဦးအာကာလင်းကိုယ်တိုင် ဗုဒ္ဓဘာသာဖြစ်နေသောကြောင့်ဖြစ်ပြီး ၎င်း၏နေရာတွင် ဘာသာခြား (သို့) ဘာသာခြား၏ အထောက်အပံ့ကို ရယူထားသူဖြစ်ပါက ဒေသအတွင်း အယူဝါဒကွဲပြားသည့် ပြဿနာများ ကြုံတွေ့လာရမည်ဟု ဆရာတော်ဦးပညာဓရက တရားဟောစဉ် ထည့်သွင်းမိန့်ကြားခဲ့သည်။ 

“Church ပေါ်လာခဲ့ရင် ဒို့ဒေသမှာ ဒိဋ္ဌိပြဿနာ၊ အယူပျက်စီးတဲ့ ပြဿနာတွေ ပွားမလာဘူးလား။ စိုးရိမ်စရာမကောင်းဘူးလား။ အဲဒါလေး ပြောချင်တာပါ။ ကိုယ့်ဒေသကို အုပ်ချုပ်မယ့်၊ စီမံမယ့်သူဟာ ဗုဒ္ဓဘာသာ၊ ကိုယ်လူမျိုးရဲ့ အကျိုးကို ရှေးရှုမယ့်၊ တခြားသောဘာသာရဲ့ အထောက်အပံ့ကို ယူမထားတဲ့သူဖြစ်ဖို့ အရေးမကြီးဘူးလား” ဟု ဆရာတော်က မေးခွန်းထုတ်သည်။

ဆရာတော်ဦးပညာဓရ၏ ဟောပြောမှုကို ဗီဒီယိုရိုက်ကူး၍ လူမှုကွန်ရက် Facebook ပေါ် တင်ခဲ့သည့် ရှားပြားရွာမှ တက္ကသိုလ်ကျောင်းသားနှစ်ဦးကို ဘုန်းကြီးကျောင်းသို့ ခေါ်ယူဆုံးမ၍ ရုပ်သံဖိုင်များကိုလည်း Facebook ပေါ်မှ ပြန်လည်ဖြုတ်ချရန် ခိုင်းစေခဲ့သည်ဟု ပင်းတယမြို့နယ် NLD ဝန်းရံသူများက ပြောသည်။

ပင်းတယမြို့နယ် ရှားပြားရွာ (ဆားပြား) ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးပညာဓရသည်လည်း တရားပွဲတွင် ဦးအာကာလင်းကို မဲပေးရန် ထည့်သွင်းမိန့်ကြားခဲ့သည်။ 

ရှားပြားရွာ မီးရရှိရေးအတွက် ဦးစဝ်အောင်မြတ် (ယခင်အစိုးရလက်ထက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်) တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဦးအာကာလင်းအပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက တိုက်တွန်းဟောကြားထားသည်။ 

“ကိုယ့်ရွာမှာ ကျေးဇူးပြုတဲ့လူကို ထည့်ပေးပေါ့။ ပါတီကို မကြည့်နဲ့၊ လူကိုကြည့်။ အဲဒီလူက လုပ်ပေးသလား၊ ဒီလူက လုပ်ပေးသလား။ လုပ်ပေးတဲ့သူကိုပဲ အာကာလင်း (ပြည်ခိုင်ဖြိုးကိုယ်စားလှယ်) ကအစ မဲပေးကြပေါ့" ဟု နိုဝင်ဘာ ၁ က ရှားပြားရွာတရားပွဲတွင် ဆရာတော်ဦးပညာဓရက ဟောကြားခဲ့သည်။ 

Continue Reading

၂၀၁၅ ထက် မဲအရေအတွက် လျော့နည်းခဲ့ခြင်းမှာ ရွေးကောက်ပွဲတရားမျှတမှု မရှိသောကြောင့်ဖြစ်ပြီး ရွေးကောက်ပွဲယဉ်ကျေးမှုအရ ရလဒ်ကို လက်မခံနိုင်၍ မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲရလဒ်လက်ခံခြင်းမည်သော ယဉ်ကျေးမှုကို လမ်းကြောင်းပေါ်တင်ပေးခဲ့သည့် ပါတီက...

Published on Dec 11, 2020
Published on Dec 11, 2020
နေပြည်တော်ရှိ ပါတီဗဟိုဌာနချုပ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ဒီဇင်ဘာ ၁၁ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

လွန်ခဲ့သော ငါးနှစ်ထက် လျော့နည်းကျဆင်းခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အပေါ် လက်မခံနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်များက ပြောကြားလိုက်သည်။ 

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝေလွင်၊ ဦးသောင်းအေးနှင့် ပြောခွင့်ရပုဂ္ဂိုလ်များဖြစ်ကြသည့် ဦးသိန်းထွန်းဦးနှင့် ဒေါက်တာနန္ဒာလှမြင့်တို့ ဦးဆောင်ကာ နေပြည်တော်၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီရလဒ်ကို ကျွန်တော်တို့အသိအမှတ်မပြုပါဘူးခင်ဗျ”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ဒေါက်တာနန္ဒာလှမြင့်သည် ရှမ်းပြည်နယ်၊ ကလောမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်ခဲ့သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကိုယ်စားလှယ်ကို မဲလေးသောင်းကျော်အကွာဖြင့် အရေးနိမ့်ခဲ့သူဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရွေးကောက်ပွဲတွင် မသမာမှုများရှိနေသည်ဟု ဆက်တိုက်ပြောဆိုနေရခြင်းမှာ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်လို၍ မဟုတ်ဘဲ ရာဇဝင်မရိုင်းစေချင်လို့ဖြစ်ကြောင်းလည်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များက ပြောကြားခဲ့သည်။ 

"အနိုင်အရှုံး ပြည်သူ့ရဲ့ဆန္ဒကို လေးစားတယ်။ နိုင်ငံရေးပါတီတွေရဲ့ သက်တမ်းဟာ ငါးနှစ်ပဲ။ ရွေးကောက်ပွဲယဉ်ကျေးမှုအရ ရလဒ်ကို လက်မခံလို့ ပြောနေတာမဟုတ်။ ဒီယဉ်ကျေးမှုကို ကျွန်တော်တို့ကိုယ်တိုင်က လမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ ပါတီကြီးဖြစ်ပါတယ်" ဟု  ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ 

ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲတွင် တစ်နိုင်ငံအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီဖြစ်ပြီး ပြည်သူ့သားသမီးများနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့ပါတီကြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ 

ပါတီဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်ခဲ့ပြီး NLD အမတ်ကို ရှုံးနိမ့်ခဲ့သူလည်းဖြစ်သည့် ပြည်ခိုင်ဖြိုးထိပ်သီး ဦးသောင်းအေးကလည်း တက်ရောက်ပြီး ရွေးကောက်ပွဲရလဒ်ကို မေးခွန်းထုတ်ခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကမဲမှာ ၂၀၁၅ကရသည့် အရေအတွက်အောက် ၈၀၀၀ ကျော် လျော့နည်းခဲ့ခြင်း၊ ၂၀၂၀တွင် ပြိုင်ဘက် NLDအမတ်ရရှိသည့် မဲအရေအတွက်မှာ ၂၀၁၅ ကထက် ၄၀၀၀၀ ကျော် တစ်ဟုန်ထိုးတိုးသွားခြင်းစသည့် ကိန်းဂဏန်းများကို ထုတ်ဖော်ပြသ၍ လက်ရှိရလဒ်အပေါ် သံသယရှိကြောင်း ၎င်းက ပြောခြင်းဖြစ်သည်။

“ဒါဟာဖြစ်နိုင်ခြေရှိရဲ့လား”ဟု ဦးသောင်းအေးက ဆိုသည်။

ဦးသောင်းအေးက ၎င်းကိုယ်တိုင် အချိန်ယူပြုစုရှာဖွေထားသည်ဆိုသော မဲစာရင်းတွင် အငြင်းပွားဖွယ်ရာအချက်အလက်များ၊ လူတွေ့မေးမြန်းထားသည်ဆိုသော ဗီဒီယိုဖိုင်များကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်း၏ မဲဆန္ဒနယ်အတွင်း တစ်ကြိမ်ထက်ပိုမဲပေးသူ၊ မှတ်ပုံတင်မပါဘဲ မဲပေးသူ စသဖြင့် မဲစာရင်းတွင် သံသယဖြစ်ဖွယ်လူဦးရေမှာ ငါးသောင်းကျော်ရှိသည်ဟုလည်း ဆိုသည်။ 

ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ၎င်းကို အနိုင်ယူခဲ့သည့် NLDကိုယ်စားလှယ် ဒေါက်တာဝင်းမောင်ကမူ ဦးသောင်းအေးစွပ်စွဲသကဲ့သို့ မတရားပြုကျင့်မှုမျိုး ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းပြောသည်။

“ရလဒ်က အမှန်ပဲလို့ သုံးသပ်ပါတယ်။ ကျွန်တော်တို့က မသမာမှုလည်းမလုပ်ခဲ့ဘူး။ မသမာမှုမဖြစ်အောင်လည်း အထူးစောင့်ရှောက်ခဲ့တယ်”ဟု ဒေါက်တာဝင်းမောင်က ပြောသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်ခိုင်ဖြိုးအစိုးရဖွဲ့ခွင့်ရချိန်၌ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည့် ဦးဝေလွင်လည်း တက်ရောက်ခဲ့ပြီး ၂၀၂၀ တွင်ကြုံရသည့် ၎င်း၏ အရှုံးရလဒ်မှာ မဖြစ်နိုင်ကြောင်း ပြောသည်။

ပြည်ခိုင်ဖြိုး၏ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌဖြစ်သူ ဦးဝေလွင်မှာ ၂၀၁၅ ရွေးကောက်ပွဲကတည်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ပြိုင်ဘက်ဖြစ်ခဲ့သည့် NLDအမတ် ဦးတင်သစ်(ခ) ဦးရည်မွန်ကို ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅က ၎င်းတို့နှစ်ဦးကြား မဲကွာဟချက် ၂၀၀ ပင်မပြည့်သော်လည်း ၂၀၂၀ တွင် ၁၀၀၀၀ ကျော်သွားခဲ့ခြင်းမှာ မဲစာရင်းမသမာမှုများကြောင့်ဟု သံသယရှိကြောင်း ဦးဝေလွင်က ပြောသည်။

“လွန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက ပုဗ္ဗသီရိမှာ တောက်လျှောက် ပြည်သူနဲ့ ထိတွေ့မှု မပြတ်ရှိခဲ့တယ်။ အခုရွေးကောက်ပွဲဝင်မှ ဦးဝေလွင်က ဒီပုဗ္ဗသီရိထဲ ဝင်တာမဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

ဦးဝေလွင်ကို ယခင်ထက်မဲဖြတ်၍ အနိုင်ရခဲ့သူ ဦးတင်သစ်(ခ)မောင်ရည်မွန်ကမူ ၂၀၁၅က ဗုဗ္ဗသီရိမြို့နယ်သို့ ဒေသအတွေ့အကြုံမရှိဘဲ အစိမ်းသက်သက်ဝင်ပြိုင်ခဲ့၍သာ မဲမပြတ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ငါးနှစ်အတွင်း ၎င်း၏ ခြေစွမ်းပြနိုင်မှုများကြောင့် ၂၀၂၀တွင် ပြည်ခိုင်ဖြိုးကို မဲအပြတ်အသတ်သာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“မဲစာရင်းကို စိတ်တိုင်းကျပြင်ဆင်ထားတယ်ဆိုတဲ့ လုပ်ပိုင်ခွင့်မျိုးက ကျွန်တော်တို့မှာမရှိဘူး”ဟု ဦးရည်မွန်(ခ)မောင်တင်သစ်က ပြောသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲသို့ ပြည်ခိုင်ဖြိုးဒုတိယဥက္ကဌ ဦးလှထွန်း၊ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့လည်း တက်ရောက်ကျပြီး ၎င်းတို့ကလည်း အထက်ပါကဲ့သို့ပင် မဲပေးမှုနှင့် မဲစာရင်းသံသယဖြစ်ဖွယ် အခြေအနေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံဆွေးနွေးခွင့်မရခဲ့ခြင်းများကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။

“မဲစာရင်းတွေအမျိုးမျိုး ပြင်ဆင်ဖြည့်သွင်းရေးဆွဲထားခြင်းအပေါ်မှာ အခြေခံပြီးတော့ တရားမဲ့ပြုကျင့်မှုတွေ လုပ်ဆောင်လို့ရနေခြင်းပဲဖြစ်ပါတယ်”ဟု ဦးသောင်းအေးက ပြောသည်။

သို့သော် ထိုသို့သော ကိစ္စများအားလုံးကို ရွေးကောက်ပွဲကန့်ကွက်မှုအဖြစ် ကျပ်ငွေ ငါးသိန်းသွင်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဥပဒေပြဌာန်းချက်များအတိုင်း ကန့်ကွက်ရန်ရှိမရှိကိုမူ ပြည်ခိုင်ဖြိုးတာဝန်ရှိသူတို့က ယတိပြတ်မပြောကြသေးပေ။

“အနိမ့်ဆုံးတော့ ၅၀(မဲဆန္ဒနယ်)ထက်မနည်း ကန့်ကွက်သွားဖို့ ရှိပါတယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲမတရားပြုကျင့်မှုများနှင့် စပ်လျဉ်း၍ ရဲအရေးပိုင်သည့်အမှု ၁၇၀ကျော်၊ ဒေသဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တိုင်ကြားမှု ၁၀၀၀ ကျော် ဆောင်ရွက်ပြီးဖြစ်သည်ဟု ၎င်းက အသိပေးသည်။

ပြည်ခိုင်ဖြိုး၏ စွပ်စွဲချက်များနှင့်ပတ်သက်၍ ပျော်ဘွယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့နှင့် အကျုံးဝင်သည့် မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ Myanmar Nowက ဆက်သွယ်မေးမြန်းရာ မသမာမှုရှိသည်ဆိုလျှင် ဥပဒေအရ ကျပ်ငါးသိန်းသွင်း၍ ကန့်ကွက် လွှာတင်သွင်းသင့်ကြောင်း အတွင်းရေးမှူး ဦးကျော်ကျော်စိုးက အကြံပြုသည်။

“ဥပဒေအတိုင်း ဆက်လုပ်ကြပေါ့။ ဥပဒေမှာ အခွင့်အရေးတွေပါပြီးသားပဲ” ဟု ၎င်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဝင်ပြိုင်ခြင်းမရှိသော ၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ခဲ့ဖူးသော်လည်း NLD ဝင်ပြိုင်သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ အစိုးရဖွဲ့ရန် အခရာကျသည့် ပြည်ထောင်စုလွှတ်တော်၌ ၄၁ နေရာသာ အနိုင်ရခဲ့ပြီး အာဏာလက်လွှတ်ခဲ့ရသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုလွှတ်တော် ၃၃ နေရာတွင်သာ အနိုင်ရတော့သဖြင့် အစိုးရဖွဲ့နိုင်ငံရေး နီးစပ်မှုမရှိတော့သည့်အပြင် လွှတ်တော်အတွင်း၌ပါ အင်အားလျော့နည်းသွားမည်ဖြစ်သည်။ 

ထိုသို့ ရွေးကောက်ပွဲရလဒ် ထပ်မံကျဆင်းမှုများကြောင့် ပါတီခေါင်းဆောင်မှုအပိုင်း ပြောင်းလဲရန် ရှိမရှိကိုလည်း ပြည်ခိုင်ဖြိုးတာဝန်ရှိသူတို့ဖက်က အတည်မပြုကြသေးပေ။

ငါးနှစ်တစ်ကြိမ်ကျင်းပရမည့် ပါတီညီလာခံကို လာမည့် ၂၀၂၁အတွင်း ကျင်းပပြီးစီးမှသာ ရာထူးအဆင့်ဆင့် ပြန်လည်ရွေးချယ်မှုများလုပ်ဆောင်မည်ဖြစ်ပြီး လက်ရှိ ပါတီဝင်ခေါင်းဆောင်များ၏ သက်တမ်းသည်လည်း ငါးနှစ်သာဖြစ်သည်ဟု ဆိုသည်။ 

Continue Reading