၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှစတင်ကာ ယနေ့အချိန်ထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ထင်ရှားကျော်ကြားသူ နော်အုန်းလှသည် 'သစ်ခုတ်သမားတို့ပါတီ' ဟု ကြွေးကြော်ထားသည့် UNDP ပါတီ ကိုယ်စားပြုကာ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည် 

Published on Nov 6, 2020
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ထင်ရှားကျော်ကြားသည့် နော်အုန်းလှကို မရမ်းကုန်း မြို့နယ်ရှိ ၎င်း၏ နေအိမ်၌ တွေ့ရစဉ်။ (ဓာတ်ပုံ - ဖြိုးထက်‌အောင်/ Myanmar Now) 
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ထင်ရှားကျော်ကြားသည့် နော်အုန်းလှကို မရမ်းကုန်း မြို့နယ်ရှိ ၎င်း၏ နေအိမ်၌ တွေ့ရစဉ်။ (ဓာတ်ပုံ - ဖြိုးထက်‌အောင်/ Myanmar Now) 

မိုးအကုန် ဆောင်းအကူး အောက်တိုဘာနံနက်ခင်း၏ နေရောင်ခြည်နွေးနွေးသည် ရန်ကုန် ဆင်ခြေဖုန်းရပ်ကွက်အတွင်းရှိ တိုက်ခန်းငယ်၏ အနွေးဓာတ်ကို ပံ့ပိုးပေးထား၏။ 

အတန်ငယ် ကျဉ်းမြောင်းသော်လည်း သန့်ရှင်းသပ်ရပ်သည့် ဧည့်ခန်းနံရံထပ်တွင် ကရင်တိုင်းရင်းသားတို့၏ အလေးအမြတ်ပြုရာ ကရင့်အလံတော်နှင့် ကရင့်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး၏ ပုံတူပန်းချီကားက ခန့်ညားစွာ နေရာယူထားသည်။

ကရင်အမျိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး ဝဝဖိုင့်ဖိုင့် ခန္တာကိုယ်နှင့် ပြုံးချိုနှစ်လိုဖွယ် မျက်နှာထားကို ပိုင်ဆိုင်ထားသူ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦးသည် သူမ၏ ခန္တာကိုယ်ကြီးကို တစ်အိအိ သယ်ဆောင်ကာ အခန်းငယ်၏ ဧည့်ခန်းရှိရာသို့ တစ်လှမ်းခြင်းလှမ်းဝင်လာသည်။

ထိုအမျိုးသမီးကြီးသည်ကား နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားလူငယ်များက အန်တီနော်ဟု ရင်းနှီးချစ်ခင်စွာ ခေါ်ဝေါ်ကြသည့် ကရင်တိုင်းရင်းသား နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ ဖြစ်သည်။

လယ်သမားမျိုးရိုးက ဆင်းသက်လာသူ နော်အုန်းလှ၏ ဘဝမှာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အတွင်းရှိ ကရင်ရွာလေးတစ်ရွာတွင် အစပြုခဲ့သည်။ မိဘနှစ်ပါးလုံးမှာ ကရင်တိုင်းရင်းသားများဖြစ်ကြပြီး မှော်ဘီမြို့နှင့် ၄ မိုင်ခန့် ကွာဝေးသည့် ကုန်းဂမူကျေးရွာလေးတွင် သူမကို မွေးဖွားခဲ့သည်။

လယ်သမားမိသားစု၏ ဒုတိယမြောက်သမီးကြီးဖြစ်သူ နော်အုန်းလှမှာ တစ်မိပေါက် တစ်ယောက်ထွန်းဆိုသလိုပင် မွေးချင်း ၇ ယောက်ထဲအနက် တစ်ဦးတည်းသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဖြစ်သည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အသိုင်းအဝန်းတွင် ထင်ရှားသူ နော်အုန်းလှမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် သူမနှင့် အသင့်တော်ဆုံးဟု ယူဆထားသည့် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သို့သော်လည်း နော်အုန်းလှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရသည့် ရည်ရွယ်ချက်မှာ အခြားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရည်ရွယ်ချက်နှင့် ကွဲပြားခြားနားလျက်ရှိသည်။ 

စစ်ဗိုလ်ချုပ်ပြီးများ ဦးဆောင်ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းတွင် စစ်အစိုးရလက်ထက်က မတရားဖမ်းဆီးခံခဲ့ရသူ တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမားများမှာ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာပြီးနောက် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသော “နိုင်ငံတည်ဆောက် ရေး" ဟူသော စကားရပ်များမှာ နော်အုန်းလှနှင့်တော့ ဆန့်ကျင်ဘက်ပင်။ 

စစ်အစိုးရခေတ်က တစ်ဖက်သက် ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းနိုင်ရန်နှင့် မပြီးဆုံးသေးသည့် တော်လှန်ခရီးကို ဆက်လက်ချီတက်နိုင်ရန် လွှတ်တော်တွင်းနိုင်ငံရေးခရီးကို ရွေးချယ်ရမည်ဟု နော်အုံးလှကတော့ ခိုင်မာစွာ ယုံကြည်နေသည်။

နိုင်ငံရေး ခရီးလမ်းအစ

ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တစ်ပါတီအာဏာရှင်စနစ်ကို အဆုံးသတ်နိုင်ခဲ့သည့် ၁၉၈၈ အရေးတော်ပုံကြီးသည် လယ်သမားမိသားစုက ပေါက်ဖွားလာသူ နော်အုန်းလှ၏ ဘဝတစ်ဆစ်ချိုးပင်ဖြစ်သည်။

လယ်သမားမိသားစုအပေါ် ဖိနှိပ်မှုပြင်းထန်သည့် မဆလ တစ်ပါတီအာဏာရှင်စနစ်၏ ဆိုးကျိုးကို နေ့စဉ်နှင့်အမျှ မြင်တွေ့ခံစားခဲ့ရသည့် အသက် ၂၆ နှစ်အရွယ်သာ ရှိသေးသည့် နော်အုန်းလှကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဘဝသို့ တွန်းပို့ခဲ့ခြင်းပင်ဖြစ်သည်။

“နိုင်ငံရေးအကြောင်းတော့ မသိဘူး။ ဒါပေမယ့် မတရားမှုကို မခံခဲ့ဘူး။ လယ်လုပ်ရင်းနဲ့မှ မိဘတွေက တအားဖိနှိပ်ခံရတယ်” ဟု ထိုအချိန်က သူမတို့ မိသားစု ခံစားခဲ့ရသည်များကို နော်အုန်းလှက ပြန်ပြောင်းပြောပြသည်။

“အဲ့ဒီတုန်းက ဦးနေဝင်းလက်ထက် တစ်ပါတီအာဏာရှင်ခေတ်မှာ စပါးတွေ တအားတောင်းတယ်။ ကိုယ့်ရဲ့ဆန်စပါးကို လယ်သမားတွေက ကျီလှန်၊ပုတ်လှန် ပေးရတဲ့ ခေတ်ဖြစ်တဲ့အခါ ဒါ မတရားလုပ်တယ်လို့ မြင်တယ်၊ ဒီလိုမျိုးဖြစ်တာ မတရားမှုဖြစ်တဲ့အတွက် ကျွန်မက နိုင်ငံရေးမှာ ပါဝင်လာတာပေါ့” ဟု ၎င်းက ဆိုသည်။ 

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စစ်ဗိုလ်ချုပ်ဟောင်းများဖြစ်သည့် ဦးတင်ဦး၊ ဦးအောင်ကြီး၊ ဦးကြည်မောင်တို့ ဦးဆောင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဖွဲ့စည်းချိန်တွင် နော်အုန်းလှမှာ ပါတီဝင်တစ်ယောက်ဖြစ်လာခဲ့သည်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် မှော်ဘီမြို့နယ် NLD ပါတီ အောင်နိုင်ရေးတွင် နော်အုန်းလှလည်း ပါဝင်ခဲ့ပြီး နိုင်ငံရေးတွင် ထဲထဲဝင်ဝင်ဖြစ်လာခဲ့သည်။

ထိုရွေးကောက်ပွဲ အပြီးတွင် နော်အုန်းလှမှာ NLD ပါတီ၏ ဗဟိုအမျိုးသမီးရေးရာအဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄)သို့ အမြဲ ဝင်ထွက်သွားလာနေသူ NLD  အမာခံတစ်ဦး ဖြစ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုခဲ့သူ 

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ပါတီစည်းရုံးရေးခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီခေါင်းဆောင်များ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည်။ ဒီပဲရင်းအကြမ်းဖက်မှုဟု ထင်ရှားသည့် ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် စစ်အစိုးရက ထိန်းသိမ်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ နေ့စဉ် ထမင်းပို့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ရွေတိဂုံဘုရားပေါ်သို့တက်ကာ ဆုတောင်းပေးခဲ့သည့် နော်အုန်းလှနှင့်NLD အမျိုးသမီးအဖွဲ့ဝင်များ၏ အင်္ဂါအပတ်စဉ် ဆုတောင်းပွဲမှာ ထင်ရှားသည်။

နော်အုန်းလှသည် ထိုလုပ်ဆောင်ချက်ကြောင့် အာဏာပိုင်များက ဖမ်းဆီးရန် ကြိုးစားမှုကို မကြာခဏ ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ရွှေတိဂုံဘုရားပေါ်တွင် ငှက်လွှတ်ရန် ကြိုးစားရာတွင် အာဏာပိုင်များက ပိတ်ဆို့တားဆီးခဲ့သည်မှာ အမှတ်တရ အရှိဆုံးဖြစ်သည်ဟု နော်အုန်းလှက ပြောသည်။

ထိုသို့ ပိတ်ဆို့တားဆီးရာတွင် အာဏာပိုင်များက ငှက်အိမ်ကို အတင်းလုယူစဉ် ပြန်လုယူရာမှ ထဘီ ကျွတ်ကျခဲ့ပြီး လွတ်မြောက်ခဲ့ရသည်ဟု နော်အုန်းလှက ပြန်ပြောပြသည်။

“မှတ်မှတ်ရရက ကျွန်မ ထဘီအစက ကျွတ်သွားတယ်။ ဝတ်ထားတဲ့အင်္ကျီကလည်း ခါးတိုတော့ ထဘီအစက ကျွတ်တယ်။ အဲ့တော့ ရဲက ငှက်အိမ်ကိုလွှတ်ပြီး ထဘီကို ဝတ်ခိုင်းတယ်။ သူတို့လုပ်လို့ အန်တီ ထဘီက ကျွတ်တာလေ။ အန်တီက ငှက်အိမ်မလွှတ်ဘဲ ထိုင်ချလိုက်တယ်။ သူတို့လည်း အတင်းမဆွဲရဲဘူး” ဟု သူမက ရယ်ရယ်မောမောဖြင့် ထိုအဖြစ်အပျက်ကို အမှတ်တရဆိုသည်။

NLD ပါတီမှ ထုတ်ပယ်ခံခဲ့ရ

ထိုသို့ စစ်အာဏာရှင်စနစ်ကို NLD ပါတီနှင့်အတူ ရပ်တည်တိုက်ပွဲဝင်ခဲ့သော်လည်း အာဏာရှင်စနစ်၊ ဗဟိုချုပ်ကိုင်မှုစနစ်ကို လက်မခံသူဖြစ်သည့်အားလျော်စွာ ပါတီ၏လမ်းစဉ်ကို ပြန်လည် ဝေဖန်ထောက်ပြခဲ့ခြင်းကြောင့် ပါတီက ထုတ်ပယ်ခံခဲ့ရသည်။ 

“အထုတ်ခံရတာ စိတ်နာစရာတော့ မရှိပါဘူး။ နိုင်ငံရေးကို ကိုယ်လုပ်ချင်လို့ လုပ်ခဲ့ကြတာပဲ။ အန်တီ ခံယူချက်ကြောင့် ပါတီက ထုတ်လိုက်တုန်းကလည်း ဘာမှမဖြစ်ခဲ့ဘူး။ ငါ မဟုတ်တာ မလုပ်ခဲ့ဘူး။ ငါ့ကို မတရားလုပ်တာလို့ပဲ အန်တီက ခံယူထားတယ်" ဟု နော်အုန်းလှက ဆိုသည်။ 

သို့သော်လည်း သူမ၏ နိုင်ငံရေးလှုပ်ရှားမှုများမှာ ရပ်တန့်မသွားဘဲ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ တိုင်းရင်းသား တန်းတူအခွင့်အရေး ရရှိရန်အတွက် ဆက်လက်လှုပ်ရှားခဲ့ရာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို အကြိမ်ကြိမ်ခံခဲ့ရသည်။

နော်အုန်းလှသည် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အာဏာပိုင်များ၏ ၂၁ ကြိမ်တိုင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ၁၁ကြိမ်မျှ ထောင်ဒဏ်အပြစ်ပေးခံခဲ့ရသည်။

'သစ်ခုတ်သမားတို့ပါတီ' 

နော်အုန်းလှသည် ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းကာ တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) ကို ဦးဆောင်တည်ထောင်ခဲ့ပြီး ထိုပါတီ၏ အထွေထွေအတွင်းရေးမှုး ဖြစ်လာခဲ့သည်။

ထိုပါတီတွင် နာယကအဖြစ် တာဝန်ယူထားသော တိုင်းရင်းသားခေါင်းဆောင် ၈ ဦးအနက် SNLD (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်) ပါတီမှ ခွန်ထွန်းဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ ပုကျင့်ရှင်းထန်တို့လည်း ပါဝင်သည်။

လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ ဟန်ချက်ညီညီသွားရန် လိုအပ်နေပြီး လွှတ်တော်တွင်းနိုင်ငံရေးမှာ အားကောင်းသည့် အခြေအနေတွင် မရှိသေးသည့်အတွက် လွှတ်တော်တွင်းနိုင်ငံရေး အားကောင်းလာစေရန် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု နော်အုန်းလှက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘဲ အမြဲလိုလို ဆန့်ကျင်နေသည့် နော်အုန်းလှတစ်ယောက် လွှတ်တော်နိုင်ငံရေးလမ်းကြောင်းမှ နိုင်ငံရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်မည်ဆိုသည်မှာ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များအတွက် အံ့သြစရာပင်ဖြစ်သည်။ 

၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံ၍ လွှတ်တော်လမ်းကြောင်းကို ရွေးခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံ၏လိုအပ်ချက်အရ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ဟန်ချက်ညီညီ လှုပ်ရှားဖို့ လိုအပ်၍ ရွေးကောက်ပွဲ ဝင်ရခြင်းဖြစ်သည်ဟု နော်အုန်းလှက ရှင်းပြသည်။ 

“၂၀၀၈ ကို လက်မခံဘူး။ ဒါပေမယ့် လိုအပ်ချက်အရ လုပ်ရတာဖြစ်တယ်။ အဲ့တော့ အသစ်ရေးမယ် ပြောတာပေါ့။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို မလိုချင်တဲ့အတွက် ပြင်မယ်ဆို ပြင်လို့မရတာ ဖြစ်တယ်။ အသစ်ရေးမှသာ ကျွန်မတို့ လိုချင်တဲ့အရာ ရမယ်” ဟု ၎င်းက ဆိုသည်။ 

ပါတီကို တည်ထောင်သူများမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရန် ကြိုးပမ်းခဲ့ကြသူများဖြစ်သည်ဟု ဆိုသည်။ 

အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ  

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားလူမျိုးတစ်မျိုးသည် နိုင်ငံလူဦးရေ စုစုပေါင်း၏ သုည ဒသမ ၁ ရာခိုင်နှုန်းအထက်ရှိပါက ထိုတိုင်းရင်းသားများကို ကိုယ်စားပြုမည့် တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦးကို ရွေးချယ်တင်မြှောက်နိုင်သည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗမာနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ၅ နေရာစီ၊ ချင်းနှင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ၃ နေရာစီရှိပြီး ပအိုဝ်း၊ ရခိုင်၊ လီဆူ တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာစီနှင့် မွန်၊ ရဝမ်၊ ကချင်၊ လားဟူ၊ အာခါ၊ အင်း နှင့် ကယန်း (ပဒေါင် တိုင်းရင်းသားရေးရာဝန်ကြီး) ၁ နေရာစီ သတ်မှတ်ထားသည်။ 

ရန်ကုန်တွင် မဲပေးခွင့်ရှိသည့် ကရင်တိုင်းရင်းသား ၁၈၁,၀၀၀ ကျော်ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် နိုင်ငံရေးပါတီမှ ၇ ခုမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ၂၀၁၀ ရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီကိုယ်စားလှယ်က အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ရွေးကောက်ခံမည့် နော်အုန်းလှနှင့် နော်လှလှစိုးတို့ နှစ်ဦးမှာ ရန်ကုန်ရောက် ကရင်တိုင်းရင်းသားများကြား လူသိများသူများဖြစ်ရာ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိသည်။ 

၎င်းတို့နှစ်ဦးတွင် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်သွားရန်နှင့် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်ရန် လိုလားကြသည့် တူညီသည့် ဘုံရည်မှန်းချက်များမှာလည်း ရှိနေသည်။ 

ကရင်စာပေနှင့် ယဉ်ကျေးမှု မြှင့်တင်ဖော်ထုတ်ရေးနှင့် ကရင်တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိရေးအတွက် အလေးပေးလုပ်ဆောင်မည်ဟုလည်း ၎င်းတို့ နှစ်ဦးလုံးက ထုတ်ဖော်ပြောဆိုထားသည်။

“တရားမျှမျှတတနဲ့ ယှဉ်ပြိုင်ဖို့ အဓိကပါ။ အားလုံးကလည်း ကရင်အမျိုးသားအတွက် လုပ်မယ့်သူတွေပဲလေ။ ရိုးရိုးသားသားယှဉ်ပြိုင်ပြီး ကရင်လူထုကို ကောင်းအောင်လုပ်ပေးနိုင်တာတွေကို ချပြပြီးတော့ ကရင်လူထုတွေကလည်း ကြိုက်တဲ့လူတွေကို မဲပေးပိုင်ခွင့်ရှိပါတယ်” ဟု လာမည့်ရွေးကောက်ပွဲနှင့် ပတ်သက်၍ နော်လှလှစိုးက ပြောသည်။

တိုင်းရင်းသားရေးရာဝန်ကြီးများသည် ကိုယ်စားပြုရာ တိုင်းရင်းသားလူမျိုးများ၏ အရေးကိစ္စများကို ဆောင်ရွက်ပေးနိုင်သူများဖြစ်သည်ဟု ဥပဒေက ဆိုသည်။

“နှစ်ယောက်စလုံးက အားသာချက်တွေ မတူကြဘူး။ နှစ်ယောက်စလုံးက တစ်နေရာတည်းမှာ ဝင်ပြိုင်မှာတော့ နည်းနည်းတော့ရွေးချယ်ရတာ ကိုယ့်အတွက် ပိုပြီးအခက်အခဲဖြစ်စေတယ်” ဟု အင်းစိန်မြို့နယ်နေ ကရင်တိုင်းရင်းသားမဲဆန္ဒရှင်တစ်ဦးဖြစ်သည့် နော်ခင်မိုးအေးက Myanmar Now ကို ပြောသည်။ 

“အခုချိန်က တော်လှန်ရေးမပြီးသေးဘူး။ ဒါ အလွယ်ကူဆုံး နားလည်အောင်ပြောတာ။ အန်တီတို့ ခံယူချက်က ဒီလိုပဲဖြစ်တယ်။ လွှတ်တော်ထဲသွားတယ်ဆိုတာ တော်လှန်ရေးပြန်စတာပဲ” ဟု ခိုင်မာပြတ်သားသည့် အသံဖြင့် နော်အုန်းလှက ဆိုသည်။

“သစ်ခုတ်သမားတို့ ပြန်လာပြီ” ဆိုသည့် ပါတီ၏ကြွေးကြော်သံနှင့်အတူ ရန်ကုန်တိုင်းအနှံ့ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်များ စိုက်ထူနေသူ နော်အုန်းလှတစ်ယောက် လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်မည်လားဆိုသည်က ရွေးကောက်ပွဲအလွန် ကာလအထိ ဆက်လက်စောင့်ကြည့်ရမည့် ပုစ္ဆာတစ်ပုဒ်သာ ဖြစ်သည်။

 

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading