ရွေးကောက်ပွဲလွန်ကာလတွင် မဲရလဒ်အခြေအနေပေါ် ကြည့်၍ တပ်မတော်၏ သဘောထားနှင့် မကိုက်ညီလျှင် ကြိုတင်အစီအမံများ ရှိပြီးဖြစ်သည်ဟူသည့်သဘောမျိုး တပ်ချုပ်က နှပ်ကြောင်း ပေးလိုက်သည်ဟု နားလည်မိကြောင်း ဆိုကြသည် 

Published on Nov 6, 2020
 ၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည့်အချိန်တွင် အာဏာရ NLD ပါတီနှင့် တပ်မတော်ကြား သဘောထားတင်းမာလျက်ရှိပြီး ပြစ်တင်ဝေဖန်မှုများ၊ ချေပေချက်များဖြင့်လည်း အပြန်အလှန်တုံ့ပြန်လျက်ရှိကြသည်။ (ဓာတ်ပုံ - Reuters) 
 ၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည့်အချိန်တွင် အာဏာရ NLD ပါတီနှင့် တပ်မတော်ကြား သဘောထားတင်းမာလျက်ရှိပြီး ပြစ်တင်ဝေဖန်မှုများ၊ ချေပေချက်များဖြင့်လည်း အပြန်အလှန်တုံ့ပြန်လျက်ရှိကြသည်။ (ဓာတ်ပုံ - Reuters) 

၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည်နှင့်အမျှ နိုင်ငံရေးပါတီများကြား အကြိတ်အနယ်မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများနှင့် စကားစစ်ထိုးသံများလည်း အရှိန်လျော့လာခဲ့သည်။ 

သို့သော်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ အာဏာရ NLD ပါတီနှင့် တပ်မတော်ကြား အပြန်အလှန် ပြစ်တင်မှုများ၊ အပြန်အလှန်ချေပချက်များဖြင့် အခြေအနေတင်းမာလျက်ရှိသည်။ 

ရွေးကောက်ပွဲကျင်းပရန် ၅ ရက်သာ လိုတော့သည့် နိုဝင်ဘာ ၂ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို ပြင်းထန်စွာ ပြစ်တင်ဝေဖန်ထားပြီး အစိုးရတွင် တာဝန်ရှိသည်ဟုလည်း တပ်မတော်က သတိပေးခဲ့သည်။ 

နောက်တစ်ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပေါ်ပြူလာသတင်းဌာနနှင့် အင်တာဗျူးတွင် ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှုရှိစေရန် ရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ရှိသလို အစိုးရကလည်း တာဝန်ယူ၊ တာဝန်ခံရန်လိုကြောင်း ထပ်ဆင့်သတိပေးခဲ့သည်။

ရွေးကောက်ပွဲရလဒ်အပေါ် တပ်မတော်က လက်သင့်ခံရေးနှင့် ပတ်သက်၍ ဒွိဟဖြစ်ဖွယ်စကားအချို့ကို တပ်ချုပ်က ထည့်သွင်းပြောဆိုခဲ့သည်။ 

နိုင်ငံ၏သိက္ခာကို အထိအခိုက်မခံနိုင်၍ ပြောဆိုခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို ကော်မရှင်က ကြေညာပါက လက်ခံမည်ဟု ပြောဆိုခဲ့ဖူးကြောင်း၊ ယခုရွေးကောက်ပွဲတွင်မူ သတိထားရသည့် အခြေအနေများဖြစ်လာပြီဖြစ်ကြောင်း အဆိုပါအင်တာဗျူးတွင် တပ်ချုပ်က ပြောကြားခဲ့သည်။ 

“ဒါက မဖြစ်စေချင်ဘူး။ ဒါမျိုးတွေ။ ဒါကြောင့် သတိထားပြီးလုပ်လို့ရအောင် သတိပေးတဲ့သဘော ပြောတာပါ” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောဆိုချက်များမှ ထုတ်နုတ်၍လည်း တပ်မတော်ပိုင် မီဒီယာနှင့် လူမှုကွန်ရက်များက  ဆက်တိုက် ဖော်ပြခဲ့သည်။ 

နိုဝင်ဘာ ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံးက အထူးသတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ တပ်ချုပ်နှင့် တပ်မတော်၏ ပြောဆိုထုတ်ပြန်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေတို့နှင့် ညီညွတ်ခြင်းမရှိဟု တုံ့ပြန်လိုက်သည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ အာဏာရပါတီ NLD အစိုးရနှင့် တပ်မတော်ကြား သဘောထားတင်းမာမှုမှာ ထိုမျှနှင့် ရပ်တန့်သွားခြင်း မရှိပေ။ နိုဝင်ဘာ ၅ ရက်တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးမှာ တပ်မတော်၏ အဓိကတာဝန်ဖြစ်ကြောင်း၊ တပ်ချုပ်၏အဆင့်မှာ ဒုတိယသမ္မတအဆင့်နှင့် ကိုက်ညီကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

တပ်ချုပ်နှင့် အစိုးရအကြား အခြေအနေတင်းမာမှုများကြောင့် တပ်က အာဏာသိမ်းနိုင်သည့်အခြေအနေအထိ ဖြစ်ပေါ်လာနိုင်ကြောင်း မှန်းဆချက်များလည်း ရှိလာသည်။ နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံရှိသူများ၊ နိုင်ငံရေးပါတီခေါင်းဆောင်အချို့နှင့် နိုင်ငံရေးစောင့်ကြည့် လေ့လာသူများကတော့ ဖြစ်နိုင်ခြေ နည်းပါးသည်ဟု ဆိုကြသည်။

သို့ရာတွင် လက်ရှိအခြေအနေတင်းမာနေသော စစ်တပ်နှင့် အစိုးရ ဆက်ဆံရေးအခြေအနေကြောင့် နောက်ဆက်တွဲအဖြစ် ရွေးကောက်ပွဲလွန်ကာလတွင် မတည်ငြိမ်မှုများဖြစ်လာနိုင်မည်ကို စိုးရိမ်ပူပန်မှုများလည်း ရှိလာသည်။ 

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီက နိုင်ငံတော်သမ္မတသည် ရွေးကောက်ပွဲကော်မရှင်ကို အသိအမှတ်ပြု ဖွဲ့စည်းပေးရုံသာ တာဝန်ရှိပြီး ကော်မရှင်သည် တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် သီးခြားလွတ်လပ်စွာ လုပ်ဆောင်ရသည့် အဖွဲ့အစည်းဖြစ်သည်ဟု မှတ်ချက်ပြုသည်။

တပ်မတော်နှင့် တပ်ချုပ်၏ ထုတ်ပြန်ပြောဆိုချက်များနှင့်ပတ်သက်၍ "တော်တော်မှားယွင်းတဲ့ ကိစ္စပဲ။ သူတို့ဆွဲထားတဲ့ဥပဒေမှ သူတို့မလေးစားဘူးဆိုရင်တော့ အဲဒါသူတို့ကိစ္စ” ဟု ဦးဂျင်မီက ဆိုသည်။ 

တပ်ချုပ်၏ ပြောဆိုချက်များအပေါ်  အမြင်များ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောဆိုချက်များအပေါ် သဘောထားကွဲလွဲခြင်းမရှိသည့် နိုင်ငံရေးပါတီခေါင်းဆောင်အချို့လည်း ရှိနေသည်။ ၎င်းတို့ထဲတွင် ဩဂုတ် ၁၄ ရက်က တပ်ချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ခုတို့ နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် ပါဝင်ခဲ့သော အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့မှ ခေါင်းဆောင်များလည်း ပါဝင်နေသည်။

“ကော်မရှင်ကို မယုံကြည်တော့ဘူးဆိုတာကို လအတော်ကြာကြာကတည်းက ပြောခဲ့တယ်။ (လက်ရှိ) ကော်မရှင်ဟာ အညံ့ဖျင်းဆုံးဖြစ်တယ်။ အနိုင်ရပါတီ ကြိုးဆွဲရာကနေတဲ့ ရုပ်သေးရုပ်ကော်မရှင်ဥက္ကဋ္ဌ ဖြစ်တယ်” ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

“ပြည်သူတွေဘက်က ထွက်ပြောတဲ့သဘောပါ။ အာဏာသိမ်းဖို့အတွက် ပြောတာမဟုတ်ပါဘူး” ဟုလည်း ဝါရင့်နိုင်ငံရေးသမား ဦးခင်မောင်ဆွေက ကာကွယ်ပြောကြားသည်။ 

PPP ပါတီဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျကမူ တပ်ချုပ်နှင့် အစိုးရအကြား လက်ရှိအချင်းများနေသော ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး မခေါ်ခြင်း၏ အကျိုးဆက်ဟု ကောက်ချက်ချသည်။

ကာလုံအစည်းအဝေးခေါ်ယူလိုက်ခြင်းအားဖြင့် အစိုးရနှင့် စစ်တပ်အပါအဝင် ကောင်စီဝင်အဖွဲ့အစည်းအားလုံး ပေါင်းစပ်ညှိနှိုင်းမှုရှိသည့်အခါ ညီညီညွတ်ညွတ်ဖြစ်နိုင်ကြောင်း ၎င်းက ထောက်ပြသည်။

“အရပ်ဘက်စစ်ဘက် ဆက်ဆံရေးပုံရိပ်ကတော့ မကောင်းဘူး။ တိုင်းပြည်အနာဂတ်အတွက် မဖြစ်သင့်ဘူး။ ကာလုံကို ရွေးကောက်ပွဲနီးတုန်းက တစ်ခါလောက် ခေါ်လိုက်ရမှာ။ ဒီအစည်းအဝေးမခေါ်ခြင်းရဲ့ ရလဒ်လို့ပဲ မှတ်ချက်ပြုချင်ပါတယ်” ဟု ဦးကျော်ဇေယျက ပြောသည်။

နောက်ဆုံးဖြစ်ပေါ်နေသည့် အခြေအနေအပေါ် သုံးသပ်လျက် စစ်ဘက်အရပ်ဘက် ဆက်ဆံရေးမှာ ယခုထက်တိုင် ပြေပြစ်မှုမရှိသေးသည့်ပုံရိပ်ကို မြင်တွေ့ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပြောရေးဆိုခွင့်ရ မုံရွာအောင်ရှင်က Myanmar Now ကို ပြောသည်။

သို့ရာတွင် ကာလုံအစည်းအဝေး မခေါ်ခဲ့သော်ငြား ကာလုံခေါ်သကဲ့သို့ ပုံသဏ္ဍာန်တူသည့် တွေ့ဆုံမှုများလည်း ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

“ထစ်ခနဲရှိ ဒီကာလုံခေါ်ပေးဖို့၊ ထစ်ခနဲရှိ တပ်မတော်က ဘယ်လိုထိန်းသိမ်းမလဲ ဘယ်လိုအကူအညီပေးမလဲဆိုတဲ့ နိမိတ်ပြမေးခွန်းတွေ၊ တချို့ဆို ဘယ်လောက်ထိပါဖြစ်လဲဆို အာဏာသိမ်းပါဆိုတာမျိုး မပြောရုံတမယ်ပဲ။ တစ်ဖက်နဲ့ တစ်ဖက် ရန်မီးပွားအောင် မြှောက်ပေးနေတယ်လို့ပဲ ကျွန်တော်မြင်တယ်” ဟု မုံရွာအောင်ရှင်က ပြောသည်။

မြန်မာနိုင်ငံ၏အနီးဆုံး အတိတ်သမိုင်းတွင် ပေါ်ပေါက်ခဲ့သည့် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုကို လည်ပြန်ကြည့်ကာ အုပ်ချုပ်ရေးအလုံးစုံပျက်ပြားသွားသော အခြေအနေမျိုးသည် မျက်မှောက်ခေတ် အနေအထားနှင့်ဆိုပါလျှင် ဖြစ်နိုင်ခြေမရှိဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) မှ ဒါရိုက်တာ ဦးအောင်သူငြိမ်းက သုံးသပ်သည်။

တပ်မတော်ဘက်က ထုတ်ပြန်ပြောဆိုချက်များသည် ပုံမှန်မဟုတ်သည့်ကိစ္စရပ်များ၊ အမှားအယွင်းများ ဆက်ရှိနေလျှင် ရွေးကောက်ပွဲရလဒ်အပေါ်လည်း တင်းပြည့်ကျပ်ပြည့်လက်ခံရန် ခက်ခဲသည်ဟူသည့် သဘောထားကို ပြသသည်ဟု နားလည်မိကြောင်း ၎င်းက ဆိုသည်။

“ရွေးကောက်ပွဲရလဒ်ကို လက်မခံတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီအချက်တစ်ခုတည်းနဲ့တော့ အာဏာသိမ်းမှုမျိုးတော့ မလုပ်နိုင်ဘူး။ ကျန်တဲ့အချက်တွေ ဥပမာ စီးပွားပျက်တာ၊ ရွေးကောက်ပွဲအပြီးမှာ မတည်ငြိမ်မှုတွေ ဖြစ်လာတာမျိုးဆိုရင်တော့ တစ်မျိုးတစ်ဖုံဖြစ်နိုင်တယ်” ဟု ဦးအောင်သူငြိမ်းက ပြောသည်။

“ဘာရမလဲ သာဝရာ”

ယင်းသို့အခြေအနေများ ဖြစ်ပေါ်နေသည့် တစ်ချိန်တည်းမှာပင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံရပြီးနောက် တစ်နှစ်ခွဲကျော်ကြာ ပုန်းအောင်းတိမ်းရှောင်နေသည့် အမျိုးသားရေးဆရာတော် ဦးဝီရသူသည် နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့၊ နောက်ပိုင်းခရိုင်ရဲစခန်းတွင် လာရောက်အဖမ်းခံပြီး ၎င်းနှင့်အတူ ငုပ်လျှိုးပျောက်ကွယ်နေသည့် အမျိုးသားရေးလှုပ်ရှားသူများလည်း တစ်ပြိုင်နက် ပေါ်ထွက်လာကြသည်။ 

“အမျိုးဘာသာသာသနာ စောင့်ရှောက်ပါ” စာတမ်းပါ တီရှပ်များဝတ်ဆင်ထားသည့် အမျိုးသားရေးတက်ကြွသူများက “အမျိုး၊ ဘာသာ၊ သာသနာ၊ စောင့်ရှောက်သူကို မဲပေးကြမည်” ဆိုသော လက်ကမ်းစာစောင်နှင့် စတစ်ကာများ လိုက်လံဝေငှသည့် လှုပ်ရှားမှုများကို ရန်ကုန်နှင့် မန္တလေး၌ တပ်ချုပ်နှင့် ပေါ်ပြူလာသတင်းဌာနတို့ အင်တာဗျူးလွှင့်တင်သည့် နိုဝင်ဘာ ၃ ရက်နေ့မှာပင် တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ကြ သည်။ 

ထိုလှုပ်ရှားမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘာသာရေးကိုအသုံးပြု၍ နိုင်ငံရေးကိုမလုပ်ရဆိုသော သတ်မှတ်ချက်ကို အတိအလင်းဖောက်ဖျက်ခြင်းဖြစ်သော်လည်း လှုပ်ရှားမှုတွင် ပါဝင်သူတစ်စုံတစ်ဦးကိုမှ အာဏာပိုင်များက ဥပဒေကြောင်းအရ အရေးယူခြင်း မရှိသေးပေ။ 

နိုဝင်ဘာ ၄ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ Facebook အကောင့်ဖြစ်သည့် Chair NLD မှနေ၍ ပို့စ်တစ်ခုကို ရေးသားခဲ့သည်။

ရွေးကောက်ပွဲအောင်မြင်စွာ ဖြစ်မြောက်ရေးကို ထိခိုက်အောင် ဆောင်ရွက်မှုများ ရှိနေကြောင်း အစချီလျက် “ဒေါသဖြစ်မယ်ဆိုရင် ဖြစ်ချင်စရာ တော်တော်များများ ကြုံတွေ့နေရပါတယ်။ တမင်သက်သက် ပြည်သူတွေကို မခံချင်စိတ်နဲ့ တုံ့ပြန်စေချင်လို့ ဆွနေကြတာပါ။ ဒီလိုလုပ်ရပ်တွေနဲ့ ဆင်ထားတဲ့ ချောက်ထဲကို မဝင်မိကြပါစေနဲ့” ဟု ရေးသားခဲ့သည်။

“ကျွန်မတို့ ငယ်ငယ်တုန်းက လူတိုင်းလိုလိုသိကြတဲ့ အပြောလေးတစ်ခုကို ပြန်မှတ်မိလိုက်တယ်။ ဘာရမလဲ သာဝရာ ... မင်းလောက်တော့ ငါ ပါးပါသေးတယ်ကွာ။ သာဝဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိပါ။ ဒါပေမယ့် ကလေးတွေကတောင် အဓိပ္ပါယ်ကို နားလည်ကြပါတယ်။ ကျွန်မတို့လည်း ယခုဒီအတိုင်းပါပဲ။ သာဝတွေထက် လိမ္မာပါးနပ်ကြရမယ်၊ စိတ်ထိန်းနိုင်ရမယ်။ သာဝတွေထက်သာတဲ့ ပြည်သူတွေပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့သည်။ 

တပ်မတော်၏ လတ်တလောကြိုးပမ်းမှုများနှင့် ပတ်သက်၍ ၈၈ ငြိမ်း/ပွင့်အဖွဲ့မှ ဦးဂျင်မီက “ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးဆိုတာကို ကန့်ကွက်ဖို့ ကြိုပြီးတော့ ခြေဆင်းထားတဲ့ သဘောလားဆိုတာ စဉ်းစားစရာရှိတယ်။ ဒီမိုကရေစီလိုချင်တဲ့ မြန်မာပြည်သူလူထုကြီးက အမြဲတမ်းအချိန်တိုင်း သတိရှိဖို့လိုတယ်” ဟု သတိပေးစကားဆိုသည်။ 

NLD မှ မုံရွာအောင်ရှင်ကလည်း ရွေးကောက်ပွဲနီးကပ်လာသလို နိုင်ငံရေးပွတ်တိုက်မှုများ ပိုပြင်းထန်နေချိန် ၌ အမျိုးသားရေးဝါဒီများ၊ မျိုးချစ်ဝါဒီများလည်း တစ်ကျော့ပြန်ပေါ်ထွက်လာနေရာ ဘာသာရေးနှင့် နိုင်ငံရေးကို ရောယှက်၍ ရှုပ်ထွေးအောင် လုပ်ဆောင်သည့် လှုပ်ရှားမှုများဖြစ်သည်ဟု ဆိုသည်။ 

စံလွဲနေသော ကစားပွဲဥပဒေသ

နိုဝင်ဘာ ၄ ရက် အထူးသတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကစားပွဲဥပဒေသ (Rule of the Game) ဟူသည့် ဝေါဟာရဖြင့် တင်စားပြောဆိုခဲ့သည်။ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှု စတင်ချိန်မှသည် အဆင့်ဆင့် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွင် အဓိကကျောရိုးပြု လိုက်နာနေကြရသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံပင်ဖြစ်သည်ကို ဆိုလိုရင်းဖြစ်သည်။

“Rule of the game က ဘာလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေပဲ။ ဒီဂိမ်းစည်းမျဉ်းအတိုင်းပဲ အကုန်လုံးက သွားရမှာပဲ၊ ဒီဂိမ်းစည်းမျဉ်းအတိုင်းမသွားဘူးဆိုရင်တော့ ဒီဂိမ်းက ပျက်ပြီ။ ဟုတ်ပြီနော်၊ ဒါတွေက ဘာဖြစ်လာမယ်၊ ဘယ်ဖြစ်လာမယ်လို့ ဘယ်သူမှလည်း မသိဘူး။ ဘယ်သူမှလည်းမပြောနိုင်ဘူး။ ကျွန်တော်တို့လည်း မသိဘူး” ဟု ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားအပေါ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရ နန်းမြမြမီမီဇော်က သဘောတူသည်ဟု ဆိုသည်။ သို့ရာတွင် တပ်ချုပ်၏ ပြောကြားချက်များက ဥပဒေနှင့် မညီညွတ်ဟု ပြောဆိုချက်ကိုတော့ ၎င်းက လက်မခံပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)၊ ပုဒ်မ ၆ (စ) အရ တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ရှိကြောင်း၊ တဖန် အခန်း (၁)၊ ပုဒ်မ ၂၀ (စ) အား ကိုးကားလျက် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည့်တာဝန်ရှိသည်ဟု ထောက်ပြဝေဖန်ခဲ့သည်။

လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ရှိစေရေးသည် ဖွဲ့စည်းပုံ၏ အနှစ်သာရဖြစ်၍ တပ်ချုပ်အနေဖြင့် ယင်းသို့ ထိန်းကြောင်းတည့်မတ်နိုင်စေရန် ပြောဆိုခြင်းမျိုးက ဖွဲ့စည်းပုံနှင့် ကိုက်ညီကြောင်း နန်းမြမြမီမီဇော်က ဆိုသည်။

“ကျွန်မတို့နိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တပ်မတော်အာဏာသိမ်းမှုတွေ နောက်ထပ်မဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ ၂၀၁၀ မှ ၂၀၁၅ အထိ ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ခဲ့သည့် ဦးတင်ယုကလည်း ၂၀၀၈ ဖွဲ့စည်းပုံသည် အာဏာသိမ်းရေးလမ်းစဉ်မဟုတ်ဟု ခုခံပြောဆိုသည်။

၎င်းသည် အမျိုးသားညီလာခံကျင်းပစဉ်အခါက ၂၀၀၄ မှ ၂၀၀၇ အထိ လှိုင်သာယာမြို့နယ်ကိုယ်စားပြု တက်ရောက်ခဲ့သူများအနက်မှ တစ်ဦးဖြစ်ပြီး ရှေ့နေဟောင်းတစ်ဦးလည်း ဖြစ်သည်။

“အာဏာသိမ်းဖို့ရယ် ရည်ရွယ်ချက် မရှိနိုင်ပါဘူး။ တို့ယူထားတဲ့ လမ်းစဉ်ကိုက အာဏာသိမ်းရေးလမ်းစဉ်ကို ယူမထားဘူး။ ဘယ်သူပဲဖောက်ပြန်ဖောက်ပြန်၊ ကာလုံကနေ ၆ လထိန်းတာရှိမယ်။ ပြီးရင် သမ္မတလက်ထဲမှာပဲ အာဏာအပ်နှင်းရမယ်။ ဒါမျိုးပဲရှိတယ်။ သေသေချာချာ ဖွဲ့စည်းပုံကို ကြည့်မယ်ဆို အာဏာသိမ်းတဲ့ လမ်းစဉ်မရှိဘူး။ ဒီမူကို ကျင့်သုံးထားပါတယ်” ဟု ဦးတင်ယုက ဆိုသည်။

သို့ရာတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကမူ “ကစားပွဲရဲ့ ဥပဒေသကကို စံလွဲနေတဲ့အတွက်ကြောင့်မို့လို့ ဒီလိုပြဿနာမျိုး ပေါ်ပေါက်ရတယ်လို့ပဲ မြင်ပါ တယ်” ဟု Myanmar Now ကို ပြောသည်။

ရွေးကောက်ပွဲလွန်ကာလတွင် ဖြစ်ပေါ်လာမည့် မဲရလဒ်အခြေအနေပေါ် ကြည့်၍ တပ်မတော်၏ သဘောထားနှင့် မကိုက်ညီလျှင် ကြိုတင်အစီအမံများ ရှိပြီးဖြစ်သည်ဟူသည့် သဘောမျိုး တပ်ချုပ်က နှပ်ကြောင်းပေးလိုက်သည်ဟု နားလည်မိကြောင်းလည်း SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ဆိုသည်။ 

တပ်ချုပ်အနေဖြင့် ယခုလို ပြောဆိုချက်များ ရှိလာခြင်းမှာ ၎င်း၏ ၂၀၂၀ အလွန်ကာလ နိုင်ငံရေးအာသီသနှင့်လည်း များစွာသက်ဆိုင်နေသလို “တကယ့်အရင်းအမြစ်ကို တူးဆွကြည့်ရင်တော့ ၂၀၀၈ ရဲ့ ပေးထားချက်အမှားကြောင့်လို့ပဲ မြင်တယ်” ဟု ၎င်းက ဆိုသည်။

“၂၀၀၈ ကိုယ်၌ကိုက တပ်မတော်ကို အာဏာတွေ ဇွတ်ကြီးပေးထားတဲ့အခါကျတော့ အရပ်သားအစိုးရအနေနဲ့ မလူးသာမလွန့်သာ အနေအထားမျိုး ရောက်ရတာပေါ့ဗျာ” ဟု ဦးစိုင်းလိတ်က မှတ်ချက်ပြုသည်။

ထူးခြားချက်အားဖြင့် ၁၉၈၈ ခုနှစ်တွင် လိုအပ်၍ တပ်မတော်က အာဏာသိမ်းခဲ့ရခြင်းဖြစ်ကြောင်း လူထုကို ဝါဒဖြန့်သည့် ‘အဖေနှင့်သားများ’ ရုပ်မြင်သံကြားဇာတ်လမ်းကို ရွေးကောက်ပွဲအမီ အချိန်ကိုက် ထုတ်လွှင့်ပြသရန် တပ်မတော်ပိုင် မြဝတီသတင်းစာက ကြေညာထားသည်။ 

KLT သည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading