၂၀၂၀ ရွေးကောက်ပွဲ အလားအလာအနေနဲ့ ရှမ်းပြည်နယ်အတွင်း ယှဉ်ပြိုင်မှုတွေကို ခြုံငုံသုံးသပ်ကြည့်တဲ့အခါမှာ ပါတီကြီးတွေဖြစ်တဲ့ ကြံ့ခိုင်ရေး၊ SNLD နဲ့ NLD ဟာ သူတို့ ရဲ့ အခိုင်အမာအားထားရတဲ့နေရာ အများစုကို ဆက်လက်ထိန်းထားနိုင်ဦးမယ်လို့ ယူဆပါတယ် ။ ဧည့်သည်ပါတီဖြစ်တဲ့ NLD နဲ့ ကြံ့ခိုင်ရေးဟာ တစ်နိုင်ငံလုံးမှာသက်ရောက်နိုင်တဲ့ ၅နှစ်စာ နိုင်ငံရေးကံကြမ္မာတစ်ခုအတွက် ပြိုင်ကြရတာဖြစ်လို့ အာဏာရရှိရေးအတွက် အထောက်အကူပြုနိုင်မယ့် အောင်ပွဲအရေအတွက်ကို ရရှိရေး ပြိုင်ကြမှာဖြစ်ပေမယ့် SNLD ကတော့ ပြည်နယ်နဲ့ လူမျိုးဂုဏ်သိက္ခာအတွက်ပြိုင်ရတာဖြစ်လို့ ပြည်နယ်လွှတ်တော်အနိုင်ရရှိရေးကို ပိုပြီး အားထည့်ပြိုင်ရမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်လွှတ်တော်ဟာ ကြံ့ခိုင်ရေးပါတီ လွှမ်းမိုးအားကောင်းတဲ့ လွှတ်တော်ဖြစ်နေခြင်းဟာ SNLD အပါအဝင် ပြည်နယ်တွင်းက အခြားလူမျိုးစု တိုင်းရင်းသားပါတီများအတွက်ပါ ဒီတစ်ခေါက်မှာ ပြောင်းလဲအောင်လုပ်ရမယ့် ရလဒ်မျှော်မှန်းချက်ဖြစ်ပါတယ် ။

Published on Nov 6, 2020
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီထောက်ခံသူများကိုတွေ့ရစဉ် (ဓာတ်ပုံ - SNDP Facebook)
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီထောက်ခံသူများကိုတွေ့ရစဉ် (ဓာတ်ပုံ - SNDP Facebook)

ရှမ်းပြည်နယ်ထဲမှာ မတူညီကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးစုငယ် အုပ်စုကွဲ များပြားသလို အချို့သော လူမျိုးစုများဟာ ဒေသတွင်း နိုင်ငံရေးနယ်ပယ်မှာလည်း ကိုယ်ပိုင်အမာခံနယ်မြေ အသေအချာပိုင်ဆိုင်ထားကြတယ်ဆိုတာပါပဲ။ 

၁၉၉၀ ရွေးကောက်ပွဲမှာကတည်းက ရှမ်းအပြင် ဓနု၊ တအာင်းပလောင် ၊ လားဟူ ၊ ကိုးကန့်၊ ‘ဝ' ၊ အင်း ၊ ကယန်း နဲ့ ပအို့ဝ် ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာတွေ့ရသလို ‘ဝ' နဲ့ အင်း တိုင်းရင်းသားပါတီ တို့ကလွဲလို့ ကျန် တိုင်းရင်းသားပါတီများဟာ သက်ဆိုင်ရာ အားကောင်းတဲ့ နယ်မြေတွေမှာ အနိုင်ရရှိခဲ့တာလည်းတွေ့ရပါတယ်။  ၂၀၁၅ ရွေးကောက်ပွဲမှာတော့ လောဝေါ၊ အခါစတဲ့ တိုင်းရင်းသားများပါ ထပ်တိုး ပါဝင်ယှဉ်ပြိုင်လာတာတွေ့ရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကာလကတည်းက တစ်သမတ်တည်း နိုင်ငံရေး အားကောင်းမှုကို ထိန်းထားနိုင်ပြီး အမာခံနယ်မြေများကို ပိုင်ဆိုင်ထားနိုင်တဲ့ တိုင်းရင်းသားအင်အားစုတွေကတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ တအောင်းပလောင် ၊ ပအို့ဝ် ၊ ‘ဝ' နဲ့ ကိုးကန့် ပါတီတွေပဲဖြစ်ပါတယ် ။ 

ယှဉ်ပြိုင်မှုရလဒ်တွေက ပြသနေတဲ့ ၁၉၉၀ ကနေ ၂၀၁၅ အထိ လွန်ခဲ့သော၂၅ နှစ်တာ ကြားကာလအတွင်း ဖြစ်ပေါ်ခဲ့သော ဒေသတွင်းနိုင်ငံရေးပြောင်းလဲမှု အခြေအနေတွေကတော့ ဓနု ၊အင်း ၊ ကယန်း နဲ့ လားဟူ နိုင်ငံရေးအင်အားစုတွေဟာ ရှမ်းပြည်နယ်ထဲက သူတို့ ရဲ့ အမာခံဒေသတွေမှာ ပါတီကြီးတွေဖြစ်တဲ့ NLD နဲ့ USDP တို့ ရဲ့လွှမ်းမိုးအနိုင်ယူမှုကို ခံလိုက်ရပြီး နိုင်ငံရေးသြဇာကျဆင်းသွားတာပဲဖြစ်ပါတယ်။ ဓနုပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စုဓနု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ကလောမဲဆန္ဒနယ်မှာ အနိုင်ရခဲ့ပါတယ်၊ သိုသော်လည်း ၁၉၉၂ ခုနှစ်မှာ ပါတီကို ဖျက်သိမ်းခံခဲ့ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ဓနုတိုင်းရင်းသားကိုယ်စားပြုပါတီ ပေါ်ထွက်မလာသေးတာကြောင့် ဓနုကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့တာကိုတွေ့ရပါတယ်။ ၂၀၁၂ ရောက်မှ NLD ပါတီ နဲ့ SNLD တို့ မှတ်ပုံပြန်တင်ပြီးနောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီလည်း မှတ်ပုံတင်ကာ ပေါ်ထွက်လာပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၄ နေရာ ၊ အမျိုးသားလွှတ်တော် ၃ နေရာ ၊ ပြည်နယ် လွှတ်တော်မှာ ၁၁ နေရာမှာ ဝင်ပြိုင်ခဲ့တာတွေ့ရပါတယ်။ 

အားလုံးသိတဲ့အတိုင်းပဲ ၂၀၁၅ ရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီရဲ့ နှစ်ပေါင်း ၂၅ နှစ်ကြာမှ ပထမဆုံးအကြိမ် ပြန်လည်အားစမ်းတဲ့ပွဲဖြစ်သလို ဒီအားစမ်းမှုရဲ့နောက်ကွယ်မှာ တစ်နိုင်ငံလုံးရဲ့ နိုင်ငံရေးနိုးကြားမှုက ကပ်ပြီး ပါလာတာဖြစ်လို့ နိုင်ငံနဲ့ အဝှမ်း မဲဆန္ဒနယ်တိုင်းလိုလိုမှာ ဒီအားစမ်းမှုရဲ့ အရှိန်ဂယက်က ပါလာပါတယ်။ ဒီဂယက်လှိုင်းကို ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီလည်း ခံခဲ့ရတယ်လို့ပြောရမယ် ထင်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဓနုတွေ အောင်ပွဲခံခဲ့တဲ့ ကလောမဲဆန္ဒနယ်မှာ NLD က မဲရလဒ် ၅၂% နဲ့ အနိုင်ရခဲ့ပြီး ဓနုပါတီက ၃.၇% ထောက်ခံမဲသာ ရရှိခဲ့တာတွေ့ရသလို ကျန်နေရာတွေမှာလည်း အလားတူရှုံးနိမ့်ခဲ့ပါတယ်။ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီက ပြည်သူ့လွှတ်တော်မှာ ရှုံးနိမ့်ထားတဲ့ ကလောကိုရှောင်ပြီး နောင်ချို နဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယနဲ့ ရွာငံမှာပဲ ပြည်သူ့လွှတ်တော် ၂ နေရာ နဲ့ အမျိုးသားလွှတ်တော် ၁ နေရာ ဝင်ပြိုင်ဖို့ ရွေးချယ်ထားပါတယ်။ နောင်ချိုမှာ အဓိကအားကောင်းတဲ့ ယှဉ်ပြိုင်ဘက်က NLD ဖြစ်ပြီး ကိုယ်စားလှယ်လောင်းက လက်ရှိ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ဖြစ်ပါတယ်။ ဦးထွန်းထွန်းဟိန်ဟာ ဒီမဲဆန္ဒနယ်မှာပဲ NLD ကိုယ်စားပြုပြီး ၁၉၉၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရရှိခဲ့သူလည်းဖြစ်ပါတယ်။ ပင်းတယ နဲ့ ရွာငံမှာတော့ အခြား ဓနုတိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ဓနုအမျိုးသားများအဖွဲ့ချုပ်နဲ့ပါ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် မဲကွဲမယ့်အရေးကိုလည်း ကြိုတွေးထားရမှာဖြစ်ပါတယ်။ မဲရလဒ်တွေရဲ့ဖေါ်ပြချက်အရတော့ ဓနုတိုင်းရင်းသားပါတီအနေနဲ့ ထောက်ခံမဲအများဆုံးရရှိခဲ့တဲ့ နေရာတွေကတော့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံ နဲ့ နောက်တစ်နေရာက နောင်ချိုဖြစ်ပေမယ့် ပါတီကြီး ၂ ခု ရမဲအရေအတွက်ကို မမီနိုင်တဲ့အပြင် အတော်ကွာခြားနေတာကိုတွေ့ရပါတယ်။

ရှမ်းပြည်နယ်တွင်းက ကယန်းတိုင်းရင်းသားတွေ့ရဲ့ အမာခံနယ်မြေတစ်ခုဖြစ်တဲ့ ဖယ်ခုံမဲဆန္ဒနယ်မှာတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ ကယန်းအမျိုးသားများစည်းလုံးညီညွတ်ရေးဒီမိုကရေစီအဖွဲ့က ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကယန်းအမျိုးသားပါတီက ကြံခိုင်ရေးပါတီကို မဲ ၂ ထောင်ကျော်အကွာ (၄၂.၂၁% -၃၅.၇၉%) နဲ့ ရှုံးခဲ့ရာက ဖယ်ခုံကို စတင်လက်လွှတ်ခဲ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဖယ်ခုံပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဟာ NLD နဲ့ ကြံ့ခိုင်ရေးပါတီ အဓိကယှဉ်ပြိုင်ရတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး စုစုပေါင်းဆန္ဒမဲ ၄ သောင်းခွဲနီးပါး မဲပေးခဲ့ကြရာမှာ NLD က ၂ သောင်းကျော်နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီက မဲ ၁ သောင်းခွဲကျော် ရရှိခဲ့သော်လည်း ကယန်းအမျိုးသားပါတီက မဲ ၅၀၀၀ ကျော်သာ ရရှိခဲ့တာတွေ့ရပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ကယန်းပါတီက ဖယ်ခုံမဲဆန္ဒနယ်မှာ ဝင်ပြိုင်ဦးမှာဖြစ်ပြီး ပြည်မအခြေပြုပါတီကြီးတွေက ပြိုင်ဘက်အဖြစ် ဝန်းရံနေတာကို တွေ့ရပါတယ်။ ဒီတခေါက်မှာတော့ ၂၀၁၅ တုန်းက ဝင်ပြိုင်ခဲ့တဲ့ SNLD ပါ ဖယ်ခုံကို လက်ရှောင်သွားတာ တွေ့ရတဲ့အတွက် ဒီတခါလည်း ကယန်းအမျိုးသားပါတီအနေနဲ့ ပြိုင်ဘက်ပါတီကြီးတွေအကြားမှာ အတော်လေးရုန်းကန်ရမယ့် အနေအထားလို့ ပြောရမှာဖြစ်ပါတယ်။

ဒီနေရာမှာ အင်း နဲ့ လားဟူတိုင်းရင်းသားများရဲ့ နိုင်ငံရေးအရဆုတ်ယုတ်မှုကို စိတ်မကောင်းဖြစ်စရာတွေ့ရတဲ့အကြောင်း ပြောချင်ပါတယ်။ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ၁၉၉၁ ခုနှစ်မှာပဲ ပါတီကို ဖျက်သိမ်းခဲ့ပါတယ်။ ၂၀၁၀ မှာ အထွေထွေရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပဖို့ အကြောင်းရှိလာတဲ့အခါမှာ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ပါတီပေါ်ပေါက်လာပြီး အင်းသားအများစုနေထိုင်ရာ ညောင်ရွှေပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နဲ့ အမျိုးသားလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော်နေရာရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကို မဲ ၂ သောင်းကျော် ကွာဟချက် အသာစီးနဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။( ညောင်ရွှေအပြင် တောင်ကြီး ၊ ဖယ်ခုံ ၊ ရပ်စောက် နဲ့ ကလောနယ်များ ပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁ မှာတော့ ရှုံးနိမ့်ခဲ့ပါတယ် )။ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ ဆန္ဒမဲ ၉ သောင်းနီးပါး ပေးခဲ့ကြတဲ့ ညောင်ရွှေမဲဆန္ဒနယ်မှာ ထောက်ခံမဲ ၅ သောင်းကျော် ရရှိခဲ့ပါတယ်။ သို့သော်လည်း NLD စတင်ဝင်ရောက် ယှဉ်ပြိုင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ညောင်ရွှေမှာ NLD က မဲ ၅ သောင်းနီးပါးရရှိပြီး အနိုင်ရရှိခဲ့သလို ဒုတိယမဲအများဆုံးရရှိတဲ့ ပါတီက ကြံ့ခိုင်ရေးဖြစ်နေတာတွေ့ရပါတယ်၊ ကြံ့ခိုင်ရေးပါတီဟာ ၂၀၁၀ မှာ ရရှိခဲ့တဲ့ မဲအရေအတွက်ကို ၂၀၁၅ မှာလည်း ထိန်းထားနိုင်တာတွေ့ရပါတယ်။ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ရရှိခဲ့တဲ့ မဲကတော့ မဲ ၇ ထောင်ကျော်ကို ကျဆင်းရရှိသွားတာတွေ့ရပါတယ်။ အခုလို တိုင်းရင်းသားလူမျိုးစုငယ်တွေရဲ့ ပါတီတွေ သူတို့နေထိုင်ရာဒေသမှာ အခုလို အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာဟာ အထက်မှာ တင်ပြခဲ့သလို NLD ပါဝင် ရွေးကောက်ခံခြင်းကနေဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအုံကြွမှုလှိုင်းကြီးမိသွားတဲ့ သဘောပဲလို့ ပြောရမယ်ထင်ပါတယ်။ အခုလာမယ့် ၂၀၂၀ မှာတော့ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ညောင်ရွှေပြည်သူ့လွှတ်တော် ၁ နေရာ နဲ့ ပြည်နယ်လွှတ်တော် ၁ နေရာပဲဝင်ရောက်ယှဉ်ဖို့ ပြင်ဆင်ထားတာတွေ့ရပါတယ် ။ ( အင်းအမျိုးသားအဖွဲ့ချုပ်ကတော့ ပြည်သူ့လွှတ်တော် ၁ နေရာ ပြည်နယ်လွှတ်တော် ၄ နေရာ ဝင်ပြိုင်ဖို့ ပြင်ဆင်ထားတာတွေ့ရပါတယ် )။

လားဟူတိုင်းရင်းသားများရဲ့ နိုင်ငံရေးလှုပ်ရှားရုန်းကန်မှုကို ကြည့်မယ်ဆိုရင်လည်း ၁၉၉၀ ရွေးကောက်ပွဲမှာ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက မိုင်းပျဉ်း( မိုင်းပျင်း/မိုင်းပြင်း) မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တာတွေ့ရပေမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော်အတွက် တန့်ယန်း၊ မက်မန်း နဲ့ မိုင်းပျဉ်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မိုင်းပျဉ်း နဲ့ တန့်ယန်းမှာ ကြံ့ခိုင်ရေးပါတီကို အပြတ်အသတ် ရှုံးနိမ့်ခဲ့တာတွေ့ရပါတယ်၊ ရရှိခဲ့တဲ့ မဲဟာလည်း အတူဝင်ပြိုင်ခဲ့သော ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ SNDP ထက်ပင် နည်းပါးခဲ့တာတွေ့ရပါတယ်။ လူ ၈၀၀၀ မဲလာပေးခဲ့တဲ့ မက်မန်းမှာတော့ ‘ဝ' ဒီမိုကရက်တစ်ပါတီကို ကပ်ပြီးရှုံးခဲ့တာဖြစ်ပါတယ် ၊ ရာခိုင်နှုန်းအားဖြင့် ၅၇%-၄၂% ဖြစ်ပါတယ် ။ ၂၀၁၅ မှာလည်း ကြံ့ခိုင်ရေးကို ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။ ဒီနေရာမှာတော့ သုံးသပ်စရာ တစ်ခုရှိလာပါတယ် ၊ NLD ပါတီ က ၂၀၁၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့၂၀၀၈ အခြေခံဥပဒေရဲ့ ပထမဆုံးအကြိမ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ ဒုတိယအကြိမ်ကျင်းပတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အခါ တိုင်းပြည်အနှံ့အပြားက မဲဆန္ဒနယ်တွေမှာ အခြားပါတီတွေရဲ့မဲရရှိမှုတွေဟာ ၂၀၁၀ တုန်းကရခဲ့တဲ့ မဲရလဒ်နဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေ ကြုံခဲ့ကြရတာကိုတွေ့ရပါတယ်။ ၂၀၁၅ မဲ ရလဒ်တွေအရ လူနှစ်သောင်းနီးပါး မဲပေးခဲ့တဲ့ လားဟူတိုင်းရင်းသားတွေရဲ့ မိုင်းပျဉ်းမဲဆန္ဒနယ်ကို မဲရရှိမှု ကိန်းဂဏန်းတွေအရ လေ့လာကြည့်တဲ့အခါမှာ ၂၀၁၀ နဲ့ ၂၀၁၅ ၂ ကြိမ်စလုံး အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဟာ ပထမတစ်ကြိမ်မှာတုန်းက မဲအရေအတွက် ၁ သောင်းခွဲ ရခဲ့သော်လည်း ၂၀၁၅ မှာ မဲ ၇၅၀၀ ကျော်သာ ရရှိခဲ့ပြီး ရမဲ ထက်ဝက်ကျော် ကျသွားတာတွေ့ရပါတယ်။ အသစ်ဝင်ပြိုင်လာတဲ့ NLD ပါတီကလည်း မဲအရေအတွက် ၃ ထောင်ကျော်သာရရှိပြီး SNLD က မဲ၃၅၀၀ ကျော်ရရှိထားပါတယ်။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက မဲ ၂၅၀၀ ကျော်သာ ရထားတာတွေ့ရပါတယ်။ ပြဿနာက အဲဒီမှာ ပယ်မဲ ၄ ထောင်နီးပါး ရှိနေတာပဲဖြစ်ပါတယ်။ ဒါဟာ စိတ်ဝင်စားစရာကောင်းတဲ့ ကိန်းဂဏန်းတစ်ခုဖြစ်ပါတယ် ၊ ရှုံးသွားတဲ့ ပါတီတစ်ခုချင်းစီရဲ့ ရမဲထက်တောင် များနေတာတွေ့ရပါတယ်။ ဘာပဲပြောပြော ဒီ မိုင်းပျဉ်းမဲဆန္ဒနယ်ဟာလည်း ၂၀၂၀ မှာ စိတ်ဝင်စားစရာကောင်းမယ့် မဲဆန္ဒ နယ်တစ်ခုဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။ အခုဆိုရင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ ပြည်ထောင်စုလွှတ်တော်နေရာတွေကို လက်လွှတ်ခဲ့ရသလို ရှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှာလည်း ၁၈ နေရာ ပြိုင်ခဲ့ပြီး မက်မန်း (၂) ၁ နေရာကိုသာ အနိုင်ရရှိထားခဲ့တာကိုတွေ့ရပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ မိုင်းပျဉ်း ၊ မိုင်းဆတ် ၊ မိုင်းတုံ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃ နေရာနဲ့ အမျိုးသားလွှတ်တော် အမှတ် ( ၃ ) ၁ နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။၂၀၁၅ ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ ရလဒ်တွေအရတော့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ ပြည်ထောင်စုလွှတ်တော်ကို တက်လှမ်းဖို့တော့ အတော်လေးရုန်းကန်ရဦးမှာ သေချာပါတယ်။ ပြည်နယ်လွှတ်တော်မှာရရှိထားတဲ့ ၁ နေရာကိုပါ လက်လွှတ်ဆုံးရှုံးပြီး ပြည်နယ်လွှတ်တော်ကိုပါ ကျော်ခိုင်းထွက်ရမယ့်အဖြစ်ကို မရောက်ဖို့အတွက်တော့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၂ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတာတွေ့ရတဲ့အတွက် လားဟူပါတီ ကံကောင်းပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

အခုတစ်ခါ ပအို့ဝ် နဲ့ ကိုးကန့် တိုင်းရင်းသားတွေဘက်ကို လေ့လာကြည့်ပါမယ်။ ပအို့ဝ်ကတော့ သူ့ရဲ့ မူလအမာခံဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေတွေဖြစ်တဲ့ ဆီဆိုင်၊ ပင်လောင်း နဲ့ ဟိုပုံး မဲဆန္ဒနယ်တွေကို ထိန်းထားနိုင်တာကို တွေ့ရသလို ကိုးကန့်ပါတီကလည်း ၁၉၉၀ ကတည်းကနိုင်ခဲ့တဲ့ ကွမ်လုံကို ထိန်းထားနိုင်တာတွေ့ရပါတယ်။ သို့သော်လည်း ၂၀၁၅ မှာတော့ ကွမ်လုံမှာ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီက ကြံ့ခိုင်ရေးကို ၅၉ မဲ တည်းနဲ့ ကပ်နိုင်ခဲ့တာတွေ့ရပါတယ် ၊ ထောက်ခံမဲရရှိမှု ရာခိုင်နှုန်းအားဖြင့် ၂၉.၄၉%-၂၉.၁၅% ဖြစ်နေတာကြောင့် ကိုးကန့်တိုင်းရင်းသား အမာခံမဲဆန္ဒနယ်ဟာလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အောင်ပွဲကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် ခြိမ်းခြောက်ခံနေရပြီလို့တောင် ဆိုနိုင်ပါတယ်။ ပအို့ဝ်ကတော့ ရှမ်းပြည်နယ်ထဲက လူမျိုးစုငယ်တွေအကြားမှာ အခြေအနေအကောင်းဆုံးလို့ ဆိုရပါလိမ့်မယ် ၊ အထူးသဖြင့် UPNO ဆိုတဲ့ ပြည်ထောင်စု ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲကတည်းက သူ့ရဲ့ အမာခံဒေသတွေဖြစ်တဲ့ ဆီဆိုင် ၊ပင်လောင်းနဲ့ ဟိုပုံး မဲဆန္ဒနယ်တွေမှာ အနိုင်ရရှိခဲ့တာတွေ့ရပါတယ် ။ 

၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းဖို့အတွက် ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွေကို၂၀၁၀ ခုနှစ်မှာ ပြန်လည်ကျင်းပတဲ့ အခါမှာတော့ ပါတီအသစ်တစ်ရပ်အနေနဲ့ ပအို့ဝ်နိုင်ငံရေးအင်အားစုတွေ ပေါင်းစည်းပြီး ထူထောင်လာတဲ့ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ် PNO အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ထူးခြားစွာပဲ ၂၀၀၈ အခြေခံဥပဒေအရ တရားဝင် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လာတဲ့ ဆီဆိုင်၊ ပင်လောင်း နဲ့ ဟိုပုံးမှာ PNO ကို ယှဉ်ပြိုင်မယ့် ပြိုင်ဘက်ပါတီမရှိတာကြောင့် ရွေးကောက်ပွဲတောင် ကျင်းပစရာမလိုပဲ PNO က ၂၀၁၀ မှာ အနိုင်ရရှိခဲ့တာ တွေ့ရပါတယ်။ NLD ပါဝင်ယှဉ်ပြိုင်လာပြီးနောက် ပိုပြီးမြိုင်ဆိုင်လာခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲမှာလည်း အဆိုပါ အမာခံမဲဆန္ဒနယ်တွေမှာပဲ ပြည်သူ့လွှတ်တော်အတွက် ၃ နေရာ အမျိုးသားလွှတ်တော် အတွက် ၁ နေရာ မှာ PNO က အနိုင်ရရှိခဲ့ပြန်ပါတယ်။ 

မကြာသေးမီက နိုင်ငံတော်မီဒီယာကနေ ထုတ်လွှင့်သွားခဲ့တဲ့ PNO ပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံရေးဟောပြောချက်မှာ PNO အဖွဲ့အစည်းဟာ ၁၉၄၇ ကတည်းက အစပြုဖွဲစည်းခဲ့တဲ့ ပအို့ဝ်အမျိုးသားအစည်းအရုံး အဖွဲ့အစည်းကို အခြေပြုပေါက်ဖွားလာခဲ့တာဖြစ်ပြီး UPNO နိုင်ငံရေးပါတီအဖြစ် ၁၉၅၀မှာ စတင်ရပ်တည်ပြီး ၁၉၅၂ ၊ ၁၉၅၆ နဲ့ ၁၉၆၀ ခုနစ်တွေမှာ ကျင်းပခဲ့သော ပါလီမန် အထွေထွေရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ၁၉၅၆ ခုနှစ်မှာ အနိုင်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီအချက်တွေကို ကြည့်မယ်ဆိုရင် ပအို့ဝ်တိုင်းရင်းသားတွေရဲ့နိုင်ငံရေးဖြတ်သန်းမှုနဲ့ ရင့်ကျက်ခိုင်မာမှုဟာ ဒီကနေ့ PNO ရဲ့နောက်ကွယ်မှာ ရှိနေတာ အံသြစရာမဟုတ်ဘူးဆိုတာ တွေ့ရပါတယ်။ အထူးသဖြင့် တပ်မတော်အစိုးရလက်ထက်ကနေ ကနဦးကူးပြောင်းရေး ကာလ ၂၀၁၀ ခုနှစ်အထိ အာဏာပိုင် တပ်မတော်အစိုးရ ၊ အာဏာရပါတီ ကြံ့ခိုင်ရေးခေါင်းဆောင်တွေနဲ့ ကောင်းမွန်တဲ့ မဟာမိတ်ဆက်ဆံရေး ရှိခဲ့တာဟာ အောင်မြင်မှုရဲ့နောက်ကွယ်က အရေးပါတဲ့ အစိတ်အပိုင်းတွေအဖြစ် တွေ့မြင်ရပါတယ်။ ကြံ့ခိုင်ရေးပါတီဆိုရင်လည်း ၂၀၁၀ ရွေးကောက်ပွဲမှာရော ၂၀၁၅ ရွေးကောက်ပွဲမှာပါ PNO ရဲ့ နယ်မြေတွေကို လက်ရှောင်ခဲ့ပြီး အခု ၂၀၂၀ မှာလည်း အဲဒီမဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုပဲ ထပ်ပြီးလက်ရှောင်ထားပြန်ပါတယ်။ ဒေသတွင်း နိုင်ငံရေးအသိုင်းအဝိုင်းမှာတော့ PNO ရဲ့ သြဇာဟာ လက်နက်ကိုင်အဖွဲ့အဖြစ် ရပ်တည်ခဲ့စဉ်က တည်ဆောက်ထားတဲ့ ဒေသတွင်း စူးရောက်မူရှိတဲ့ သြဇာဖြစ်တာကြောင့် အခုလို ရွေးကောက်ပွဲနိုင်ငံရေးအထိ ဒေသတွင်းမဲဆန္ဒရှင်တွေအပေါ် သက်ရောက်မှုကြီးမားနေတာဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ထုံးစံအတိုင်း အမာခံနယ်မြေ ၃ ခု ရဲ့ ပြည်သူ့လွှတ်တော် ၃ နေရာ နဲ့ အမျိုးသားလွှတ်တော် ၁ နေရာ အပြင် ၂၀၁၅ မှာ ရလဒ်အားကောင်းခဲ့တဲ့ တောင်ကြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာပါ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ဦးဖြစ်ပါတယ်။ မကြာသေးမီကပဲ PNO ခေါင်းဆောင်တစ်ဦး က တောင်ကြီးမြို့နယ်ထဲက ကျေးရွာလူထုတွေ့ဆုံပွဲတစ်ခုမှာ "တောင်ကြီးဟာ အာဆီယံလမ်းကြောင်းပါမှာ တည်ရှိနေသလို ပအို့ဝ်လူမျိုး အများဆုံးနေထိုင်ရာ မြို့ဖြစ်တာကြောင့် တောင်ကြီးမှာ PNO ပါတီအနေနဲ့ အနိုင်ရဖို့ အရေးကြီးကြောင်း" ပြောကြားခဲ့တာ တွေ့ရပါတယ်။ ပအို့ဝ်ပါတီ PNO ရဲ့အလားအလာကတော့ တက်ရိပ်ပဲပြနေတာ တွေ့ရပါတယ် ၊ NLD အနိုင်ရနယ်မြေတစ်ခုကိုတောင် ခြိမ်းခြောက်ထားနိုင်တာဖြစ်လို့ ကြံ့ခိုင်ရေးအတွက် မဟာမိတ်နယ်မြေတစ်ခု ထပ်တိုးလာနိုင်မယ့် စိတ်ကူးယဉ်စရာ ရလဒ်တစ်ခုလည်းဖြစ်ပါတယ်။

တအာင်းပလောင် တိုင်းရင်းသားများအနေနဲ့ကတော့ ၁၉၉၀ ကတည်းက အောင်နိုင်ခဲ့တဲ့ ကွတ်ခိုင်နဲ့ နမ့်ဆန်နေရာကို ၂၀၁၅ တိုင်အောင် ထိန်းထားနေသေးတာ တွေ့ရပါတယ်။ ၁၉၉၀ တုန်းက ရွေးကောက်ပွဲအောင်နိုင်ခဲ့သော တအာင်းပလောင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၂ မှာ ဖျက်သိမ်းခံခဲ့ရပါတယ်။ အခုမျက်မှောက်ကာလမှာ တည်ထောင်လှုပ်ရှားနေတဲ့ တအာင်းပလောင်အမျိုးသားပါတီဟာ ၂၀၁၀ ခုနှစ်မှာ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ စတင် ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၀တုန်းက တအာင်းပလောင်ပါတီဟာ ကွတ်ခိုင်နဲ့ နမ့်ဆန်မှာ အနိုင်ရရှိခဲ့ပါတယ် ၊ ၂၀၁၀ မှာတော့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကွတ်ခိုင် နဲ့ ကျောက်မဲ ၊ မန်တုံ၊ နမ့်ခမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ အမှတ် ၅ နဲ့ အမှတ်၁၀ မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ် ။ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်ရဲ့ အချို့လူမျိုးစုငယ်ဒေသတွေမှာ ပြိုင်ဘက်ပါတီမရှိလို့ တစ်ပါတီထဲ မဲပုံးမထောင်ရပဲ အနိုင်ရသွားတဲ့နေရာတွေ ရှိနေတာပဲဖြစ်ပါတယ်။ 

အဲဒီထဲမှာ တအာင်းပလောင်အမျိုးသားပါတီ ဝင်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်တွေ ပါဝင်နေပါတယ်။ တအာင်းအမျိုးသားပါတီဟာ ပြည်သူ့လွှတ်တော်အတွက် ၄ နေရာ ဝင်ပြိုင်ခဲ့ပြီး အဲဒီအထဲက ပြိုင်ဘက်မရှိတဲ့ မန်တုံမှာသာ အနိုင်ရခဲ့ပါတယ် ၊ ကျန်တဲ့ကျောက်မဲ နဲ့ နမ်ခမ်းမှာ SNDP ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကို ရှုံးပြီး ကွတ်ခိုင်မှာ ကြံ့ခိုင်ရေးပါတီကို ရှုံးခဲ့ပါတယ် ၊ ဒီလိုပဲ အမျိုးသားလွှတ်တော်အတွက် ဝင်ပြိုင်တဲ့ ၂ နေရာမှာ မူဆယ်ခရိုင်ဖြစ်တဲ့ မဲဆန္ဒနယ် ၅ မှာ ကြံ့ခိုင်ရေးကို ရှုံးပြီး ပြိုင်ဘက်မရှိတဲ့ မဲဆန္ဒနယ် ၁၀ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ အနိုင်ရခဲ့ပါတယ်။ ၂၀၁၅ မှာတော့ ပြည်သူလွှတ်တော်မဲဆန္ဒနယ် ၇ နေရာ မှာ ဝင်ပြိုင်ပြီး ၃ နေရာ အနိုင်ရကာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်၃ နေရာမှာ ဝင်ပြိုင်ပြီး ၂ နေရာ မှာ အနိုင်ရရှိခဲ့ပါတယ်။ ဒီတခါမှာတော့ ၁၉၉၀ က အနိုင်ရခဲ့တဲ့ နမ့်ဆန်မှာ ပြန်လည်အနိုင်ရရှိခဲ့သလို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်းဖြစ်တဲ့ မန်တုံနဲ့အတူ နမ့်ခမ်းမှာပါ အနိုင်ရခဲ့တာဖြစ်ပါတယ် ။ 

အနိုင်ရရှိခဲ့တဲ့ အမျိုးသားလွှတ်တော် ၂ နေရာကတော့ မဲဆန္ဒနယ် အမှတ် ၅ မူဆယ်ခရိုင် နဲ့ အမှတ် ၁၀ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေ ဖြစ်ပါတယ်။ ပလောင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ မဲဆန္ဒနယ် အမှတ် ၁၀ မှာ ပြိုင်ဘက်ကြံ့ခိုင်ရေးပါတီကို မဲ ၃ သောင်းကျော်ဖြတ်ပြီး အနိုင်ရရှိခဲ့ပေမယ့် အမှတ် ၅ မူဆယ်ခရိုင် ယှဉ်ပြိုင်မှုမှာတော့ ပြိုင်ဘက်ကြံ့ခိုင်ရေးပါတီကို ၁၉၉ မဲ နဲ့ ကပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အကြိတ်အနယ် ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပြီး နှစ်ဘက်စလုံး မဲ ၄ သောင်းကျော် ရရှိခဲ့ကာ အစွန်းထွက်မှာ မဲ ၂၀၀ လောက် သာပြီး တအာင်းပလောင်ပါတီက အနိုင်ရရှိခဲ့တာပါ။ အခု ၂၀၂၀ မှာလည်း အမှတ် ၅ မူဆယ်ခရိုင်ရဲ့ ရွေးကောက်ပွဲရလဒ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းစွာ စောင့်ကြည့်ရမယ့် အနေအထားမှာရှိပါတယ် ။ 

ဒီနေရာမှာ တအာင်းပလောင်ရဲ့ နိုင်ငံရေးကံဇာတာတက်တယ်လို့ ဆိုရမလား အတွင်းတိုက်ပွဲတွေကြောင့် ကွဲကြပြဲကြတဲ့ ပါတီကြီးတွေ ၊ လူထုထောက်ခံမှုရရှိသော်လည်း မပေါင်းစည်းနိုင်ပဲ မာနအလံထူနေကြတဲ့ ပါတီတွေအတွက် သင်ခန်းစာဖြစ်စေမယ့် ထူးခြားချက်တစ်ချက်ကို တအာင်းပလောင်ပါတီရဲ့ အနိုင်ရမဲဆန္ဒနယ်တစ်ခုက သက်သေပြနေပါတယ်။ အဲဒါကတော့ ၁၉၉၀ ရွေးကောက်ပွဲ မှာ SNLD အနိုင်ရခဲ့သလို ၂၀၁၀ မှာ SNDP က အနိုင်ရခဲ့တဲ့ နမ့်ခမ်းကို ၂၀၁၅ မှာ တအာင်းပလောင်က အနိုင်ပြန်ယူခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲရဲ့ နမ်းခမ်းမဲရလဒ်တွေအရ တအာင်းပလောင်ပါတီက မဲ ၂သောင်း နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဓိကပြိုင်ဘက်တွေဖြစ်တဲ့ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် နဲ့ SNDP ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတွေက မဲ တစ်သောင်းကျော်စီ ရရှိပြီး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ် ။ 

တကယ်တော့ SNLD နဲ့ SNDP ရှမ်းပါတီ ၂ ပါတီရဲ့ ရမဲ ၂ ခုပေါင်းဟာ တအာင်းပလောင်ပါတီ ရမဲထက် ၃ ထောင်ကျော် သာလွန်နေတာ တွေ့ရပါတယ်။၂၀၁၀ ရွေးကောက်ပွဲမှာတုန်းက SNDP က ဒီမဲဆန္ဒနယ်မှာ မဲ ၂ သောင်းကျော် ရရှိခဲ့ပြီး တအာင်းပလောင်ပါတီ ကို မဲ ၅ ထောင်ကျော် ဖြတ်ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း၂၀၁၅ မှာတော့ SNLD က ထပ်တိုး ဝင်ရောက်ယှဉ်ပြိုင်လာတာကြောင့် ရှမ်းပါတီ ၂ ပါတီဖြစ်သွားပြီး ရှမ်းမဲတစ်ဝက်စီ ကွဲသွားကာ မဲတစ်စုတစ်စည်းထဲ ရရှိသွားတဲ့ တအာင်းပလောင်ပါတီက အနိုင်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။ အခု ၂၀၂၀မှာလည်း နမ့်ခမ်းပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ အခုပုံစံအတိုင်း ၃ ပါတီ တည်မိနေပြန်ပြီဖြစ်ပါတယ်။ တအောင်းပလောင်က ကိုယ်စားလှယ်လောင်းကတော့ လက်ရှိ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်ပဲ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ရှမ်းပါတီ ၂ ခုစလုံးကတော့ လူလဲကစားတာ တွေ့ရပါတယ် ၊ ဘာပဲပြောပြော နမ်ခမ်း ရွေးကောက်ပွဲရလဒ်ဟာလည်း စိတ်ဝင်စားစရာကောင်းမယ့် အနေအထားပဲဖြစ်ပါတယ်။

၁၉၉၀မှာ ရွေးကောက်ပွဲ မှာ ဝ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဆိုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာရှိပေမယ့် ရွေးကောက်ပွဲတော့ အနိုင်ရရှိခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပချိန်မှာ ဝ' တိုင်းရင်းသားကို ကိုယ်စားပြုပြီး ပါတီ ၂ ခု ပေါ်ထွက်လာကာ ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ တန့်ယန်း၊ ကွမ်လုံ ၊ ကျိုင်းတုံမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတာ တွေ့ရပါတယ် ( ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပန်ဆန်း ( ပန်ခမ်း) ၊ နားဖမ်း၊ ပန်ဝိုင်နဲ့ မိုင်းမောမှာ ဝ ဒီ မိုကရက်တစ်ပါတီက ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်က အဲဒီနေရာတွေမှာ ရွေးကောက်ပွဲမကျင်းပပဲ ဖျက်သိမ်းခဲ့ပါတယ် ) ။ စုစုပေါင်း ပြည်သူ့လွှတ်တော်အတွက် ၅ နေရာနဲ့ အမျိုးသားလွှတ်တော်အတွက် ၁ နေရာ အားလုံး ၆ နေရာ ( ပြည်နယ်လွှတ်တော် ၈နေရာ) မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်သူ့လွှတ်တော်မှာ ၂ နေရာ အမျိုးသားလွှတ်တော်မှာ ၁ နေရာ အနိုင်ရရှိခဲ့ပါတယ် ။ 

အဆိုပါ အနိုင်ရရှိတဲ့ ၃ နေရာမှာ မက်မန်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကလွဲရင် ကျန်တဲ့ ၂ နေရာဖြစ်တဲ့ ဟိုပန်နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်၁၂ (ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ) အခြားပြိုင်ဘက်ပါတီမရှိပဲ ဝ' ဒီမိုကရက်တစ် ပါတီ နဲ့ ဝ' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီတို့ ဝ' ၂ ပါတီ တည်းသာ အချင်းချင်း ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ နှစ်နေရာစလုံးမှာ ဝ' ဒီမိုကရက်တစ်ပါတီက အနိုင်ရခဲ့တာတွေ့ရပါတယ်။ မက်မန်းမှာတော့ ဝ ' ဒီမိုကရက်တစ်ပါတီက လားဟူပါတီနဲ့ ပြိုင်ပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ရှုံးခဲ့တဲ့ ၃ နေရာကတော့ ကျိုင်းတုံနဲ့ ကွမ်လုံမှာ ကြံ့ခိုင်ရေးကို ရှုံးပြီး တန့်ယန်းမှာ SNDP ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ( ပြည်နယ်လွှတ်တော်မှာလည်း ဝ' ဒီမိုကရက်တစ်ပါတီ က ၃ နေရာ အနိုင်ရရှိခဲ့ပါတယ်)။ 

၂၀၁၅ ရွေးကောက်ပွဲ ရောက်တဲ့အခါမှာတော့ ဝ'ဒီမိုကရက်တစ်ပါတီက ပြည်သူမှာ ၄ နေရာ အမျိုးသားမှာ ၁ နေရာ ပြည်နယ်လွှတ်တော်မှာ ၆ နေရာ၊ ဝ' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီက ပြည်သူ့လွှတ်တော်မှာ ၅ နေရာ အမျိုးသားလွှတ်တော်မှာ ၁ နေရာ နဲ့ ပြည်နယ်လွှတ်တော်မှာ ၁၀ နေရာ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီတကြိမ်မှာတော့ ဝ' ဒီမိုကရက်တစ်ပါတီ တစ်ခုတည်းသာ ဟိုပန် ပြည်သူ့လွှတ်တော်မှာ အနိုင်ရခဲ့ပြီး ကျန်တဲ့နေရာတွေမှာ အသီးသီး ရှုံးနိမ့်ခဲ့ကြပါတယ်။ ဝ' ပါတီ ၂ ခုမှာ ဝ' ဒီမိုကရက်တစ်ပါတီက လူထုထောက်ခံမှု ပိုမိုရရှိတာတွေ့ရပါတယ်။ 

စိတ်ဝင်စားဖို့ကောင်းတာကတော့ ၂၀၁၀ မှာ နိုင်ခဲ့တဲ့နေရာ ၂ နေရာမှာ ပြန်ရှုံးသွားတာပဲဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် မဲ ဆန္ဒနယ် ၁၂ မှာ ၂၀၁၀ တုန်းက ကြံ့ခိုင်ရေးက ဝင်မပြိုင်ခဲ့ပဲ ၂၀၁၅ မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဝ ပါတီတွေကို အနိုင်ရရှိသွားတာတွေ့ရပါတယ်။ ၂၀၁၀ မှာ ဝ ပါတီ အနိုင်ရခဲ့တဲ့ မက်မန်းမှာတော့ တသီးပုဂ္ဂလကိုယ်စားလှယ် ဦးတင်အေးဆိုသူက အနိုင်ရသွားတာတွေ့ရပါတယ်။ ထူးခြားတာက က ဝ' ပါတီက ပြိုင်ပွဲဝင်ကိုယ်စားလှယ်လောင်းတွေဟာ လူအပြောင်းအလဲမရှိ ဝင်ပြိုင်ခဲ့သော်လည်း ရမဲတွေက ထူးခြားစွာပြောင်းလဲသွားတာပဲဖြစ်ပါတယ်။

‘ဝ'ဒီမိုကရက်တစ်ပါတီက ၂၀၁၀ တုန်းက မဲ ၄၆၀၀ ကျော် ရရှိခဲ့ပေမယ့် ၂၀၁၅ မှာတော့ ၂၈၃ မဲပဲ ရရှိတာတွေ့ရသလို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၂ မှာလည်း ဝ'ဒီမိုကရက်တစ်ပါတီက ၂၀၁၀ မှာ မဲ ၂ သောင်း ၃ ထောင်ကျော် သိမ်းကျုံးယူခဲ့ပြီး ၂၀၁၅ မှာ မဲ ၂၅၀၀ တောင်ပြည့်အောင် မရခဲ့တာကို တွေ့ရပါတယ်။ အခြေအနေတွေ ရလဒ်အနေအထားတွေအရ ဝ 'ပါတီတွေရဲ့ ပါတီနိုင်ငံရေးအင်အားဟာ ဆုတ်ယုတ်မှုဘက်ကို ဦးတည်နေတာတွေ့ရတဲ့အတွက် ဝ' ပါတီတွေဟာ ပေါင်းစည်းရပ်တည်ဖို့ ကြိုးစားလာကြပါတယ်။ ဝ' ဒေသမှာ ရပ်တည်လှုပ်ရှားနေတဲ့ ဝ' ပါတီ ၃ ခု ရှိနေပြီး ဝ' ဒီမိုကရက်တစ်ပါတီ ၊ ဝ'အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ နဲ့ ဝ လစ်ဗရယ် ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်ကြပါတယ်။ ၃ ပါတီစလုံးဟာ မဲကွဲမယ့်အရေးကို ရှောင်ရှားလို့ ၂၀၂၀ ရွေးကောက်ပွဲ မှာ ဝ' ပါတီရဲ့ အခန်းကဏ္ဍကို ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက် ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းရပ်တည်လိုက်ကြပြီး ဝ' အမျိုးသားပါတီ Wa National Party အဖြစ် အသစ် ပူးပေါင်းဖွဲ့စည်းကာ၂၀၂၀ ရွေးကောက်ပွဲမှာ တကြော့ပြန်အားစမ်းဖို့ ကြိုးစားလာတာတွေ့ရပါတယ်။ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝ' အမျိုးသားပါတီအနေနဲ့ ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်မှာ ၅ နေရာ အမျိုးသား လွှတ်တော်မှာ ၃ နေရာ နဲ့ ပြည်နယ်လွှတ်တော်မှာ ၁၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဝ' ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင်းက မဲဆန္ဒနယ်တွေနဲ့ ကျိုင်းတုံ ၊ မိုးပျဉ်း ၊ လားရှိုးနယ် ၊ တာချီလိတ် မိုင်းဆတ်နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ၃ ပါတီပေါင်းစည်းထားတဲ့ ဝ အမျိုးသားပါတီဟာ သူ့ရဲ့ ပြိုင်ဘက်ဟောင်းတွေဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ နဲ့ SNLD ကို ဒီတကြိမ်မှာ ပြန်ပြီး အနိုင်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ် ။

၁၉၉၀ ရွေးကောက်ပွဲမှာ ကိုးကန့်တိုင်းရင်းသားများကို ကိုယ်စားပြုပြီး ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကွမ်လုံမှာ ၁နေရာ အနိုင်ရရှိခဲ့ပါတယ် ၊ ၂၀၁၀ ခုနှစ်မှာ ပြန်လည်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကိုးကန့် ညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီက ပြည်သူ့လွှတ်တော် ၃ နေရာ အမျိုးသားလွှတ်တော် ၁ နေရာ ပြည်နယ်လွှတ်တော် ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နေရာအားလုံးမှာ ကြံ့ခိုင်ရေးပါတီ နဲ့ SNDP တို့ ကို ရှုံးနိမ့်ခဲ့တာ တွေ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုးကန့်ပါတီ ၂ ပါတီ ရှိလာပြီး ရှမ်းပြည်နယ် ကိုးကန့်ဒီမိုကရက်တစ်ပါတီပါ ဝင်ရောက်ယှဉ်ပြိုင်လာတာ တွေ့ရပါတယ်။ ကိုးကန့် ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီက ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမှာ ၃ နေရာ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီက ၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်အတွက် ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီက ၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကိုးကန့် ဒီမိုကရေစီနဲ့ညီညွတ်ရေးပါတီကသာ ကွမ်လုံ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁ နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။ ( ပြည်နယ်လွှတ်တော်အတွက် ပါတီနှစ်ရပ်ပေါင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ကိုးကန့် ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီက ၁ နေရာသာ အနိုင်ရရှိခဲ့ပါတယ်)။ ၂၀၁၅ မှာအနိုင်ရရှိလိုက်တဲ့ ကွမ်လုံဟာ ၁၉၉၀ ကလည်း ကိုးကန့်ပါတီကပဲ တစ်ကြိမ်အနိုင်ရရှိခဲ့ဖူးတဲ့ နေရာဖြစ်တာကြောင့် ကိုးကန့်အမာခံဒေသလို့ပြောနိုင်ပေမယ့် ဒီတကြိမ်မှာ ကြံ့ခိုင်ရေးကို ၅၉ မဲ တည်းနဲ့ ကပ်ပြီး နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၀ မကျေပွဲ နွှဲကြတဲ့အခါ ဘယ်သူက သာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသလို NLD ပါတီ ရရှိခဲ့တဲ့ မဲဟာလည်း သိပ်အနိမ့်ကြီး မဟုတ်တာကြောင့် ၃ ပါတီ အကြိတ်အနိုင်ပြိုင်ကြမယ့် ပွဲတစ်ပွဲလို့ ဆိုနိုင်ပါတယ်။ ( ကိုးကန့် ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီ ၅၀၉၇: ကြံ့ခိုင်ရေး ၅၀၃၈: NLD ၃၄၇၄)

အခု နောက်ဆုံး ကျန်ရှိတဲ့ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားပါတီတွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ရှမ်းပါတီ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် နဲ့ SNDP ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့ရဲ့ အလားအလာကို လေ့လာကြည့်ရအောင်ပါ ။

၁၉၈၈ ဒီမိုကရေစီအရေး အုံကြွမှုကြီး ဖြစ်ပွားပြီးနောက် ဆိုရှယ်လစ်အစိုးရပြုတ်ကျသွားပြီး ပေါ်ပေါက်လာခဲ့တဲ့ အာဏာသိမ်းအစိုးရက အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို ၁၉၉၀ ခုနှစ်မေလမှာ ကျင်းပပေးခဲ့တဲ့အခါ ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးမှာ ရှေ့တန်းက ပါဝင်ခဲ့ ကြသူတွေဟာ သက်ဆိုင်ရာအင်အားစုအလိုက် နိုင်ငံရေးပါတီများထူထောင်လို့ ရွေးကောက်ပွဲဝင်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ တိုင်းရင်းသားဒေသအသီးသီးက တိုင်းရင်းသားခေါင်းဆောင်တွေ တိုင်းရင်းသားအင်အားစုတွေလည်း ပါဝင်ခဲ့ကြရာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာလည်း အင်အားတောင့်တင်းတဲ့ ရှမ်းတိုင်းရင်းသား နိုင်ငံရေးအင်အားစုတစ်ရပ်အဖြစ် ပေါ်ထွက်လာပြီး ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်း မဲဆန္ဒ နယ် ၅၆ နေရာအတွက် ရွေးကောက်ပွဲကျင်းပခဲ့ပြီး SNLD က ၂၃ နေရာ အနိုင်ရရှိခဲ့ပါတယ် ။ 

သို့သော်လည်း အာဏာသိမ်းအစိုးရက ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ခွင့်မပေးပဲ နှစ်ပေါင်း ၂၀ ကြာ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်နေခဲ့ ပြီး အခြေခံဥပဒေအသစ်တရပ်ကို ဦးဆောင်ရေးဆွဲနေခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အဆိုပါ အခြေခံဥပဒေကို အသက်သွင်းပြီး ရွေးကောက်ပွဲများကို အသစ် ပြန်လည်ကျင်းပကာ အာဏာသိမ်းအစိုးရကိုယ်တိုင် ပါတီအသစ်ထောင်လို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဆိုပါ ၂၀၁၀ ရွေးကောက်ပွဲ ကို NLD အပါအဝင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော ပါတီအချို့က သပိတ်မှောက်ကာ ရွေးကောက်ပွဲ မဝင်ပဲနေခဲ့ကြရာ SNLDလည်း အပါအဝင်ဖြစ်ခဲ့ပါတယ် ။ 

သို့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီများရဲ့ ပါတီတွင်းခေါင်းဆောင်များ အကြားမှာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေးအပေါ် ကွဲပြားတဲ့ အမြင်အယူအဆများ ပေါ်ပေါက်လာခဲ့ပြီး ပါတီမှ ခွဲထွက်ခါ ပါတီအသစ်များ ထူထောင်လို့ ရွေးကောက်ပွဲဝင်ခဲ့ကြပါတယ်။ SNLD ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးကလည်း ပါတီက နုတ်ထွက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ကို ထူထောင်ကာ ၂၀၁၀ ရွေးကောက်ပွဲကို ရှမ်းပြည်နယ်မဲဆန္ဒနယ်များ နဲ့ ကချင်ပြည်နယ်မဲဆန္ဒနယ်များမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ် ။ ထိုစဉ်က အာဏာသိမ်း အစိုးရခေါင်းဆောင်များ ထူထောင်ထားတဲ့ ကြံ့ခိုင်ရေးပါတီက ရှေ့ကပြေးနေပြီး NLD နဲ့ SNLD လို ယခင်နာမည်ကြီးပါတီများမှ ခွဲထွက်တည်ထောင်လာတဲ့ ပါတီများက ဒုတိယလိုက်ခါ SNDP သည်လည်း ရှမ်းပြည်နယ်မှာ ကြံ့ခိုင်ရေးပါတီနဲ့အပြိုင် နေရာအများအပြားမှာ အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ ၂၀၁၀ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်အတွက် ရှမ်းပြည်နယ်မှာ နေရာပေါင်း၅၀ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ၃၀ နေရာ SNDP က ၁၉ နေရာ အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ NLD ပါတီက ရွေးကောက်ပွဲ ဝင်ရောက်လာတဲ့အတွက် မဲဆန္ဒနယ်များမှာ မဲပေးရွေးချယ်မှုဟာ ၂၀၁၀ကနဲ့မတူပဲ ပြောင်းလဲသွားသလို ရှမ်းပြည်နယ် အချို့ဒေသများမှာလည်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဝင်ရောက်ယှဉ်လာတဲ့ အတွက် အပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် SNDP အားကောင်းခဲ့တဲ့နေရာတွေ အကုန်လုံးလိုလို SNLD ဖြစ်ကုန်ပါတယ်။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ SNDP က ရှမ်းပြည်နယ်မှာ လုံးဝနီးပါး ရှုံးနိမ့်ခဲ့ပြီး ပြည်နယ်လွှတ်တော်တစ်နေရာမှာပဲ အနိုင်ရရှိခဲ့ပါတယ် ။ SNLD ကတော့ ပွဲ ဦးထွက်မှာပဲ ပြည်ထောင်စုလွှတ်တော် မှာ ၁၅ နေရာနဲ့ ပြည်နယ်လွှတ်တော် ၂၄ နေရာ အနိုင်ရရှိခဲ့ပါတယ်။ သို့သော်လည်း ရှမ်းပြည်နယ်လွှတ်တော်ကတော့ ကြံ့ခိုင်ရေးပါတီက အများစုဖြစ်ပြီး SNLD က ဒုတိယအများဆုံးဖြစ်လို့ NLD က ၂၁ နေရာ နဲ့ တတိယအများဆုံးဖြစ်ပါတယ်။ SNLD ရဲ့၂၀၂၀ ရွေးကောက်ပွဲ အလားအလာအကြောင်းမပြောခင် SNLD နဲ့ အခြားပါတီတွေအကြားက ထူးခြားတဲ့ ပြိုင်ဆိုင်မှုတွေအကြောင်း ပြောပြချင်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မှာ SNLD အနိုင်ရရှိခဲ့သော ရှမ်းပြည်နယ်ထဲက ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ်တွေရဲ့ ၁၅ နေရာ မှာ ၉ နေရာက ကြံ့ခိုင်ရေးနဲ့ အဓိကယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး NLD နဲ့ ၅ နေရာမှာ အဓိကယှဉ်ပြိုင်ခဲ့ရပါတယ်။ SNDP နဲ့ ရှမ်းပါတီအချင်းချင်း အဓိကယှဉ်ပြိုင်ခဲ့ရတာတော့ ကွန်ဟိန်းတစ်နေရာပဲရှိပါတယ် ၊ သို့သော်လည်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ တစ်နေရာမှာပဲ ကြံ့ခိုင်ရေးကို ၃၃.၃၃% -၃၂.၂၅% ကပ်ပြီး နိုင်ခဲ့တာဖြစ်ပြီး ကျန် ၁၄ နေရာစလုံးမှာ ပြိုင်ဘက်ပါတီတွေကို သာလွန်တဲ့ မဲ ကွာဟချက် အရေအတွက် အသာစီးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ SNLD အားကောင်းတဲ့ နေရာတွေကတော့ ကွန်ဟိန်း ၊ လဲချား၊မိုင်းကိုင်၊ လင်ခေး၊ မိုးနဲ ၊ သိန္နီ၊တန့်ယန်း ၊ မိုင်းရယ်၊ကျောက်မဲ၊သီပေါ၊ နမ့်တူ နဲ့ မူဆယ် တို့ဖြစ်ကြပါတယ် ။ အခုလာမယ့် ၂၀၂၀ မှာတော့ SNLD အနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၃၂ နေရာ ၊ အမျိုးသားလွှတ်တော်မှာ ၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ဒီတခေါက်မှာတော့ တိုင်းရင်းသားလူမျိုးစုငယ်ပါတီတွေ အဓိကပြိုင်ဆိုင်မယ့် နေရာအချို့နဲ့ NLD အားကောင်းတဲ့ နေရာအချို့ကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုပဲ လက်ရှောင်ထားပြီး ( ပြည်ထောင်စုလွှတ်တော် နေရာများမှာ)၂၀၁၅ ထက် ၆ နေရာ လျှော့ပြီး ပြိုင်ထားတာတွေ့ရပါတယ်။ SNLD ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကချင် နဲ့ ကယားပြည်နယ်တွေက နေရာအချို့ မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အခု ၂၀၂၀ မှာလည်း အဲဒီ ပြည်နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဦးမှာဖြစ်ပါတယ်။ ၂၀၁၅ တုန်းကတော့ ကချင်ပြည်နယ်ရဲ့ ပြည်နယ်လွှတ်တော်တစ်နေရာသာ အနိုင်ရရှိခဲ့ပြီး ကျန်နေရာများရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပခြင်းမပြုနိုင်တဲ့ မဲဆန္ဒနယ် မြို့နယ်နဲ့ ကျေးရွာရပ်ကွက်များကို ကြေညာခဲ့ရာ ရှမ်းပြည်နယ်ထဲက ၆ မြို့နယ် ကျေးရွာရပ်ကွက်များ အများအပြားပါဝင်ခဲ့ပါတယ်။ လုံးဝမကျင်းပတဲ့ အဆိုပါ မဲဆန္ဒနယ် ၆ မြို့နယ်ထဲက ၅ မြို့နယ်ဟာ ဝ ' နဲ့ မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်ပြီး ယခင်ရွေးကောက်ပွဲများကတည်းက ကျင်းပခြင်းမရှိခဲ့တာ တွေ့ရပါတယ်။ သို့သော်လည်း ကျန်ရှိတဲ့ တစ်နေရာဖြစ်တဲ့ မိုင်းကိုင်မဲဆန္ဒနယ်ကတော့ ၂၀၁၅ တုန်းက ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး SNLD အနိုင်ရရှိခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ အခုလို ရွေးကောက်ပွဲ ဖျက်သိမ်းခဲ့တဲ့အတွက် SNLD အနေနဲ့ သေချာပေါက် နေရာတစ်နေရာကို ရွေးကောက်ပွဲမစတင်မီ ဆုံးရှုံးသွားခဲ့ရပြီလို့ ပြောရပါလိမ့်မယ်။

၂၀၂၀ ရွေးကောက်ပွဲ အလားအလာအနေနဲ့ ရှမ်းပြည်နယ်အတွင်း ယှဉ်ပြိုင်မှုတွေကို ခြုံငုံသုံးသပ်ကြည့်တဲ့အခါမှာ ပါတီကြီးတွေဖြစ်တဲ့ ကြံ့ခိုင်ရေး၊ SNLD နဲ့ NLD ဟာ သူတို့ ရဲ့ အခိုင်အမာအားထားရတဲ့နေရာ အများစုကို ဆက်လက်ထိန်းထားနိုင်ဦးမယ်လို့ ယူဆပါတယ် ။ ဧည့်သည်ပါတီဖြစ်တဲ့ NLD နဲ့ ကြံ့ခိုင်ရေးဟာ တစ်နိုင်ငံလုံးမှာသက်ရောက်နိုင်တဲ့ ၅နှစ်စာ နိုင်ငံရေးကံကြမ္မာတစ်ခုအတွက် ပြိုင်ကြရတာဖြစ်လို့ အာဏာရရှိရေးအတွက် အထောက်အကူပြုနိုင်မယ့် အောင်ပွဲအရေအတွက်ကို ရရှိရေး ပြိုင်ကြမှာဖြစ်ပေမယ့် SNLD ကတော့ ပြည်နယ်နဲ့ လူမျိုးဂုဏ်သိက္ခာအတွက်ပြိုင်ရတာဖြစ်လို့ ပြည်နယ်လွှတ်တော်အနိုင်ရရှိရေးကို ပိုပြီး အားထည့်ပြိုင်ရမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်လွှတ်တော်ဟာ ကြံ့ခိုင်ရေးပါတီ လွှမ်းမိုးအားကောင်းတဲ့ လွှတ်တော်ဖြစ်နေခြင်းဟာ SNLD အပါအဝင် ပြည်နယ်တွင်းက အခြားလူမျိုးစု တိုင်းရင်းသားပါတီများအတွက်ပါ ဒီတစ်ခေါက်မှာ ပြောင်းလဲအောင်လုပ်ရမယ့် ရလဒ်မျှော်မှန်းချက်ဖြစ်ပါတယ် ။

ကြံ့ခိုင်ရေးပါတီဟာ အာဏာရပါတီ မဟုတ်တော့တဲ့အတွက် ဝန်ထမ်းအင်အားများရာ ဒေသတွေမှာ ခါတိုင်းလို မဲတွေ အများအပြားရပါ့မလား အပြင်ရောက်လာတဲ့ တပ်မဲရုံတွေ ရလဒ်တွေကရော ထူးခြားတဲ့ပြောင်းလဲမှုတွေ ရှိလာမလားဆိုတာ ၂၀၂၀ ရွေးကောက်ပွဲရဲ့ စောင့်ကြည့်ရမယ့် စိတ်ဝင်စားစရာ အသစ်တစ်ခုဖြစ်ပါလိမ့်မယ်။ အာဏာရပါတီ NLD အနေ့နဲ့ အုပ်ချုပ်ရေးပိုင်းမှာ ပြည်နယ်နေ ပြည်သူများရဲ့ အကျိုးစီးပွားအတွက် ဘယ်၍ဘယ်မျှ ဖြည့်ဆည်းနိုင်ခဲ့ပြီး ပြည်သူတွေကရော ကျေနပ်အားရမှုရှိရဲ့လားဆိုတာလည်း မဲရလဒ်အပြောင်းအလဲတွေမှာ မျက်ဝါးထင်ထင်တွေ့ရမယ့်ပွဲလည်းဖြစ်ပါတယ်။ ပြည်နယ်တစ်ခုလုံးအနေနဲ့ကတော့ တောင်ကြီးမဲဆန္ဒနယ်မှာ အနိုင်ရဖို့ ကြုံးဝါးထားတဲ့ ပအို့ဝ်ပါတီ PNO နဲ့ သရဖူကာကွယ်ရမယ့် NLD နဲ့ ပွဲဟာ စိတ်ဝင်စားဖို့ အကောင်းဆုံးဖြစ်မှာ ဖြစ်သလို NLD နဲ့ ကြံ့ခိုင်ရေးရဲ့ လားရှိုးမကျေပွဲဟာလည်း NLD အတွက် ဆုလာဘ်အသစ်တစ်ခု ဖြစ်လာလေမလားဆိုတာလည်း အထူးစိတ်ဝင်စားစရာဖြစ်ပါတယ်။ ၂၀၁၅ တုန်းက လားရှိုးမှာ NLD က ၄၉ မဲ အသာနဲ့ နိုင်နေပြီး ကြိုတင်မဲ ၅ ထောင်ကျော်နဲ့ နောက်ဆုံးမှာ ကြံ့ခိုင်ရေးက အနိုင်ရသွားတာဖြစ်ပါတယ်။ အဲဒီတုန်းက အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ် ၊ ဒုတိယသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်းဟာလည်း ဒီတခေါက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့တဲ့အတွက် လားရှိုးဟာ ကြံ့ခိုင်ရေးအမာခံအဖြစ် ဆက်ရှိနေဦးမှာလားဆိုတာလည်း စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်လေ့လာကြရမှာဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးစုပါတီငယ်လေးတွေအတွက်တော့ အမာခံနယ်မြေ အခိုင်အမာရှိပြီးဖြစ်တဲ့ PNO ပအို့ဝ်ပါတီ က အနိုင်ရရှိနေကျ ၄ နေရာအပြင် အောင်ပွဲအသစ်တွေကို မျှော်မှန်းနေနိုင်တဲ့ အနေအထားဖြစ်သလို တအာင်းပလောင်အမျိုးသားပါတီကလည်း ပိုင်ဆိုင်ထားတဲ့ နေရာဟောင်းကို ဆက်လက်ထိန်းထားနိုင်ဦးမယ်လို့ သုံးသပ်ပါတယ် ။ 

အခြားပါတီငယ်တွေဖြစ်တဲ့ ဝ အမျိုးသားပါတီ နဲ့ ကိုးကန့် ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီတို့ အနေနဲ့လည်း လက်ကျန်နေရာများကို ဆက်လက်ဆုတ်ကိုင်ထားနိုင်ဖို့ အတော်လေးရုန်းကန်ရပါလိမ့်မယ်၊ ၂၀၁၅ တုန်းက အာဏာရပါတီအနေနဲ့ ရှိခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ဒေသတွင်းသြဇာ ကျဆင်းမှုရှိခဲ့မယ်ဆိုရင်တော့ ဒီတခေါက်မှာ ကိုးကန့် ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီအနေနဲ့ အောင်ပွဲကို လွတ်လွတ်ကျွတ်ကျွတ်မျှော်မှန်းနိုင်မယ်လို့ ယူဆပါတယ်။ ၃ ပါတီ ပေါင်းစည်းထားတဲ့ ဝ'အမျိုးသားပါတီအနေနဲ့ကတော့ ပေါင်းစည်းထားတဲ့အင်အားနဲ့ အနည်းဆုံးတော့ ဟိုပန်ကို ဆက်လက်အနိုင်ယူ ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ၁၉၉၀နဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ ကနေစပြီး အောင်ပွဲပျောက်သွားတဲ့ လားဟူ ၊ ကယန်း ၊ ဓနု နဲ့ အင်းအမျိုးသားပါတီများ အနေနဲ့လည်း ပါတီကြီးတွေရဲ့ သြဇာနဲ့ ကျော်ကြားမှု ကျဆင်းသလိုရှိလာပြီး ဒေသတွင်းတိုင်းရင်းသားပါတီတွေကို မြှင့်တင်ပြီး ထောက်ခံကြဖို့ ဆော်သြမှုတွေရှိတာကြောင့် အဲ့ဒီ မြှင့်တင်လှုပ်ရှားမှုတွေရဲ့ အကျိုးကျေးဇူးကို ရရှိနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း သုံးသပ်မိပါတယ်။

ရည်ညွှန်း : ၁။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်များ

                  ၂။ ၁၉၉၀ ပြည့်နှစ် မေလ (၂၇) ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း ( ခင်ကျော်ဟန်) 

                  ၃။ တိုင်းရင်းသားပါတီများမှ ထုတ်ပြန်ချက်များ သတင်းလွှာများ

(စာရေးသူ ကိုသီဟသွေးသည် ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သကဲ့သို့ မြန်မာ့နိုင်ငံရေးအကြောင်း လေ့လာရေးသားနေသော ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။ ဤဆောင်းပါးသည် စာရေးသူ၏ ဝေဖန်သုံးသပ်ချက်သာဖြစ်ပြီး Myanmar Now ၏ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။) 

စာရေးသူ ကိုသီဟသွေးသည် ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သကဲ့သို့ မြန်မာ့နိုင်ငံ့ရေးအကြောင်းလေ့လာရေးသားနေသော ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading