ရွှေတစ်ကျပ်သား ငွေကျပ် ငါးသောင်းတန်ကြေးရှိသည့်ခေတ်တွင် ငွေကျပ် သိန်း ၁၆၀၀ ကျော် လိမ်လည်ခဲ့သူ ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် အမှုပေါင်း ၁၆ မှုဖြင့် တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံခဲ့ရသည်။ ငွေလိမ်ခံခဲ့ရသူများတွင် စစ်တပ်နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)မှ အရာရှိကြီးလည်း ပါဝင်ခဲ့သည်။ 

P
Published on Nov 5, 2020
ငွေကြေးလိမ်လည်မှုဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် PPP ပါတီ ၏ ဥပဒေအကြံပေးနှင့် ပါတီဗဟို စည်းကမ်းထိန်းသိမ်းရေးနှင့် ဥပဒေရေးရာအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သည် (ဓာတ်ပုံ - PPP ပါတီ Facebook) 
ငွေကြေးလိမ်လည်မှုဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် PPP ပါတီ ၏ ဥပဒေအကြံပေးနှင့် ပါတီဗဟို စည်းကမ်းထိန်းသိမ်းရေးနှင့် ဥပဒေရေးရာအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သည် (ဓာတ်ပုံ - PPP ပါတီ Facebook) 

မန္တလေးမြို့ အရှေ့ပြင်ရှိ ရပ်ကွက်တစ်ခုအတွင်း ပေ ၂၀ ပတ်လည်ရှိ ဂိုဒေါင်သဖွယ် အိမ်ခန်းကျဉ်းကျဉ်းတစ်ခုတွင် ဒေါ်စန္ဒာဝင်းတစ်ယောက် မှတ်တမ်းစာအုပ်အဟောင်းများနှင့် အလုပ်များလျက်ရှိသည်။ စာရွက်များကို တစ်ရွက်ချင်း ခပ်သွက်သွက်လှန်ရင်း တစ်စုံတစ်ခုကို အသည်းအသန်ရှာနေခြင်းဖြစ်သည်။ 

“ရှိတယ်။ ရှိတယ်။ အန်တီက ဒီဒိုင်ယာရီထဲမှာ သူ့ကို ပိုက်ဆံထုတ်ချေးခဲ့တဲ့နေ့တွေ အားလုံးကို သေသေချာချာ မှတ်ထားခဲ့တာ" ဟုလည်း တဖွဖွပြောလျက်ရှိသည်။ 

မိတ်ဆွေတစ်ဦးက ငွေလိမ်သွားသဖြင့် နလန်မထူနိုင်အောင် ဘဝပျက်ခဲ့ရပြီးနောက် ဒေါ်စန္ဒာဝင်းတစ်ယောက် အိမ်ငှားဘဝဖြင့် တစ်နေရာမှ တစ်နေရာ ပြောင်းရွှေနေထိုင်ခဲ့ရသည်။ လက်ရှိတွင် ဂိုဒေါင်သဖွယ် ထိုအိမ်ကျဉ်းကျဉ်းလေးကို ငှားရမ်းနေထိုင်ခဲ့သည်မှာ ၇ နှစ်ရှိပြီဖြစ်ကာ မြို့ဆင်ခြေဖုံးရပ်ကွက်သို့ ပြောင်းရန် စီစဉ်နေသည်ဟု ဆိုသည်။ 

အသက် ၅၀ အရွယ် ဒေါ်စန္ဒာဝင်းသည် ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ငါးသောင်းခေတ်ဖြစ်သည့် လွန်ခဲ့သော အနှစ် ၂၀ ခန့်က ကျပ်သိန်းရာနှင့်ချီကာ ငွေလိမ်ခံခဲ့ရခြင်းဖြစ်ပြီး လိမ်သွားသူမှာ ယနေ့အချိန်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ဥပဒေအကြံပေးနှင့် ပါတီဗဟို စည်းကမ်းထိန်းသိမ်းရေးနှင့် ဥပဒေရေးရာအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ညွန့်ညွန့် ဝင်းမောင်ဖြစ်သည်။ 

အသက် ၆၄ နှစ်အရွယ် ရှေ့နေဒေါ်ညွန့်ညွန့်ဝင်းမောင်သည် စစ်အစိုးရလက်ထက် ၂၀၀၁ ခုနှစ် နှစ်ဆန်းပိုင်းက မန္တလေးမြို့ရှိ ဥပဒေနယ်ပယ်က ပုဂ္ဂိုလ်များ၊ စီးပွားရေးသမားများသာမက စစ်တပ်နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)မှ ထိပ်ပိုင်းအရာရှိကြီးအချို့ ပေးအပ်ခဲ့သော ငွေကြေးများ ပြန်မဆပ်နိုင်သဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၀၆ (ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု) ဖြင့် ထောင်ဒဏ် ၆၈ နှစ် ပြစ်ဒဏ်ကျခံခဲ့သူဖြစ်သည်။ 

Myanmar Now က ရရှိထားသော အမှုတွဲစီရင်ချက်များအရ ၂၀၀၁ ခုနှစ်က မန္တလေးခရိုင်အတွင်းရှိ မြို့နယ်တရားရုံး ၅ ခု၌ ဒေါ်ညွန့်ညွန့်ဝင်းမောင်ကို ရာဇသတ်ကြီးပုဒ်မ ၄၀၆/၄၂၀ ဖြင့် စွဲဆိုခဲ့သော အမှု ၁၆ မှုရှိပြီး အမှုများနှင့်ဆက်စပ်၍ ငွေကျပ်သိန်း ၁၆၀၀ ကျော်ကို ငွေရှင်များထံ ပြန်လည်ပေးဆပ်ရန် ရှိခဲ့သည်။ 

"ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် ငွေရှင်များ၏ ငွေကြေးယုံကြည်အပ်နှံခြင်းကို ခံရပြီးနောက် ငွေသိန်းပေါင်းများစွာကို မရိုးမဖြောင့်သောသဘောနှင့် သုံးစွဲခဲ့ပြီး ပြန်လည်ပေးအပ်ရန် ကမ်းလှမ်းပြောဆိုခြင်းမရှိသည်မှာ စွဲချက်တင်ထာသည့် ပြစ်မှုကို ကျုးလွန်သည်ဟု ဆိုရန်သာဖြစ်သည်" ဟု ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် ချမ်းအေးသာစံမြို့နယ်တရားရုံး၌ မြို့နယ်တရားသူကြီး ဒေါ်ခင်လှကြည်စစ်ဆေးခဲ့သော အမှု၏စီရင်ချက်တွင် ဖော်ပြထားသည်။

နှစ်ဖက်သက်သေထွက်ချက်များအရ ဒေါ်ညွှန့်ညွန့်ဝင်းမောင်သည် ငွေရှင်များအား ငွေကျပ် သိန်း ၁၆၀၀ ပေးဆပ်ရန်ရှိသည့်အချိန်၌ တမူးမြို့မှတဆင့် တဖက်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ခြင်းမှာ ငွေကြေးပြဿနာကို ရှောင်လွှဲရန် ထွက်သွားခြင်းဖြစ်နိုင်သည်ဆိုသော အဆိုပြုချက်သည် လက်ခံဖွယ်ရာဖြစ်သည်ဟုလည်း တရားသူကြီး၏ စီရင်ချက်တွင် ဖော်ပြထားသည်။ 

"ထိုအကြောင်းကြောင်းများကြောင့် စွဲဆိုထားသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ အရ ပြစ်မှုထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်ကို ကျခံစေရန် အမိန့်ချမှတ်သည်" ဟုလည်း အမှုစီရင်ချက်က ဆိုသည်။ 

ဒေါ်ညွန့်ညွန့်ဝင်းမောင်ကို တရားစွဲဆိုခဲ့သူများအနက် ငွေကြေးလိမ်လည်ခံခဲ့ရသူအချို့ကိုယ်စား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က တရားလိုပြုလုပ်ကာ စွဲဆိုခဲ့သည်ကိုလည်း အမှုတွဲမှတ်တမ်းများအရ သိရသည်။ 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုပြုကာ တရားစွဲဆိုရာတွင် အမှုနှစ်ခု၌ တရားလိုအဖြစ် ဆောင်ရွက်ခဲ့သူ စစစဦးစီးအရာရှိ ဦးဝင်းညွန့်ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ဌာနက တာဝန်ပေးအပ်သဖြင့် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး လက်ရှိတွင် ပင်စင်ယူပြီး၍ အမှုဖြစ်စဉ်များကို အတိအကျမမှတ်မိတော့ကြောင်း ပြန်လည်ဖြေကြားသည်။ 

ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် ရာဇသတ်ကြီးပုဒ်မ ၄၀၆ ဖြင့် ပြစ်ဒဏ်ကျခံစဉ် ကာလအတွင်း ငွေလိမ်ခံခဲ့ရသော မြို့ခံစီးပွားရေးသမားများအပါအဝင် လူပုဂ္ဂိုလ် ၁၀ ဦးက တရားမမှု ၈ မှုဖြင့် ထပ်မံတရားစွဲဆိုခြင်းခံခဲ့ရသည်။ 

၂၀၀၂ နှစ်ကုန်ပိုင်းက မန္တလေးတိုင်းတရားရုံး၌ စွဲဆိုခဲ့သည့် ထိုတရားမမှုရှစ်မှုသည် ဒေါ်ညွန့်ညွန့်ဝင်းမောင်ထံ ပေးအပ်ခဲ့သော ယုံကြည်အပ်နှံငွေ ငွေကျပ် သိန်း ၁၁၀၀ ကျော် ပြန်လည်ရလိုမှုအတွက် စွဲဆိုခဲ့ခြင်းဖြစ်သည်။ ထိုတရားမမှု ၈ မှုလုံးတွင် တရားလိုဘက်က အနိုင်ရရှိခဲ့ကြသည်။ 

အဆိုပါ တရားမမှု ၈ မှုအနက် ၂၀၀၂ ခုနှစ် နိုဝင်ဘာလက မန္တလေးတိုင်းတရားရုံး တွဲဖက်တိုင်းတရားသူကြီး (၃) ဒေါ်မြရွှေ အမိန့်ချခဲ့သောအမှု၌ တရားလိုဒေါ်စန္ဒာဝင်းနှင့် လိုပြသက်သေထွက်ချက်များအရ ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် ငွေကျပ် ၂၄၅ သိန်းကို ရယူခဲ့ခြင်း ပေါ်ပေါက်သည်ဟု ဖော်ပြထားသည်။  

ဒေါ်ညွန့်ညွန့်ဝင်းမောင်အနေဖြင့် အမှုအနိုင်ရရှိခဲ့သူ တရားလိုထံ ယုံကြည်အပ်နှံငွေ ကျပ် ၂၄၅ သိန်း ပြန်လည်ပေးဆပ်ရန် စရိတ်နှင့်တကွ အနိုင်ဒီဂရီချမှတ်လိုက်ကြောင်း စီရင်ချက်မှတ်တမ်းများအရ သိရသည်။ 

ထောင်ဒဏ် ၁၄ နှစ်ကျော် ပြစ်ဒဏ်ကျခံပြီးနောက် ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်အတွင်း သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။ 

ဒေါ်ညွန့်ညွန့်ဝင်းမောင် ထောင်မှလွတ်လာပြီးနောက် အဆက်အသွယ်ရရှိခဲ့ကြောင်း ကိုယ်ပိုင်အိမ်ရောင်းရငွေ ကျပ်သိန်း ၁၀၀ ကျော် အလိမ်ခံခဲ့ရသူ ဒေါ်စန္ဒာဝင်းက ပြောသည်။ 

“မီးခြစ်ဘူးလို အိမ်လေးနဲ့နေရတာ စိတ်တောင်မကောင်းဘူး။ ငါအဆင်ပြေတာနဲ့ နင့်ပိုက်ဆံတွေ ပြန်ပေးမယ်ဆိုပြီး သူထောင်က လွတ်လာတော့ အန်တီဆီ ရောက်လာပြီး အဲဒီလိုပြောသွားတယ်” ဟု ဒေါ်စန္ဒာဝင်းက Myanmar Now ကို ပြောသည်။ 

ဒေါ်ညွန့်ညွန့်ဝင်းမောင်၏ လိမ်လည်ခြင်းခံရသူများအနက် မန္တလေးမြို့ စီးပွားရေးနယ်ပယ်တွင် လက်ရှိအောင်မြင်နေသူများလည်း ပါဝင်ပြီး ထိုစဉ်အဖြစ်အပျက်များကို ဖြေဆိုရန် ငြင်းဆန်သူများလည်း ရှိသည်။ 

ဒေါ်ညွန့်ညွန့်ဝင်းမောင်၏ အလိမ်ခံခဲ့သူများတွင် မန္တလေးမြို့ မြေစာချုပ်ရုံး၌ မှတ်ပုံတင်ဌာနမှုးဖြစ်ခဲ့သူလည်း ပါဝင်ပြီး မန္တလေးရွှေတောင်ကြားရပ်ကွက်ဟု နာမည်ကျော်သည့် ဗိုလ်ချုပ်ရွာရပ်ကွက်တွင် မြေကွယ်ဝယ်ပေးမည်ဟုဆိုကာ စုဆောင်းထားသည့် ငွေကျပ် ၃၇ သိန်းကျော် အလိမ်ခံခဲ့ရသည်ဟု ဆိုသည်။ 

“ဒီလိုလုပ်သွားလိမ့်မယ်လို့လဲ မထင်သလို သူ့ပုံစံကလဲ ထင်ရက်စရာမရှိခဲ့ဘူးလေ။ ဝန်ထမ်းဘ၀ စုဆောင်းထားတဲ့ ပိုက်ဆံလေးတွေ ပါသွားတာဆိုတော့ စလိမ်ခံရတုန်းကတော့ တနုံနုံနဲ့ ခံစားရတာပေါ့လေ” ဟု မြေစာချုပ်ရုံး၌ မှတ်ပုံတင်ဌာနမှုးဖြစ်ခဲ့သူက Myanmar Now ကို ပြောသည်။ 

ငွေကြေးလိမ်လည်ပြီး ထွက်ပြေးခဲ့သော်လည်း နောက်ပိုင်းတွင် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံခဲ့ရသူ ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် ထိုခေတ်က မန္တလေးမြို့၌ နာမည်ကျော်ကြားသူတစ်ဦးဖြစ်ကြောင်း မြို့ခံများက ဆိုသည်။ 

၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ် ကာလများအတွင်း ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် မူလရှေ့နေအလုပ်အပြင် အိမ်ခြံမြေလုပ်ငန်း၊ ဘဏ်အပါအဝင် စီးပွားရေးလုပ်ငန်းအချို့တွင်လည်း ဥပဒေဆိုင်ရာအကြံပေးအဖြစ် တိုးချဲ့လုပ်ကိုင်ခဲ့သူဟု မြို့ခံစီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုသည်။ 

ဘဏ်၌ မိမိပိုင်ဆိုင်မှုအပေါင်ခံပြီး ချေးငွေရယူလိုသူများအတွက် လျှောက်ထားသည့် ချေးငွေပြန်ဆပ်နိုင်သည့် ပိုင်ဆိုင်မှုရှိကြောင်းပြသရန် Show Money (ငွေကြေးအာမခံချက်) အတွက် အတိုးများများဖြင့် ကာလတိုချေးငွေထုတ်ချေးခြင်းလုပ်ငန်းကို ဒေါ်ညွန့်ညွန့်ဝင်းမောင်က အဓိကလုပ်ကိုင်ခြင်းဖြစ်သည်ဟု လုပ်ငန်းအတူ လုပ်ကိုင်ခဲ့ဖူးသူများက ပြောသည်။ 

မန္တလေးမြို့တွင် ၁၉၉၀ ခုနှစ်ဝန်းကျင်က ဂေါက်ရိုက်သည့် အမျိုးသမီးအရေအတွက် အလွန်နည်းပါးခြင်း၊ ဂေါက်ရိုက်ရင်း စီးပွားရေးမိတ်ဖက်သစ်များရှာဖွေကာ ကွန်ယက်တိုးချဲ့ခြင်း၊ နာမည်ကြီးဟိုတယ်များ၌ မွေးနေ့ပါတီပွဲများ ခမ်းခမ်းနားနား ကျင်းပခြင်းများကြောင့် ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် စီးပွားရေးအသိုင်းအဝိုင်း၌သာမက စစ်ဘက်နယ်ဘက်မှ အရာရှိကြီးများနှင့်ပါ အသိအကျွမ်းများသည်ဟု ရင်းနှီးကျွမ်းဝင်ခဲ့သူတစ်ဦးက ပြောသည်။ 

“မွေးနေ့ပါတီကို ဟိုတယ်မှာ ကြီးကြီးကျယ်ကျယ်လုပ်တယ်။ ဘာမွေးနေ့လက်ဆောင်မှ ပေးစရာ မလိုဘူး။ သတင်းစာမှာ သူ့အတွက် မွေးနေ့ဆုတောင်းထည့်ပေးဖို့တစ်ခုပဲ ပြန်လုပ်ပေးဖို့ တောင်းဆိုတာ” ဟု ဒေါ် ညွန့်ညွန့်ဝင်းမောင်၏ မိတ်ဆွေဟောင်းတစ်ဦးဖြစ်ခဲ့သူ ဒေါ်အေးအေးမွန်က Myanmar Now ကို ပြောသည်။ 

၂၀၀၀ ခုနှစ် ဇူလိုင် ၁၇ ရက်က ထုတ်ဝေခဲ့သည့် မန္တလေးနေ့စဉ်သတင်းစာ၏ စာမျက်နှာ ၁၀ နှင့် ၁၁ ၌ ဒေါ်ညွန့်ညွန့်ဝင်းမောင်အတွက် မွေးနေ့ဆုတောင်းကြော်ငြာစာများ မျက်နှာပြည့်ဖော်ပြထားပြီး မွေးနေ့ဆုတောင်းပေးသူများတွင် စစ်ဘက်နယ်ဘက်မှ အရာရှိကြီးများ၊ ဥပဒေအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနှင့် ဆောက်လုပ်ရေး၊ အိမ်ခြံမြေနှင့် နိုင်ငံခြားငွေကြေးစျေးကွက်လုပ်ကိုင်နေသော မြို့ခံစီးပွားရေးသမားများ ပါဝင်သည်ကို တွေ့ရှိရသည်။  

လက်ရှိတွင် ရန်ကုန်မြို့၌ နေထိုင်လျက်ရှိသော ဒေါ်ညွန့်ညွန့်ဝင်းမောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာတွင် “အန်တီအကြောင်းတွေက ဘာမှစိတ်ဝင်စားစရာ မကောင်းသလို Public ကို ချပြဖို့လဲ အန်တီခွင့်မပြုပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဒေါ်ညွန့်ညွန့်ဝင်းမောင်၏ Facebook လူမှုကွန်ရက်အကောင့်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ၏ ဥပဒေဆိုင်ရာအကြံပေးအဖြစ် ဖော်ပြထားပြီး ပါတီလှုပ်ရှားမှုပုံရိပ်များ ပြန်လည်မျှဝေထားသည်ကိုလည်း တွေ့ရသည်။ 

ပါတီ၏ ဥပဒေအကြံပေးအဖြစ် လုပ်ကိုင်နေသူ ဒေါ်ညွန့်ညွန့်ဝင်းမောင်နှင့် ပတ်သက်၍ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျကို ဆက်သွယ်မေးမြန်းရာတွင် ထိုကိစ္စများ ဖြေရှင်းပြီးပြီဖြစ်ကြောင်း ဆိုသည်။ 

"မှန်လားမှားလားတော့ အတည်မပြုနိုင်ဘူး။ ကျွန်တော်က ပါတီဝင်တာ နောက်ကျတယ်။ ကျွန်တော်မရောက်ခင်ကတည်းက သူတို့က (ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ) ဒီတာဝန်တွေ ပေးပြီးသား။ အခုပြောတဲ့သတင်းမျိုး ကြားတယ်။ သူကလည်း သူမဟုတ်ကြောင်း ဖြေရှင်းပြီးတယ်လို့ပဲ အဲဒီလိုပဲ သိထားတယ်" ဟု ဦးကျော်ဇေယျက ပြောသည်။ 

ဒေါ်ညွန့်ညွန့်ဝင်းမောင်၏ ပညာအရည်အချင်းအရ ပါတီက ခန့်ထားခြင်းဖြစ်ကာ တရားရုံးပြစ်ဒဏ်များနှင့် ပတ်သက်၍လည်း သူ့အပိုင်းသာဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

ငွေကြေးလိမ်လည်မှုဖြင့် ထောင်ဒဏ် နှစ်ရှည်ပြစ်ဒဏ်ကျခဲ့သူတစ်ဦးကို နိုင်ငံရေးပါတီတစ်ခု၏ ဥပဒေအကြံပေးအဖြစ် တာဝန်ပေးအပ်ခြင်းသည် မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်ဟုလည်း ဒေါ်ညွန့်ညွန့်ဝင်းမောင်၏ လိမ်လည်ခြင်းခံခဲ့ရသူတို့က ဆိုကြသည်။ 

“အန်တီက သူ့ကိုမတိုင်ခဲ့ဘူး။ တိုင်ရင်လဲ အန်တီပိုက်ဆံ ပြန်မရနိုင်ဘူးဆိုတာ သိနေလို့။ ဒါပေမဲ့ ဒါဟာ လူတစ်ယောက်ရဲ့သမိုင်း၊ သူရဲ့တန်ကြေးပဲလေ။ အခု မီဒီယာက သူရဲ့သမိုင်းကြောင်းကို ပြန်ရေးကြပြီလေ” ဟု ကိုယ်ပိုင်အိမ်ရောင်းရငွေ ကျပ်သိန်း ၁၀၀ ကျော်နှင့် မိတ်ဆွေအချို့၏ ငွေကြေးများအပါအဝင် စုစုပေါင်း ကျပ်သိန်း ၄၅၀ ကျော် အလိမ်ခံခဲ့ရသူ ဒေါ်စန္ဒာဝင်းက ပြောသည်။ 

P

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading