KNU ဌာနချုပ်ရှိရာ လှိုင်းဘွဲ့သည် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရွေးကောက်ပွဲတစ်ကြိမ်မျှ မကျင်းပနိုင်ခဲ့ဘဲ၂၀၂၀ တွင် ပထမဆုံးအကြိမ် မဲပေးခွင့်ရရှိခြင်းဖြစ်သည် 

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) က စက်တင်ဘာလအတွင်းက လှိုင်းဘွဲ့မြို့နယ်ရှိ ရွာများ၌  မဲဆွယ်စည်းရုံးမှုတစ်ခုပြုလုပ်စဉ် (ဓာတ်ပုံ- Nan Aye Mya Marlar Facebook) 

လာမည့်တနင်္ဂနွေ နိုဝင်ဘာ ၈ တွင် ၂၉ နှစ်အရွယ် စောကဲဒိုသည် ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် မဲပေးခွင့်ရရှိတော့မည်ဖြစ်သည်။ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ မိုင် ၃၀ ကျော်အကွာရှိ လော်ကော်ကျေးရွာတွင် ၂၀၁၀ နှင့် ၂၀၁၅ တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့ပေ။ 

လက်နက်ကိုင် တိုက်ပွဲများကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသည့်အတွက် လှိုင်းဘွဲ့မြို့နယ်ရှိ လော်ကော်ကျေးရွာအုပ်စု အပါအဝင်၊ ဝင်းစော၊ ‌မိကြောင်၊ တာလယ်၊ သမို၊ ရင်းဘိုင်း၊ ရေတံခွန်နှင့် မဲလရော ကျေးရွာအုပ်စု ၈ ခုတို့တွင် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုလုံး ရွေးကောက်ပွဲ တစ်ကြိမ်မျှ မကျင်းပနိုင်ခဲ့ပေ။

ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့သောကြောင့် မဲပေးခွင့်မရခဲ့သည့် နေရာများတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးခဲ့ရသည်ဟု စောကဲဒိုက ဆိုသည်။ 

“ကျွန်တော်တို့ရဲ့ခံစားချက်တွေ၊ လိုအပ်ချက်တွေ၊ အသံတွေ၊ အခက်အခဲတွေ လွှတ်တော်ထဲကို ရောက်နိုင်ဖို့ ယုံကြည်တယ်” ဟု  စောကဲဒိုက ပြောသည်။

လော်ကော်ကျေးရွာအုပ်စုတွင် စောကဲဒိုကဲ့သို့ပင် ပထမဆုံးအကြိမ်မဲပေးနိုင်မည့်သူ ၁၆,၀၀၀ ကျော် ရှိပြီး လွှတ်တော် ၌ ၎င်းတို့ကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်ကို ရွေးချယ်နိုင်တော့မည်ဖြစ်သည်။ 

အုပ်ချုပ်ရေးယန္တရား ရှိလာခြင်းကြောင့် ရွေးကောက်ပွဲပြုလုပ်နိုင်

၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှစ်ကြိမ်တွင် လှိုင်းဘွဲ့မြို့အပါအဝင် ကရင်ပြည်နယ်ရှိ ၇ မြို့နယ်လုံးတွင် မြို့နယ်လုံးပြည့် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေ။ 

လှိုင်းဘွဲ့မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၇၂  ခု ရှိပြီး လူဦးရေ ၂၈၀,၀၀၀ ကျော်ရှိသည့်အနက် မဲပေးပိုင်ခွင့်ရှိသူ ၂၃၀,၀၀၀ ကျော် ရှိသည်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ရှိရာ လေးဝါးစခန်းသည် လှိုင်းဘွဲ့မြို့နယ်တွင် တည်ရှိသည်။ တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးမီ အချိန်ကာလများတွင် ယင်းဒေသများ၌ နယ်မြေအေးချမ်းမှု မရှိ၍ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေ။ 

“အဲ့ဒီတုန်းကလည်း အတတ်နိုင်ဆုံးတော့ ‌ထွေအုပ်နဲ့ ပူးပေါင်းဆောင်ရွက်တယ်။ မရဘူး။ ထွေအုပ်ကလည်း သူတို့ အဲ့ဒီနေရာတွေကို ရပ်ကျေးစာရေးတောင် ခန့်ပေးလို့မရဘူး။ သူတို့ကိုယ်တိုင်လည်း မလွှမ်းမိုးနိုင်ဘူး” ဟု ယခင်က ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့်အပေါ် ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောသိန်းကြည်က ရှင်းပြသည်။ 

၂၀၁၅ တွင် KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ခုက NCA လက်မှတ်ရေးထိုးခဲ့သည်။ KNU အပြင် အခြား ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် ကရင်အမျိုးသားအစည်းအရုံး /ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA PC) တို့လည်း ပါဝင်ခဲ့သည်။ 

အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပြီးနောက်ပိုင်းတွင် ရပ်ကျေးအုပ်ချုပ်‌ရေးမှူးများ ခန့်ထားနိုင်ပြီး ရပ်ကျေးအဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများလည်း ဖွဲ့စည်းနိုင်ခဲ့ကာ မဲစာရင်းကောက်ယူနိုင်ခဲ့သည်ဟု ဦးစောသိန်းကြည်က ဆိုသည်။

KNU ၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကလည်း အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင် အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ကျယ်ပြန့်လာမှုကြောင့် ရွေးကောက်ပွဲကျင်းပနိုင်သည့် အခင်းအကျင်းများ ပေါ်ပေါက်လာသည်ဟု ဆိုသည်။ 

“တချို့ရွာတွေမှာ သူတို့ (အစိုးရ) အုပ်ချုပ်ရေး တိုးချဲ့တယ်လို့ပဲ ပြောပြော Administration  (စီမံအုပ်ချုပ်ရေး) လာချထားတာတွေ ရှိလာတယ်။ အပစ်အခတ်ရပ်စဲရေး အနေအထားတစ်ခုပေါ်မှာ မူတည်ပြီးတော့ အုပ်ချုပ်ရေး ချထားနိုင်တဲ့ နေရာတွေမှာတော့ ပိုပြီးတော့ လုပ်လာနိုင်တဲ့ သဘောတော့ရှိတယ်” ဟု ပဒိုစောတာဒိုမူးက ပြောသည်။ 

သို့သော် KNU ဌာနချုပ်ရှိရာ နေရာတွင်မူ ရွေးကောက်ပွဲကျင်းပမည် မဟုတ်ဟု ၎င်းက ဆိုသည်။ 

“ကျွန်တော်တို့ကတော့ မဲထည့်စရာအကြောင်း မရှိဘူး။ ကျွန်တော်တို့အထဲမှာ တစ်ယောက်စ၊ နှစ်ယောက်စပဲ မှတ်ပုံတင် သုံးခေါက်ချိုး ပြန်ရတာပဲ ရှိတယ်။ ကျွန်တော်တို့ကို အစိုးရက မဲထည့်နိုင်တဲ့အဆင့်အထိ စဉ်းစားပေးတဲ့အဆင့် မရောက်သေးဘူး။ မူဝါဒအရလည်း ၂၀၀၈ ရဲ့အခြေခံအရလည်း ကျွန်တော်တို့က ဘယ်လိုမှ လက်ခံလို့ မရသေးဘူး” ဟု ပဒိုစောတာဒိုမူးက ပြောသည်။

သို့သော်လည်း လုံခြုံရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် အစိုးရဘက်က KNU ကို အကြောင်းကြားထားခြင်း မရှိသေးကြောင်း KNU၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောသည်။

“ကျွန်တော်တို့ကို အကြောင်းကြားတာလည်း ဘာမှမရှိဘူး။ အဲ့ဒါကြောင့် သူတို့လုပ်ရမယ့်ကိစ္စ သူတို့လုပ်တာပဲလေ။ ကျွန်တော်တို့ကတော့ ဘာမှ အနှောင့်အယှက်ပေးဖို့ မရှိပါဘူး” ဟု ပဒိုစောတာဒိုမူးက Myanmar Now ကို ပြောသည်။ 

လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ပထမဆုံးအကြိမ် ရွေးကောက်ပွဲလုပ်မည့် ကျေးရွာအုပ်စုများအနက် KNU ထိန်းချုပ်ထားသည့် ရွာအချို့ ပါဝင်သော်လည်း အရေအတွက်အတိအကျ မသိဟု ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ပြောသည်။ 

“KNU ထိန်းချုပ်တဲ့ ရွာတွေတော့ ပါပါတယ်။ တချို့ရွာတွေမှာတော့ မဲရုံဖွင့်ခွင့်ပေးတဲ့ ရွာတွေရှိတယ်။ မဲရုံဖွင့်ခွင့် ပေးတဲ့ရွာတွေကျတော့ အဲဒီရွာတွေမှာ ဖွင့်ပေးတယ်။ မဲရုံဖွင့်ခွင့်မပေးတဲ့ ရွာတွေကျတော့ နီးစပ်ရာ ရွာတွေမှာ ဖွင့်ပေးတယ်” ဟု ၎င်းက ပြောသည်။ 

ပထမဆုံးအကြိမ် ရွေးကောက်ပွဲကျင်းပခွင့်ရမည့် ကျေးရွာအုပ်စုများ အပါအဝင် ကျေးရွာအားလုံးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးများကို သင်တန်းပေးခြင်း၊ မဲရုံဖွင့်လှစ်ရန် ပြင်ဆင်ခြင်းတို့ကို ပုံမှန်အတိုင်းလုပ်ဆောင်နေသည်ဟု ခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောသိန်းကြည်က ပြောသည်။ 

“သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေက အဝေးစည်း တာဝန်ယူပေးတာပေါ့။ အတွင်းစည်းကတော့ ရွေးကောက်ပွဲကော်မရှင် လုပ်ပုံလုပ်နည်းအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ရွေးကောက်ပွဲနေ့ လုံခြုံရေးအတွက် ပြင်ဆင်ထားမှုနှင့် ပတ်သက်၍ ၎င်းက ပြောသည်။ 

လာမည့်ရွေးကောက်ပွဲအတွက် လုံခြုံရေးစီမံချက်ကို ရေးဆွဲထားပြီး တပ်မတော်၏ ညွှန်ကြားချက်အတိုင်း လုံခြုံရေး ချထားပေးသည်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့မှ ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုသည်။

“မဲပေးတဲ့ မဲရုံနဲ့ ကိုက် ၅၀၀ အကွာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ထွက်သွားလာခြင်း မလုပ်ရဘူး။ ဒါကတော့ သူ့ရဲ့စည်းမျဉ်းစည်းကမ်းအတိုင်းပေါ့။ လက်ရှိ ဒီမှာကတော့ တပ်မတော်က ချပေးထားတဲ့နေရာတွေ ရှိတယ်။ တပ်နဲ့ ပူးတွဲပြီးတော့ လုံခြုံရေး ယူပေးတာပေါ့” ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

နယ်မြေလုံခြုံရေးအပေါ် သဘောထားကွဲလွဲမှု ရှိခဲ့

ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့် နေရာများစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ တွင် မထုတ်ပြန်မီကမူ ဒေသလုံခြုံရေးအခြေအနေများအပေါ် သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။ 

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၉) နှင့် လှိုင်းဘွဲ့မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) အတွင်း ပါဝင်သည့် ကျေးရွာ အုပ်စု ၇ ခုကို မဲဆန္ဒနယ်စာရင်းမှ ပယ်ဖျက်ပေးရန် လက်ရှိကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေပြီး လှိုင်းဘွဲ့မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ရွေးကောက်ခံမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း စောချစ်ခင်က အောက်တိုဘာ ၁၂ တွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ စာတင်ခဲ့သည်။ 

လက်နက်ကိုင်အဖွဲ့အစည်းအချို့ရှိနေခြင်းကြောင့် လုံခြုံမှု မရှိခြင်း၊ ကိုဗစ်နိုင်တင်းကပ်ရောဂါ အကန့်အသတ်များကြောင့် ကျေးရွာများအတွင်း ဝင်ရောက်မဲဆွယ်စည်းရုံးရန် ခက်ခဲခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း တို့ကြောင့် ယင်းနေရာများတွင် ရွေးကောက်ပွဲမပြုလုပ်သင့်ကြောင်း ရေးသားထားသည်။ 

သို့သော်လည်း နှစ်ရက်အကြာ အောက်တိုဘာ ၁၄ တွင် “လက်နက်ကိုင်အဖွဲ့အစည်းအချို့ ရှိနေခြင်းကြောင့် လုံခြုံစိတ်ချမှုမရှိခြင်း” ဟု ရေးသားခဲ့ခြင်းမှာ စာအရေးအသား မှားယွင်းသုံးစွဲခြင်း ဖြစ်သည့်အတွက် မဲဆန္ဒရှင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကို တောင်းပန်၍ စာကို ပယ်ဖျက်ကြောင်း စောချစ်ခင်က ထုတ်ပြန်ခဲ့သည်။ 

“အကုန်လုံးအတွက် အခက်အခဲမရှိအောင် ရည်ရွယ်ပြီးပြောလိုက်တာပေါ့။ တချို့တွေကတော့ မနှစ်သက်ဘူးပေါ့လေ။ တချို့လူတွေကတော့ တလွဲထင်နေကြတာ” ဟု စောချစ်ခင်က Myanmar Now ကို ပြောသည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တင်ပြလာသည့်အတွက် အောက်ခြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ အဆင့်ဆင့်မေးမြန်းခဲ့ရာ ကိုဗစ်နိုင်တင်းဆိုင်ရာတားမြစ်ချက်များကြောင့် ကျေးရွာများတွင် အကန့်အသတ်အချို့ရှိသော်လည်း ကြိုတင်အကြောင်းကြားပါက သွားလာနိုင်ကြောင်း အကြောင်းပြန်လာခဲ့သည်ဟု ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစောသိန်းကြည်က ဆိုသည်။ 

လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာအုပ်စု ရှစ်ခုအတွင်း နေထိုင်သူများ ပထမဆုံးအကြိမ် မဲပေးခွင့်ရရှိပြီး မြို့နယ်အပြည့် ရွေးကောက်ပွဲကျင်းပနိုင်မည့်အပေါ် ကြိုဆိုကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများက ဆိုသည်။ 

ကိုဗစ်နိုင်တင်း ကန့်သတ်ချက်များကြောင့် အချို့‌ကျေးရွာများတွင် သွားလာမည့်နေရာကို မေးမြန်းမှုရှိသော်လည်း လုံခြုံရေးအရ အန္တရာယ်မရှိကြောင်း လှိုင်းဘွဲ့မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တွင် တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်မည့် စောကျော်လွင်ဦးကလည်း ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။ 

ကိုယ်စားလှယ်လောင်း စောကျော်လွင်ဦးသည် လုံခြုံရေးနှင့် ပတ်သက်၍ အမြင်ကွဲလွဲခဲ့သည့် ကျေးရွာအုပ်စု ၇ ခုအနက် မဲလရော၊ ရင်းဘိုင်း၊ မိကြောင်နှင့် သမို ကျေးရွာအုပ်စုများသို့ မဲဆွယ်စည်းရုံးရေး ရောက်ရှိပြီးဖြစ်သည်ဟု ဆိုသည်။

“ဘာကြောင့် သူ (ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ) က အဲ့လိုပြောလည်း နားမလည်ဘူး။ လက်နက်ကိုင်တွေကလည်း လိုလိုလားလား ရှိတယ်။ ကျွန်တော်တို့ဘက်မှာ အရင်ကလို စစ်မဖြစ်တာလည်း ကြာနေပြီ။ မဲဆွယ်တာမှာ နှောင့်ယှက်တာတွေမရှိဘူး” ဟု စောကျော်လွင်ဦးက ပြောသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများစာရင်းကို ထုတ်ပြန်ခဲ့ရာ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတစ်ခုမှ မပါဝင်ပါ။ 

“သွားရလာရ ခက်ခဲတာတော့မှန်တယ်။ သွားရလာရ ခက်တိုင်း ချန်ထားဖို့တော့ မဖြစ်ဘူးလေ။ ဒါဟာ သူတို့ရဲ့ အခွင့်အရေးဆိုတဲ့အခါကျတော့ ကျွန်တော်တို့က အဲဒီနယ်တွေကို အခုမှ ခြေလှမ်းစရတာပေါ့” ဟု လှိုင်းဘွဲ့မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ညွန့်က ပြောသည်။ 

အာဏာရပါတီနှင့် ဒေသခံ ကရင်ပါတီ

လှိုင်းဘွဲ့မြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းလွှတ်တော်နေရာ လေးခုအတွက် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)၊ ပြည်ထောင်စုကောင်းကျိုး‌ဆောင်ပါတီ (UBP) တို့မှ ကိုယ်စားလှယ်လောင်း ၁၆ ဦးနှင့် တသီးပုဂ္ဂလနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

၂၀၁၀ ရွေးကောက်ပွဲတွင် ကရင်တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီက လှိုင်းဘွဲ့မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပခဲ့သည့်နေရာများ၏ လွှတ်‌တော်နေရာအားလုံးတွင် အနိုင်ရရှိခဲ့ပြီး ၂၀၁၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လေးနေရာလုံးတွင် အနိုင်ရရှိခဲ့သည်။ 

လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) သည် ကရင်ပြည်နယ်တွင်း အခြေစိုက်သည့် ကရင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP)၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်းထားခြင်းဖြစ်ပြီး ၂၀၁၇ ဒီဇင်ဘာတွင် ပါတီမှတ်ပုံတင်ခဲ့သည်။ 

လက်ရှိတွင် တစ်နိုင်ငံလုံးတွင် ကရင်နိုင်ငံရေးပါတီ လေးခုရှိပြီး ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီတို့သည် ကရင်ပြည်နယ်တွင် အခြေစိုက်ကာ ကရင်အမျိုးသားပါတီနှင့် ကရင်ပြည်သူ့ပါတီတို့မှာမူ  ရန်ကုန်တိုင်းတွင် အခြေစိုက်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်ပါတီများကို တခဲနက်မဲပေးရန် KNU က အောက်တိုဘာ ၁၅ တွင် ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ငါးနှစ်ပြည့်နှစ်ပတ်လည်နေ့တွင် စာထုတ်ပြန်ကာ တိုက်တွန်းခဲ့သည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သတ်မှတ်ချက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ကရင်တိုင်းရင်းသားများသည် ကရင်နိုင်ငံရေးပါတီများကို တခဲနက်မဲပေးခြင်းဖြင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကိုယ်တိုင်ပါဝင်ကာ တစ်ဆင့်ပြီးတစ်ဆင့် ရယူကြရန် ရေးသားထားသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) သည် ကရင်လူမျိုးများထောက်ခံမှု အားကောင်းနေသည့် ကရင်ပြည်နယ်အခြေစိုက်ပါတီတစ်ခု ဖြစ်သည်။ 

လှိုင်းဘွဲ့မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများအနက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့သာ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် အနေအထားဖြစ်သည်။

“ကျွန်တော်တို့ကို ဝန်းရံသူတွေ များပါတယ်။ ဒီတစ်ခေါက်ကတော့ တိုင်းရင်းသားတွေ အနိုင်ရရမယ့် အလှည့်ပဲလို့ အတော်များများက ပြောကြဆိုကြ မျှော်မှန်းကြ၊ သုံးသပ်ကြတာပေါ့” ဟု လှိုင်းဘွဲ့မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်မည့် KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။ 

ပထမအကြိမ် မဲပေးရမည့် ကျေးရွာအုပ်စုများရှိ မဲဆန္ဒရှင်များသည် မဲပေးရန် စိတ်ဝင်စားမှုရှိသော်လည်း မဲပေးနည်းစနစ် သိရှိမှု အားနည်းနေသေးသည်ဟု တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ကိုစောကျော်လွင်ဦးက ပြောသည်။ 

စောကဲဒို နေထိုင်သည့် လော်ကော်ကျေးရွာ၌လည်း လက်ရှိတွင် အသက် ၇၀ ကျော် အဘိုးအဘွားများသည် ၎င်းတို့တစ်သက်တွင် ပထမဆုံးအကြိမ် မဲပေးဖူးခြင်း ဖြစ်သဖြင့် တက်ကြွစွာ ကြိုတင်မဲများ ပေးနေကြသော်လည်း နည်းစနစ်မှန်ကန်စွာ မဲပေးမှုနှင့် ပတ်သက်၍ အသိအပညာ အားနည်းနေသေးသည်ဟု ဆိုသည်။ 

“သူတို့တစ်သက်မှာ ဒီတစ်ခါပဲ မဲပေးဖူးကြတာ။ ကြိုတင်မဲ ကိုယ်တိုင်သွားပေးကြတယ်။ တက်တက်ကြွကြွပဲ။ မဲပေးရမယ့် နည်းစနစ်တော့ သိတာ အားနည်းတယ်” ဟု စောကဲဒိုက ပြောသည်။ 

“သူတို့က မဲဆိုရင် နှိုက်ရမယ်ထင်နေတာ။ တံဆိပ်တုံး ထုရမယ်မှန်းတောင် မသိကြတာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။ 

အဓိကပါတီကြီးနှစ်ခုအနက် NLD ကိုယ်စားလှယ်လောင်းများက အလှူရှင်ငွေကို အဓိကထားသုံးစွဲပြီး ပြည်ခိုင်ဖြိုးက ပါတီစိုက်ထုတ်ငွေနှင့် ကိုယ်ပိုင်ငွေကို သုံးစွဲခဲ့ကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ထားသည့် ကုန်ကျစားရိတ်ရှင်းတမ...

Published on Dec 21, 2020
Published on Dec 21, 2020
ရွေးကောက်ပွဲမတိုင်မီက အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခု ထောက်ခံသူများ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

နေပြည်တော်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများအနက် အနိုင်ရလဒ် ၁၀ ရာခိုင်နှုန်းသာရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲအသုံးစရိတ် အများဆုံးသုံးသူစာရင်းတွင် ဦးဆောင်လျက်ရှိသည်။ 

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၆၆ ဦး၏ စုစုပေါင်းရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၃၅၀၀ ကျော်ရှိပြီး ရွေးကောက်ပွဲအသုံးစရိတ် အများဆုံး ၁၀ စာရင်းတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ၆ ဦးအထိ ပါဝင်နေသည်။ 

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၈ ခုတွင် ပါတီစုံနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၅၅ ဦးဝင်ပြိုင်ခဲ့သည့်အနက် ကျပ်သိန်း ၈၀ မှ ကျပ်သိန်း ၁၀၀ နီးပါးသုံးစွဲခဲ့သူ ထိပ်တန်းစာရင်းတွင် ဇေယျာသီရိမြို့နယ်တွင် အနိုင်ရထားသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးလည်း ပါဝင်သည်။ 

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်နှစ်ခုအတွက် ဝင်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၁၁ ဦးတွင်လည်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်နှစ်ဦးက ကျပ်သိန်း ၉၀ ကျော်နှင့် ကျပ်သိန်း ၇၀ ကျော် သုံးစွဲပြီး အသုံးရိတ်အများဆုံးစာရင်းတွင် အမှတ်စဉ် ၁နှင့် ၃၌ ရပ်တည်နေသည်။

ပြည်ခိုင်ဖြိုး၏ အဓိကပြိုင်ဘက် NLD ကိုယ်စားလှယ်များထဲတွင် ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ရသည့် ဦးကျော်ထွေးက ကျပ် ၇၈ သိန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲစားရိတ် အများဆုံးသုံးသူစာရင်းတွင် နံပါတ် ၁၁ နေရာ၌ရှိသည်။ 

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ပြိုင်ခဲ့ကြသည့် အာဏာရပါတီမှ အခြားကိုယ်စားလှယ် ၇ ဦးသည်လည်း အဆင့် ၁၂ မှ ၂၄ အတွင်း ရှိနေပြီး ကျပ်သိန်း ၇၀ မှ ၈၀ နီးပါးအထိ သုံးစွဲထားကြသည်။

ပြည်သူ့လွှတ်တော်နေရာအတွက်ဝင်ပြိုင်ပြီး ကုန်ကျစားရိတ်အများဆုံးသုံးစွဲထားသူမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တပ်ကုန်းမြို့နယ်တွင် ဝင်ပြိုင်သည့် ဦးမြင့်ဦးဖြစ်ပြီး အသုံးစားရိတ် ကျပ် သိန်း ၁၀၀ နီးပါးရှိသည်။

ပြည်သူ့ပါတီမှ ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်သည့် ဦးစိန်ဝင်းမှာမူ သတ်မှတ်ထားသည့် ဒီဇင်ဘာ ၁၀ ရက်မတိုင်မီ အသုံးစားရိတ်ရှင်းတမ်းပေးပို့ခြင်းမရှိ၍ အရည်အချင်းပျက်ယွင်းသူအဖြစ်သတ်မှတ်ကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့် ကြေညာထားသည်။

ထို့ကြောင့် ဦးစိန်ဝင်းမှာ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေအရ လာမည့်လွှတ်တော်သက်တမ်းငါးနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည် မဟုတ်ပေ။ 

ပြည်သူ့လွှတ်တော်နေရာအတွက်ဝင်ပြိုင်ကြသူများထဲတွင် တစ်သီးပုဂ္ဂလ ဦးမျိုးမင်းက စားရိတ်အနည်းဆုံးဖြစ်ပြီး ကျပ် ငါးသိန်းနီးပါးသာ ကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ်သုံးစွဲထားကြောင်း တွေ့ရသည်။

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲစားရိတ် အများဆုံးသုံးသူစာရင်း၏ အမှတ်စဉ် ၄နှင့် ၅တွင် ကျပ် ၇၂ သိန်းထက်ပိုမသုံးထားသည့် အနိုင်ရ NLD ကိုယ်စားလှယ်လောင်းနှစ်ဦးက ရပ်တည်နေသည်ကို တွေ့ရသည်။

အမျိုးသားလွှတ်တော်နေရာတွင် ဝင်ပြိုင်ကြသူများအနက် ကုန်ကျစရိတ်အနည်းဆုံးမှာ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီမှ မန္တလေးတိုင်း၊ မဲဆန္ဒနယ် အမှတ် ၁၂နေရာတွင် ဝင်ပြိုင်သည့် ဦးကိုကြီးဖြစ်ပြီး ကျပ် ၇ သိန်းကျော်သာ သုံးစွဲထားသည်။

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရရှိသည့် အသေးစိတ် အသုံးစားရိတ်ရှင်းတမ်းများအရ နေပြည်တော်တွင် ဝင်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများမှာ ပါတီစိုက်ထုတ်ငွေ၊ ကိုယ်ပိုင်ငွေနှင့် အလှူရှင်များမှ ထည့်ဝင်ငွေကို အဓိကထားသုံးစွဲကြောင်းတွေ့ရသည်။

အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခုကို လေ့လာရာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ၏ အသုံးစားရိတ်ထဲတွင် ပါတီမှ စိုက်ထုတ်ငွေနှင့် ကိုယ်ပိုင်စိုက်ထုတ်ငွေ ထက်ဝက်ခန့်စီ ကျခံသုံးစွဲထားကြောင်းတွေ့ရသည်။

NLD  ကိုယ်စားလှယ်များမှာမူ ပါတီထောက်ပံ့ငွေ၊ ကိုယ်ပိုင်စိုက်ထုတ်ငွေနှင့် အလှူရှင်များမှ ထည့်ဝင်ငွေ ထက်ဝက်ခန့်စီဖြင့် ရွေးကောက်ပွဲကုန်ကျစားရိတ်ကို ကျခံသုံးစွဲခဲ့ကြောင်း စာရင်းရှင်းတမ်းများတွင် တွေ့ရသည်။

နေပြည်တော်၌ ဝင်ပြိုင်သည့် NLD ကိုယ်စားလှယ်လောင်းများကို ပျဉ်းမနားမြို့မျက်နှာဖုံး စိုးလျှပ်စစ်လုပ်ငန်းရှင် ဦးကျော်မင်းထွန်းက ကျပ်သိန်း ၂၀ စီလှူဒါန်းခဲ့ကြောင်း အသုံးစားရိတ်ရှင်းတမ်းများတွင် ပါဝင်သည်။

ရွေးကောက်ပွဲအသုံးစရိတ် စိစစ်နိုင်မှု 

ကိုယ်စားလှယ်လောင်းအသီးသီး၏ ရွေးကောက်ပွဲကုန်ကျစားရိတ်တင်သွင်းမှုအခြေအနေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့် အကြောင်းကြားပြီးဖြစ်သည်ဟု ပြည်ထောင်စုနယ်မြေကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးအောင်စိုးဝင်းက Myanmar Now ကိုပြောသည်။

“စာရင်းဇယားမှန်၊ မမှန်၊ သတ်မှတ်ပုံစံကျမကျ၊ လိုအပ်တဲ့စာရွက်စာတမ်းပြေစာသွင်း၊ မသွင်း၊ သုံးထားတဲ့စာရင်းနဲ့ ပြေစာတွေကိုက်မကိုက် အဲဒါကို အဓိကစိစစ်ပါတယ်။ မြေပြင်မှာ သုံးသလား၊ မသုံးလားထိတော့ ကျွန်တော်တို့ မစိစစ်နိုင်ဘူး”ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကမူ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ကိုယ်စားလှယ်လောင်းများ၏ အသုံးစားရိတ်များကို စိစစ်သည့်လုပ်ငန်းစဉ်အတွင်း ကြပ်မတ်မှု၊ ပွင့်လင်းမြင်သာမှု၊ လုပ်နိုင်စွမ်းများမြှင့်တင်ရန် လိုအပ်နေသေးကြောင်း သုံးသပ်သည်။

“အလှူငွေတွေနဲ့ပတ်သက်ပြီး ဥပဒေတွေထဲမှာ သေချာပြောထားတာ မရှိသေးဘူး။ အဲဒါတွေ အသေးစိတ်သိရရင် ပိုပြီးလေ့လာစောင့်ကြည့်နိုင်တာပေါ့။ နောက်တစ်ခုက အခုရွေးကောက်ပွဲမှာ ခေတ်စားလာတာပေါ့၊ ဝန်းရံသူဆိုတဲ့ကိစ္စ၊ အဲဒီအသုံးစားရိတ်တွေကို မစိစစ်နိုင်ဘူး။ တင်လာတဲ့ ပြေစာတွေ စာရင်းကိုက်မကိုက်လောက်ပဲ လုပ်နိုင်တာ တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် ၈၊ အမျိုးသားလွှတ်တော် ၂၊ စုစုပေါင်း ၁၀ နေရာ ယှဉ်ပြိုင်ရွေးချယ်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်သည့် ပြည်ခိုင်ဖြိုးဥက္ကဌ ဦးသန်းဌေးတစ်ဦးတည်းသာ အနိုင်ရခဲ့ပြီး ကျန်မဲဆန္ဒနယ်များ၌ အဓိကပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကသာ အနိုင်ရခဲ့သည်။

Continue Reading

NLD ကိုယ်စားလှယ်လောင်း အနိုင်ရသွားပါက ဒိဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း၊ NLD ကိုယ်စားလှယ်လောင်း၏ အိမ်ထောင်ဘက်မှာ ဘာသာစကားသင်တန်းများ ဖွင့်လှစ်ကာ ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ကျေးရွာတရားပွဲများတွင် ထည့်သွင်းဟောကြား...

Published on Dec 15, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now)

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ကို ရွေးချယ်ရန် တရားပွဲတွင် ဘုန်းကြီးများက ထည့်သွင်းဟောကြားခဲ့သည်။ 

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လွှတ်တော်နေရာ ၇ ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၆ နေရာအနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ 

ပင်းတယမြို့ရှိ ဇောတိကာရုံကျောင်း၌ သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရသည် ရွေးကောက်ပွဲကျင်းပရန် တစ်ပတ်ခန့်သာ လိုတော့သည့် အောက်တိုဘာ ၃၁ တွင် အင်းပက်လက်ရွာတရားပွဲတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးအာကာလင်းကို ရွေးချယ်ရန် ထည့်သွင်းဟောပြောခဲ့သည်။ 

“မဲထည့်မမှားဖို့ ပြောတယ်။ ကြံ့ခိုင်ရေးကိုထည့်ရင် ကောင်းတယ်လို့ ပြောတယ်။ NLD နိုင်သွားရင် ဗုဒ္ဓဘာသာတွေ ပျောက်ကွယ်သွားမှာ စိုးလို့တဲ့” ဟု ဆရာတော်ဦးပညာသာရ၏ တရားပွဲနာကြားခဲ့သူ အင်းပက်လက်ရွာသူ ဒေါ်ချိုက Myanmar Now ကို ပြောသည်။

ထို့ပြင် Myanmar Now က ရရှိထားသည့် ရုပ်သံမှတ်တမ်းများအရ ဆရာတော်ဦးပညာသာရ၏ ဟောပြောချက်တွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးအာကာလင်း၏ ပြိုင်ဘက်ကိုယ်စားလှယ်လောင်း (NLD) သည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း၊ ဘာသာစကားသင်တန်းများဖွင့်လှစ်ကာ ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟုလည်း ပါရှိသည်။ 

“သင်ပေးရင်းနဲ့ သူတို့ (ခရစ်ယာန်) ဘာသာထဲကို ဆွဲသွင်းနေတယ်။ ဘာတွေ ပွားလာမလဲဆိုတော့ ဒိဋ္ဌိပြဿနာ၊ အယူလွဲတဲ့ပြဿနာတွေ ပွားလာတော့မယ်” ဟု ဆရာတော်ဦးပညာသာရက ဟောပြောထားသည်။ 

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ 

“လက်ရှိဒေသဥက္ကဋ္ဌနဲ့ ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်က ဆိုပြီး ကျွန်တော့်အမျိုးသမီးအကြောင်းတွေကို ပြောထားတာ။ ဂျပန်စာတွေသင်တယ်။ ကျောင်းဖွင့်တာက (ကိုယ်စားလှယ်လောင်းတွေရဲ့ ဇနီးတွေထဲမှာ) ကျွန်တော့်အမျိုးသမီးတစ်ယောက်ပဲရှိတယ်” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

ဦးထိန်လင်း၏ဇနီး ဒေါ်အေမီဖြိုးမင်း မိခင်ဖြစ်သူမှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်ပြီး ပင်းတယတွင် ဂျပန်စာသင်ကြားပေးနေခြင်းမှာလည်း ခရစ်ယာန်ဘာသာသို့ ဆွဲသွင်းနေခြင်းမဟုတ်ကြောင်း ဦးထိန်လင်းက တုံ့ပြန်သည်။

ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း  မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။ 

“အဓိကက ဘုန်းကြီးတွေဟောတဲ့ ရွာတွေက ကျွန်တော် ရှုံးတာပဲ။ ဘုန်းကြီးတွေက ၈၀ ရာခိုင်နှုန်းလောက် လွှမ်းမိုးမှုရှိတယ်” ဟု ဦးထိန်လင်းက ဆိုသည်။

ဦးထိန်လင်းက ထိုသို့ဆိုသော်လည်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ဘုန်းကြီးများက ထိုသို့ထည့်သွင်းဟောကြားခဲ့သည်ကို မသိရှိကြောင်းလည်း အနိုင်ရကိုယ်စားလှယ် လက်ရှိဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။ 

"ကျွန်တော်တို့တော့ ဘာမှ မပြောထားဘူး။ ဆရာတော် သံဃာတော်တွေကို ကျွန်တော်တို့ ဘာမှ လျှောက်မထားဘူး။ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက် သံဃာတော်တွေဆိုတာ ရွေးကောက်ပွဲနဲ့ ဘာမှ မဆိုင်ဘူး။ ကျွန်တော်တို့လည်း ဘာမှ မလျှောက်ထားပါဘူး” ဟု ဦးအာကာလင်းက ပြောသည်။ 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း နိုင်ငံရေးအဖွဲ့အသီးသီးက မဲဆွယ်ဟောပြောကြဖြစ်သဖြင့် သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာထုတ်ပြန်ခဲ့သည်။

အင်းပက်လက်ရွာ၌ ဟောပြောခဲ့မှုများနှင့် ပတ်သက်၍ Myanmar Now က ဆရာတော်ဦးပညာသာရကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဟောပြောခဲ့သည်ကို ငြင်းဆိုခြင်း မရှိသော်လည်း “အဲဒါ ကိုယ့်ရွာနဲ့ကိုယ် နည်းနည်းပါးပါး လမ်းမှားမှာ စိုးလို့ ပြောတာ” ဟုသာ မိန့်ကြားပြီး ဖုန်းချသွားခဲ့သည်။

လွန်ခဲ့သည့် ၂နှစ်က ရွာငံမြို့နယ်တွင် ဆောက်လုပ်ခဲ့သည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဒေသဥက္ကဋ္ဌဖြစ်သူ ဦးအာကာလင်းက ဖျက်ခိုင်းခဲ့ကြောင်း၊ ယင်းသို့ ဖျက်ခိုင်းရခြင်းသည်လည်း ဦးအာကာလင်းကိုယ်တိုင် ဗုဒ္ဓဘာသာဖြစ်နေသောကြောင့်ဖြစ်ပြီး ၎င်း၏နေရာတွင် ဘာသာခြား (သို့) ဘာသာခြား၏ အထောက်အပံ့ကို ရယူထားသူဖြစ်ပါက ဒေသအတွင်း အယူဝါဒကွဲပြားသည့် ပြဿနာများ ကြုံတွေ့လာရမည်ဟု ဆရာတော်ဦးပညာဓရက တရားဟောစဉ် ထည့်သွင်းမိန့်ကြားခဲ့သည်။ 

“Church ပေါ်လာခဲ့ရင် ဒို့ဒေသမှာ ဒိဋ္ဌိပြဿနာ၊ အယူပျက်စီးတဲ့ ပြဿနာတွေ ပွားမလာဘူးလား။ စိုးရိမ်စရာမကောင်းဘူးလား။ အဲဒါလေး ပြောချင်တာပါ။ ကိုယ့်ဒေသကို အုပ်ချုပ်မယ့်၊ စီမံမယ့်သူဟာ ဗုဒ္ဓဘာသာ၊ ကိုယ်လူမျိုးရဲ့ အကျိုးကို ရှေးရှုမယ့်၊ တခြားသောဘာသာရဲ့ အထောက်အပံ့ကို ယူမထားတဲ့သူဖြစ်ဖို့ အရေးမကြီးဘူးလား” ဟု ဆရာတော်က မေးခွန်းထုတ်သည်။

ဆရာတော်ဦးပညာဓရ၏ ဟောပြောမှုကို ဗီဒီယိုရိုက်ကူး၍ လူမှုကွန်ရက် Facebook ပေါ် တင်ခဲ့သည့် ရှားပြားရွာမှ တက္ကသိုလ်ကျောင်းသားနှစ်ဦးကို ဘုန်းကြီးကျောင်းသို့ ခေါ်ယူဆုံးမ၍ ရုပ်သံဖိုင်များကိုလည်း Facebook ပေါ်မှ ပြန်လည်ဖြုတ်ချရန် ခိုင်းစေခဲ့သည်ဟု ပင်းတယမြို့နယ် NLD ဝန်းရံသူများက ပြောသည်။

ပင်းတယမြို့နယ် ရှားပြားရွာ (ဆားပြား) ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးပညာဓရသည်လည်း တရားပွဲတွင် ဦးအာကာလင်းကို မဲပေးရန် ထည့်သွင်းမိန့်ကြားခဲ့သည်။ 

ရှားပြားရွာ မီးရရှိရေးအတွက် ဦးစဝ်အောင်မြတ် (ယခင်အစိုးရလက်ထက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်) တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဦးအာကာလင်းအပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက တိုက်တွန်းဟောကြားထားသည်။ 

“ကိုယ့်ရွာမှာ ကျေးဇူးပြုတဲ့လူကို ထည့်ပေးပေါ့။ ပါတီကို မကြည့်နဲ့၊ လူကိုကြည့်။ အဲဒီလူက လုပ်ပေးသလား၊ ဒီလူက လုပ်ပေးသလား။ လုပ်ပေးတဲ့သူကိုပဲ အာကာလင်း (ပြည်ခိုင်ဖြိုးကိုယ်စားလှယ်) ကအစ မဲပေးကြပေါ့" ဟု နိုဝင်ဘာ ၁ က ရှားပြားရွာတရားပွဲတွင် ဆရာတော်ဦးပညာဓရက ဟောကြားခဲ့သည်။ 

Continue Reading

၂၀၁၅ ထက် မဲအရေအတွက် လျော့နည်းခဲ့ခြင်းမှာ ရွေးကောက်ပွဲတရားမျှတမှု မရှိသောကြောင့်ဖြစ်ပြီး ရွေးကောက်ပွဲယဉ်ကျေးမှုအရ ရလဒ်ကို လက်မခံနိုင်၍ မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲရလဒ်လက်ခံခြင်းမည်သော ယဉ်ကျေးမှုကို လမ်းကြောင်းပေါ်တင်ပေးခဲ့သည့် ပါတီက...

Published on Dec 11, 2020
Published on Dec 11, 2020
နေပြည်တော်ရှိ ပါတီဗဟိုဌာနချုပ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ဒီဇင်ဘာ ၁၁ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

လွန်ခဲ့သော ငါးနှစ်ထက် လျော့နည်းကျဆင်းခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အပေါ် လက်မခံနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်များက ပြောကြားလိုက်သည်။ 

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝေလွင်၊ ဦးသောင်းအေးနှင့် ပြောခွင့်ရပုဂ္ဂိုလ်များဖြစ်ကြသည့် ဦးသိန်းထွန်းဦးနှင့် ဒေါက်တာနန္ဒာလှမြင့်တို့ ဦးဆောင်ကာ နေပြည်တော်၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီရလဒ်ကို ကျွန်တော်တို့အသိအမှတ်မပြုပါဘူးခင်ဗျ”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ဒေါက်တာနန္ဒာလှမြင့်သည် ရှမ်းပြည်နယ်၊ ကလောမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်ခဲ့သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကိုယ်စားလှယ်ကို မဲလေးသောင်းကျော်အကွာဖြင့် အရေးနိမ့်ခဲ့သူဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရွေးကောက်ပွဲတွင် မသမာမှုများရှိနေသည်ဟု ဆက်တိုက်ပြောဆိုနေရခြင်းမှာ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်လို၍ မဟုတ်ဘဲ ရာဇဝင်မရိုင်းစေချင်လို့ဖြစ်ကြောင်းလည်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များက ပြောကြားခဲ့သည်။ 

"အနိုင်အရှုံး ပြည်သူ့ရဲ့ဆန္ဒကို လေးစားတယ်။ နိုင်ငံရေးပါတီတွေရဲ့ သက်တမ်းဟာ ငါးနှစ်ပဲ။ ရွေးကောက်ပွဲယဉ်ကျေးမှုအရ ရလဒ်ကို လက်မခံလို့ ပြောနေတာမဟုတ်။ ဒီယဉ်ကျေးမှုကို ကျွန်တော်တို့ကိုယ်တိုင်က လမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ ပါတီကြီးဖြစ်ပါတယ်" ဟု  ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ 

ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲတွင် တစ်နိုင်ငံအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီဖြစ်ပြီး ပြည်သူ့သားသမီးများနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့ပါတီကြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ 

ပါတီဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်ခဲ့ပြီး NLD အမတ်ကို ရှုံးနိမ့်ခဲ့သူလည်းဖြစ်သည့် ပြည်ခိုင်ဖြိုးထိပ်သီး ဦးသောင်းအေးကလည်း တက်ရောက်ပြီး ရွေးကောက်ပွဲရလဒ်ကို မေးခွန်းထုတ်ခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကမဲမှာ ၂၀၁၅ကရသည့် အရေအတွက်အောက် ၈၀၀၀ ကျော် လျော့နည်းခဲ့ခြင်း၊ ၂၀၂၀တွင် ပြိုင်ဘက် NLDအမတ်ရရှိသည့် မဲအရေအတွက်မှာ ၂၀၁၅ ကထက် ၄၀၀၀၀ ကျော် တစ်ဟုန်ထိုးတိုးသွားခြင်းစသည့် ကိန်းဂဏန်းများကို ထုတ်ဖော်ပြသ၍ လက်ရှိရလဒ်အပေါ် သံသယရှိကြောင်း ၎င်းက ပြောခြင်းဖြစ်သည်။

“ဒါဟာဖြစ်နိုင်ခြေရှိရဲ့လား”ဟု ဦးသောင်းအေးက ဆိုသည်။

ဦးသောင်းအေးက ၎င်းကိုယ်တိုင် အချိန်ယူပြုစုရှာဖွေထားသည်ဆိုသော မဲစာရင်းတွင် အငြင်းပွားဖွယ်ရာအချက်အလက်များ၊ လူတွေ့မေးမြန်းထားသည်ဆိုသော ဗီဒီယိုဖိုင်များကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်း၏ မဲဆန္ဒနယ်အတွင်း တစ်ကြိမ်ထက်ပိုမဲပေးသူ၊ မှတ်ပုံတင်မပါဘဲ မဲပေးသူ စသဖြင့် မဲစာရင်းတွင် သံသယဖြစ်ဖွယ်လူဦးရေမှာ ငါးသောင်းကျော်ရှိသည်ဟုလည်း ဆိုသည်။ 

ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ၎င်းကို အနိုင်ယူခဲ့သည့် NLDကိုယ်စားလှယ် ဒေါက်တာဝင်းမောင်ကမူ ဦးသောင်းအေးစွပ်စွဲသကဲ့သို့ မတရားပြုကျင့်မှုမျိုး ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းပြောသည်။

“ရလဒ်က အမှန်ပဲလို့ သုံးသပ်ပါတယ်။ ကျွန်တော်တို့က မသမာမှုလည်းမလုပ်ခဲ့ဘူး။ မသမာမှုမဖြစ်အောင်လည်း အထူးစောင့်ရှောက်ခဲ့တယ်”ဟု ဒေါက်တာဝင်းမောင်က ပြောသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်ခိုင်ဖြိုးအစိုးရဖွဲ့ခွင့်ရချိန်၌ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည့် ဦးဝေလွင်လည်း တက်ရောက်ခဲ့ပြီး ၂၀၂၀ တွင်ကြုံရသည့် ၎င်း၏ အရှုံးရလဒ်မှာ မဖြစ်နိုင်ကြောင်း ပြောသည်။

ပြည်ခိုင်ဖြိုး၏ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌဖြစ်သူ ဦးဝေလွင်မှာ ၂၀၁၅ ရွေးကောက်ပွဲကတည်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ပြိုင်ဘက်ဖြစ်ခဲ့သည့် NLDအမတ် ဦးတင်သစ်(ခ) ဦးရည်မွန်ကို ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅က ၎င်းတို့နှစ်ဦးကြား မဲကွာဟချက် ၂၀၀ ပင်မပြည့်သော်လည်း ၂၀၂၀ တွင် ၁၀၀၀၀ ကျော်သွားခဲ့ခြင်းမှာ မဲစာရင်းမသမာမှုများကြောင့်ဟု သံသယရှိကြောင်း ဦးဝေလွင်က ပြောသည်။

“လွန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက ပုဗ္ဗသီရိမှာ တောက်လျှောက် ပြည်သူနဲ့ ထိတွေ့မှု မပြတ်ရှိခဲ့တယ်။ အခုရွေးကောက်ပွဲဝင်မှ ဦးဝေလွင်က ဒီပုဗ္ဗသီရိထဲ ဝင်တာမဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

ဦးဝေလွင်ကို ယခင်ထက်မဲဖြတ်၍ အနိုင်ရခဲ့သူ ဦးတင်သစ်(ခ)မောင်ရည်မွန်ကမူ ၂၀၁၅က ဗုဗ္ဗသီရိမြို့နယ်သို့ ဒေသအတွေ့အကြုံမရှိဘဲ အစိမ်းသက်သက်ဝင်ပြိုင်ခဲ့၍သာ မဲမပြတ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ငါးနှစ်အတွင်း ၎င်း၏ ခြေစွမ်းပြနိုင်မှုများကြောင့် ၂၀၂၀တွင် ပြည်ခိုင်ဖြိုးကို မဲအပြတ်အသတ်သာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“မဲစာရင်းကို စိတ်တိုင်းကျပြင်ဆင်ထားတယ်ဆိုတဲ့ လုပ်ပိုင်ခွင့်မျိုးက ကျွန်တော်တို့မှာမရှိဘူး”ဟု ဦးရည်မွန်(ခ)မောင်တင်သစ်က ပြောသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲသို့ ပြည်ခိုင်ဖြိုးဒုတိယဥက္ကဌ ဦးလှထွန်း၊ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့လည်း တက်ရောက်ကျပြီး ၎င်းတို့ကလည်း အထက်ပါကဲ့သို့ပင် မဲပေးမှုနှင့် မဲစာရင်းသံသယဖြစ်ဖွယ် အခြေအနေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံဆွေးနွေးခွင့်မရခဲ့ခြင်းများကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။

“မဲစာရင်းတွေအမျိုးမျိုး ပြင်ဆင်ဖြည့်သွင်းရေးဆွဲထားခြင်းအပေါ်မှာ အခြေခံပြီးတော့ တရားမဲ့ပြုကျင့်မှုတွေ လုပ်ဆောင်လို့ရနေခြင်းပဲဖြစ်ပါတယ်”ဟု ဦးသောင်းအေးက ပြောသည်။

သို့သော် ထိုသို့သော ကိစ္စများအားလုံးကို ရွေးကောက်ပွဲကန့်ကွက်မှုအဖြစ် ကျပ်ငွေ ငါးသိန်းသွင်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဥပဒေပြဌာန်းချက်များအတိုင်း ကန့်ကွက်ရန်ရှိမရှိကိုမူ ပြည်ခိုင်ဖြိုးတာဝန်ရှိသူတို့က ယတိပြတ်မပြောကြသေးပေ။

“အနိမ့်ဆုံးတော့ ၅၀(မဲဆန္ဒနယ်)ထက်မနည်း ကန့်ကွက်သွားဖို့ ရှိပါတယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲမတရားပြုကျင့်မှုများနှင့် စပ်လျဉ်း၍ ရဲအရေးပိုင်သည့်အမှု ၁၇၀ကျော်၊ ဒေသဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တိုင်ကြားမှု ၁၀၀၀ ကျော် ဆောင်ရွက်ပြီးဖြစ်သည်ဟု ၎င်းက အသိပေးသည်။

ပြည်ခိုင်ဖြိုး၏ စွပ်စွဲချက်များနှင့်ပတ်သက်၍ ပျော်ဘွယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့နှင့် အကျုံးဝင်သည့် မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ Myanmar Nowက ဆက်သွယ်မေးမြန်းရာ မသမာမှုရှိသည်ဆိုလျှင် ဥပဒေအရ ကျပ်ငါးသိန်းသွင်း၍ ကန့်ကွက် လွှာတင်သွင်းသင့်ကြောင်း အတွင်းရေးမှူး ဦးကျော်ကျော်စိုးက အကြံပြုသည်။

“ဥပဒေအတိုင်း ဆက်လုပ်ကြပေါ့။ ဥပဒေမှာ အခွင့်အရေးတွေပါပြီးသားပဲ” ဟု ၎င်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဝင်ပြိုင်ခြင်းမရှိသော ၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ခဲ့ဖူးသော်လည်း NLD ဝင်ပြိုင်သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ အစိုးရဖွဲ့ရန် အခရာကျသည့် ပြည်ထောင်စုလွှတ်တော်၌ ၄၁ နေရာသာ အနိုင်ရခဲ့ပြီး အာဏာလက်လွှတ်ခဲ့ရသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုလွှတ်တော် ၃၃ နေရာတွင်သာ အနိုင်ရတော့သဖြင့် အစိုးရဖွဲ့နိုင်ငံရေး နီးစပ်မှုမရှိတော့သည့်အပြင် လွှတ်တော်အတွင်း၌ပါ အင်အားလျော့နည်းသွားမည်ဖြစ်သည်။ 

ထိုသို့ ရွေးကောက်ပွဲရလဒ် ထပ်မံကျဆင်းမှုများကြောင့် ပါတီခေါင်းဆောင်မှုအပိုင်း ပြောင်းလဲရန် ရှိမရှိကိုလည်း ပြည်ခိုင်ဖြိုးတာဝန်ရှိသူတို့ဖက်က အတည်မပြုကြသေးပေ။

ငါးနှစ်တစ်ကြိမ်ကျင်းပရမည့် ပါတီညီလာခံကို လာမည့် ၂၀၂၁အတွင်း ကျင်းပပြီးစီးမှသာ ရာထူးအဆင့်ဆင့် ပြန်လည်ရွေးချယ်မှုများလုပ်ဆောင်မည်ဖြစ်ပြီး လက်ရှိ ပါတီဝင်ခေါင်းဆောင်များ၏ သက်တမ်းသည်လည်း ငါးနှစ်သာဖြစ်သည်ဟု ဆိုသည်။ 

Continue Reading