သတင်း

ကျောက်ဖြူတွင် ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးတွင် နိုဝင်ဘာ ၄ ရက်က တပ်မတော်၏ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးသွားသည်ဟု မိသားစုဝင်များထံမှ သိရသည်။ 

စနဲမြို့ဒေသခံ အသက် ၅၀ အရွယ် ဦးကျော်လှစိန်သည် စက်လှေဖြင့် မြစ်အတွင်း ဂဏန်းမျှားနေစဉ် ပစ်ခတ်မှုခံရခြင်းဖြစ်သည်ဟု သားဖြစ်သူ ကိုတင်ထွန်းက ပြောသည်။

“ကျွန်တော့်အဖေက ဂဏန်းမျှားနေတာ။ အိမ်နဲ့ ဖုန်းအဆက်အသွယ် နေ့တိုင်းရှိတယ်။ မနေ့က မနက် စောစော ၈ နာရီမှာတောင် ကိုယ့်ရွာက လူတွေနဲ့ တွေ့ခဲ့သေးတယ်။ အဖေက ရက်တာရှည် ဂဏန်းမျှားနေတာ။ ဆန်၊ ရေကုန်သွားရင် လူကြုံနဲ့ အိမ်ကပို့ပေးတယ်။ ကျွန်တော့်အဖေက အဲဒီတစ်ခုပဲ လုပ်စားဖို့ တတ်တာ”ဟု ၎င်းက ဆိုသည်။ 

ဦးကျော်လှစိန်၏ အလောင်းကို အမှတ် (၁၈) ရေတပ် (ဒေသအခေါ် တောင်မော်ကြီးရေတပ်စခန်း) မှ သွားရောက်ယူဆောင်ခဲ့ရသည်ဟု စနဲမြို့၊ ခုနစ်စဉ်ကြယ်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုထွန်းထွန်းဦးက ပြောသည်။

“စနဲရဲစခန်းမှူးက တပ်တွင်းက အလောင်းတစ်လောင်းသယ်ပေးပါလို့ ဖုန်းဆက်လာတယ်။ ကျွန်တော်လည်း ကိုယ့်လူတွေကိုခေါ်ပြီး သွားကြတယ်။ တပ်ထဲကိုရောက်သွားတော့ သင်္ဘောဆိပ်ကမ်းဘက်ကို ခေါ်သွားတယ်။ ပြီးတော့ တာလပတ်နဲ့ ထုပ်ထားတဲ့ (အလောင်းကို )ပြတယ်။ ကျွန်တော်တို့ ကျောက်ဖြူဆေးရုံကို ပို့ပေးလိုက်တယ်”ဟု ၎င်းက ဆိုသည်။

ဆေးရုံ၌ အလောင်းကို ဖွင့်ကြည့်ရာတွင် စနဲဒေသခံ ဦးကျော်လှစိန်ဖြစ်နေသည်ကို သိရှိခဲ့ရပြီး လည်ပင်းနှင့် ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရကြောင်း ကိုထွန်းထွန်းဦးက ပြောသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က နိုဝင်ဘာ ၄ တွင် သတင်းထုတ်ပြန်ခဲ့ရာ “လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စနဲကျေးရွာအနီးရှိ ရေဆိပ်ခံတံတား လုံခြုံရေးဆောင်ရွက်နေစဉ် မသင်္ကာဖွယ်လှေ ၂ စီးသည် စနဲချောင်းဘက်မှ ဆိပ်ခံတံတားရှိ စစ်ရေယာဉ်အနီးသို့ မျောလာသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ရပ်တန့်ရန် အော်ဟစ်တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ စစ်ရေယာဉ်အနီးသို့ ဆက်လက်မျောလာသဖြင့် ခြောက်လှန့်ပစ်ခတ်တားဆီးခဲ့ရသည်” ဟု ဖော်ပြခဲ့သည်။

အဆိုပါ စက်လှေနှစ်စီးကို လိုက်လံဖမ်းဆီးခဲ့ရာ လှေပေါ်တွင် ဒီတိုနေတာအပါအဝင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ကျော်လှစိန်၊ ၅၀ နှစ်အား အသေဖမ်းဆီးရမိကြောင်း၊ လှိုင်ထွန်း၊ ၂၉ နှစ် (ဘ) ဦးကောင်းစံလှ၊ အလယ်စုစနဲကျေးရွာ၊ ကျောက်ဖြူမြို့နယ်နေသူကိုလည်း ဖမ်းဆီးရမိကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

“သူတို့ပြောချင်တာပြောတာပဲ ဖြစ်တယ်။ ကျွန်တော့်အဖေမှာ ဘယ်ဟာတွေပါတယ်ဆိုပြီး သူတို့ (တပ်မတော်) လုပ်ပစ်ပြီးတော့ ဝိနည်းရှောင်ပြီး ပြောသွားတာ။ ကျွန်တော့်အဖေဟာ ဖုန်းကိုတောင် သူများတွေဆက်မှ ကိုင်ဖို့တတ်တယ်။ ကိုယ်ကဆက်ဖို့မတတ်ဘူး။ သူတို့ခေတ်မှာ သူတို့ ပြောချင်တာပြောတာပဲ။ ကျွန်တော်တို့ ပြောချင်တာပြောရင်လည်း အရေးမဝင်ဘူး။ ကျွန်တော်တို့မှာတော့ လူမှာ ဆုံး(သေဆုံး)သွားပြီ ”ဟု သေဆုံးသူ၏ သားဖြစ်သူ ကိုတင်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်တွင် ယခင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လက်ရှိတွင် စစ်ရေးလှုပ်ရှားမှုများ မြင့်တက်နေပြီး မိုင်းပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများလည်း ဖြစ်ပွားနေကာ ဒေသခံများလည်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည်။

Show More

Related Articles

Back to top button