လာမှာလား ကြာဦးမှာလား ဒလတံတား

ပင်မရန်ကုန်နှင့် တောင်ပိုင်းခရိုင်တို့ကို ဆက်သွယ်မည့် တံတားဆောက်လုပ်ရေးသည် နိုင်ငံရေးသမား နှင့်စီးပွားရေးသမား အားပြိုင်ပွဲတစ်ခုလို ဖြစ်နေသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဒလတံတားပုံစံ

ဧရာဝတီမြစ်ကူး စစ်ကိုင်းတံတားကြီးကို အင်္ဂလိပ်အစိုးရက ၁၉၃၄ ခုနှစ်မှာ ဆောက်လုပ်ခဲ့စဉ်တုန်းက နန်းတော်ရှေ့ ဆရာတင်က “စစ်ကိုင်းတံတား” ဆိုတဲ့ သီချင်းထဲမှာ “တံတားဆက်ပြီးပြီ … သွားမယ့် ခရီးသည် … ငှက်သမ္ဗန် ကူးတို့ဆိပ်က အိပ်ရရှာပြီ … အခုများတလီ … ဗမာလူမျိုးတွေ အလုပ်မရှိတော့ … တံတားကြီးကို ကြည့်ကာငိုမိသည်…” ဆိုပြီး ငှက်မခတ်ရတော့တဲ့ သမ္ဗန်သမားတွေအကြောင်း ထည့်သွင်း စပ်ဆိုခဲ့ဖူးပါတယ်။

တံတားထိုးခြင်းကြောင့် ရရှိတဲ့ ကောင်းကျိုးတွေက မနှိုင်းမယှဉ်နိုင်အောင် များပြားလေ့ ရှိတတ်ပါတယ်။ ဒါပေမဲ့လို့ အမေရိကန်ဒေါ်လာ ၁၆၈ သန်းကျော် ကုန်ကျမယ့် ရန်ကုန်မြစ်ကူး ဒလတံတား တည်ဆောက်ရေးမှာတော့ တံတားပြီးသွားမှာကို တွေးပြီး စိတ်မချမ်းမသာ ဖြစ်နေသူတွေ ရှိများ ရှိနေခဲ့ရင်တောင်မှ အဲဒီ စိတ်မချမ်းမသာ ဖြစ်မယ့်သူတွေဟာ ရန်ကုန်မြစ်ကို နေ့စဉ် သမ္ဗန်စီးပြီး ဖြတ်သန်းသွားလာနေကြတဲ့ ခရီးသည် ၆ဝ,ဝဝဝ ကို ကူးတို့ပို့ပေးနေကြတဲ့ သမ္ဗန်သမား ၅ဝဝ ကျော်တို့တော့ မဟုတ်နိုင်ပါဘူး။

၂ဝ၁၈ နှစ်ဆန်းမှာ စတင်ဆောက်လုပ်ဖို့ မူလက စီမံကိန်းဆွဲထားပြီးဖြစ်တဲ့ ဒလတံတားရဲ့ ဒီဇိုင်းအပေါ်မှာ ‘မြန်မာ့ဆိပ်ကမ်းအာဏာပိုင်’ လို့ခေါ်တဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနတခုက ကန့်ကွက်ခဲ့တာကြောင့် တည်ဆောက်ရေး မစတင်နိုင်သေးဘဲ ကြန့်ကြာခဲ့ရပါတယ်။

ရန်ကုန်ဘက်ကမ်း ဘုန်းကြီးလမ်းနဲ့ ဒလဘက်ခြမ်း ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်ပေးမယ့် အဲဒီ မြစ်ကူးတံတားကို တောင်ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (EDCF) ချေးငွေ၊ မြန်မာအစိုးရ ထည့်ဝင်ငွေတို့နဲ့ တည်ဆောက်ဖို့ သမ္မတဦးသိန်းစိန် အစိုးရက ၂ဝ၁၂  အောက်တိုဘာမှာ သဘောတူခဲ့ပါတယ်။

ကိုရီးယားနိုင်ငံ EXIM Bank ကနေ ဒေါ်လာ ၁၃၈ သန်း ချေးယူမှာဖြစ်ပြီး မြန်မာဘက်က ဒေါ်လာ သန်း ၃ဝ ခန့် ထည့်ဝင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ သဘောတူညီအပြီး နှစ်လအကြာကတည်းက တံတားဒီဇိုင်းနဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတာ ဖြစ်ပါတယ်။

ဆိပ်ကမ်းအာဏာပိုင် အနေနဲ့ အစိုးရထုတ်ပြန်ထားတဲ့ တံတားရဲ့ ရေလမ်းကင်းလွတ်အမြင့်နဲ့ တံတားတိုင် နှစ်တိုင်ကြား အကွာအဝေးဟာ ဆိပ်ကမ်းတွေကိုကပ်မယ့် သင်္ဘောကြီးတွေနဲ့ မလွတ်ဘူးလို့ အကြောင်းပြပြီး တံတားဒီဇိုင်းကို ကန့်ကွက်ခဲ့တာဖြစ်ပေမယ့် ဆိပ်ကမ်းအာဏာပိုင်ဟာ တံတားပြီးသွားရင် အနည်းနဲ့အများ ထိခိုက်ဖွယ်ရှိတဲ့ ရန်ကုန်က ပုဂ္ဂလိက ဆိပ်ကမ်းတွေဘက်ကနေ ရပ်တည်ပြီး ကန့်ကွက်နေတာလို့ ဝေဖန်သံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒီဇိုင်းပုံစံ အငြင်းပွားမှု

တံတားတည်ဆောက်ရေး အတည်ဖြစ်သွားခဲ့ချိန်မှာပဲ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တံတားဒီဇိုင်းကို အမြင့်မီတာ ၆ဝ (ပေ၂ဝဝနီးပါး) နဲ့ ရေထဲမှာ တိုင်မစိုက်တဲ့ပုံစံ ဒါမှမဟုတ် မြစ်အောက် ကြမ်းပြင်ကို ဖြတ်သန်းပြီး ဥမင်လိုဏ်ခေါင်းပုံစံ တည်ဆောက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက မြစ်အောက်ခြေ မြေသားပျော့တာကြောင့် ကုန်ကျစရိတ် အဆမတန် ကြီးနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥမင်လိုဏ်ခေါင်း တည်ဆောက်မယ့် အစီအစဉ်ကို ပယ်ချခဲ့ပါတယ်။

ဝန်ကြီးဌာနနှစ်ခုအကြား ဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ကြပြီး ၂ဝ၁၃  ဩဂုတ်လမှာတော့ တံတားအမြင့်၊ တိုင်နှစ်တိုင်ကြား အကျယ်တို့နဲ့ ပတ်သက်တဲ့ သဘောတူညီမှု ရခဲ့ကြပါတယ်။ Myanmar Now က ရရှိထားတဲ့ ဌာနနှစ်ခု သီးခြားစီ ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာ တံတား အမြင့်ကို ၅၄ မီတာလို့ ဖော်ပြတာချင်းတူပေမဲ့ တိုင်နှစ်တိုင်ရဲ့ ရေလမ်းကင်းလွတ် အကျယ်ကိုတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ မီတာ ၃ဝဝ၊ ဆိပ်ကမ်းအာဏာပိုင်ရဲ့ အစီရင်ခံစာမှာတော့ မီတာ ၃၅ဝ လို့ ရေးသားထားပါတယ်။

နှစ်ဖက်အငြင်းအခုံတွေ အဆုံးမသတ်နိုင်ခင်မှာပဲ ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်က ၂ဝ၁၄ ခုနှစ် နှစ်လယ် ပိုင်းမှာ အမြင့် ၄၉ မီတာနဲ့ အကျယ် ၂၅၁ မီတာရှိပြီး ရေလယ်မှာ တိုင်နှစ်တိုင်ပါတဲ့ တံတားဒီဇိုင်းကို ထုတ်ပြန်ခဲ့ပါတယ်။

တံတားတိုင် နှစ်တိုင်ကြားထဲက ဘောလုံးကွင်း နှစ်ကွင်းခွဲစာနီးပါး အကျယ်ရှိတဲ့ ၂၅၁ မီတာဟာ အောက်ကနေ ဖြတ်သန်းသွားမယ့် သင်္ဘောတွေအတွက် လုံလောက်တဲ့အကျယ် မဟုတ်ဘူးလို့ ဆိပ်ကမ်းအာဏာပိုင်ဘက်က ယူဆပြီး နောက်ထပ်ဘောလုံးကွင်း တစ်ဝက်နီးပါးစာ ထပ်ချဲ့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အမြင့်ကိုလည်း ငါးမီတာ ထပ်တိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီတိုင်တွေကြောင့် ဆိပ်ကမ်းတွေဆီ နေ့စဉ်ဝင်ထွက်နေတဲ့ ပင်လယ်ကူးသင်္ဘောတွေ ဝင်ရောက်မှု ရပ်တန့်သွားရင် တိုင်းပြည်စီးပွားရေး ထိခိုက်လာမှာ၊ ဒါမှမဟုတ် သင်္ဘောတစင်းစင်းက တံတားတိုင်ကို ဝင်တိုက်ခဲ့ရင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာမှာတွေကို စိုးရိမ်တယ်လို့ ဆိပ်ကမ်းအာဏာပိုင်ဘက်က ပြောပါတယ်။

“တံတားဆောက်မှာကို ကျနော်တို့က ကန့်ကွက်တာ မဟုတ်ဘူး၊ တချိန်မှာ သမိုင်းတရားခံ မဖြစ်အောင် ကျနော်တို့ အကြံပြုချက်ပေးခဲ့တာ” လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က ဇွန် ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တံတားအလွန် ရန်ကုန်မြစ် ညာဘက်မှာ ဆိပ်ကမ်းပေါင်း နှစ်ဒါဇင်လောက်ရှိပြီး အားလုံးနီးပါး ပုဂ္ဂလိကကို လုပ်ပိုင်ခွင့် ပေးထားတာပါ။ အဲဒီဆိပ်ကမ်းတွေဟာ မြန်မာ့ပင်လယ်ရေကြောင်း ကုန်စည်တင်ပို့တဲ့ လုပ်ငန်းအားလုံးရဲ့ ၉ဝ ရာခိုင်နှုန်းလောက်ကို စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။

တံတားဒီဇိုင်းပြန်ပြင်ဖို့ မဖြစ်နိုင်

တံတားဒီဇိုင်းကို လွှတ်တော်အသီးသီးမှာ အတည်ပြုပြီးတဲ့အတွက် ပြင်ဆင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ပါတယ်။

တန်ချိန် ၁၅,ဝဝဝ ရှိတဲ့ သင်္ဘောတွေရဲ့ အများဆုံးအလျား (အရှည်) က ၁၆၇ မီတာသာရှိပြီး ဒီအကျယ်ရဲ့ တဆခွဲ ရှိတဲ့ ရေလမ်းကင်းလွတ်အကျယ် ၂၅၁ မီတာဟာ သင်္ဘောတွေသွားလာဖို့ နည်းပညာဆိုင်ရာ ပုံသေနည်းတွေအရ လုံလောက်တဲ့အကျယ် ဖြစ်တယ်လို့ ဒလတံတား ဆောက်လုပ်ရေးတာဝန်ခံ ဦးကျော်ကောင်းချိုက ပြောပါတယ်။

“ဒီအတိုင်းအတာကလည်း ကျနော်တို့ တွက်နည်းချက်နည်း မဟုတ်ဘူး။ ဂျပန်ရဲ့ စံနှုန်းကော၊ ကိုရီးယားရဲ့ စံနှုန်းကောက ဒီအတိုင်းပဲ” လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန မြို့ပြအင်ဂျင်နီယာချုပ်လည်း ဖြစ်တဲ့ ဦးကျော်ကောင်းချိုက ပြောပါတယ်။

ဒလတံတားဒီဇိုင်းဟာ တန်ချိန် ၁၅,ဝဝဝ ရှိတဲ့ သင်္ဘောတွေ ဝင်ထွက်လို့ရအောင် ဆွဲထားတာဖြစ်ပြီး အဲဒါထက် ကြီးမားတဲ့ သင်္ဘောတွေ ကမ်းကပ်ချင်ရင် ရန်ကုန်တောင်ဘက်ပိုင်းမှာရှိတဲ့ သီလဝါဆိပ်ကမ်းကို အသုံးပြုဖို့ အစိုးရဘက်က ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဆိပ်ကမ်းအာဏာပိုင်နဲ့ ဆိပ်ကမ်းတွေက နောင်တချိန်မှာ တန်ချိန်၂ဝ,ဝဝဝ လောက်ရှိတဲ့ သင်္ဘောတွေ မြစ်ထဲကို ဝင်ထွက်သွားလာဖို့အတွက်ပါ ထည့်စဉ်းစားဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

ကန့်ကွက်တာ ဘယ်သူ့အတွက်လဲ

ဒလမြို့နယ်ရဲ့ တိုင်းဒေသကြီး အမတ်တွေကတော့ ဆိပ်ကမ်းအာဏာပိုင်ဘက်က ဆင်ခြေပေးခြင်းဟာ ပုဂ္ဂလိကဆိပ်ကမ်းတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ ကြိုးစားနေတာသာ ဖြစ်တယ်လို့ ယူဆကြပါတယ်။

“ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးက အဲဒီ ခရိုနီတစုရဲ့ စကားကို နားယောင်နေတဲ့အတွက်ကြောင့် လေနဲ့ဝမ်းနဲ့ မကွဲဖြစ်နေတာ” လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ ဒလမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးထွန်းရင်က ပြစ်တင်ဝေဖန်ပါတယ်။

သူရည်ညွှန်းတဲ့ “ခရိုနီတစု” ဆိုတာ တံတားတည်ဆောက်ရေးအတွက် အစိုးရထံ အကြိမ်ကြိမ် ညှိနှိုင်းဖို့ ကြိုးစားခဲ့တဲ့ ရန်ကုန်မြစ်ဘေးက ပုဂ္ဂလိကပိုင် ဆိပ်ကမ်းလေးခုဖြစ်တဲ့ MIP အမည်ရှိ မြန်မာ့စက်မှုဆိပ်ကမ်း၊ အေးရှားဝေါလ် (Asia World) ဆိပ်ကမ်း၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် MEC ဆိပ်ကမ်းနဲ့ Myanmar Now က စုံစမ်းလို့ မရသေးတဲ့ အခြားဆိပ်ကမ်း တစ်ခုတို့ ဖြစ်ပါတယ်။

အေးရှားဝေါလ်ကတော့ ဒလတံတားစီမံကိန်းကို ဘယ်လို ကန့်ကွက်မှုမျိုးမှ လုပ်မှာမဟုတ်ဘူးလို့ Myanmar Now က စာရေးသားမေးမြန်းမှုကို အီးမေးလ်ကတဆင့် ပြန်လည်ဖြေကြားပါတယ်။

ဒီဆိပ်ကမ်းတွေထဲမှာ တံတားနဲ့ အနီးကပ်ဆုံး တည်ရှိတဲ့ MIP ဆိပ်ကမ်းဟာ အပြင်းထန်ဆုံး ကန့်ကွက်ခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

၂ဝဝ၃ ခုနှစ် ကတည်းက လည်ပတ်နေတဲ့ MIP ကို မြန်မာ့အဏ္ဏဝါ စွမ်းအားရှင်အုပ်စုက ပိုင်ဆိုင်တာဖြစ်ပြီး သူတို့ဟာ သမ္မတဦးသိန်းစိန်လက်ထက် ၂ဝ၁၂ ခုနှစ်တုန်းက ရန်ကုန်ကမ်းနားလမ်းပေါ်မှာရှိတဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ပိုင်တဲ့မြေ ၁၇ ဧကကျော်ကိုလည်း နှစ် ၃ဝ ငှားရမ်းခွင့် ရခဲ့ပါသေးတယ်။

အဲဒီဆိပ်ကမ်းဟာ မေလ နှောင်းပိုင်းက မလေးရှားမှာ စံချိန်တင် ဖမ်းမိခဲ့တဲ့  ဒေါ်လာ ၁၈သန်းနီးပါး တန်ကြေးရှိတဲ့ မူးယစ်ဆေး ၁ ဒသမ ၂ တန်ကို သင်္ဘောပေါ် တင်ပေးလိုက်တဲ့ ဆိပ်ကမ်းအဖြစ် လူတွေ ပိုသတိထားမိ လာခဲ့ပါတယ်။

တံတားဒီဇိုင်းကို ကန့်ကွက်တာနဲ့ မူးယစ်ဆေးတွေ ဘယ်လိုထွက်သွားခဲ့လဲ ဆိုတာတွေကို မေးဖို့ Myanmar Now က MIP ဘက်ကို ဇွန်လအတွင်း စာ၊ အီးမေးလ်နဲ့ ဖုန်းတို့ကနေ ၁၅ ကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

မြန်မာ့ပင်လယ်ရေကြောင်းကနေ ကုန်သေတ္တာတင်ပို့မှု အားလုံးရဲ့ ၄ဝ ရာခိုင်နှုန်း ဝေစုရထားတဲ့ MIP ဟာ တံတားနဲ့ အနီးဆုံးနေရာမှာ တည်ရှိပြီး တံတားတိုင်တွေနေရာဟာ သူတို့ဆိပ်ကမ်းကိုဝင်မယ့် သင်္ဘောတွေ နောက်ဆုတ် ထွက်ခွာတဲ့နေရာဖြစ်တာကြောင့် ကန့်ကွက်ခဲ့တာလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက ရေးသားထားတဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။

MIP ဟာ တံတားဒီဇိုင်းကို ပြင်ဆင်ပေးဖို့ ၂ဝ၁၇ ခုနှစ်အတွင်းမှာ ရန်ကုန်တိုင်းနဲ့ ပြည်ထောင်စု အစိုးရတို့ထံ အကြောင်းကြားစာ ငါးကြိမ်ထက်မနည်း ပို့ခဲ့တယ်လို့ ဒလမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

MIP ဟာ အဲဒီတုန်းက သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ သိသွားအောင် အကြောင်းကြားနိုင်ခဲ့တယ်၊  တံတားပြဿနာကို တပတ်အတွင်း ပြေလည်အောင်ညှိနှိုင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ပြီးခဲ့တဲ့နှစ်က အကြောင်းကြားခဲ့တယ်လို့ အမတ်တွေက ပြောပါတယ်။

ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ပြီး ဆိပ်ကမ်းတွေဘက်က အကြိမ်ကြိမ် ဆွေးနွေးမှုတွေဟာ အကျိုးစီးပွားပြဿနာအပြင် နိုင်ငံရေးပြဿနာပါ ပါနိုင်တယ်လို့လည်း ယူဆနေကြပါတယ်။

ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်က အခုလိုကန့်ကွက်နေတာတွေဟာ သွေးရိုးသားရိုးမဟုတ်ဘဲ “နိုင်ငံရေးပယောဂ ရှိတယ်” လို့ Myanmar Now ကို ပြောပါတယ်။

“သူတို့ရည်ရွယ်ချက်က ဒီအစိုးရလက်ထက်မှာ တံတားမဖြစ်ရင် ပြီးပြီ” လို့ သူက ဆိုပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ လုပ်ပိုင်ခွင့်အများအပြား ရခဲ့တဲ့ ဆိပ်ကမ်းတွေဟာ တံတားဆောက်မယ့် အစီအစဉ်ကို အဲဒီတုန်းက မကန့်ကွက်ခဲ့ဘဲ အခုမှ ကန့်ကွက်တာ ထူးဆန်းတယ်လို့ သူတို့က ပြောပါတယ်။

“အရင်အစိုးရ ကတိကဝတ်ကို အကောင်အထည် ဖော်တော့မယ်ဆိုမှ ဒီပြဿနာက တက်လာတာ” လို့ ဒလမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နောက်တဦးဖြစ်တဲ့ ဦးထွေးတင်က ပြောပါတယ်။

အကျိုးစီးပွားကြောင့် မဟုတ်

ဆိပ်ကမ်းအာဏာပိုင်ဘက်ကတော့ အမတ်တွေစွပ်စွဲချက်ကို ငြင်းဆန်ပြီး သူတို့ဟာ “ရေလမ်းကြောင်း ဘေးအန္တရာယ် ကင်းရှင်းရေး” အတွက် ဝင်ပြောနေရတာလို့ တုံ့ပြန်ပါတယ်။

“ဖြစ်လာမယ့်အကျိုးဆက်ကို ဆွေးနွေးတာပဲ ရှိတယ်။ သူတို့ (ပုဂ္ဂလိကဆိပ်ကမ်းတွေ) ကို ကာကွယ်စရာ အကြောင်းမရှိဘူး” လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးငြိမ်းအေးက Myanmar Now ကို ဖုန်းနဲ့ပြောပါတယ်။

တံတားကို အမြန်ဆုံး တည်ဆောက်ဖို့ ဒေသခံအများအပြားကလည်း ဆန္ဒပြခဲ့ကြပါတယ်။

ကာလရှည် အငြင်းပွားမှုတွေ၊ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီးတဲ့ နောက်မှာတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တံတား ဒီဇိုင်းအသစ်ရေးပြီး ဒီနှစ်အတွင်း စဆောက်မယ်လို့ ဇွန်လ၂၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ကြေညာခဲ့ပါတယ်။

မူလတံတားဒီဇိုင်းကို ပြင်ဆင်မယ်၊ တံတားတိုင်တွေကို တဖက် ၂၅ မီတာစီ ချဲ့ပေးမယ်၊ တံတားအကျယ်  မီတာ ၃၇ဝ အထိ ပြင်ပေးမယ်လို့ ဒလတံတား ဆောက်လုပ်ရေးတာဝန်ခံ ဦးကျော်ကောင်းချိုက ပြောပါတယ်။

ဒီလို ပြောင်းလိုက်တဲ့အတွက်  ရေလမ်းကင်းလွတ်အကျယ် ၂၅၁ မီတာ သတ်မှတ်ချက်ဟာ ၃ဝ၁ မီတာအထိ ရှိလာမှာ ဖြစ်တယ်လို့ သူက  Myanmar Now ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံပြီး ပြောပါတယ်။

ဒီအစီအစဉ်ကို ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနဘက်က လက်ခံလိုက်ပြီလို့လည်း သူက ဆိုပါတယ်။

ပြောင်းလဲလိုက်တဲ့ တံတားဒီဇိုင်းကို နိုင်ငံတော်သမ္မတဆီ ပို့ထားပြီး အတည်ပြုတဲ့ ဆုံးဖြတ်ချက်တစုံတရာ သိပ်မကြာခင်မှာ ထွက်လာဖို့ မျှော်လင့်ရပါတယ်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးငြိမ်းအေးကတော့ ဒီအကြောင်းတွေကို သူတို့ မသိသေးဘူးလို့ ဇွန်လ ၂၇ ရက်နေ့က ပြောပါတယ်။

ဒီဇိုင်းပြောင်းရင် စရိတ်တက်မယ်

ဒေါ်လာ ၁၆၈ သန်း ကုန်ကျမယ်လို့ မူလ ခန့်မှန်းထားချက်ဟာ တံတားဒီဇိုင်း ပြောင်းလိုက်တဲ့အတွက် ပိုပြီး ကုန်ကျလာမှာဖြစ်ပြီး “စီမံကိန်းတန်ဖိုး တခုတော့ တက်လာလိမ့်မယ်” လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနဘက်က ပြောပါတယ်။

ဒီဇိုင်းပြောင်းရင် ကုန်ကျစရိတ်က ကန်ဒေါ်လာ ၁၉ သန်း ပိုလာမယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောပါတယ်။ ဒါဆိုရင် တံတားအတွက် ကုန်ကျငွေဟာ ၁၈၇ သန်း အထိ ရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရဘက်ကတော့ ငွေကြေးပမာဏ အတိအကျကိုတော့ မထုတ်ပြန်သေးပါဘူး။ ပိုလာမယ့် ဒီငွေကြေး ဘယ်သူပေးမလဲဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ထပ်တိုးလာမယ့် ငွေကြေးကို စီမံခန့်ခွဲဖို့ သူတို့ဌာနအနေနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ တံတားစီမံကိန်းအတွက် ငွေချေးပေးမယ့် ကိုရီးယားနိုင်ငံက EXIM ဘဏ်တို့နဲ့ ဆက်လက်ဆွေးနွေးမယ်လို့ ဦးကျော်ကောင်းချိုက ပြောပါတယ်။

မူလက တံတားတည်ဆောက်ရေး ကာလကို ၃၉ လ (သုံးနှစ်ကျော်) သတ်မှတ်ထားပြီး ၂ဝ၂၁ မတ်လမှာ ဖွင့်နိုင်မယ်လို့ ခန့်မှန်းထားပေမဲ့ တည်ဆောက်ရေးကာလက နောက်ကျခဲ့တာကြောင့် အရင်ခန့်မှန်း ထားတာထက် အချိန်နောက်ကျမှ တံတားပြီးမယ်လို့ သူကပြောပါတယ်။

မသေချာသေးတဲ့ တံတားဒီဇိုင်းကို စောင့်ဆိုင်းနေရင်း ဆောက်လုပ်ရေးဘက်ကတော့ ချဉ်းကပ်လမ်းလိုမျိုး သေချာတဲ့လုပ်ငန်း အပိုင်းတွေ စတင်လုပ်ဆောင်ဖို့ ပြင်ဆင်နေပါပြီ။

မျှော်နေတဲ့ ဒေသခံတွေ

ဒလတံတားနဲ့ပတ်သက်လို့ ဘယ်သူကဘယ်လိုပဲ ကန့်ကွက်သည်ဖြစ်စေ တံတားတည်ဆောက်ဖို့ကို ရာနှုန်းပြည့် အလိုရှိနေကြသူတွေကတော့ ဒလအစရှိတဲ့ တောင်ပိုင်းခရိုင် ဒေသသားတွေပါပဲ။ တံတားမရှိတဲ့အတွက် မြစ်ကို လှေသမ္ဗန်တွေ၊ သင်္ဘောတွေနဲ့ ဖြတ်သန်းသွားလာရင်း ဆုံးရှုံးခဲ့တဲ့ အချိန်တွေ၊ အသက်တွေကလည်း မနည်းခဲ့ပါဘူး။

ပြီးခဲ့တဲ့လက မြစ်ထဲ သမ္ဗန်တစင်း တိမ်းမှောက်တဲ့အတွက် သေဆုံးသူတချို့ ရှိခဲ့ပြီး အဲဒါဟာ မြို့နှစ်မြို့ကို ကူးသန်းသွားလာရင်း မလေလွင့်သင့်ဘဲ လေလွင့်ခဲ့ရတဲ့ လူ့အသက်ပေါင်းများစွာ အနက်က နောက်ဆုံး အသက်တွေပဲ ဖြစ်ပါတယ်။

“ကျနော်တို့မျက်စိရှေ့မှာ မြစ်ကိုဖြတ်ရင်း သေခဲ့တဲ့လူတွေဆိုတာ အများကြီး။ ဒါတွေဟာ ထပ်နေပြီ တနှစ်ကို သုံးကြိမ်၊ လေးကြိမ် အနည်းဆုံး။ တခါတလေ ထုံနေတဲ့သဘောမျိုးတောင် သက်ရောက်နေပြီ” လို့ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းဟန်က ပြောပါတယ်။

ရန်ကုန်တောင်ပိုင်းခရိုင်မှာ လူဦးရေ ၁ သန်းခွဲနီးပါး နေထိုင်ပြီး  တံတားဆောက်ပြီးရင် ရန်ကုန်ဘက်ကို အန္တရာယ်ကင်းကင်း၊ အချိန်ကုန်သက်သာစွာ သွားလာနိုင်မှာ ဖြစ်ရုံမက အခုထိ မဖြေရှင်းနိုင်သေးတဲ့ ဒလမြို့နယ်ရဲ့ နွေရာသီ ရေပြတ်လပ်တဲ့ ပြဿနာကိုပါ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်ဘက်က ရေချိုကန်တွေကနေ ပိုက်နဲ့တဆင့် ဒလဘက်ကို ရေပေးဝေဖို့ပါ ဒီဇိုင်း ဆွဲထားတာကြောင့်ပါ။

တံတားတည်ဆောက် ဖြစ်ခဲ့ရင် အပျော်ဆုံးဖြစ်မယ့်သူတွေဟာ မြစ်တဖက်ကမ်း မြို့နယ်တွေက ဒေသခံတွေ ဖြစ်မယ်ဆိုပေမယ့် ဒလနဲ့သယ်ပို့ပေးနေတဲ့ ကူးတို့သမ္ဗန်သမားတွေကလည်း သူတို့ အလုပ်မရှိတော့မယ့်အပေါ် စိတ်မကောင်း မဖြစ်ပါဘူးလို့ ပြောပါတယ်။

“ဟိုးငယ်ငယ်ကတည်းကပဲ နစ်မြုပ်ပြီး လူရာချီသေတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တယ်။ ဆိပ်ကမ်း ၁၁ ခု ပေါင်းလို့ ဒါကို မှီခိုတဲ့ လှေသမားမိသားစုက အလွန်ဆုံးရှိ ၅ဝ,ဝဝဝ ပေါ့။ တံတားဆောက်ပြီး လူသိန်းချီ ကောင်းစားသွားမှာဖြစ်တဲ့အတွက် ကျနော်တို့က အကြွင်းမဲ့ထောက်ခံပါတယ်” လို့ ကမာကသွယ် ကူးတို့ သမဝါယမအသင်းလီမိတက် အတွင်းရေးမှူး ဦးမောင်မောင်မြင့်က Myanmar Now ကို မကြာသေးခင်က ပြောပါတယ်။

နှစ် ၂ဝ ကြာ သမ္ဗန်မောင်းသက်ရှိတဲ့ ဦးထွန်းမြင့်ကလည်း တံတားတည်ဆောက်တဲ့အတွက် လှေထိုးသားတွေနဲ့ သူတို့ကိုမှီခိုသူတွေ ဝင်ငွေနည်းပါးနိုင်ပေမဲ့ အန္တရာယ်များတဲ့ ရေလမ်းခရီးကြောင့် တံတား အမြန်ပြီးဖို့ကို မျှော်လင့်တယ်လို့ ပြောပါတယ်။

ဒီတံတားကြီး ဆောက်ဖြစ်သွားပြီးတဲ့နောက်မှာ ဒီတံတားကြီးကို ကြည့်ပြီး ငိုရမယ့်သူတွေဟာ ဘယ်သူတွေ ဖြစ်လာမလဲ ဆိုတာကို မသိနိုင်သေးသလို နန်းတော်ရှေ့ဆရာတင် ရှိသေးရင်လည်း သီချင်းအသစ်တပုဒ် ထွက်လာဦးမလားလို့လည်း သိချင်စရာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading