ရေပန်းအစားဆုံး NLD အမတ်လောင်းမှာ ပြည်ခိုင်ဖြိုးထိပ်သီးနှင့် စီးပွားဖက်များဖြစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများအနက် ရန်ကုန်တိုင်းဝန်ကြီးချုပ်လောင်းဟု ထင်ကြေးပေးခံရသည့် ဦးရဲမင်းဦးသည် ပြည်ခိုင်ဖြိုးအစိုးရက ပြည်ခိုင်ဖြိုးထိပ်တန်းတာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးနန္ဒာလှမြင့်ကို လုပ်ကိုင်ခွင့်ပေးခဲ့သော ကျပ်သန်းထောင်ချီတန် အိမ်ရာစီမံကိန်းတွင် အကျိုးတူရင်းနှီးမြှုပ်နှံထားသည်။ 

Published on Nov 4, 2020
မဟာပြိုင်ဖက်ပါတီကြီးနှစ်ခု၏ ထိပ်သီးကြယ်ပွင့်နှစ်ဦးဖြစ်သူ ဦးရဲမင်းဦးနှင့် ဦးနန္ဒာလှမြင့်တို့မှာ   ယခင်ပြည်ခိုင်ဖြိုးအစိုးရလက်ထက်က ချပေးခဲ့သော ကျပ်ဘီလျံချီအိမ်ရာစီမံကိန်းကြီးတွင် အကျိုးတူလုပ်ကိုင်နေကြသည်။
မဟာပြိုင်ဖက်ပါတီကြီးနှစ်ခု၏ ထိပ်သီးကြယ်ပွင့်နှစ်ဦးဖြစ်သူ ဦးရဲမင်းဦးနှင့် ဦးနန္ဒာလှမြင့်တို့မှာ ယခင်ပြည်ခိုင်ဖြိုးအစိုးရလက်ထက်က ချပေးခဲ့သော ကျပ်ဘီလျံချီအိမ်ရာစီမံကိန်းကြီးတွင် အကျိုးတူလုပ်ကိုင်နေကြသည်။

အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တွင် ပါဝင်လုပ်ကိုင်သူများသည် မိမိတို့၏ လုပ်ရည်ကိုင်ရည်နှင့် လူမှုဆက်ဆံရေးကောင်းမွန်သည့် အရည်အသွေးများကြောင့် ပါတီတွင် ထိပ်တန်းရောက်သူများရှိသကဲ့သို့ ပါတီထိပ်တန်းလူကြီးများနှင့်  နီးစပ်မှုကြောင့် တစ်မုဟုတ်ချင်း ခေါင်းဆောင်ပိုင်းနေရာရသူများလည်း ရှိတတ်ကြသည်။ 

သို့ရာတွင် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှ ပေါက်ဖွားလာပြီး နှစ်ပေါင်းများစွာ စစ်အာဏာရှင်များ၏ ဖိနှိပ်ချုပ်ချယ်မှုခံခဲ့ရသော NLD ပါတီအတွင်းသို့ ဒုံးပျံကဲ့သို့ လျှင်မြန်စွာ အထူးနေရာရလာသူများတွင် အသက် ၄၄ နှစ်အရွယ် ဦးရဲမင်းဦးကိုမူ မည်သူမျှ မီနိုင်မည် မဟုတ်ပေ။ 

ခင်မင်ဖွယ်ရာ မျက်နှာထားရှိသူ ဦးရဲမင်းဦးသည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကာလ၌ NLD ပါတီ၏ လှုပ်ရှားမှုများတွင် ဝင်ရောက်ကူညီဆောင်ရွက်ပေးခဲ့ပြီး ထိုရွေးကောက်ပွဲအပြီးတွင် ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီနှင့် ဗဟိုစီးပွားရေးကော်မတီများတွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ 

ထို့နောက် ၂၀၁၉ နှစ်ဆန်းတွင် နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ထိုနှစ်ဇွန်လတွင် နိုင်ငံတော်သမ္မတရုံးအမိန့်ဖြင့် နေပြည်တော်ဒုတိယမြို့တော်ဝန်အဖြစ်လည်းကောင်း ခန့်အပ်ခံခဲ့ရကာ ထပ်မံ၍ ယခုနှစ်ဇွန်လတွင် လစ်လပ်နေသော ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးနေရာကို ရရှိခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင်  ဦးရဲမင်းဦးသည် NLD ပါတီကိုယ်စားပြုကာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒဂုံမြို့နယ်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ NLD ပါတီရွေးကောက်ပွဲနိုင်ပါက ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်လာမည်ဟု အထူးရေပန်းစားနေသူလည်းဖြစ်သည်။ 

အာဏာရ NLD ပါတီတွင် ထိပ်တန်းရောက်လာသူ ဦးရဲမင်းဦးသည် NLD ၏ မဟာပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတင်းပြန်ကြားရေးဆိုင်ရာတွင် မျက်နှာဖုံးဟုဆိုနိုင်သူ သက်တူရွယ်တူ အသက် ၄၄ နှစ်အရွယ် ဦးနန္ဒာလှမြင့်နှင့် စီးပွားဖက်များဖြစ်ကြပြီး ဘီလျံနှင့်ချီ တန်ဖိုးရှိသော အိမ်ရာစီမံကိန်းတစ်ခုတွင် အကျိုးတူရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။ 

ဦးရဲမင်းဦးသည် ထိုမတိုင်ခင်က စစ်အစိုးရလက်ထက် စစ်ဗိုလ်ချုပ်ကြီးများ၏ အရှိန်အဝါဖြင့် သစ်ထုတ်လုပ်ရေး၊ ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်းများနှင့် မြောက်မြားလှစွာသော အခြားစီးပွားရေးလုပ်ငန်းများဖြင့် ချမ်းသာကြွယ်ဝလာသူ ခရိုနီသူဌေးကြီး ဦးတေဇပိုင် ထူးကုမ္ပဏီအုပ်စုတွင် စီမံခန့်ခွဲမှုဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သည်။ 

ထိုရာထူးမှ သူသည် လွန်ခဲ့သည့်ငါးနှစ်ကျော်က နုတ်ထွက်ခဲ့ပြီး ၂၀၁၉ နှစ်ဆန်းမှပိုင်းစ၍ အစိုးရတာဝန်များထမ်းဆောင်နေသော်လည်း ထူးကုမ္ပဏီအုပ်စုထိပ်တန်းတာဝန်ရှိသူများပါဝင်သော Elite Telecom အမည်ရ ကုမ္ပဏီတွင် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ယမန်နှစ်ဒီဇင်ဘာလဆန်းပိုင်းထိ တာဝန်ထမ်းဆောင်နေကြောင်း မှတ်တမ်းများရှိနေသည်။  

ထို့ပြင် ဦးရဲမင်းဦးသည် အခြားသောပုဂ္ဂလိကကုမ္ပဏီ အနည်းဆုံး ၈ ခုတွင်လည်း ကုမ္ပဏီဥက္ကဌ၊ အုပ်ချုပ်မှုဒါရိုက်တာ၊ ဒါရိုက်တာရာထူးများဖြင့်လည်း ၂၀၁၉ နှောင်းပိုင်းထိ လုပ်ကိုင်ခဲ့သည်။ ထိုကုမ္ပဏီအချို့တွင် ဒါရိုက်တာ သို့မဟုတ် ပင်မရင်းနှီးမြုပ်နှံသူအဖြစ် ပါဝင်နေသူများသည် စစ်အစိုးရလက်ထက် အဆင့်မြင့်ရာထူးရရှိခဲ့သူများ၏ မိသားစုဝင်များ သို့တည်းမဟုတ် တပ်မတော်နှင့် ဆက်စပ်ပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများ ပါဝင်နေကြောင်း တွေ့ရှိရသည်။ 

ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ ဦးရဲမင်းဦးသည် ထိုသို့ ပုဂ္ဂလိကကုမ္ပဏီများတွင် လုပ်ကိုင်နေစဉ် အဆင့်မြင့်အစိုးရရာထူးများကိုလည်း တပြိုင်နက်တည်း တာဝန်ထမ်းဆောင်နေခဲ့ကြောင်း တွေ့ရှိရသဖြင့် အကျိုးစီးပွားပဋိပက္ခနှင့် ပတ်သက်၍ မေးခွန်းများထုတ်စရာအကြောင်းရှိနေသည်။ 

ယခုအချိန်တွင် ဦးရဲမင်းဦးကိုယ်တိုင် တရားဝင်ရာထူးယူထားခြင်း မရှိတော့သော်လည်း ၎င်း၏ဇနီးဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒေါ်အေးနန္ဒာစိမ်းမှာ ထိုကုမ္ပဏီများတွင် ထိပ်တန်းနေရာမှ ပါဝင်လုပ်ကိုင်နေဆဲဖြစ်သည်။ 

ပြည်ခိုင်ဖြိုး ထိပ်တန်းခေါင်းဆောင်နှင့် အကျိုးတူစီးပွား

ဦးရဲမင်းဦးနှင့် ပတ်သက်နေသော ကုမ္ပဏီများအနက် ၎င်းပိုင်ဆိုင်သည်ဟု ယူဆရသော ကုမ္ပဏီတစ်ခုမှာ ၂၀၁၄ ခုနှစ် ဩဂုတ်လ ၁၈ ရက်စွဲဖြင့် တရားဝင်မှတ်ပုံတင်ထူထောင်ခဲ့သော Grand National Capital ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သည်။ 

ထိုကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့တွင် ဦးရဲမင်းဦးနှင့် ၎င်း၏ဇနီး ဒေါ်အေးနန္ဒာစိမ်းတို့ ပါဝင်ပြီး ကုမ္ပဏီလိပ်စာအဖြစ် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် အိမ်အမှတ် ၃၇၁၊ ၈ လမ်း၊ အမှတ် ၁၁ ရပ်ကွက်လိပ်စာဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ ရေထွက်ကွင်းရပ်ကွက် လိပ်စာဖြင့်လည်းကောင်း မှတ်ပုံတင်ထားသည်။

ထိုကုမ္ပဏီသည် ပြည်ခိုင်ဖြိုးမျိုးဆက်သစ်ခေါင်းဆောင်ပိုင်းမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးနန္ဒာလှမြင့် ပိုင်ဆိုင်သော မင်းကျန်စစ်ဆောက်လုပ်ရေးကုမ္ပဏီနှင့် ပူးပေါင်းပြီး ကျပ်သန်းထောင်ချီသော အိမ်ရာစီမံကိန်းကြီးတစ်ခုတွင် အကျိုးတူပူးပေါင်းလုပ်ကိုင်ရန် ထူထောင်ခဲ့ခြင်းဖြစ်သည်။

ထိုစီမံကိန်းမှာ ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် ရှမ်းပြည်နယ်အစိုးရ၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တောင်ကြီးမြို့ အေးသာယာအရပ်တွင် အကောင်အထည်ဖော် တည်ဆောက်မည့် အေးသာယာ ပြည်သူ့ဝန်ထမ်းအိမ်ရာစီမံကိန်းဖြစ်သည်။ အငြိမ်းစားဝန်ထမ်းများကို ဦးစားပေးရောင်းချရန် ရည်ရွယ်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၄ ခန်းတွဲ ၅ ထပ်တိုက် ၁၃၃ လုံး ပါဝင်တည်ဆောက်မည့် စီမံကိန်းဖြစ်သည်။ 

ထိုစီမံကိန်းအတွက် ရှမ်းပြည်နယ်အစိုးရက လေလံခေါ်ခဲ့သော်လည်း လေလံဆုံးဖြတ်ချက် မထွက်မီပင် ဦးနန္ဒာလှမြင့်သည် ဦးရဲမင်းဦးအပြင် အခြားသော ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ထိုအိမ်ရာစီမံကိန်းတွင် ပါဝင်ခဲ့သူများက ပြောဆိုသည်။

စီမံကိန်း လေလံဆုံးဖြတ်ချက် မကျခင်အချိန်ကတည်းကပင် ဦးနန္ဒာလှမြင့်၏ အကူအညီတောင်းခံမှုကြောင့် မြေယာတိုင်းတာခြင်း၊ မြေကွက်ဖော်ဆောင်ခြင်းများကို ဆောင်ရွက်ပေးခဲ့ရသည်ဟု ထိုစီမံကိန်းတွင် ပါဝင်ခဲ့သူ A2Z ဆောက်လုပ်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဝင်းက Myanmar Now ကို ပြောသည်။

ထို့ပြင် အိမ်ရာစီမံကိန်းတွင် ပါဝင်လိုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ကာ စီမံကိန်းလေလံမ အောင်မြင်ခင်အချိန်ကတည်းက ဦးနန္ဒာလှမြင့်နှင့် တွေ့ဆုံပေးခဲ့ရသည်ဟု ၎င်းက ပြောသည်။ 

ဦးအောင်ဝင်း၏ A2Z ကုမ္ပဏီသည် အေးသာယာအိမ်ရာစီမံကိန်းတွင် ၄ ခန်းတွဲ ၅ ထပ်တိုက် အဆောက်အအုံ ၄ လုံးဆောက်လုပ်ခွင့် ရရှိခဲ့ပြီး ထိုကုန်ကျစရိတ်ငွေကြေးများကို ပေးချေခြင်းမရှိသည့်အတွက် ဦးနန္ဒာလှမြင့်၏ မင်းကျန်စစ်ကုမ္ပဏီကို ၂၀၁၅ ခုနှစ်ကတည်းက တရားစွဲဆိုခဲ့သည်။ ထိုအမှုမှာ ယနေ့အချိန်ထိ ပြီးပြတ်ခြင်း မရှိသေးပေ။

‌အိမ်ရာစီမံကိန်း လေလံဆုံးဖြတ်ချက် မကျမီ ထိုသို့ အဖြေကြိုသိနေသော ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးနန္ဒာလှမြင့်ကို လက်တွေ့၌လည်း ပြည်ခိုင်ဖြိုးအစိုးရက ၂၀၁၄ ခုနှစ်တွင် စီမံကိန်းလုပ်ကိုင်ခွင့် ပေးခဲ့သည့်အပြင် ပြည်နယ်အစိုးရ၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ငွေကျပ် ၄ ဘီလျံ (ကျပ်သိန်းပေါင်း လေးသောင်း) ထုတ်ချေးခဲ့သည်။ 

ထိုအချိန်တွင် စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် ဦးရဲမင်းဦးနှင့် ဦးနန္ဒာလှမြင့်တို့ လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။ 

‌ဦးရဲမင်းဦးက သူ၏ GNC ဆောက်လုပ်ရေးကုမ္ပဏီကို တရားဝင်မှတ်ပုံတင်ပြီး ၁၆ ရက်အကြာ ၂၀၁၄ စက်တင်ဘာ ၃ ရက်နေ့တွင် ဦးနန္ဒာလှမြင့်ပိုင် မင်းကျန်စစ်ကုမ္ပဏီနှင့် 'အေးသာယာပြည်သူ့အိမ်ရာစီမံကိန်း အဆောက်အဦးများ တည်ဆောက်ခြင်းဆိုင်ရာ' စာချုပ်ကို တောင်ကြီးမြို့တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ထိုစာချုပ်အရ GNC သည် ၄ ခန်းတွဲ ၅ ထပ် အဆောက်အအုံ ၄၈ လုံးတည်ဆောက်ပေးရမည်ဖြစ်ပြီး၊ စီမံကိန်းတွင် မင်းကျန်စစ်ကုမ္ပဏီ၏ ထပ်ဆင့်ကန်ထရိုက်ကုမ္ပဏီ ဖြစ်လာခဲ့သည်။ 

မင်းကျန်စစ်ကုမ္ပဏီအနေဖြင့် ၂၀၁၇ ခုနှစ် ဇွန်လတွင် ရှမ်းပြည်နယ်အစိုးရထံ အိမ်ရာစီမံကိန်းကို အပြီးသတ်လွှဲအပ်ရမည်ဖြစ်သော်လည်း လွှဲအပ်နိုင်ခြင်းမရှိသောကြောင့် အတိုးအရင်းပေါင်း ငွေကျပ် ၆ ဘီလျံ အကြွေးတင်ခဲ့သည့် အခြေအနေဆိုက်ရောက်လာသည်။ တစ်ဖက်တွင်လည်း ဦးရဲမင်းဦးနှင့် ဦးနန္ဒာလှမြင့်ပိုင် ကုမ္ပဏီများအကြား ငွေကြေးပြဿနာများ ပေါ်ပေါက်ခဲ့သည်။ 

မင်းကျန်စစ်ကုမ္ပဏီနှင့် GNC ကုမ္ပဏီတို့ကြား ချုပ်ဆိုထားသည့် စာချုပ်ပါသတ်မှတ်ချက်များအတိုင်း တိုက်ခန်းများ ပြီးစီးခဲ့သော်လည်း ပေးချေရမည့် ငွေကျပ် သိန်းငါးသောင်းကျော်ကို ဦးနန္ဒာလှမြင့်က ပေးချေနိုင်ခြင်း မရှိကြောင်း သိရှိရသည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် GNC ကုမ္ပဏီက လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့သည်။ 

‌ထို့နောက် မင်းကျန်စစ်ကုမ္ပဏီက ပေးချေရမည့် ငွေကြေးများ ပေးဆပ်နိုင်သည့် အခြေအနေမရှိသည့်အတွက် ၎င်းတာဝန်ယူတည်ဆောက်နေသည့် တိုက်ခန်းများကို GNC ကုမ္ပဏီအမည်ဖြင့်သာ ဆက်လက်တည်ဆောက်ခွင့်ပြုရန် ရှမ်းပြည်နယ်အစိုးရထံ ဦးရဲမင်းဦးက ၂၀၁၇ ခုနှစ်တွင် အသနားခံစာ တင်သွင်းခဲ့သည်။ 

အေးသာယာအိမ်ရာစီမံကိန်းကို ငွေကြေးစိုက်ထုတ်ပြီး ဆက်လက်လုပ်ကိုင်ခွင့် ရရှိရန် ၂၀၁၉ ခုနှစ် အကုန်ပိုင်းတွင် GNC ကုမ္ပဏီက ရှမ်းပြည်နယ်အစိုးရနှင့် လာရောက်တွေ့ဆုံညှိနှိုင်းခဲ့သည်ဟု အမည်မဖော်လိုသည့် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက Myanmar Now ကို ပြောသည်။ 

မင်းကျန်စစ်ကုမ္ပဏီနှင့် ရှမ်းပြည်နယ်အစိုးရအကြား၊ မင်းကျန်စစ်နှင့်  GNC တို့အကြား ကျပ်သန်းထောင်ပေါင်းများစွာ ငွေကြေးအရှုပ်အရှင်း ဖြစ်ပေါ်နေချိန် ထိုကာလ၌ပင် ဦးရဲမင်းဦးမှာ နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌနှင့် နေပြည်တော်ဒုမြို့တော်ဝန်ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် သူသည် GNC ကုမ္ပဏီနှင့် အခြားကုမ္ပဏီများစွာတွင် တရားဝင်ရာထူးများယူထားဆဲဖြစ်သည်။ 

ဦးရဲမင်းဦးသည် နေပြည်တော်စည်ပင်ဘဏ် ဥက္ကဋ္ဌဖြစ်လာပြီး ၁၀ လအကြာ ၂၀၁၉ စက်တင်ဘာမှသာ GNC ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။ သို့သော် ၎င်း၏ဇနီး ဒေါ်အေးနန္ဒာစိမ်းမှာမူ ယနေ့ အချိန်ထိ GNC ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ယူထားသည်။ 

အိမ်ရာစီမံကိန်းပြဿနာများကို ဖြေရှင်းရန် အဓိကရင်းနှီးမြှုပ်နှံသည့် မင်းကျန်စစ်ကုမ္ပဏီနှင့် GNC ကုမ္ပဏီတာဝန်ရှိသူများကို ယခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရက ခေါ်ယူတွေ့ဆုံခဲ့သည်။ ရှမ်းပြည်နယ်အစိုးရ၊ ပြည်နယ်ဥပဒေချုပ်၊ မင်းကျန်စစ်ကုမ္ပဏီနှင့် GNC ကုမ္ပဏီတို့ တွေ့ဆုံဆွေးနွေးရာ တွင် ဦးရဲမင်းဦးကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက Myanmar Now ကို ပြောကြားသည်။  

Myanmar Now က ရရှိထားသော ထိုအစည်းအဝေး၏ ရလဒ်သဘောတူစာချုပ်အရ ရှမ်းပြည်နယ်အစိုးရအား တင်ကျန်နေသော ကျပ်သန်း ၄၀၀၀ အနက် ဦးနန္ဒာလှမြင့်ကုမ္ပဏီက ၂၀၂၁ မတ်လ နောက်ဆုံးထား၍ ကျပ်သန်း ၁၆၀၀၊ ထပ်ဆင့်ကန်ထရိုက်ဆွဲသူ ဦးရဲမင်းဦး၏ကုမ္ပဏီက ရက်ပေါင်း ၆၀ အတွင်း ကျပ်သန်း ၂၄၀၀ ပေးသွင်းရမည်ဖြစ်သည်။ 

ဦးရဲမင်းဦးကုမွဏီမှာမူ အကြွေးပေးရမည့် သတ်မှတ်ရက်ကို ကျော်လွန်သွားပြီဖြစ်၍ အကြွေးပေးသွင်းခွင့် ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးထားပြီး သက်တမ်းသုံးလ တိုးပေးရန် ရှမ်းပြည်နယ်အစိုးရထံ အသနားခံစာ တင်ပြထားကြောင်းလည်း ဦးနေလင်းက ဆိုသည်။

"ကိုဗစ်အခြေအနေတွေကြောင့် သက်တမ်းတိုးပေးဖို့ တောင်းထားတာပါ။ ဒီလျှောက်ထားချက်နဲ့ ပတ်သက်ပြီး Cabinet အဖွဲ့က (ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေး) ဆုံးဖြတ်မှာပါ။ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၃ လောက်ဖြစ်မယ်" ဟု ၎င်းက ဆိုသည်။ 

ဦးရဲမင်းဦး၏ GNC ကုမ္ပဏီမှာ အေးသာယာအိမ်ရာစီမံကိန်းတွင် Sub-Contractor အနေဖြင့် လုပ်ကိုင်နေသည့်ကုမ္ပဏီဖြစ်ပြီး ဦးနန္ဒာလှမြင့်၏ မင်းကျန်စစ်ကုမ္ပဏီနှင့် ပတ်သက်သော တိုင်တန်းမှုများ ပေါ်ပေါက်လာမှသာ အဆိုပါကုမ္ပဏီများကို ခေါ်ယူညှိနှိုင်းစဉ် GNC ကုမ္ပဏီအကြောင်း သိရှိခဲ့ရသည်ဟုလည်း  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး ဦးစိုးညွန့်လွင်က Myanmar Now ကို ပြောသည်။

“အရင်အစိုးရလက်ထက်တုန်းက သူတို့ရဲ့ Co-partner (စီးပွားဖက်) တွေထင်ပါတယ်။ အဲဒါတော့ ကျွန်တော်မသိဘူးဗျ။ နည်းနည်းတော့ ရှုပ်ထွေးတယ်” ဟု ၎င်းက ပြောသည်။ 

dagon_township_candidate_ye_min_oo.jpg

ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်စီမံဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦး ၎င်းမဲဆန္ဒနယ်အတွင်းရှိ မဲဆန္ဒရှင်များကို လိုက်လံတွေ့ဆုံနေသည်ကို စက်တင်ဘာ ၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးရဲမင်းဦး Facebook)

GNC ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ စိုင်းဇေစမ်းကမူ GNC သည် ယခုအခါ ထိုအိမ်ရာစီမံကိန်းတွင် အများဆုံးဆောက်လုပ်ခွင့် ရရှိထားသည့်ကုမ္ပဏီဖြစ်ပြီး၊၂၀၂၀ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလတွင် လုပ်ငန်းများပြန်လည်လည်ပတ်မည်ဖြစ်ကြောင်း ယခုနှစ် အောက်တိုဘာလဆန်းပိုင်းတွင် Myanmar Now ကို ပြောသည်။ 

အခြားအကြွေးများ  

ဦးရဲမင်းဦး၏ GNC ကုမ္ပဏီသည် အေးသာယာအိမ်ရာစီမံကိန်းရှိ စက်ယန္တရားများကို အပေါင်ပစ္စည်းအဖြစ်ထားရှိပြီး ပုဂ္ဂလိကဘဏ်ကြီးတစ်ခုမှ ၂၀၁၆ ခုနှစ်တွင် ကျပ်ငွေ ၇ ဘီလျံကျော် ချေးယူခဲ့ရာ ၂၀၂၀ ဇွန်လတွင် အတိုးနှင့်အရင်းပေါင်း ကျပ်ငွေ ၉ ဒသမ ၇၆၆ ဘီလျံကျော် အကြွေးတင်နေပြီဖြစ်ကြောင်း ငွေကြေးနှင့် စီးပွားရေးကိစ္စများအား စိစစ်ရသည့် နေပြည်တော်ရှိ လွှတ်တော်ကော်မတီတစ်ခုတွင် ပါဝင်နေသူ လွှတ်တော်အမတ်တစ်ဦးက Myanmar Now ကို ပြောကြားထားသည်။

“ဥပဒေကြောင်းအရဆိုရင်တော့ ဘဏ်က နာမှာပေါ့။ သူက အပေါင်ထားတဲ့ပစ္စည်း သိမ်းရုံပဲ တတ်နိုင်မှာလေ။ သူအပေါင်ထားတဲ့ပစ္စည်းကလည်း ခုချိန်ဆို ရှိချင်မှတောင် ရှိတော့မှာလေ” ဟု အမည်မဖော်လိုသည့် ထိုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။ 

ဦးရဲမင်းဦးပိုင် GNC ကုမ္ပဏီသည် ဘီလျံနှင့်ချီသော ထိုချေးငွေများကို ပေးဆပ်နိုင်သည့် ဝင်ငွေ ရပေါက်ရလမ်းမရှိသည့်အတွက် စောင့်ကြည့်နေသည်ဟုလည်း ၎င်းက ပြောသည်။ 

ဗဟိုဘဏ်စည်းမျဉ်းစည်းကမ်းများအရ ဘဏ်ချေးယူငွေများကို သက်ဆိုင်သည့်ဘဏ်က ဆိုင်းငံ့ပေးထားပင်လျှင် သုံးနှစ်အတွင်း အကြေပြန်လည်မပေးဆပ်နိုင်ပါက ထိုချေးငွေများသည် (Default Loan) ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသော ချေးငွေဟု ယူဆနိုင်ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။  

ထိုကဲ့သို့ ကြွေးမြီ ပုံမှန်ပြန်မဆပ်နိုင်သူတစ်ဦး ဘဏ်ဥက္ကဌဖြစ်နေခြင်းသည် ဗဟိုဘဏ်က ချမှတ်ထားသည့် ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် မလျော်ညီဟု ပြောနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။ 

Myanmar Now က ရရှိထားသည့် အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးနိုင်ရန် ဗဟိုဘဏ်ကို ဆက်သွယ်မေးမြန်းရာတွင် ဘဏ်ဥပဒေအရ ငွေးကြေးအဖွဲ့အစည်းတစ်ခုနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို ထုတ်ဖော်မပေးနိုင်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်၏ မင်းကျန်စစ်ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့သော အေးသာယာအိမ်ရာစီမံကိန်းတွင် ပါဝင်လုပ်ကိုင်ခဲ့ပုံနှင့် အဆိုပါစီမံကိန်းတစ်ခုလုံးကို GNC ကုမ္ပဏီက ဆက်လက်ဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ဘဏ်ကြွေးမြီများနှင့် ပတ်သက်၍လည်းကောင်း ဦးရဲမင်းဦးကို တွေ့ဆုံမေးမြန်းခွင့်ရရှိရန် Myanmar Now က ဖုန်းအကြိမ်ကြိမ်ဆက်၍လည်းကောင်း၊ မေးလိုသည့်မေးခွန်းများကို စာတိုက်မှတစ်ဆင့် ပေးပို့ခြင်းဖြင့်လည်းကောင်း အမျိုးမျိုးအဖုံဖုံ ကြိုးပမ်းခဲ့သည်။

အချိန် ၂ လကျော်ကြာ ဆက်သွယ်စောင့်ဆိုင်းပြီးနောက် Myanmar Now က ပေးပို့ခဲ့သည့် မေးခွန်းများနှင့် ပတ်သက်၍ မည်သို့မျှ ပြောစရာမရှိကြောင်း ဦးရဲမင်းဦးက အောက်တိုဘာ ၂၈ ရက်တွင် Facebook Messenger မှတဆင့် အကြောင်းပြန်ကြားခဲ့သည်။ 

“ကျွန်တော်အနေနဲ့ ပြောစရာ မရှိပါ။ မှန်တယ်ဆိုတာ သေချာရင် ရေးပါ” ဟုသာ ၎င်းက အကြောင်းပြန်ခဲ့သည်။ 

၎င်း၏စီးပွားဖက်ဖြစ်သူ ဦးနန္ဒာလှမြင့်ကလည်း ဦးရဲမင်းဦးနှင့်အတူ စီးပွားရေးလုပ်ကိုင်နေမှု အခြေအနေများနှင့်ပတ်သက်၍ Myanmar Now ကို အသေးစိတ်ပြောဆိုရန် ငြင်းဆန်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုသာလျှင် မေးမြန်းပါရန် ပြောဆိုသည်။ 

အကျိုးစီးပွား ပဋိပက္ခဖြစ်ဖွယ် စီးပွားရေးလုပ်ငန်းများ

general_thein_sein_and_ye_min_oo.jpg

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးခါစအချိန်တွင် ဧရာဝတီတိုင်းသို့ လာရောက်ကြည့်ရှုခဲ့သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် တာဝန်ရှိသူများကို ထူးကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးရဲမင်းဦး လက်ခံကြိုဆိုခဲ့စဉ်။ 

ဦးရဲမင်းဦးသည် ဦးတေဇ၏ ထူးကုမ္ပဏီနှင့် AGD ဘဏ်တို့တွင် ရာထူးကြီးမြင့်ခဲ့သူတစ်ယောက်ဖြစ်ခဲ့သည့်အပြင် အခြားသော ပုဂ္ဂလိကကုမ္ပဏီများနှင့် ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း ဒါရိုက်တာအဖြစ်လည်းကောင်း၊ အကြံပေးဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ဖူးသည်။ 

ဦးရဲမင်းဦးသည် ၂၀၁၄ ခုနှစ်တွင် ဦးတေဇ၏ ထူးကုမ္ပဏီလုပ်ငန်းများမှ နုတ်ထွက်ပြီးနောက် ကိုယ်ပိုင်ကုမ္ပဏီများဖြစ်သည့် Grand National Capital (GNC) ဆောက်လုပ်ရေးကုမ္ပဏီ၊ Sky Capital ကုမ္ပဏီနှင့် Atlas Veritas Aequitas (AVA) တို့ကို တည်ထောင်ခဲ့သည်။ 

၎င်းပိုင်ကုမ္ပဏီများအပြင် အချို့သောကုမ္ပဏီများတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒါရိုက်တာအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပြီး ဦးရဲမင်းဦးကိုယ်တိုင် ဦးစီးလုပ်ကိုင်ခဲ့သည့် အနည်းဆုံး ကုမ္ပဏီ ၉ ခုကို Myanmar Now က တွေ့ရှိရသည်။ 

ဦးရဲမင်းဦးသည် ‌နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌအဖြစ် ၂၀၁၉ နှစ်ဆန်းပိုင်းတွင်လည်းကောင်း၊ ထိုနှစ် ဇွန်လတွင်ပင် နေပြည်တော် ဒုမြို့တော်ဝန်အဖြစ်လည်းကောင်း စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်တိုင်းစီမံဘဏ္ဍာဝန်ကြီးအဖြစ် ၂၀၂၀ ဇွန်လတွင် စတင်တာဝန်ယူခဲ့သည်။ 

ထိုသို့ နိုင်ငံ့တာဝန်များ ထမ်းဆောင်နေချိန်အထိ ၎င်းပိုင်ဆိုင်သည့် ကုမ္ပဏီများနှင့် အချို့သော ပုဂ္ဂလိကကုမ္ပဏီများတွင် နုတ်ထွက်ခြင်းမပြုဘဲ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဆက်လက်ထမ်းဆောင်ခဲ့သည်ကို ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုညွှန်ကြားမှုဦးစီးဌာန (DICA) ၏ အချက်အလက်များအရ သိရှိရသည်။

ဦးရဲမင်းဦးသည် Goen Mandalay ကုမ္ပဏီ၊ Elite Telecom Public ကုမ္ပဏီ၊ Atlas Veritas Aequitas (AVA) ကုမ္ပဏီ၊ Rakhine Coastline Development Public ကုမ္ပဏီ၊  Trust Venture Partners ကုမ္ပဏီ၊ Pinus Pinster ကုမ္ပဏီ၊ Inle Future Development အများပိုင်ကုမ္ပဏီနှင့် Grand National Capital (GNC) ကုမ္ပဏီများတွင် အစိုးရရာထူးတာဝန်များ ယူထားပြီးချိန်အထိ ဆက်လက်လုပ်ကိုင်ခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာနှင့် ဒီဇင်ဘာလအတွင်းမှသာ ထိုကုမ္ပဏီအများစုတွင် တာဝန်ယူထားသည့် ရာထူးများမှ နုတ်ထွက်ခဲ့သည်။ ထို့ပြင် ကုမ္ပဏီ ၂ ခုမှ ရာထူးများကို ယခုနှစ် နှစ်ဆန်းပိုင်းနှင့် လွန်ခဲ့သည့် အောက်တိုဘာလကမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ 

သို့သော် ထိုကုမ္ပဏီအများစုတွင် ၎င်း၏ဇနီးဖြစ်သူ ဒေါ်အေးနန္ဒာစိမ်းက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒါရိုက်တာအဖြစ်လည်းကောင်း ဆက်လက်တာဝန်ယူ လုပ်ကိုင်လျက်ရှိသည်။

ဦးရဲမင်းဦးသည် ထူးကုမ္ပဏီမှ ၂၀၁၄ ခုနှစ်တွင် ထွက်ခွာခဲ့ပြီဖြစ်သော်လည်း ၎င်းသည် လက်ရှိအချိန်ထိ ထူးကုမ္ပဏီ၏ အကျိုးစီးပွားကိစ္စရပ်များနှင့် ဆက်နွယ်နေသည်ဟု ယူဆစရာရှိသည်။ 

အကြောင်းမှာ ၂၀၁၉ ဒီဇင်ဘာ ၂၀ ရက်အထိ ဦးရဲမင်းဦး ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Elite Telecom Public ကုမ္ပဏီတွင် လက်ရှိအချိန်ထိ ဒါရိုက်တာများအဖြစ် ပါဝင်နေသူများမှာ ထူးကုမ္ပဏီအုပ်စု၏ လုပ်ငန်းများတွင်လည်း ထိပ်တန်းတာဝန်ယူထားသူများဖြစ်ကြောင်း DICA မှတ်တမ်းများအရ သိရသည်။

Elite Telecom Public ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ အသက် ၆၇ နှစ်အရွယ် ဦးဇော်မင်း (ခ) လုလု (ခ) ချန်ကွမ်းလု (Chang Kwan Lu) မှာ ဦးတေဇ၏ ထိပ်တန်းလက်ရုံးတစ်ဦးဖြစ်ပြီး ၎င်းသည် လက်ရှိတွင် ထူးကျောက်မျက်ကုမ္ပဏီတွင် ဒါရိုက်တာအဖြစ်လည်းကောင်း၊ လူမှုရေးကိစ္စရပ်များကူညီရန် ဦးတေဇ ထူထောင်ထားသော ထူးဖောင်ဒေးရှင်း၏ နာယကအဖြစ်လည်းကောင်း တာဝန်ယူထားသူဖြစ်သည်။ 

ဦးဇော်မင်း (ခ) ချန်ကွမ်းလုသည် စစ်ကိုင်းတိုင်း မုံရွာမြို့တစ်ဖက်ကမ်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ဝင်ရောက်လုပ်ကိုင်နေသော ကနေဒါသတ္တုကုမ္ပဏီမှ နုတ်ထွက်သွားပြီးနောက် တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီကြီးဖြစ်သော Norinco ၏ လက်အောက်ခံ ဝမ်ပေါင်ကုမ္ပဏီကို စီမံကိန်းတွင်ပါဝင်လာစေရန် ညှိနှိုင်းပေးခဲ့သူတစ်ဦးဟု ဝီကိလိခ်အဖွဲ့က ဖွင့်ချခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ လျှို့ဝှက်အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ 

ye_min_oo_and_u_zaw_min.jpg

ထူးကျောက်မျက်ကုမ္ပဏီဒါရိုက်တာနှင့် ထူးဖောင်ဒေးရှင်းနာယကဖြစ်သူ ဦးဇော်မင်းနှင့်  ဦးရဲမင်းဦးတို့ ၂၀၁၉ နှစ်ကုန်ထိ ဒါရိုက်တာများအဖြစ် Elite Telecom တွင် အတူတကွလုပ်ကိုင်ခဲ့သည်ကိုတွေ့ရှိရသည်။ (ဂရပ်ဖစ် - မိုးထက်လျှမ်း/Myanmar Now)

နောက်ထပ် Elite Telecom Public ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးအဖြစ် ၂၀၁၉ နှစ်ကုန်ထိ တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၃၇ နှစ်ရှိ ဦးချမ်းငြိမ်းဇော်သည်လည်း လက်ရှိတွင် ထူးကုမ္ပဏီလက်အောက်ရှိ AGD ဘဏ်တွင် ဒါရိုက်တာတစ်ဦးအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။  

ဦးရဲမင်းဦးပိုင်ဖြစ်သော GNC ကုမ္ပဏီ၏ ဒါရိုက်တာများဖြစ်သည့် ဦးကျော်သီဟနှင့် ဦးသန်းဇော်ဝင်းတို့သည်လည်း ထူးကုမ္ပဏီအုပ်စုတွင် လုပ်ကိုင်ခဲ့ကြသူများဖြစ်သည်။

အစိုးတာဝန်များထမ်းဆောင်ရင်း ယခုနှစ် စက်တင်ဘာ ၂၉ ရက်အထိ ဦးရဲမင်းဦး ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သည့် အခြားပုဂ္ဂလိကကုမ္ပဏီတစ်ခုမှာ ဘဏ္ဍာရေးဆိုင်ရာအကြံပေး၊ သုတေသနနှင့် လူသားအရင်းအမြစ်များဆိုင်ရာ ဝန်ဆောင်မှုပေးသည့် Trust Venture Partners ကုမ္ပဏီဖြစ်သည်။ 

ထိုကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်သူမှာ စစ်အစိုးရလက်ထက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဟောင်းနှင့် ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်အမတ်ဟောင်းဖြစ်သူ ဦးစိုးသာ၏သား အသက် ၄၀ အရွယ် ဦးအောင်စိုးသာဖြစ်သည်။ 

ဦးရဲမင်းဦးသည် နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌအဖြစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ခန့်အပ်ခံရသည့်အချိန်ထိ Ayeyarwaddy Farmers Development ဘဏ်တွင်လည်း ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သည်။ 

A Bank ဟု လူသိများသည့် ထိုဘဏ်ကို ဧရာဟင်္သာကုမ္ပဏီလုပ်ငန်းစုနှင့် ဝိတိုရီယဆေးရုံပိုင်ရှင် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဇော်ဝင်းရှိန်က ၂၀၁၄ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဦးဇော်ဝင်းရှိန်သည် ရန်ကုန်စစ်သမိုင်းပြတိုက်နေရာဟောင်းတွင် ဂျပန်ကုမ္ပဏီများနှင့် ပူးပေါင်းကာ အဆင့်မြင့်ဟိုတယ်နှင့် ရုံးခန်းများပါဝင်သော Y Complex စီမံကိန်းကို လုပ်ကိုင်နေသူဖြစ်သည်။ 

ဦးဇော်ဝင်းရှိန်က ထိုစီမံကိန်းမြေနေရာအတွက် တပ်မတော်စစ်ထောက်ချုပ်ရုံးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တို့ထံမှ တစ်နှစ်ကို အမေရိကန်ဒေါ်လာ နှစ်သန်းကျော်ဖြင့် နှစ်ပေါင်း ၅၀ ငှားရမ်းထားကြောင်း Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။ 

နိုင်ငံဝန်ထမ်းဥပဒေနှင့် ငြိစွန်းမှုရှိမရှိ 

ပုဂ္ဂလိကကုမ္ပဏီတစ်ခုခုတွင် တာဝန်ထမ်းဆောင်နေသူသည် ကုမ္ပဏီ၏အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရမည်ဟု ၂၀၁၇ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ အခန်း (၁၈) တွင် ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ကုမ္ပဏီတာဝန်များနှင့် အစိုးရတာဝန်များ ပူးတွဲထမ်းဆောင်ပါက အကျိုးစီးပွားပဋိပက္ခဖြစ်နိုင်စရာ အခြေအနေများပေါ်ပေါက်နေသည်။ 

ယခုနှစ်အစောပိုင်းက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဦးနီအောင်နှင့် အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင်သည် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်နေသည့်အတွက် ၂၀၁၃ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၁၀ (စ) နှင့် ၃၇ တို့အရ ဥပဒေနှင့် မညီညွတ်ကြောင်း တွေ့ရှိရသဖြင့် ၎င်းတို့နှစ်ဦးကို နိုင်ငံတော်သမ္မတရုံးအမိန့်ဖြင့် ဦးပိုင်ဒါရိုက်တာရာထူးများမှ နုတ်ထွက်စေခဲ့သည်။ 

အလားတူပင် ဦးရဲမင်းဦးသည်လည်း နိုင်ငံ့တာဝန်များ ထမ်းဆောင်နေချိန်ထိ ၎င်းတည်ထောင်ထားသည့် ကုမ္ပဏီများနှင့် အခြားပုဂ္ဂလိကကုမ္ပဏီများတွင် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ပူးတွဲလုပ်ကိုင်ခဲ့သည်မှာ နိုင်ငံ့ဝန်ထမ်းဥပဒေပါ ပုဒ်မများဖြင့် ငြိစွန်းခြင်း ရှိမရှိ မေးခွန်းထုတ်စရာဖြစ်နေသည်။

၂၀၁၉ ဇန်နဝါရီမှစ၍ ၎င်း နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌဖြစ်ပြီးနောက်ပိုင်း ၂၀၁၉ စက်တင်ဘာအထိ ဦးရဲမင်းဦးသည် Grand National Capital ဆောက်လုပ်ရေးကုမ္ပဏီနှင့် ရခိုင်ကမ်းရိုးတန်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတွင် အုပ်ချုပ်မှုဒါရိုက်တာနှင့် ကုမ္ပဏီဥက္ကဌအဖြစ်လည်းကောင်း၊ ၂၀၁၉ နိုဝင်ဘာလထိ PINUS PINASTER (THE PINE TREE) LIMITED တွင် ဒါရိုက်တာအဖြစ်လည်းကောင်း၊ AGD ဘဏ်နှင့် ထူးကျောက်မျက်ကုမ္ပဏီမှ ဒါရိုက်တာများပါဝင်သော Elite Telecom ကုမ္ပဏီတွင် ၂၀၁၉ ဒီဇင်ဘာထိ ဒါရိုက်တာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ 

၂၀၂၀ ဇွန်လမှစ၍ ဦးရဲမင်းဦးသည် ရန်ကုန်တိုင်းစီမံဘဏ္ဍာဝန်ကြီးအဖြစ် ထပ်မံခန့်အပ်ခံရပြီး တာဝန်ထမ်းဆောင်ချိန်အထိ Trust Venture Partners ကုမ္ပဏီတွင် ဒါရိုက်တာအဖြစ် ၂၀၂၀ စက်တင်ဘာလဆန်းထိ အမည်ပေါက်နေကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာန မှတ်တမ်းများတွင် တွေ့ရှိရသည်။ 

ထိုသို့သော အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးအား မေးခွန်းများ ယမန်နေ့က ပေးပို့ပြီး ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာဖြေကြားမှု မရရှိသေးပါ။ 

ကုမ္ပဏီများ၊ အစိုးရအဖွဲ့အစည်းများ ကျင့်ဝတ်နှင့် ညီညွတ်စေရန် စောင့်ကြည့်လေ့လာနေသော Myanmar Alliance for Transparency and Accountability အဖွဲ့မှ တာဝန်ရှိသူ ကိုရဲလင်းမြင့်ကမူ မြန်မာနိုင်ငံတွင် အကျိုးစီးပွားပဋိပက္ခမဖြစ်ပေါ်စေရန် တားဆီးထိန်းချုပ်သည့် မူဝါဒများမရှိသေးကြောင်း၊ ဦးရဲမင်းဦးအပါအဝင် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအားလုံးသည် ကိုယ်တိုင်သို့မဟုတ် အနီးကပ်မိသားစုဝင်များပါဝင်နေသော စီးပွားရေးလုပ်ငန်းများကို မဲဆန္ဒရှင်ပြည်သူတွေကို ချပြဖို့ လိုအပ်ကြောင်း ထောက်ပြပြောဆိုသည်။ 

"လူငယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံရေးမှာ ပါဝင်လာတာကို ကျွန်တော်တို့က ကြိုဆိုပါတယ်။ ဒါပေမဲ့ အဓိကအချက်က ပွင့်လင်းမြင်သာမှုဖြစ်မယ်လို့ ထင်ပါတယ်။ ပိုအရေးကြီးတာက အစိုးရအဖွဲ့မှာပါဝင်တဲ့ နိုင်ငံရေးရာထူးရှိသူတွေ၊ အရာရှိကြီးတွေနဲ့ သူတို့ရဲ့မိသားစုတွေရဲ့ ပိုင်ဆိုင်မှုနဲ့ စီးပွားရေးကို ပွင့်ပွင့်လင်းလင်း ချပြတာမျိုးရှိဖို့ လိုမယ်ထင်တယ်" ဟု ကိုရဲလင်းမြင့်က ဆိုသည်။ 

ဤဆောင်းပါးတွင် ပါဝင်သောအကြောင်းအရာများနှင့် ပတ်သက်၍ NLD ထိပ်တန်းတာဝန်ရှိသူများက တစ်စုံတစ်ရာ ရှင်းလင်းသည့် မှတ်ချက်ပေးမှု မရှိပေ။ ကာယကံရှင်ဖြစ်သူ ဦးရဲမင်းဦးမှာ Myanmar Now က ပေးပို့ခဲ့သော မေးခွန်းအားလုံးကို ဖြေဆိုရန် ငြင်းဆန်ခဲ့သော်လည်း ၎င်းသည် မည်သည့်အာဏာရအသိုင်းအဝိုင်း နောက်ခံမရှိဘဲ ကိုယ်ထူးကိုယ်ချွန်ကြိုးစားမှုကြောင့်သာ ထူးကုမ္ပဏီတွင် နေရာရလာခဲ့ခြင်းဖြစ်ကြောင်း ယခု နှစ်ဆန်းပိုင်းက 7 Day သတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုထားသည်။

မိသားစု၏ စားဝတ်နေရေးအခြေအနေများကြောင့် နိုင်ငံရေးနှင့် ငယ်စဉ်က ဝေးခဲ့ရခြင်းဖြစ်ကြောင်း၊ ၎င်း၏ဘဝတွင် ဒိတ်ဒိတ်ကြဲစစ်အရာရှိကြီးများနှင့် တွေ့ဆုံခဲ့ရသော်လည်း ၎င်းတို့ထံမှ မည်သည့်အခွင့်အရေးမျှ တောင်းဆိုခဲ့ခြင်း မရှိကြောင်း အဆိုပါအင်တာဗျူးတွင် ဦးရဲမင်းဦးက ပြောကြားခဲ့သည်။ 

‘‘ကျွန်တော် ဘယ်သူနဲ့မှပေါင်းပြီး ခွင်ရိုက်တာပဲဖြစ်ဖြစ်၊ စီမံကိန်းတစ်ခု ဝင်လုပ်တာပဲဖြစ်ဖြစ် ဘာမှ မလုပ်ခဲ့ဖူးဘူး" ဟု ၎င်းက ပြောဆိုခဲ့သည်။ 

သို့ရာတွင် ထူးကုမ္ပဏီတာဝန်ရှိသူများပါဝင်နေသော Elite Telecom တွင် ယမန်နှစ်ကုန်အထိ ဒါရိုက်တာအဖြစ်လုပ်ကိုင်နေမှု၊ ပြည်ခိုင်ဖြိုးအစိုးရက ပြည်ခိုင်ဖြိုးတာဝန်ရှိသူကို ချပေးခဲ့သော အိမ်ရာစီမံကိန်းတွင်ပါဝင်နေမှု၊ ဘီလျံချီအကြွေးများတင်နေမှုနှင့် အစိုးရတာဝန်နှင့်အတူ ပုဂ္ဂလိကကုမ္ပဏီတာဝန်များ ပူးတွဲထမ်းဆောင်နေမှုများကိုမူ မကြာသေးမီက ပြုလုပ်ခဲ့သော မီဒီယာနှင့်တွေ့ဆုံမှုများတွင် ၎င်းက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ 

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading