တပ်မတော်၏ ပြောဆိုချက်များသည် နိုင်ငံရေးပါတီနှင့်လူပုဂ္ဂိုလ်အချို့၏ တိကျရေရာ၊ သေချာမှုမရှိသည့် ပြောကြားချက်များဖြစ်ကြောင်း၊ ရွေးကောက်ပွဲပျက်ပြားစေဖို့ အချိန်ကိုက်လှုပ်ရှားမှုများကို အထူးသတိပြုကြရန်လိုကြောင်း သမ္မတရုံးက သတင်းစကားပါးသည်
ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်တို့၏ ပြောဆိုထုတ်ပြန်ချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေတို့နှင့် ညီညွတ်ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံးက နေပြည်တော်တွင် အထူးသတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်၍ ယနေ့ တုန့်ပြန်လိုက်သည်။
မကြာမီရက်ပိုင်းအတွင်းကျင်းပမည့် ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှုရှိစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)တွင် တာဝန်ရှိသလို အစိုးရကလည်း တာဝန်ယူ၊ တာဝန်ခံရန်လိုကြောင်း နိုဝင်ဘာ ၂ရက်တွင် တပ်မတော်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နိုဝင်ဘာ ၃ရက်နေ့ ပေါ်ပြူလာသတင်းဌာနနှင့် အင်တာဗျူးတွင် UECနှင့် အစိုးရကို အလားတူပင် ထပ်ဆင့်သတိပေးခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲရလဒ်အပေါ် တပ်မတော်က လက်သင့်ခံရေးနှင့်ပတ်သက်၍ ဒွိဟဖြစ်ဖွယ် စကားအချို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆိုပါအင်တာဗျူး၌ပင် ထည့်သွင်းပြောဆိုသည်။
“၂၀၁၅ (အထွေထွေရွေးကောက်ပွဲ) မဲပေးတဲ့အချိန်မှာ ကျွန်တော့်ကို မေးခဲ့ဖူးတယ်။ မဲပေးတဲ့နေ့မှာ အင်တာဗျူးမေးတယ်။ ဘယ်လိုလုပ်မလဲဆိုတော့ “ခင်ဗျားဗျာလို့၊ ကော်မရှင်(UEC)ကနေပြီးတော့ ကြေညာချက်ထုတ်တယ်။ ရလဒ်ကို ကြေညာလိုက်ပြီဆိုလို့ရှိရင် လက်ခံဖို့ ကျွန်တော်တို့ ပြောခဲ့တာ ရှိတယ်။ အခုဆိုရင် သတိထားရတဲ့ အခြေအနေဖြစ်လာတယ်။ ဒါက မဖြစ်စေချင်ဘူး။ ဒါမျိုးတွေ။ ဒါကြောင့် သတိထားပြီးလုပ်လို့ရအောင် သတိပေးတဲ့သဘောပြောတာပါ”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ခြင်းဖြစ်သည်။
ထိုသို့ တပ်ချုပ်နှင့် တပ်မတော်၏ ပြောဆိုချက်များမှာ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂(င)တွင် တပ်မတော်သားများကို နိုင်ငံ့ဝန်ထမ်းအဖြစ် ထည့်သွင်းသတ်မှတ်ထားပြီး အခြေခံဥပဒေပုဒ်မ ၂၆ (က) “နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်”ဆိုသော ပြဌာန်းချက်နှင့် မကိုက်ညီကြောင်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သတိပေးလိုက်ခြင်းဖြစ်သည်။


ထို့အတူ တပ်မတော်၏ ပြောဆိုချက်များသည် နိုင်ငံရေးပါတီနှင့် လူပုဂ္ဂိုလ်အချို့၏ တိကျရေရာ၊ သေချာမှုမရှိသည့် ပြောကြားချက်များဖြစ်ကြောင်း၊ ရွေးကောက်ပွဲပျက်ပြားစေဖို့ အချိန်ကိုက်လှုပ်ရှားမှုများကို အထူးသတိပြုကြရန်လိုကြောင်း သမ္မတရုံးက ပြည်သူများကိုတိုက်တွန်းသည်။
“တမင်သက်သက် ရမယ်ရှာတဲ့ဟာတွေ ရှိတယ်။ တစ်ချို့နေရာတွေမှာ အချိန်ကိုက်လှုပ်ရှားတာတွေ ရှိတယ်။ ဆိုလိုတာက ဒီအခြေအနေတွေဟာ ပုံမှန်မဟုတ်ဘူး။ ပုံမှန်မဟုတ်တဲ့အတွက် သတိပြုဖို့အတွက် ကျွန်တော်တို့ပြောတာဖြစ်တယ်”ဟု ဦးဇော်ဌေးက ပြောသော်လည်း အသေးစိတ်ကိုမူ မသိရပေ။
တပ်မတော်၏ ပြုမူဆောင်ရွက်မူများသည် မမျှော်မှန်းနိုင်သည့် အခြေအနေများထိ ဖြစ်ပေါ်လာနိုင်သည်ဟုဆိုကာ နိုင်ငံရေးပါတီခေါင်းဆောင်အချို့ခေါင်းဆောင်များနှင့် ပြည်သူများက ပူပန်မှုတွေရှိနေကြောင်း ထုတ်ဖော်ပြောဆိုနေသည်တို့ ရှိသည်။
ပေါ်ပေါက်နေသည့် အခြေအနေများနှင့်ပတ်သက်၍ အစိုးရနှင့် တပ်မတော်အကြား ညှိနှိုင်းဆွေးနွေးရန်ရှိမရှိ Myanmar Nowက မေးမြန်းသည့်အခါ ရွေးကောက်ပွဲဆိုင်ရာကိစ္စများကို အဓိကဆုံးဖြတ်ဆောင်ရွက်သည့် အဖွဲ့အစည်းမှာ UECသာဖြစ်ပြီး အစိုးရက ရွေးကောက်ပွဲအဆင်ပြေချောမွေ့စေရေး ပံ့ပိုးကူညီနေခြင်းသာဖြစ်ကြောင်း ဦးဇော်ဌေးက ပြန်ဖြေသည်။
ရွေးကောက်ပွဲရလဒ်အတိုင်း မြန်မာ့ဒီမိုကရေစီခရီးလမ်း ရှေ့ဆက်သွားနိုင်ရေး အစိုးရနှင့် တပ်မတော်တို့အကြား တွေ့ဆုံဆွေးနွေးရန်ရှိမရှိ Myanmar Nowက ထပ်မံမေးမြန်းရာတွင်မူ ယခုအချိန်တွင် မည်သည့်ကိစ္စမျှ တိကျစွာသိနိုင်ခြင်းမရှိသေးဟု ၎င်းကဆိုသည်။
“Rule of the game က ဘာလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေပဲ။ ဒီ game စည်းမျဉ်းအတိုင်းပဲ အကုန်လုံးက သွားရမှာပဲ။ ဒီ Game စည်းမျဉ်းအတိုင်း မသွားဘူးဆိုရင်တော့ ဒီGame ကပျက်ပြီ။ ဟုတ်ပြီနော်၊ ဒါတွေက ဘာဖြစ်လာမယ်၊ ဘာဖြစ်လာမယ်လို့ ဘယ်သူမှလည်းမသိဘူး၊ ဘယ်သူမှလည်း မပြောနိုင်ဘူး၊ ကျွန်တော်တို့လည်း မသိဘူး။ ဒါက အမျိုးမျိုးမှန်းဆချက်တွေပေါ့နော်”ဟု ဦးဇော်ဌေးက ပြောခြင်းဖြစ်သည်။
သို့သော် လာမည့် အထွေထွေရွေးကောက်ပွဲ လွတ်လပ်တရားမျှတရေးသည် အစိုးရ၏ ဦးစားပေးမူဝါဒပင် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ဖော်ပြောဆိုသည်။
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ပြည်ပရောက် မဲဆန္ဒရှင်များ၊ ကိုဗစ်နိုင်တင်းကြောင့် နေရပ်ပြန်မရသည့် ပြည်တွင်းနေမဲဆန္ဒရှင်များ၊ အသက် ၆၀ အထက် သက်ကြီးရွယ်အိုများ၊ ရွေးကောက်ပွဲနေ့တွင် လုပ်ငန်းတာဝန်ရှိသည့် နိုင်ငံသားများ ကြိုတင်မဲပေးနေကြပြီဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










