သတင်းထောက်တစ်ဦးဘဝမှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းဖြစ်လာပြီး မတူကွဲပြားမှုများကို စိတ်ဝင်စားကာ တိုင်းရင်းသားလူမျိုးစုများအရေး လုပ်ဆောင်ပေးလိုသည်ဟု တနင်္သာရီတိုင်းလွှတ်တော် ကော့သောင်းမြို့နယ် မဲဆန္ဒနယ် (၁) တွင် ရွေးကောက်ပွဲဝင်မည့် မသူဇာမိုးမိုးအိက ပြောသည်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်မဲ ဆန္ဒနယ် အမှတ် (၁) နေရာအတွက် ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း မသူဇာမိုးမိုးအိ (ဓာတ်ပုံ-ပေးပို့)

ပြီးခဲ့သည့် ၇ နှစ်တာ ကာလပတ်လုံး မသူဇာမိုးမိုးအိ၏ အလုပ်အကိုင်မှာ ၎င်းနေထိုင်ရာ တနင်္သာရီတိုင်းအတွင်း ဖြစ်ပျက်နေသည့် အကြောင်းအရာများနှင့် တိုင်းအစိုးရမူဝါဒများကို စောင့်ကြည့်ပြီး အများပြည်သူအတွက် သတင်းအချက်အလက်ပေးရသည့် သတင်းထောက်အလုပ် ဖြစ်သည်။

မသူဇာမိုးမိုးအိ ပြောဆိုဆက်ဆံခဲ့ရသည့် သတင်းရင်းမြစ်များအနက် လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်သည်။​ ယခုအခါ ၎င်းကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ရန် ရွေးကောက်ပွဲယှဉ်ပြိုင်နေပြီဖြစ်သည်။

"ကျွန်မက အောက်ခြေက ပြည်သူတွေရဲ့အသံကို နားထောင်တယ်။ သူတို့ရဲ့ ခံစားချက်တွေကို နှလုံးသားနဲ့ နားထောင်ပါတယ်။ သူတို့ ဘာလိုချင်တာလဲဆိုတာကို ကျွန်မ ကောင်းကောင်းသိပါတယ်” ဟု ၃၂ နှစ်အရွယ် သတင်းထောက်ဟောင်း မသူဇာမိုးမိုးအိက ပြောသည်။

၎င်းသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းလွှတ်တော် ကော့သောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။ သတင်းထောက်တစ်ဦး၏ ဖြတ်သန်းမှုအတွေ့အကြုံများက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ရန် အထောက်အကူများစွာ ဖြစ်လိမ့်မည်ဟုလည်း မသူဇာမိုးမိုးအိက ယုံကြည်ထားသည်။

“မဲကိုတော့ ဝေမပေးဘူး မုန့်ကိုတော့ ဝေစားမယ် ဆိုတာက... ကျွန်မတို့က ပြည်သူတွေဆီမှာ မုန့်လိုက်လုစားနေတာ မဟုတ်ပါဘူး။ ဒါက မုန့်လုစားနေတဲ့ အလုပ်မဟုတ်ပါဘူး။ ကိုယ့်ဒေသအတွက် ဘယ်သူပိုပြီး လုပ်ပေးနိုင်လဲဆိုတာကို အရည်အချင်းတွေ ပြိုင်တဲ့ပွဲပါ” ဟု ၎င်းက ပြောသည်။

အောက်တိုဘာလ ၂၆ တွင် ကော့သောင်းမြို့နယ်အတွင်းရှိ ရွာတစ်ရွာ၏ လမ်းဆုံလမ်းခွ တစ်နေရာ၌ ခမောက်ဆောင်းကာ အစိမ်းရောင် မြန်မာဝတ်စုံဝတ်ဆင်ထားသည့် မသူဇာမိုးမိုးအိသည် ၎င်း၏ မဲဆွယ်စည်းရုံးရေးကားပေါ်တွင် မိုက်ကိုင်၍ ယုံကြည်မှုအပြည့်ရှိသော အသံဖြင့် တစ်ကိုယ်တော်ဟောပြောနေခဲ့ခြင်းဖြစ်သည်။​

“မတူကွဲပြားပေမယ့် ညီညွတ်ရမယ်”

မသူဇာမိုးမိုးအိ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် (၁) ရှိ ပြိုင်ဖက်ကိုယ်စားလှယ်လောင်းများအားလုံးသည် အမျိုးသားများဖြစ်သည့်အပြင် ၎င်းသည် ရွေးကောက်ပွဲကို မည်သည့်ပါတီအလံအောက်တွင်မှ ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ခံမည်ဖြစ်သည်။ မည်သည့်နိုင်ငံရေးပါတီဝင်မျှ မဟုတ်သောကြောင့် ‌ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအနေဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု မသူဇာမိုးမိုးအိက ဆိုသည်။

"ကျွန်မတို့တွေက မတူကွဲပြားလို့ရတယ်။ ဒါပေမဲ့ ညီညွတ်ရမယ်။ ဒေသခံတွေအားလုံးက ညီညွတ်မှ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းလို့ရမှာ။ အတူတကွ ဖြေရှင်းလို့ရတဲ့ ဒေသခံတစ်သီးပုဂ္ဂလကို မဲပေးဖို့ ကျွန်မပြောချင်ပါတယ်" ဟု မသူဇာမိုးမိုးအိက ပြောသည်။​

၂၀၁၀ ရွေးကောက်ပွဲရလဒ်အရ ဖြစ်တည်ခဲ့သည့် အရပ်သားတစ်ပိုင်း ဦးသိန်းစိန်အစိုးရ၊ ပြောင်းလဲချိန်တန်ပြီဟု ၂၀၁၅ ရွေးကောက်ပွဲတွင် ကြွေးကြော်၍ ရွေးကောက်ခံအစိုးရဖြစ်လာခဲ့ပြီး မသူဇာမိုးမိုးအိကိုယ်တိုင်လည်း ထောက်ခံမဲပေးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တို့တွင် ဒေသတွင်း အဓိကလိုအပ်ချက်များစွာကို မဖြေရှင်းပေးနိုင်ခဲ့ဟု ၎င်းက ဆိုသည်။

မဖွံ့ဖြိုးသေးသည့် ကျေးလက်ဒေသများတွင် ယခုထိတိုင် ပညာရေး ၊ ကျန်းမာရေးများအတွက် ဝန်ထမ်းမလုံလောက်မှုနှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံမှုများ ရှိနေသေးသဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပါက ယင်းကိစ္စရပ်များကို ကိုယ်တိုင်ဆောင်ရွက်ပေးလိုသည့် ဆန္ဒရှိသည်ဟု မသူဇာမိုးမိုးအိက ပြောသည်။

"သူဌေးတွေက ဘာလုပ်လုပ် လွယ်ကူတယ်။ ဌာနဆိုင်ရာ (ကိစ္စ) တွေကို မကျွမ်းကျင်တဲ့ ပြည်သူတွေကကျတော့ အခက်အခဲရှိလာတဲ့အခါ အရပ်ဘက်အဖွဲ့အစည်းတွေကို အားကိုးနေရတယ်။ ဒီလိုအရာတွေက ကျွန်မကို တွန်းအားဖြစ်စေခဲ့ပါတယ်" ဟု ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ရခြင်းအကြောင်းကို ဒေါ်သူဇာမိုးမိုးအိက ရှင်းပြသည်။

အစိုးရနှင့် ပြည်သူကြား ဘက်မလိုက်သော၊ ကြားနေသော လွှတ်တော်ကိုယ်စားလှယ်များလိုအပ်ပြီး လက်ရှိတွင် အတိုက်အခံမပြုရဲသည့် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များကို တွေ့မြင်နေရသည်ဟု ဒေါ်သူဇာမိုးမိုးအိက လက်ရှိ လွှတ်တော်အခင်းအကျင်းနှင့်ပတ်သက်၍ ပြောင်ပြောင်တင်းတင်းဝေဖန်သည်။

"လွှတ်တော်ထဲမှာ ပြည်သူတွေအကြောင်း အတိုက်အခံမပြောရဲကြဘူး။ ဘာကြောင့်လဲဆိုတော့ လက်ရှိရထားတဲ့နေရာ မရမှာစိုးလို့" ဟု ၎င်းက ပြောသည်။ 

နိုင်ငံရေးနောက်ခံသမိုင်းနှင့် မိသားစု

ကော့သောင်းဇာတိ မသူဇာမိုးမိုးအိ၏ ဖခင်ဖြစ်သူ ဦးမြင့်မောင်မှာ နိုင်ငံရေးသမားဟောင်းတစ်ဦးဖြစ်ပြီး ကော့သောင်းမြို့နယ် NLD ကို စတင်တည်ထောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ကော့သောင်းမြို့နယ် NLD တွင် ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးကာလအထိ ပါတီအရေးကိစ္စများ တစ်စိုက်မတ်မတ် ဦးစီးဆောင်ရွက်ပေးခဲ့သူဖြစ်သည်။

၁၉၈၈ ရှစ်လေးလုံးလူထုအရေးတော်ပုံကြောင့် မိသားစုအားလုံး ထိုင်းနယ်စပ်သို့ ထွက်ပြေးခဲ့ရပြီး လူကုန်ကူးအဖွဲ့များ၏ ရောင်းစားခြင်း ခံရလုနီးပါး အခြေအနေများကို တွေ့ကြုံဖြတ်သန်းခဲ့ရသည်။ ကော့သောင်းသို့ အဆိုပါ နှစ်ပိုင်းအတွင်းတွင်ပင် ပြန်ရောက်လာခဲ့ပြီးနောက်တွင်လည်း ထောက်လှမ်းရေးများ၏ မကြာခဏ ဖမ်းဆီးနှိပ်စက်ခြင်းခံခဲ့ရသည်ဟု ဦးမြင့်မောင်က ဆိုသည်။

မိမိအသိစိတ်ဖြင့်သာ အာဏာရှင်ကို တော်လှန်ခဲ့သောကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းများစာရင်းတွင် ၎င်း၏အမည်ကို ထည့်သွင်းလိုခြင်းမရှိဟု ဆိုသည်။ 

မသူဇာမိုးမိုးအိ ငယ်စဉ်က ဖခင်ဖြစ်သူ ဦးမြင့်မောင်မှာ အစိုးရက ပိတ်ပင်ထားခဲ့သော လန်ဒန်အခြေစိုက် BBC သတင်းဌာန၏ မေးမြန်းမှုများကို မြန်မာပြည်သူတစ်ဦးအနေဖြင့် ဖြေကြားမှုများ ပြုလုပ်လေ့ရှိသဖြင့် ပတ်ဝန်းကျင်က ဖယ်ကြဉ်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။

"တစ်ခုခုဆိုရင် မိုးအိတို့ကို သွားမပြောနဲ့၊ မခေါ်နဲ့၊ သူ့အဖေက BBC ကို ပြောလိုက်လိမ့်မယ်ဆိုပြီး သူငယ်ချင်းတွေက မခေါ်တော့ဘူး" ဟု မသူဇာမိုးမိုးအိက ပြောပြသည်။  

ထိုအဖြစ်အပျက်များကို ယခုအချိန်တွင် ၎င်းက ရယ်ရယ်မောမောဖြင့် ပြန်ပြောနိုင်ပြီဖြစ်သော်လည်း အတိတ်ကာလတွင်တော့ ထိုဖြစ်စဉ်များသည် ရယ်စရာမဟုတ်ခဲ့ပေ။ ထိုခေတ်ကာလက နိုင်ငံရေးနှင့် ပတ်သက်သူ၊ BBC ၊ VOA ကဲ့သို့ အနောက်တိုင်းသတင်းဌာနများနှင့် ပတ်သက်မှုရှိပါက အာဏာပိုင်များက စောင့်ကြည့်လေ့ရှိသည့် အခြေအနေမျိုးဖြစ်သည်။

"ကျွန်တော်က နိုင်ငံရေးလုပ်ခဲ့တာကြောင့် အထိနာခဲ့ရပါတယ်။ သားသမီးတွေအထိ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ အခုအချိန်ထိ အိမ်ပိုင်မရှိလို့  ယောက္ခမအိမ်မှာ ကပ်နေရတုန်းပါပဲ။ အဲဒါကြောင့် သားသမီးတွေကို နိုင်ငံရေးမလုပ်စေချင်ပါဘူး" ဟု ဦးမြင့်မောင်က ပြောသည်။

၎င်းကဲ့သို့ နိုင်ငံရေးလုပ်သည်ကို အားမပေးသော်လည်း သမီးဖြစ်သူ ရွေးကောက်ပွဲဝင်ရန် ပြောလာသောအခါ မိသားစုအနေဖြင့် ပံ့ပိုးပေးရန် ဆုံးဖြတ်ခဲ့သည်ဟု ဦးမြင့်မောင်က ဆိုသည်။ 

ငါးရုပ်နှင့်စပါးနှံ အမှတ်တံဆိပ်ဖြင့် ဒေသပုံရိပ်ဖော်လိုသူ

မသူဇာမိုးမိုးအိသည် တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ရာတွင် ဝါ၊ စိမ်း၊ နီ အရောင်သုံးရောင် နောက်ခံထားသော ငါးရုပ်နှင့် စပါးနှံပုံ အမှတ်တံဆိပ်ဖြင့် ယှဉ်ပြိုင်မည် ဖြစ်သည်။ ဝါ၊ စိမ်း၊ နီ အရောင်များကိုနောက်ခံထားရခြင်းမှာ မြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုပြီး ငါးရုပ်မှာ ကော့သောင်းဒေသ၏ ရေလုပ်ငန်းနှင့် စပါးနှံမှာ စိုက်ပျိုးရေးလုပ်ငန်းကို ကိုယ်စားပြုသည်ဟု ၎င်းက ပြောသည်။

ကော့သောင်းသည် ရေသဘာဝအရင်းအမြစ် ကြွယ်ဝသော်လည်း အခြေခံလူတန်းစားနှင့် ဒေသခံများအတွက် အကျိုးဖြစ်သည့် လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ မည်မျှရှိသည်နှင့်သာ ဒေသတိုးတက်မှုကို တိုင်းတာရမည်ဖြစ်ကြောင်း မသူဇာမိုးမိုးအိက ဆိုသည်။

"ကိုယ်လုပ်မှ ကိုယ်စားရတာ မှန်တယ်။ ဒါပေမဲ့ ဘယ်လို လုပ်ကိုင်စားရမလဲဆိုတာ အရေးကြီးတယ်လေ" ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းတွင် ကျွန်းပေါင်း ၈၀၀ ကျော် ရှိသော်လည်း အချို့ကျွန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ အစိုးရက လုပ်ပိုင်ခွင့်ပေးခဲ့သည်များ ရှိသည်။ ယင်းလုပ်ငန်းစဉ်အဆင့်ဆင့်ကို အစိုးရက ပြည်သူများအား ပွင့်လင်းမြင်သာမှုရှိစွာ ဆွေးနွေးခြင်းမရှိခဲ့ဟု မသူဇာမိုးမိုးအိက ဆိုသည်။

စီးပွားရေးလုပ်ငန်းရှင်များ ကျွန်းများပိုင်ဆိုင်လာခြင်းက ခရီးသွားလုပ်ငန်းတိုးတက်လာခြင်းဟု မဆိုနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။ လုပ်ငန်းရှင်ပိုင် ကျွန်းများ များပြားလာကာ ပြည်သူပိုင် အပန်းဖြေဧရိယာများ နည်းပါးလာပြီး အသေးစားငါးဖမ်းလုပ်ငန်းများအတွက်ပင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဆိုသည်။

"ကျွန်းပိုင်ရှင်တွေက ခွင့်မပြုရင် ကမ်းကပ်ခွင့် မရှိဘူး။ အခု ဆလုံတိုင်းရင်းသားတွေက သူတို့ မူလ လုပ်ကိုင်စားသောက်နေတဲ့နေရာတွေ မရှိတော့လောက်အောင် ဖြစ်နေတယ်။ ဒီလိုလူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်" ဟု ဒေါ်သူဇာမိုးမိုးအိက ပြောသည်။

ထိုင်းနိုင်ငံတွင် ဌာနေတိုင်းရင်းသားများ၏ မူလပုံစံများကို  သဘာဝအတိုင်း ထိန်းထားသကဲ့သို့ ကော့သောင်းတွင် အလားတူ ဒေသခံလူထုအခြေပြုခရီးသွားလုပ်ငန်းများ ဖော်ဆောင်ပေးရန် လုပ်ဆောင်လိုသည်ဟု ဆိုသည်။ 

ထို့အပြင် တနင်္သာရီဒေသတွင် အခြေချနေထိုင်သည့် အစ္စလာမ်ဘာသာကိုးကွယ်သော လူနည်းစု ပသျှူးလူမျိုးများသည် နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးနေကြရပြီး ၎င်းတို့၏ အခွင့်အရေးအတွက်လည်း ဆောင်ရွက်ပေးလိုသည်ဟု ၎င်းက ဆိုသည်။

"အခုထိ မှတ်ပုံတင်လုပ်တဲ့နေရာတွေ၊ ပညာသင်ခွင့်တွေမှာ အခက်အခဲတွေ ရှိနေတုန်းပါပဲ" ဟု မသူဇာမိုးမိုးအိက ပြောသည်။

ရုန်းကန်ရသည့် မဲဆွယ်ကာလ

ကော့သောင်းမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၀၀,၀၀၀ ကျော်ရှိပြီး ၎င်းဝင်ပြိုင်မည့် ကော့သောင်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်တွင် NLD၊ ပြည်ခိုင်ဖြိုး၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) အပါအဝင် နိုင်ငံ‌ရေးပါတီ ၇ ခု ကိုယ်စားလှယ်လောင်းများပါ ယှဉ်ပြိုင်မည်ဖြစ်သည်။

တိုင်းရင်းသားပါတီများအနေဖြင့် ထားဝယ်တိုင်းရင်းသားများပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့လည်း ပါဝင်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအပါအဝင် တိုင်းရင်းသားပြည်နယ်ဒေသများတွင် ဒေသခံတိုင်းရင်းသားပါတီများသည် ၎င်းတို့၏ ဒေသလွှတ်တော်နေရာများတွင် ဖြန့်ကြက်ယှဉ်ပြိုင်လာကြသည်ကို တွေ့ရသည်။

အာဏာရ NLD ပါတီ ဦးဆောင်သည့် ပြီးခဲ့သည့် အစိုးရသက်တမ်းတွင် NLD သည် တိုင်းရင်းသားများအရေး ထိထိရောက်ရောက် လုပ်ဆောင်ခဲ့ခြင်းမရှိဟု ဝေဖန်ကြပြီး ဒေသလွှတ်တော်နှင့် ဒေသအစိုးရအဖွဲ့ကို အာဏာရပါတီတစ်ခုတည်းက လွှမ်းမိုးနေခြင်းမျိုး မဖြစ်စေရန် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်လာကြသည်။

ထိုကဲ့သို့သော ရွေးကောက်ပွဲအခင်းအကျင်းမျိုးတွင် ပထမဆုံးအကြိမ်လည်းဖြစ်၊ တစ်သီးပုဂ္ဂလလည်းဖြစ်သော ဒေါ်သူဇာမိုးမိုးအိအတွက် အကြိတ်အနယ် မဲဆွယ်ရသည့် အခြေအနေဖြစ်သည်။​ ငယ်ရွယ်သော အမျိုးသမီးတစ်ဦး နိုင်ငံရေးလုပ်နေသည့်အပေါ် လူမှုကွန်ရက်တွင် ဝေဖန်တိုက်ခိုက်မှုများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

"အိမ်ထောင်မရှိ အပျိုအမျိုးသမီးတစ်ဦး ဖြစ်တာကြောင့် သိက္ခာပိုင်းဆိုင်ရာတွေ စော်ကားလိုက်ရင် ရှက်ကြောက်သွားမယ်ဆိုပြီး ‌ဝေဖန်မှုတွေ ရှိနေပါတယ်။ လူထုက အယုံအကြည်နည်းအောင် ပြောဆိုတိုက်ခိုက်မှုတွေ ရှိနေပါတယ်။ ဘာကိုမှ မတုံ့ပြန်ခဲ့ပါဘူး" ဟု မသူဇာမိုးမိုးအိက ပြောသည်။

နောက်ကွယ်မှ ငွေကြေးထောက်ပံမှုဖြင့် ရွေးကောက်ပွဲဝင်သည်ဟူသော ဝေဖန်မှုများရှိနေသည်ဟု ၎င်းက ဆိုပြီး ၎င်း၏ ရွေးကောက်ပွဲမဲဆွယ်အသုံးစရိတ်ကို ရွေးကောက်ပွဲပြီးလျှင် ထုတ်ပြန်ကြေညာပေးသွားမည်ဟု မသူဇာမိုးမိုးအိက ဆိုသည်။

မသူဇာမိုးမိုးအိကို "အရည်အချင်းရှိတဲ့၊ လေးစားရတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦး” ဟု မွန်ညီညွတ်ရေးပါတီမှ ကော့သောင်းမြို့နယ်မဲဆန္ဒနယ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးသူအောင်က မှတ်ချက်ပြုသည်။

“သူ့အဖေကလည်း NLD ပါတီမှာ နှစ်ပေါင်းများစွာလုပ်ခဲ့သော နိုင်ငံရေးသမားတစ်ဦးပါ။ အဲဒီနိုင်ငံရေးအတွေ့အကြုံတွေ အများကြီးကို သူ့အဖေဆီကသင်ယူဖို့ အခွင့်အလမ်းတွေ ရှိပါတယ်။ ငယ်ရွယ်တဲ့အမျိုးသမီးတွေ နိုင်ငံရေးကို ဝင်ရောက်လာတာ ကောင်းပါတယ်။ ကျွန်တော်တို့  ကြိုဆိုပါတယ်" ဟု ဦးမျိုးသူရအောင်က ပြောသည်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအနေဖြင့် ရွေးကောက်ပွဲကို ရုန်းကန်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အနိုင်ရရှိမည်ဟု ယုံကြည်မှုရှိကြောင်း၊ လက်ရှိတွင် ကော့သောင်းမြို့အနှံ့ နေ့စဉ် သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံကာ မဲဆွယ်စည်းရုံးရေးများ လုပ်ကိုင်နေကြောင်း မသူဇာမိုးမိုးအိက ဆိုသည်။

ရွေးကောက်ပွဲ ရှုံးနိမ့်သွားပါကလည်း‌ ကော့သောင်းဒေသအတွက် အလုပ်လုပ်သွားမည်ဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းလာအောင် တွန်းအားပေးသည့် လူထုအခြေပြုလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ဒေါ်သူဇာမိုးမိုးအိက ပြောသည်။

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading