၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲသည် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် ခက်ခက်ခဲခဲရုန်းကန်ရမည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဒေသခံကချင်ခေါင်းဆောင်များကမူ ဒီမိုကရေစီပါတီများ ပိုမိုအားကောင်း၍ စစ်အာဏာရှင်အရိပ် ချုပ်ငြိမ်းသွားရန် လိုလားနေကြသည်

Published on Nov 3, 2020
အောက်တိုဘာ ၁၇ တွင် မြစ်ကြီးနားမြို့၌ ပြုလုပ်ခဲ့သည့် ကချင်ပြည်နယ်ပြည်သူပါတီ ဗဟိုလူငယ်ကော်မတီ (KSPP Youth) ၏ ပါတီအောင်နိုင်ရေးကမ်ပိန်းမြင်ကွင်း (ဓာတ်ပုံ- KSPP Youth Facebook)
အောက်တိုဘာ ၁၇ တွင် မြစ်ကြီးနားမြို့၌ ပြုလုပ်ခဲ့သည့် ကချင်ပြည်နယ်ပြည်သူပါတီ ဗဟိုလူငယ်ကော်မတီ (KSPP Youth) ၏ ပါတီအောင်နိုင်ရေးကမ်ပိန်းမြင်ကွင်း (ဓာတ်ပုံ- KSPP Youth Facebook)

ဒေသခံတိုင်းရင်းသားပါတီများ ပူးပေါင်း၍ ပြည်ထောင်စုအဆင့်လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များ၏ လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲရန် ကြိုးစားနေသည့် တိုင်းရင်းသားဒေသများအနက် ကချင်ပြည်နယ် လည်းအပါအဝင်ဖြစ်ပြီး  ၂၀၂၀ ရွေးကောက်ပွဲတွင် စောင့်ကြည့်ရမည့် ပြည်နယ်တစ်ခုလည်း ဖြစ်သည်။

မဲပေးပိုင်ခွင့်ရှိသူ တစ်သန်းခွဲခန့်ရှိသော ကချင်ပြည်နယ်တွင် စုစုပေါင်းလွှတ်တော်နေရာ ၇၀ အတွက် နိုင်ငံရေးပါတီ ၁၇ ခုမှ ကိုယ်စားလှယ်ပေါင်း ၃၉၅ ဦးနှင့် တစ်သီးပုဂ္ဂလ ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မဲဆန္ဒနယ်အပြည့်ယှဉ်ပြိုင်မည်ဖြစ်ပြီး အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ဒေသခံကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) တို့မှာ ၆၇ နေရာဖြင့် ဒုတိယအများဆုံးယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်နေရာ ၇၀ အတွက် ဒေသခံကချင်ပါတီနှစ်ခုပေါင်း ငါးနေရာသာ  အနိုင်ရခဲ့ပြီး NLD က ၄၆ နေရာ၊ ပြည်ခိုင်ဖြိုးက ၁၂ နေရာ အသီးသီး အနိုင်ရခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင်မူ အာဏာရပါတီနှင့် အတိုက်အခံပါတီတို့ကြားသာ လွန်ဆွဲမည့်ပြိုင်ပွဲ မဟုတ်တော့ဘဲ ကချင်လူငယ်ထုကြား ထောက်ခံမှုအားကောင်းနေသည့် ကချင်ပါတီ KSPP ကလည်း လွှတ်တော်အရပ်ရပ်မှတဆင့် နိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲစေနိုင်မည့် အလားအလာများ ရှိနေသည်။ 

ကချင်လူထုထောက်ခံမှု အားကောင်းနေသည့် ကချင်ပါတီ

KSPP သည် ဒေသခံကချင်ပါတီလေးခု ပေါင်းစည်းထားသော ပါတီဖြစ်သည်။ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) နှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ-ကချင်ပြည်နယ် (UDPKS) ပါတီခေါင်းဆောင်များသည် ၂၀၁၆ မှ စတင်ကာ တစ်ပါတီတည်းအဖြစ် ရပ်တည်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ နိုဝင်ဘာတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) အဖြစ် တရားဝင်မှတ်ပုံတင်နိုင်ခဲ့သည်။

၂၀၁၉ ဒီဇင်ဘာတွင် အခြားဒေသတွင်း ကချင်ပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ (UNFDP) ကလည်း ထပ်မံပူးပေါင်းခဲ့သဖြင့် ပို၍အင်အားတောင့်တင်းလာသည်။

KSPP သည် ပြည်နယ်တွင်းအနိုင်ရရေး အားစိုက်ကြိုးပမ်းနေပြီး ပါတီကိုယ်စားပြု ကိုယ်စားလှယ်များ ရွေးကောက်ခံ ရပါက ဒေသခံတိုင်းရင်းသားအရေး ပိုမိုလုပ်ဆောင်နိုင်မည်ဟု ထင်မြင်ကြောင်း အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ကြား ညှိနှိုင်းပေးနေသော မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာက သုံးသပ်သည်။

“ဒီတစ်ကြိမ်မှာ ကိုယ့်ဒေသ၊ ကိုယ့်နယ်မြေဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်နဲ့ အစိုးရအဖွဲ့မှာ (KSPP) ပါလာရင် ကိုယ်ဖိရင်ဖိ လုပ်ဆောင်နိုင်မယ့်ပုံစံမျိုး တွေ့တဲ့အတွက် ပြည်သူလူထုက ပိုထောက်ခံတာကို တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေးအတွက် လွှတ်တော်တွင်းဆောင်ရွက်နိုင်မည့် အခွင့်အာဏာ ပိုမိုရရှိလာရေး ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် လွှတ်တော်အသီးသီးတွင် နေရာအများစု အနိုင်ရရန် KSPP ခေါင်းဆောင်များက မျှော်မှန်းထားသည်။

အင်အားကြီး ပြည်မနိုင်ငံရေးပါတီများကို ယှဉ်ပြိုင်ရန် စစ်ဘေးရှောင်အရေး၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ များကို ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးချယ်ပွဲထုတ်ထားပြီး ကချင်တိုင်းရင်းသားများ၏ အများစု ထောက်ခံမှုဖြင့် အနိုင်ရရှိမည်ဟု KSPP က ယုံကြည်ထားသည်။  

“ကျွန်တော်တို့အနေနဲ့ စိတ်အားမငယ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နေရာတော်တော်များများနိုင်မယ်” ဟု KSPP ပါတီဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက Myanmar Now ကို ပြောသည်။

ပါတီ၏ ရွေးကောက်ပွဲကတိကဝတ်အနေဖြင့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး၊ စစ်ဘေးရှောင်များ လုံခြုံစွာနေရပ်ပြန်နိုင်ရေး၊ သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေး၊ အလုပ်ကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရေးအပါအဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့ကို အကောင်အထည်ဖော်မည်ဟု KSPP က ကြွေးကြော်ထားသည်။

KSPP သည် ဘာသာရေးခေါင်းဆောင်များနှင့် ကချင်အရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုမှုအရ ပေါ်ပေါက်လာသောကြောင့် ကချင်လူထု၏ ထောက်ခံမှုဖြင့် ကချင်ပြည်နယ်ရွေးကောက်ပွဲတွင် အနည်းဆုံး ၇၀ ရာခိုင်နှုန်းခန့် အနိုင်ရန် ခန့်မှန်းထားပြီး အစိုးရအဖွဲ့တွင် ပါဝင်နိုင်ရန် ရည်မှန်းထားသည်ဟု ဒေါက်တာမနာမ်တူးဂျာက ဆိုသည်။

သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များအရ တစ်နိုင်ငံလုံး မဲဆန္ဒနယ်နေရာ အများဆုံးအနိုင်ရသည့် နိုင်ငံရေးပါတီက ရွေးချယ်လိုက်သည့် သမ္မတဖြစ်သူကသာ ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များနှင့် ပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်နိုင်သည်။

ထို့ကြောင့် တိုင်းရင်းသားပါတီများက လွှတ်တော်နေရာ အများအပြား အနိုင်ရခဲ့မည်ဆိုပါက NLD သည် ယင်းပါတီများနှင့် မိတ်ဖက်ပြုမှသာ အတိုက်အခံ ပြည်ခိုင်ဖြိုးနှင့် တပ်ကိုယ်စားလှယ် ၂၅ % ကို လွှတ်တော်တွင် ရင်ဆိုင်နိုင်မည် ဖြစ်သည်။ 

ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲနှစ်ခုတွင် NLD နှင့် ပြည်ခိုင်ဖြိုးပါတီကို တစ်လှည့်စီ ရွေးချယ်ပေးခဲ့ကြ သော်လည်း တိုးတက်ပြောင်းလဲမှု မတွေ့ရသောကြောင့် ကချင်လူထုသည် အစိုးရအဖွဲ့တွင် ဒေသတွင်းပါတီများကို နေရာပေးလိုသည်ဟု ၎င်း၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း ပြည်သူများက ပြောဆိုမှုအပေါ် အခြေခံ၍ ဒေါက်တာမနာမ်တူးဂျာက သုံးသပ်သည်။

“အခုအနေအထားက ကျွန်တော်တို့ပါတီက (ကချင်မှာ) မဲအများဆုံးနိုင်တဲ့ပါတီ ဖြစ်လာနိုင်တယ်။ အစိုးရအဖွဲ့မှာ ကျွန်တော်တို့ပါတီလည်း ပါဝင်ဖို့ လိုအပ်လာမှာပါ။ ပြည်နည်တွင်းမှာ ညွှန့်ပေါင်းဖြစ်လာရမှာပေါ့။ တစ်ပါတီတည်း အစိုးရအဖွဲ့နိုင်မယ့် အနေအထားမျိုးတွေမရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

KSPP သည် ကချင်လူမျိုးစုများအပြင် ရှမ်း၊ လီဆူ၊ ဗမာကဲ့သို့သော လူမျိုးစုပေါင်းစုံဖြင့် ဖွဲ့စည်းထားသောကြောင့် ပါတီလှုပ်ရှားမှုများအပေါ် အားရစရာဖြစ်သလို တစ်ဖက်တွင်လည်း NLD က ဆက်လက်ဆောင်ရွက်ရမည့် ရည်ရွယ်ချက်များရှိနေသေးသောကြောင့် ရွေးကောက်ပွဲအောင်နိုင်ရေး ကြိုးပမ်းနေကြသည့် အနေအထားဖြစ်သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာခလန်ဆမ်ဆွမ်က သုံးသပ်သည်။

ရာနှုန်းပြည့်အနိုင်ရရန် မျှော်မှန်းထားသည့် အာဏာရပါတီ 

၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ အစိုးရဖြစ်လာခဲ့သည့် NLD ပါတီက ခန့်အပ်ထားသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကမူ နှစ်ပေါင်းများစွာ ယိုယွင်းခဲ့သည့်နိုင်ငံ၏ များစွာသော လိုအပ်ချက်များကို အစိုးရ လေးနှစ်တာကာလအတွင်း ပြီးပြည့်စုံအောင် မဆောင်ရွက်နိုင်သည်ကို အားမလို အားမရ ဖြစ်ရကြောင်း ဆိုသည်။

ပြည်သူများ၏ မပြီးပြတ်သေးသော ပြဿနာများကို ဖြေရှင်းပေးနိုင်ရန် ရွေးကောက်ပွဲဝင်ရခြင်း ဖြစ်သည်ဟု အောက်တိုဘာ ၁၀ တွင် ၎င်း၏ Facebook လူမှုကွန်ရက်ပေါ်တင်ထားသော မဲဆွယ်မိန့်ခွန်းတွင် ပြောဆိုထားသည်။ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ယခုရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်တွင် NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဦးမည်ဖြစ်သည်။

“ပြည်နယ်အစိုးရအနေနဲ့ ရည်မှန်းထားတဲ့ ပြည်နယ်ဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ မပြီးပြတ်သေးပါဘူး။ ကျန်နေသေးတဲ့ ကဏ္ဍတွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ ပြည်သူများဆက်လက်တာဝန်ပေးရန် လိုအပ်ကြောင်း” ဒေါက်တာခက်အောင်က ယင်းမဲဆွယ်မိန့်ခွန်းတွင် ပြောဆိုထားသည်။

တိုင်းရင်းသားများ ကိုယ့်ကြမ္မာကိုယ် ဖန်းတီးခွင့်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် NLD ကို မဲပေးရန် လိုအပ်သည်ဟုလည်း ၎င်းက ဆိုသည်။   

၂၀၁၅ တွင် ရွေးကောက်ခံရသည့် ကိုယ်စားလှယ်အများစုကို ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ရွေးချယ်ထားပြီး ၁၀၀ ရာခိုင်နှုန်း အနိုင်ရရှိရန် ရည်မှန်းထားသည်ဟု မြစ်ကြီးနားမြို့နယ် NLD အတွင်းရေးမှူး ဦးကျော်ဦးက Myanmar Now ကို ပြောသည်။

“အရင်တုန်းက ကျွန်တော်တို့ပါတီ အားမကောင်းခဲ့တဲ့ ဇခုန်တိန့်ယိန်းနယ်ထဲမှာတောင် ပါတီဝင်တွေ တိုးလာတယ်။ အဲဒီနေရာက အရင်တုန်းက အလံတောင် မထောင်ရဲတဲ့နေရာ၊ အခု အနီတွေဝတ်ပြီး သွားလာနေကြပါပြီ။ အရင်ကထက် မဲရလဒ် ပိုရလာနိုင်ပါတယ်” ဟု  ဦးကျော်ဦးက ပြောသည်။

ကချင်တွင် ၂၇ နေရာ အနိုင်ရရန် ပြည်ခိုင်ဖြိုးရည်မှန်း

ကချင်ပြည်နယ်တွင် မဲဆန္ဒနယ် ၆၇ နေရာဖြင့် ဒုတိယအများဆုံး ကွင်းဖြည့်ထားသည့် ပြည်ခိုင်ဖြိုးပါတီသည်လည်း အာဏာရ NLD နှင့် ကချင်ပါတီ KSPP တို့ကို ကျော်၍ ပြည်နယ်လွှတ်တော်နှင့် အစိုးရသစ်ဖွဲ့စည်းရေးတွင် ပါဝင်နိုင်ရန် မျှော်မှန်းထားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီသည် ပြည်သူ့လွှတ်တော် သုံးနေရာနှင့် ကချင်ပြည်နယ်လွှတ်တော်နေ ရာ ၉ ခု အနိုင်ရရှိခဲ့သည်။ 

ကချင်ပြည်နယ် နိုင်ငံရေးအခင်းအကျင်းတွင် အာဏာရပါတီ NLD နှင့် အင်တိုက်အားတိုက်ယှဉ်ပြိုင်မည့် ဒေသခံကချင်ပါတီ KSPP ပေါ်ပေါက်လာချိန်တွင် ပြည်ခိုင်ဖြိုးက ၎င်း၏ အမာခံမဲဆန္ဒနယ်များနှင့် မဲဒုတိယအများဆုံးရခဲ့သည့် နေရာများကို ပစ်မှတ်ထားကာ အောင်နိုင်ရေး ဆောင်ရွက်နေသည်။  

လွှတ်တော်နေရာ စုစုပေါင်း ၇၀ အနက် ဒုတိယမဲအများဆုံးဖြင့် ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၅၀ ကျော်ကို အဓိကပစ်မှတ်ထား ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

“ကျွန်တော်တို့ ကချင်ပြည်နယ်မှာ ပြောင်းလဲမှုဖြစ်ခဲ့တဲ့ ၂၀၁၅ တုန်းက မဲထောင်ဂဏန်းနဲ့ ရှုံးခဲ့တာမဟုတ်ဘူး။ ဆယ်ဂဏန်း၊ ရာဂဏန်းလောက်နဲ့ ရှုံးခဲ့တာ။ ကျွန်တော်တို့ပါတီရဲ့ အမာခံအင်အားက ရှိပြီးဖြစ်တဲ့အတွက် အရင်ကထက် အနိုင်ရတဲ့ ရာခိုင်နှုန်းတက်လာမယ်လို့ ယုံကြည်ပါတယ်”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးချန်တန်ခင်က ပြောသည်။

၂၀၁၅ တွင် ရရှိခဲ့သော မဲအရေအတွက်နီးပါးရလျှင်ပင် ပြည်နယ်လွှတ်တော်ကို ဦးဆောင်နိုင်မည့် အခြေအနေ ရှိသည်ဟု ၎င်းက သုံးသပ်သည်။ လီဆူ၊ ရဝမ်၊ ရှမ်းစသည့် လူမျိုးစုများနေထိုင်ရာဒေသများတွင် ဒေသခံများ ကြိုက်နှစ်သက်သူကိုသာ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ထားကြောင်းလည်း ဦးချန်တန်ခင်က ဆိုသည်။

“ကချင်ပြည်နယ်မှာ အများကြီး (မဲ) ပြိုကွဲသွားတယ်။ အဲဒီမှာ ကျွန်တော်တို့ပါတီက လက်ရှိအင်အားနဲ့ ကြိုးစားလိုက်ရင် Majority (အများစု) ကတော့ ရရှိမယ်လို့ ရည်မှန်းထားတယ်” ဟု  ၎င်းက ဆိုသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ပူတာအိုခရိုင်ရှိ မြို့နယ်ငါးခု၊ မြစ်ကြီးနားခရိုင်‌ မြို့နယ်ခြောက်ခုတို့၏ ပြည်နယ်လွှတ်တော်နေရာများနှင့် တိုင်းရင်းသားရေးရာဝန်ကြီး လေးနေရာတို့ အပါအဝင် အနည်းဆုံး ၂၇ နေရာ အနိုင်ရနိုင်ခြေရှိသည်ဟု ဦးချန်တန်ခင်က ဆိုသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်များထဲတွင် ပြည်ခိုင်ဖြိုး ရွေးကောက်ပွဲဝင်မပြိုင်သည့်နေရာ သုံးခုသာ ရှိသည်။ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်မြို့နယ် ၃ ခု ပေါင်းထားသည့် အမျိုးသားလွှတ်တော် အမှတ် ( ၂)၊ ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်နှင့် ချီဖွေမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၂) တို့ဖြစ်သည်။

အဆိုပါမဲ နယ်မြေများမှာ  ကချင်နယ်ခြားစောင့်လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင် ဇခုန်တိန့်ယိန်းနှင့် မိသားစုဝင်များ ဩဇာလွှမ်းမိုးသည့် နယ်မြေများဖြစ်သလို ၎င်းက နာယကအဖြစ်နှင့် သားဖြစ်သူက ဒုဥက္ကဋ္ဌတာဝန်များ ယူထားသည့် ဒီမိုကရေစီပါတီသစ် (ကချင်) ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်နေရာများလည်း ဖြစ်သည်။

၂၀၁၉ တွင် တည်ထောင်ခဲ့သည့် ဇခုန်တိန့်ယိန်း၏ ဒီမိုကရေတီပါတီသစ် (ကချင်) သည် ကချင်အထူးဒေသ (၁) ရှိ ချီဖွေ၊ ဆော့လော်၊ ဝိုင်းမော်၊ အင်ဂျန်းယန် မြို့နယ်များတွင် မဲဆန္ဒနယ် ၁၅ ခု ရှိသည့်အနက် ရှစ်ခုတွင် ဝင်ပြိုင်မည်ဖြစ်သည်။

ပါတီနာယက ဇခုန်တိန့်ယိန်းသည် ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်မြို့နယ်များ ပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၌ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ဇခုန်တိန့်ယိန်းသည် ပြိုင်ဘက်ပါတီများအပေါ် တရားမဲ့ပြုကျင့်မှုများကြောင့် အနိုင်ရပြီးနောက် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံခဲ့ရသည်။

သားဖြစ်သူ ဇခုန်ယိန်းဆောင်သည် ချီဖွေ၌ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲ နှစ်ခုစလုံးတွင် ကချင်ပါတီတစ်ခုဖြစ်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) ကိုယ်စားပြု အနိုင်ရရှိထားသည့် လက်ရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။

ယခု ၂၀၂၀ရွေးကောက်ပွဲတွင် ဇခုန်တိန့်ယိန်း ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော်လည်း သားဖြစ်သူ ဇခုန်ယိန်းဆောင်က စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) ကိုယ်စားပြုကာ ချီဖွေမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) နေရာတွင်ပင် ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။  

၂၀၂၀ ရွေးကောက်ပွဲတွင်သာ မဟုတ်ဘဲ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ဇခုန်တိန့်ယိန်းတို့ သားအဖနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်များတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဝင်ရောက်မယှဉ်ပြိုင်ခြင်းမှာ ဒေသခံပါတီများ အားကောင်းသောကြောင့် ဖြစ်သည်ဟု ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးချန်တန်ခင်က ဆိုသည်။

“ဒေသခံပါတီတွေက အားကောင်းတဲ့နေရာလည်း ဖြစ်တယ်။ အဲဒီကနေ ဝင်ပြိုင်မယ့်သူတွေကလည်း ဒေသအတွက် အထောက်အကူပြုတဲ့သူတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မပြိုင်တာပါ” ဟု ၎င်းက ဆိုသည်။

မဲကွဲသွားနိုင်သည့် အလားအလာ

ကချင်ပြည်နယ်တွင် အာဏာရပါတီ NLD၊ ပြည်ခိုင်ဖြိုးနှင့် KSPP တို့အပြင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီမှာလည်း လူမျိုးစုအလိုက် အားကောင်းသည့် ပါတီတစ်ခုဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ပြည်သူ့လွှတ်တော် နှစ်နေရာ၊ ပြည်နယ်လွှတ်တော် နှစ်နေရာ အနိုင်ရရှိခဲ့သည်။ လာမည့်ရွေးကောက်ပွဲတွင်  အမျိုးသားလွှတ်တော် နှစ်နေရာ၊ ပြည်သူ့လွှတ်တော် ရှစ်နေရာ၊ ပြည်နယ်လွှတ်တော် ၁၂ နေရာနှင့် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာ စုစုပေါင်း ၂၃ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်များအနက် ပြည်ထဲရေးဝန်ကြီးဌာန၏ မြို့၊ ရွာ ဖွဲ့စည်းမှုစာရင်းတွင် ကျေးရွာအမည်ပေါက် ရှိနေသော်လည်း မြေပြင်တွင်မရှိတော့သော ရွာပျက်များ၊ စစ်ဘေးရှောင်များ၏ ရွာဟောင်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ စိုးမိုးထားသည့်ကျေးရွာများနှင့် ဥပဒေစိုးမိုးမှုမရှိသည့် ရွာများ ပါဝင်သည့် ကျေးရွာအုပ်စု ၁၉၂ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။ 

သို့သော်လည်း ကချင်ပြည်နယ်အတွင်း ရွေးကောက်ယှဉ်ပြိုင်ရမည့် လွှတ်တော်နေရာ လျော့ကျသွားမည်မဟုတ်ပေ။

ကချင်ပါတီနှင့် ပြည်ခိုင်ဖြိုးတို့က ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်များကို သုံးသပ်၍ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးကို စနစ်တကျ ပြင်ဆင်နေသည့်အတွက် အာဏာရ NLD အတွက် အကျပ်ရိုက်နိုင်သည့် အခင်းအကျင်းမျိုး ပေါ်ပေါက်လာနိုင်သည်။

ထို့အပြင် နှင်းဆီပါတီ ခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) သည် ကချင်ပြည်နယ်အတွင်း လွှတ်တော်နေရာ ၇၀ စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့သည့်အတွက် ပါတီဖျက်သိမ်းခံရပြီးနောက် ယင်းပါတီဝင်များ၏ ပြောင်းလဲရပ်တည်မှုသည် ကချင်ပြည်နယ်ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိလာနိုင်သည်။

ထို့အပြင် ဆွမ်ပရာဘွမ်၊ တနိုင်းနှင့် အင်ဂျန်းယန်မြို့နယ်များတွင် ဩဂုတ်လအတွင်း ရွှေ့ပြောင်းလာသည့် တပ်မတော်သား ၁,၀၀၀ ခန့် ရှိနေပြီး ရွေးကောက်ပွဲရလဒ်အပေါ် သက်ရောက်မှု ရှိမည်ကို ကချင်ပါတီနှင့် NLD ကိုယ်စားလှယ်လောင်းများက စိုးရိမ်နေကြသည်။

KBC ဥက္ကဋ္ဌ ဒေါက်တာခလန်ဆမ်ဆွမ်ကလည်း  ပြည်နယ်အတွင်း လူထုထောက်ခံမှုများသည့် KSPP နှင့် NLD အားပြိုင်မှုကြား မဲကွဲမှု ဖြစ်ပေါ်လာမည်ကို စိုးရိမ်သည်ဟု ဆိုသည်။

“စိုးရိမ်မိတဲ့အထဲ မဲကွဲသွားမယ့် ကိစ္စမျိုးတွေ ပါတယ်။ စစ်တပ်က မဲက မဲရုံမှာ ထည့်ရမယ်ဆိုပေမယ့် စစ်တပ်ထဲမှာလည်း မဲရုံတွေလည်း ရှိတယ်။ အဲဒီမဲတွေကလည်း လျှော့တွက်လို့မရဘူး။ အဲဒါဆိုတော့ ကျွန်တော်တို့ နည်းနည်းစိုးရိမ်တာပေါ့။ စစ်တပ်ရှိတဲ့နေရာတွေမှာ KSPP က အားသိပ်မရှိဘူး” ဟု ဒေါက်တာခလန်ဆမ်ဆွမ်က ပြောသည်။

ဒီမိုကရေစီပါတီများ ပိုမို၍ အင်အားကောင်းစေရန် NLD သည် တိုင်းရင်းသားပါတီများနှင့် လက်တွဲဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက သုံးသပ်သည်။

“ကချင်ပြည်နယ်မှာ NLD၊ KSPP၊ USDP ကတော့ ထောက်ခံမှု ညီမျှနေတဲ့ အနေအထားလို့ မြင်တယ်။ စိုးရိမ်စရာကတော့ ရှေ့တန်းမှာ ရှိတဲ့ စစ်သားတွေ မဲထည့်ရင် USDP အားကောင်းသွားမယ့် အနေအထားကိုလည်း စဉ်းစားရမှာပါ။ ရိုးရိုးသားသားဆန္ဒကတော့ စစ်အာဏာရှင်အရိပ် ပြီးသွားစေချင်တာပေါ့” ဟု ဒေါက်တာခလန်ဆမ်ဆွမ်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading