ဘိန်းဘုရင်ခွန်ဆာ၏ မွန်ထိုင်းတပ် (Mong Tai Army - MTA) ခေါ် လွယ်မော်တပ်ဖွဲ့တွင် တပ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၇၂ နှစ်အရွယ် ဦးစိုင်းမွန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင်  ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ ဝင်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည် 

တန့်ယန်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံမည့် ဘိန်းဘုရင်ခွန်ဆာ၏ လက်ရုံးတပည့်ဟောင်း ဗိုလ်စိုင်းမွန်။ 

ခွန်ဆာ၏ လက်ရုံးဟောင်းတစ်ဦးဖြစ်သူ မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်စိုင်းမွန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်း၏ ပြည်သူ့စစ်အဖွဲ့ထိန်းချုပ်ရာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဘိန်းဘုရင်ခွန်ဆာ၏ မွန်ထိုင်းတပ် (Mong Tai Army - MTA) ခေါ် လွယ်မော်တပ်ဖွဲ့တွင် တပ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၇၂ နှစ်အရွယ် ဦးစိုင်းမွန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သော်လည်း အနိုင်မရရှိခဲ့ပေ။ 

ခွန်ဆာလက်နက်ချချိန် ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်စိုင်းမွန်း ခေါ် ဦးစိုင်းမွန်းသည် တန့်ယန်းမြို့နယ်အတွင်းရှိ မန်ပန်ကျေးရွာအုပ်စုအပြင် မိုင်းရယ်နှင့် လားရှိုးမြို့နယ်များရှိ ကျေးရွာအုပ်စု ၅၀ ဝန်းကျင်ခန့်ကို ထိန်းချုပ်ထားကြောင်း ဒေသခံများပြောကြားချက်အရ သိရှိရသည်။

ဦးစိုင်းမွန်းသည် ၂၀၁၅ ရွေးကောက်ပွဲကာလမှစတင်၍ ပြည်သူ့စစ်အဖွဲ့မှ အနားယူထားပြီဟု ဆိုသော်လည်း မန်ပန်ပြည်သူ့စစ်၏ နာယကအဖြစ် ဆက်ရှိနေသလို ဩဇာသက်ရောက်မှုလည်း ရှိသည်ဟု ယင်းဒေသရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများက လက်ခံထားကြသည်။ 

မန်ပန်ပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးစိုင်းမွန်း၏ သားဖြစ်သူ စိုင်းခမ်းမွန်းကို လွှဲထားသည်ဆိုသော်လည်း “ဒီတိုင်းလွှဲတယ်ဆိုပေမယ့် သူ့လက်အောက်က မလွတ်ပါဘူး” ဟု လက်ရှိ တန့်ယန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းအောင်ပွင့်က ပြောသည်။

မန်ပန်ပြည်သူ့စစ်၏ နယ်မြေလှုပ်ရှားမှုအခြေအနေနှင့်ပတ်သက်၍လည်း “ပြည်သူ့စစ်ထုံးစံအတိုင်းပဲလေ၊ အစိုးရထောက်ပံ့ကြေးပေးတာမှ မဟုတ်တာ၊ သူတို့ဘာသာသူတို့ ရှာစားရတာ၊ ကျွန်တော် အဲဒီလောက်ပြောရင် နားလည်ရောပေါ့။ လုပ်ငန်းတွေကတော့ အစုံရှိပါတယ်။ ကျွန်တော်တို့ သိတာလည်း ရှိမယ်၊ မသိတာလည်း ရှိမှာပေါ့ဗျာ” ဟု ၎င်းက Myanmar Now ကို ပြောသည်။

မန်ပန်ပြည်သူ့စစ်အဖွဲ့မှ ဆက်ဆံရေးတာဝန်ခံ ဦးဆမ်ဗရာကမူ “သူက လုံးဝကို အနားယူသွားတာ။ သူ့သားက ခေါင်းဆောင်ဖြစ်တော့ သားအဖဆိုတော့ နည်းနည်းပါးပါးတော့ လမ်းညွှန်မှုပေးတာပေါ့ဗျာ။ တရားဝင်ကတော့ မလုပ်တော့ဘူး” ဟု ဆိုသည်။

စက်တင်ဘာလအတွင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များ နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်းလည်း တက်ရောက်ခဲ့သည်။ 

မန်ပန်ပြည်သူ့စစ်အဖွဲ့၏ စီးပွားရေး 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်းပိုင်ကုမ္ပဏီသုံးခုရှိပြီး ရှမ်းရိုးမအေးချမ်းရေးကုမ္ပဏီလီမိတက် (Shan Yoma Aye Chan Yay Co., LTD) ၊ ရှမ်းရိုးမအေးချမ်းရေး ကျောက်မျက်ရတနာ ကုမ္ပဏီလီမိတက် (Shan Yoma Aye Chan Yay Gems Co., LTD) နှင့် ရှမ်းရိုးမအေးချမ်းရေးဂိုး(လ်)အင်(န်)မိုင်းပရောဒတ်ကုမ္ပဏီလီမိတက် (Shan Yoma Aye Chan Yay Gold & Mine Product Company Limited) တို့ ဖြစ်ကာ  စိုက်ပျိုးရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

အဆိုပါကုမ္ပဏီများတွင် ဦးစိုင်းမွန်းက ဒါရိုက်တာအဖြစ် ပါဝင်သလို ၎င်း၏သားဖြစ်သူ စိုင်းခမ်းမွန်းနှင့် ဆက်ဆံရေးတာဝန်ခံ ဦးဆမ်ဗရားတို့လည်း ဒါရိုက်တာအဖွဲ့ဝင်များဖြစ်ကြသည်။ 

မန်ပန်ပြည်သူ့စစ်အဖွဲ့သည် ၎င်းတို့ထိန်းချုပ်ရာ တန့်ယန်း၊ မိုင်းရယ်နှင့် လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆက်ကြေးကောက်ခြင်း၊ တပ်သားသစ်စုဆောင်းခြင်းနှင့် မြေယာပြဿနာများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်ဆိုသော ဝေဖန်မှုများလည်း ရှိနေသည်။ 

မြေယာပြဿနာများနှင့် ပတ်သက်၍ မန်ပန်ပြည်သူ့စစ်အဖွဲ့ပိုင် ကုမ္ပဏီများသည် “သူ့တန်ရာတန်ကြေး အကုန်ပေးခဲ့တယ်။ တချို့တွေကလည်း မြေလွတ်မြေရိုင်းတွေရှင်းပြီး လုပ်တာ။ အခုကျမှ ပိုင်ရှင်တွေက ပေါ်လာတယ်” ဟု ဦးဆမ်ဗရားက ဆိုသည်။

သို့ရာတွင် အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံထားရမှုမှ ပြန်လည်စိစစ်ရေးကော်မတီက ကွင်းဆင်းစစ်ဆေးခဲ့ရသည့် အမှုတွဲများတွင် မန်ပန်ပြည်သူ့စစ်နှင့် တောင်သူများအကြား အငြင်းပွားလျက်ရှိသော မြေယာပြဿနာများတွင် နမ့်ပေါင်နှင့် မိုင်းကျိုင်းဒေသမှ ထောင်နှင့်ချီသော မြေဧကကျယ်ကြီးများ ပါဝင်လျက်ရှိသည်။ 

မန်ပန်ပြည်သူ့စစ်အဖွဲ့သည် မြေယာများကို ကုမ္ပဏီအမည်ခံဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်သော်လည်း လျှောက်ထားသည့်ပမာဏထက် ပိုယူခြင်းများရှိသည်ဟု ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံထားရမှုမှ ပြန်လည်စိစစ်ရေးကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောသည်။ 

“နမ့်ပေါင်ဆို ဧကတစ်ထောင်ကျော်မှာ ဒေသခံမဟုတ်တဲ့၊ ဗမာစကား၊ ရှမ်းစကားတောင်မပေါက်တဲ့ တရုတ်လူမျိုးတွေ ခေါ်ပြီး ဖရုံ၊ ငရုတ် စတာတွေကို ရွာသားတွေရဲ့ရေဦးကို ယူပြီး စိုက်တယ်။ ရွာသားတွေက သူတို့ရဲ့ မြေလည်းရှုံး၊ ရေလည်းရှုံးတယ်” ဟု စိုင်းဝမ်းလှိုင်းခမ်းက Myanmar Now ကို  ပြောသည်။ 

တန်းယန်းမြို့နယ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ အရှေ့ တောင်ဘက် ၈၃ မိုင်အကွာတွင် တည်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နှင့် မိုင် ၅၀ ခန့်သာ ကွာဝေးသည်။ တန့်ယန်းမှ အရှေ့ဘက် ၁၀၅ မိုင်အကွာတွင် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရုံးချုပ်တည်ရာ ပန်ဆန်းမြို့တည်ရှိပြီး ကားလမ်းပေါက်သည်။ 

တန့်ယန်းမြို့ပေါ် ရပ်ကွက် အမှတ် (၁) တွင် MTA လွယ်မော်တပ်ရှိစဉ်က ဘိန်းဘုရင်ဟောင်း ခွန်ဆာ နေထိုင်ခဲ့သည့် အိမ်တစ်လုံးရှိပြီး မြို့ခံများကမူ ခွန်ဆာတိုက်ဟု အလွယ်ခေါ်ကြကာ လက်ရှိတွင် အဆိုပါ နေအိမ်၌ မန်ပန်ဌာနေပြည်သူ့စစ်ရုံး ဖွင့်လှစ်ထားသည်။ 
 

မန်ပန်ပြည်သူ့စစ်အဖွဲ့က နှောက်ယှက်မှုနှင့် ၂၀၂၀ ရွေးကောက်ပွဲ  

၂၀၂၀ ရွေးကောက်ပွဲအတွက် မန်ပန်ထိန်းချုပ်နယ်မြေများအတွင်း ပြည်ခိုင်ဖြိုးမဟုတ်သော အခြားနိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးသည့်အခါတွင် မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင်များက လက်နက်ကိုင်ဆောင်လျက် လိုက်ပါလာခြင်းနှင့် နယ်မြေအတွင်း ဝင်ခွင့်မပေးခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ 

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ လားရှိုးမြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းလှထွေးက မိုင်းပန်နှင့် နားနန်းကျေးရွာအုပ်စုကို ပြီးခဲ့သည့်လအတွင်း သွားရောက်စဉ် မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင်များက လက်နက်များကိုင်ဆောင်လျက် ၎င်းတို့နောက်မှ လိုက်ပါလာကြောင်း ပြောသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ “ကျွန်တော်တို့ရဲ့ မဲဆန္ဒရှင်တွေအပေါ် ခြိမ်းခြောက်တယ်လို့ ရှုမြင်ပါ တယ်” ဟု စိုင်းလှထွေးက မှတ်ချက်ပြုသည်။ 

တန့်ယန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) နေရာမှ ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) မှ စိုင်းနော်ခမ်းသည်လည်း အလားတူဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။ 

“ပြည်သူ့စစ်ရဲ့ အခွင့်မရဘဲ လူစုလူဝေးလုပ်ဖို့ သူတို့ (ပါတီဝင်တွေ) မှာ မစုရဲသလိုဖြစ်နေပါတယ်။ ဒါကြောင့် စည်းရုံးရေးဆင်းဖို့ အခက်အခဲတွေ ဖြစ်နေပါတယ်။ ပြည်သူ့စစ်အနေနဲ့လည်း သူတို့လည်း ရွေးကောက်ပွဲဝင်မှာပဲ၊ ပီးမွန်း (စိုင်းမွန်း) တို့လည်း ရွေးကောက်ပွဲဝင်တဲ့ နေရာမှာ ကျွန်တော်တို့ကို ပိတ်ပင်မထားဖို့ အကူအညီတောင်းချင်ပါတယ်ခင်ဗျ” ဟု စိုင်းနော်ခမ်းက ပြောသည်။

ဦးစိုင်းမွန်းကဲ့သို့ ‘ဝ’ လူမျိုးအောက်ရှိ လွယ်လမျိုးနွယ်စုဝင်ဖြစ်သည့် ဆက်ဆံရေးတာဝန်ခံ ဦးဆမ်ဗရားကမူ မန်ပန်ပြည်သူ့စစ်အဖွဲ့နှင့် ဦးစိုင်းမွန်းအပေါ် ဝေဖန်ပြောဆိုမှုများနှင့် ပတ်သက်၍ ဦးစိုင်းမွန်းသည် ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သိန်းပေါင်း သောင်းနှင့်ချီ၍ အကုန်အကျခံ လုပ်ဆောင်ခဲ့သူဖြစ်သည်ဟု တုန့်ပြန်သည်။ 

“ငါအရွေးမခံရဘူး၊ လုပ်မပေးဘူးဆိုတာမျိုး မရှိဘူး။ အဲဒီပိုက်ဆံတွေ ဘယ်ကရသလဲဆို သူက မိုင်းရှူးတို့၊ ဖားကန့်တို့မှာ ကျောက်မျက်ရတနာ အကြီးအကျယ်လုပ်တာ။ ရှမ်းရိုးမအေးချမ်းရေးကုမ္ပဏီလိမိတက် … အဲဒီက ရတဲ့ပိုက်ဆံနဲ့ သူက သုံးနိုင်တာပေါ့ဗျာ။ ပြည်သူ့စစ်နဲ့ ပိုက်ဆံက ဘာသွားရမလဲ” ဟု ဦးဆမ်ဗရား က ပြောသည်။

တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) တို့မှ သတင်းရင်းမြစ်များကမူ မန်ပန်ပြည်သူ့စစ်အနေဖြင့် တအာင်းရွာများတွင် တစ်အိမ်လျှင် တစ်နှစ်လျှင် ဆန် ၁၂ ပြည်၊ ငွေသားက အိမ်ခြေငါးဆယ်ကို ၂ သိန်းကျပ်၊ ၃ သိန်းကျပ် စသဖြင့် ကောက်ခံမှုများရှိသလို လုပ်အားပေးခေါ်ဆောင်မှု၊ လူသစ်စုဆောင်းမှုများ နှစ်စဉ်ရှိနေကြောင်း ပြောကြားသည်။

ထို့အပြင် တအာင်းလူငယ်များဖြင့် ဖွဲ့စည်းထားပြီး တအာင်းတိုင်းရင်းသားအများစု နေထိုင်ရာ ကျေးရွာ များ၌ ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးသည့် တအာင်းကျန်းမာရေးကော်မတီ (THC) ကိုလည်း မန်ပန်ဒေသအတွင်းသို့ ယနေ့အချိန်ထိ ဝင်ခွင့်မပြုကြောင်း သိရသည်။

ရှမ်းလူငယ်အဖွဲ့ (TYO) ၏ တန့်ယန်းတာဝန်ခံ စိုင်းခမ်းအောင်ကမူ မန်ပန်ပြည်သူ့စစ်တွင် “ဗိုလ်လုံအိုင်းဆိုတာ ရှိတယ်။ ကျေးရွာအုပ်စု လေးငါးစုမှာ မြေတွေ လိုက်သိမ်းထားတာ မနည်းဘူး။ သိမ်းတယ်ဆိုတာက ဟို ပြောရမယ်ဆို မတန်တဲ့ ဈေးနဲ့ ဖိအားပေးပြီး ဝယ်လိုက်တာပေါ့” ဟု ပြောကြားသည်။

ထို့အပြင် ပြည်သူ့စစ်အဖွဲ့က အခကြေးငွေဖြင့် မူးယစ်ဆေးဖြတ်ပေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိပြီး ငွေကြေးမတတ်နိုင်ပါက ဆေးပြတ်သွားသည့်အခါ လက်နက်တပ်ဆင်ပေးကာ အဖွဲ့ဝင်အဖြစ် စုဆောင်းမှုများရှိနေသည်ဟု စိုင်းခမ်းအောင်က ရှင်းပြသည်။

“သူတို့အဖွဲ့ဝင်လုပ်မယ်ဆို တစ်ယောက်ကို ၁၀ သိန်း အပြတ်ပေးပြီး စုတာမျိုးလည်း ရှိတယ်။ ပုံမှန်တော့ လုပ်နေတာပေါ့” ဟု စိုင်းခမ်းအောင်က ပြောသည်။

သို့ရာတွင် မန်ပန်အနေဖြင့် ထိုသို့ တပ်သားသစ် အဓမ္မစုဆောင်းမှုများ မရှိကြောင်း ခုခံပြောကြားလာသူက ပြည်ခိုင်ဖြိုးပါတီမှ တန့်ယန်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) ကိုယ်စားလှယ် စိုင်းဆန်စိန်ဖြစ်သည်။

“ဖေ့စ်ဘုတ်မှာ လျှောက်တင်ကြတာပါပဲ။ ကွင်းဆင်းကြည့်တာတော့ စစ်သားစုဆောင်းတာတွေ ဘာတွေ မရှိပါဘူး။ ရွေးကောက်ပွဲကတော့ သူ့နယ်သူစည်းရုံးတာတွေတော့ လုပ်မှာပေါ့လေ” ဟု ၎င်းက ပြောသည်။ 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းဇယားများအရ တန့်ယန်းမြို့နယ်တွင် လူဦးရေ ၁၇၄,၀၀၀ ကျော် နေထိုင်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စုပေါင်း ၄၉ စုဖြင့် ဖွဲ့စည်းထားသည်။ ရှမ်း၊ တအာဝ်းနှင့် လားဟူ တိုင်းရင်းသားတို့ အများစုနေထိုင်ကြပြီး ‘ဝ’ နှင့် ကိုးကန့်တိုင်းရင်းသား ၅ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် တန့်ယန်းမြို့နယ်၌ ဆန္ဒမဲပေးခွင့်ရှိသူ ၁၀၉,၀၀၀ ကျော် ရှိသည်။ 

၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ လက်ရှိ တန့်ယန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် သုံးဦးအနက် နှစ်ဦးမှာ SNLD ပါတီမှဖြစ်ပြီး ကျန်တစ်ဦးမှာ ပြည်ခိုင်ဖြိုးကတစ်ဦးဖြစ်သည်။ SNLD ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် SNDPက ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်အမှတ် (၂) တွင် အနိုင်ရရှိခဲ့ပြီး ပြည်နယ် အမှတ် (၁) တွင် ပြည်ခိုင်ဖြိုးက အနိုင်ရရှိခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် တန့်ယန်းမြို့နယ်၌ ပြည်ခိုင်ဖြိုး၊ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ SNLD နှင့် SNDP တို့အပြင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) နှင့် (၂) တွင် တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ (တစည) နှင့် ‘ဝ’ အမျိုးသားပါတီတို့လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ မြို့နယ်တစ်ခုလုံးတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၁ ဦးရှိသည်။ 

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading