၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၉၀၀ နီးပါး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းတွင် အမျိုးသမီးပါဝင်မှု အများဆုံးဖြစ်သည်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ကိုယ်စားပြုပြီး ရန်ကုန်တိုင်း ပန်းပဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ရွေးကောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မအိသဉ္ဇာမောင်ကို အောက်တိုဘာ ၃၀ ညတွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးမှုတစ်ခု၌ တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ပြီးချိန်ကတည်းက မအိသဉ္ဇာမောင် အကြားရဆုံး မှတ်ချက်တစ်ခုမှာ အသက်ငယ်သေးသည်၊ နိုင်ငံရေးလောက အတွေ့အကြုံထပ်ယူပြီးမှသာ ယှဉ်ပြိုင်သင့်သည်ဟူ၍ ဖြစ်သည်။ အမျိုးသားတစ်ဦးဖြစ်လျှင် သို့မဟုတ် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးဖြစ်ပါက ထိုကဲ့သို့ မှတ်ချက်ပေးခံရလိမ့်မည် မဟုတ်ဟု မအိသဉ္ဇာမောင်က ယူဆသည်။

ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း အရည်အချင်းတွင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ် သို့မဟုတ် တိုင်းလွှတ်တော်အတွက် အသက် ၂၅ နှစ် ပြည့်ပြီးသူဖြစ်ရမည်ဟု သတ်မှတ်ထားရာ မအိသဉ္ဇာမောင်မှာ ထိုထက်ပင် တစ်နှစ်ကြီးသေးသည်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် ၅၀၀၀ ကျော်သော ကိုယ်စားလှယ်လောင်းများမှ အသက်အငယ်ဆုံး အမျိုးသမီးကိုယ်စားလှယ်လောင်းများအနက် တစ်ဦးဖြစ်နေသည်။

ငယ်ရွယ်သည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ဖြစ်နေသည့်အတွက် ၎င်း၏ လုပ်ရည်ကိုင်ရည်အပေါ် ယုံကြည်မှုရှိရန် အခြားကိုယ်စားလှယ်လောင်းများထက် အဆများစွာ ပိုမိုကြိုးစားပြနေရသည်ဟု မအိသဉ္ဇာမောင်က ဆိုသည်။

“အသက်ငယ်တာရော၊ အမျိုးသမီးဖြစ်တာရောဟာ သိမ်ငယ်စရာတစ်ခုလို့ ကျွန်မအနေနဲ့ မခံယူဘူး။ ဒါပေမဲ့ ကျွန်မတို့ပတ်ဝန်းကျင်ကျတော့ တစ်ချို့အမြင်တွေက ကန့်ထားတာ ရှိတဲ့အခါကျတော့ ကျွန်မတို့က အများကြီး ကြိုးစားရတာပေါ့နော်။ ငါတို့လုပ်နိုင်တယ်၊ ငါတို့ဖြစ်နိုင်တယ်၊ လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို သူများက တစ်ခုလုပ်ရင် ဆယ်ခုလောက် လုပ်ပြရတယ်” ဟု ၎င်းက Myanmar Now ကိုပြောသည်။

မအိသဉ္ဇာမောင်သည် နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ပန်းပဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် ၎င်းအပါအဝင် ကိုယ်စားလှယ်လောင်းလေးဦး ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ဘက်သုံးဦးစလုံးမှာ အမျိုးသားများ ဖြစ်သည်။

မအိသဉ္ဇာမောင်ကဲ့သို့ပင် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော်ကိုယ်စား လှယ်လောင်း ၈၉၀ ရှိသည်။ (ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်သည့် နှင်းဆီပါတီခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ မကျင်းပဖြစ်မည့်ဒေသများတွင် ဝင်ရောက်ရွေးကောက်ခံမည့်သူများ မပါဝင်) ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၆၆၄ ဦး ရှိရာ ၁၅ ဒသမ ၇ ရာခိုင်နှုန်းဖြင့် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲသမိုင်းတွင် အမျိုးသမီးပါဝင်မှု အများဆုံးဖြစ်သည်။

သို့သော်လည်း ထိုအရေအတွက်မှာ အလွန်နည်းနေသေးသည့်အပြင် အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်ရန် ကြိုးစားလာသည့်အခါ ရှေးရိုးစွဲလူမှုအသိုင်းအဝိုင်း၏ ခွဲခြားဆက်ဆံမှုများ ရှိနေဆဲဖြစ်သည်ဟု အမျိုးသမီးကိုယ်စားလှယ်လောင်းများက ဆိုသည်။

“ဖိုဝါဒကြီးစိုးတဲ့ ပတ်ဝန်းကျင်ဆိုတော့ အမျိုးသားတစ်ယောက်ဆိုရင် ဘာမှမလုပ်ဘဲနေရင်တောင်မှ လုပ်နိုင်စွမ်းရှိတယ်လို့ ထင်တယ်။ ပတ်ဝန်းကျင်က သူ့ဘာသူ သတ်မှတ်ပေးလိုက်တာ။ အမျိုးသားဆိုတာနဲ့ လုပ်နိုင်တယ် ထင်တယ်။ အဲဒီအခါကျတော့ ယှဉ်ပြိုင်ရတဲ့အခါ ကျွန်မတို့က ဘာမှမလုပ်သေးဘဲ ကိုယ့်ဆီမှာ ပတ်ဝန်းကျင်က သတ်မှတ်ခံလိုက်ရတဲ့ဟာတွေ အများကြီးပဲ ကြုံရတယ်” ဟု မအိသဉ္ဇာမောင်က ပြောသည်။

လူ့အသိုင်းအဝိုင်းက အမျိုးသမီးများကို ယုံကြည်ကိုးစားမှု နည်းသည့်အတွက် အမျိုးသားကိုယ်စားလှယ်လောင်း များထက် အရည်အချင်းအပေါ် ပိုမိုမေးခွန်းထုတ်ခံရသည်ဟုလည်း ၎င်းက ဆိုသည်။

“နိုင်ငံရေးထဲမှာ အမျိုးသား အမျိုးသမီးလို့ ပြောလိုက်ရင် လူတွေက အရည်အချင်းသတ်မှတ်မှုကို အရင်ဆုံးမေးကြတယ်။ အမျိုးသားရဲ့အရည်အချင်းကို မေးခွန်းထုတ်လေ့နည်းတယ်။ အမျိုးသမီးရဲ့ အရည်အချင်းကိုတော့ မေးခွန်းထုတ်လေ့များတယ်” ဟု မအိသဉ္ဇာမောင်က ပြောသည်။

“ထောင်မှာတောင် ဒီလောက်ကြမ်းတမ်းတဲ့ ပြောဆိုမှု မခံရဘူး”

အင်တာနက်အသုံးပြုမှု ထွန်းကားသည့် ခေတ်ကာလဖြစ်သည့်အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်းများကို လူမှုကွန်ရက်တွင် ပစ်မှတ်ထားဝေဖန်တိုက်ခိုက်နေခြင်းမှာလည်း အဆိုးရွားဆုံး ခွဲခြားဆက်ဆံမှုတစ်ခုဖြစ်သည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကိုယ်စားပြုကာ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ရွေးကောက်ခံမည့် ၂၆ နှစ်အရွယ် ဆိုင်းနူးပန်က ပြောသည်။

၎င်း၏ မဲဆွယ်စည်းရုံးရေးလက်ကမ်းစာစောင်များတွင် ဖုန်းနံပါတ်ထည့်သွင်းထားသည့်အတွက် ဖုန်းမက်ဆေ့များမှတစ်ဆင့်ဖြစ်စေ၊ Facebook လူမှုကွန်ရက်မှတစ်ဆင့်ဖြစ်စေ အမျိုးသမီးဖြစ်ခြင်းအပေါ် တိုက်ခိုက်ပြောဆိုမှုများ ရှိသည်ဟု ၎င်းက ဆိုသည်။

‘ဘာတွေလုပ်နေလဲ၊ မင်းရဲ့ပုံစံက နိုင်ငံရေးပုံစံမဟုတ်ဘူး၊ အမျိုးသမီးလုပ်စားရမှာ ဘာလို့နိုင်ငံရေးလုပ်နေလဲ’၊ ‘ဝန်ကြီးမယားငယ်’ စသည်ဖြင့် ရိုင်းပျစွာပြောဆိုမှုများ ရှိသည်ဟု ဆိုင်းနူးပန်က ပြောသည်။

‘ဒီအမျိုးသမီးက ကောင်းတဲ့အမျိုးသမီး မဟုတ်ဘူး မကောင်းတဲ့အမျိုးသမီးဖြစ်တယ်။ အဲလိုမျိုးလူတွေက နိုင်ငံရေးလောကမှာ ပါဝင်လာတယ်။ မယုံကြည်ပေးပါနဲ့ မဲမထည့်ကြပါနဲ့’ ဟု လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက ရေးသားကာ ဖြန့်ဝေထားသည်ကို ဆိုင်းနူးပန်၏ ဖခင်ဖြစ်သူက မြင်တွေ့ခဲ့သည်ဟု ဆိုသည်။

“သမီးရယ် အေးဆေးနေရင်တောင်မှ ကောင်းသေးတယ်။ အခုက နိုင်ငံရေးမှာ ထွက်ရတဲ့အခါမှာ တိုက်ခိုက်မှုတွေက အများကြီးခံရတယ်​။ အဖေတို့က သမီးတစ်ယောက် အဲဒီလိုမျိုး ခံရတဲ့အခါမှာ မကြည့်ရက်ဘူး မခံစားနိုင်ဘူးဆိုတော့ ကျွန်မတော်တော်လေး စိတ်တော့ မကောင်းဘူး” ဟု ဆိုင်းနူးပန်က ပြောပြသည်။

လူမှုကွန်ရက်တွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ၏ ရုပ်ပိုင်းဆိုင်ရာအပေါ် စော်ကားပြောဆိုမှုများမှာ စိုးရိမ်ဖွယ်အခြေအနေတစ်ခုဖြစ်သည်ဟု လူ့ဘောင်သစ်ပါတီ၏ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။

“ထောင်ထဲမှာတောင်မှ အဲ့လောက်ကြမ်းတမ်းတဲ့ ပြောဆိုမှုတွေမခံရဘူး” ဟု နိုင်ငံရေးလောကတွင် အနှစ် ၃၀ ကျော် ဖြတ်သန်းခဲ့သည့် ဒေါ်နှင်းနှင်းမွှေးက ၎င်းထောင်ကျခဲ့စဉ်က အတွေ့အကြုံနှင့် နှိုင်းယှဉ်ပြောသည်။

အလားတူ ပစ်မှတ်ထားတိုက်ခိုက်မှုများကို လက်ရှိ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များလည်း ကြုံတွေ့ရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ဆိုသည်။

သာမန်အမျိုးသမီးကိုယ်စားလှယ်များထက် လွှတ်တော်အတွင်း မကြာခဏ ထောက်ပြအရေးဆိုလေ့ရှိသည့် အမျိုးသမီးများကို ပစ်မှတ်ထားကာ ပိုမိုဝေဖန်တိုက်ခိုက်တတ်ကြကြောင်း ၎င်းက ပြောသည်။

“နိုင်ငံရေးကို တကယ်ခိုင်ခိုင်မာမာ ယုံကြည်ချက်ရှိရှိနဲ့လုပ်တဲ့ အမျိုးသမီးတွေကတော့ သိပ်ယိမ်းယိုင်သွားမယ်လို့ မထင်ဘူး။ အဲဒီအပေါ်မှာ သိပ်ယိမ်းယိုင်သွားပြီး စိတ်ပျက်သွားမယ်လို့ မထင်ဘူး” ဟု ဒေါ်သန္တာက ပြောသည်။

မြန်မာနိုင်ငံ လူဦးရေ ၅၃ သန်းတွင် ထက်ဝက်ကျော်ဖြစ်သည့် ၂၈ သန်းသော အမျိုးသမီးများ၏အသံကို ကိုယ်စားပြုမည့်သူများ နိုင်ငံရေးတွင် ပါဝင်လာခြင်းမှာ ဝေဖန်ခြင်းထက် ကြိုဆိုရမည့်ကိစ္စတစ်ခုဖြစ်ပြီး ၎င်းတို့၏ ပါဝင်ဦးဆောင်မှုသည် နိုင်ငံအရွေ့ကို ပိုမိုမြန်ဆန်စေလိမ့်မည်ဟု ၎င်းက ပြောသည်။

လွှတ်တော်တွင် အမျိုးသမီးပါဝင်မှု နည်းလွန်းနေသေး

တပ်မတော်အစိုးရက ကျင်းပပေးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၂၇ ဦး ယှဉ်ပြိုင်ခဲ့ရာ ၄၅ ဦးသာ အနိုင်ရခဲ့သည်။ ရာစုနှစ်တစ်ဝက်ခန့် ကြာမြင့်ခဲ့သည့် စစ်အာဏာရှင်စနစ်အလွန် အရပ်သားတစ်ပိုင်း ဦးသိန်းစိန်အစိုးရက ကျင်းပပေးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ အမျိုးသမီး ၈၀၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၅၁ ဦး အောင်ပွဲခံခဲ့သည်။ ရွေးကောက်ခံနေရာစုစုပေါင်းမှာ ၁,၁၀၀ ကျော် ဖြစ်သည့်အတွက် လွှတ်တော်တွင် အမျိုးသမီးကိုယ်စားပြုမှုမှာ ၁၃ ရာခိုင်နှုန်းကျော်သာ ရှိသည်။

ကျား၊မ တန်းတူအခွင့်အရေးလုပ်ဆောင်သည့် အရပ်ဘက်အဖွဲ့အစည်းများ၏ တိုက်တွန်းမှုများကြောင့် ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း နိုင်ငံရေးနှင့် အစိုးရအဖွဲ့အစည်းများတွင် အမျိုးသမီးကိုယ်စားပြုမှု တိုးတက်လာသော်လည်း အနည်းဆုံးရှိသင့်သည့် ၃၀ % ပြည့်မီရန် လိုအပ်နေသေးသည်။

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ လွှမ်းမိုးမှုကြီးသော အမျိုးသမီးတစ်ဦး ခေါင်းဆောင်နေသည့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ၁,၁၀၀ ကျော်တွင် အမျိုးသမီး ၂၁၂ ဦးသာ ပါဝင်သည်။ ရာခိုင်နှုန်းအားဖြင့် ၁၉ ဒသမ ၁ ရှိသည်။

အတိုက်အခံပါတီကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးပါဝင်မှု ၉ ဒသမ ၈ % သာရှိသည်။

အမျိုးသမီးဦးဆောင်သည့် နိုင်ငံရေးပါတီအသစ်တစ်ခုဖြစ်သော ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ကိုယ်စားလှယ်လောင်း ၂၃၄ ဦးဖြင့် ရွေးကောက်ပွဲဝင်မည်ဖြစ်ပြီး အမျိုးသမီး ၅၀ ဦး ပါဝင်သည်။ 

ယခုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးပါဝင်မှုရာခိုင်နှုန်း အများဆုံးမှာ ၂၈ ဒသမ ၁ ဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဖြစ်သည်။ ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း အရေအတွက်မှာ ၁၂၈ ဦးအနက် အမျိုးသမီး ၃၆ ဦးဖြစ်သည်။

လူငယ်နှင့် အမျိုးသမီးကို ဦးစားပေးသည့် ပါတီမူဝါဒကို ကြိုက်နှစ်သက်သည့်အတွက် SNLD ကိုယ်စားပြုကာ တောင်ကြီးမြို့နယ်မှ ရှမ်းပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂ အတွက် ယှဉ်ပြိုင်ရခြင်းဖြစ်သည်ဟု ရှေ့နေတစ်ဦးလည်းဖြစ်သူ နန်းလွင်ခမ်းက Myanmar Now ကို ပြောသည်။

ဝင်ရောက်ရွေးကောက်ခံခြင်းအားဖြင့် လူငယ်အမျိုးသမီးများလည်း နိုင်ငံရေးလုပ်နိုင်သည်ဆိုသည်ကို ဥပမာပြနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၃၁ နှစ်အရွယ် နန်းလွင်ခမ်းက ပြောသည်။ အမျိုးသမီးပါဝင်မှုကို ရာခိုင်နှုန်းသတ်မှတ်ထားခြင်းအားဖြင့် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ထပ်မံပါဝင်လာအောင် လမ်းဖွင့်ပေးသည့် သဘောဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“အမျိုးသမီးတွေအတွက် အခွင့်အလမ်းပဲ။ နိုင်ငံရေးထဲမှာဝင်လာဖို့လည်း အခွင့်အလမ်းရှိတယ်။ တစ်ချို့ကျတော့လည်း နိုင်ငံရေးစိတ်ဝင်စားပေမယ့် ဘယ်လိုစလုပ်ရမလဲ မသိဘူးလေ။ ဒါ အခွင့်အရေးဖွင့်ပေးတဲ့သဘောပဲ” ဟု နန်းလွင်ခမ်းက ပြောသည်။

KSPP သည်လည်း ကိုယ်စားလှယ်လောင်းရွေးချယ်ရေး ပါတီမူဝါဒတွင် အမျိုးသမီးနှင့် လူငယ်များကို ဦးစားပေးရန် ထည့်သွင်းထားသော်လည်း လူမှုရေးအခက်အခဲများကြောင့် မပါဝင်နိုင်ကြသည့် အမျိုးသမီးများစွာရှိသည်ဟု ဆိုင်းနူးပန်က ဆိုသည်။

ကိုယ်စားလှယ်လောင်း ၆၇ ဦးဖြင့် ရွေးကောက်ယှဉ်ပြိုင်မည့် KSPP တွင် အမျိုးသမီး ၁၀ ဦးသာ ပါဝင်သည်ကို ၎င်းအနေဖြင့် အားမရကြောင်း ဆိုသည်။

“တကယ်တမ်း အလုပ်လုပ်နိုင်တဲ့ အမျိုးသမီး အများကြီးရှိတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်က အဆင်မပြေတဲ့ အနေအထား၊ ငွေရေးကြေးရေး အဆင်မပြေတဲ့ အနေအထားမှာ သူတို့ဘက်ကနေ ပါဝင်ဖို့ အခက်အခဲဖြစ်ကြတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

မိသားစုကို ပြုစုပျိုးထောင်နေရသည့် အမျိုးသမီးများမှာ အိမ်ကိုပစ်၍ နိုင်ငံရေးတွင် ခြေစုံပစ်ဝင်ရန် အခက်အခဲရှိနေသလို လိုအပ်သည့် ကျွမ်းကျင်မှုအတွက် လေ့လာပြင်ဆင်လိုသည့် အမျိုးသမီးငယ်များအတွက် တိုင်းရင်းသားပြည်နယ်ဒေသများတွင် ပြည်မဒေသများထက် ပညာရေးအခွင့်အလမ်းများ ရှားပါးနေသေးကြောင်း ဆိုင်းနူးပန်က ဆိုသည်။

တစ်ဖက်တွင်လည်း နိုင်ငံရေးတွင် အမျိုးသမီးများသည် ရာခိုင်နှုန်းတစ်ခုအဖြစ် အပြသဘောပါဝင်ခွင့်သာ မဟုတ်ဘဲ ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ခေါင်းဆောင်ပိုင်းနေရာများတွင် ရှိနေရန် လိုအပ်သည်ဟု အမျိုးသမီးကိုယ်စားလှယ်လောင်းများက ဆိုသည်။

ဆုံးဖြတ်ချက်ချသည့် ဦးဆောင်မှုအခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်နိုင်ရန်ဆိုသည်မှာ နိုင်ငံရေးအရ “အငြင်းပွားရမည့်အရာ မဟုတ်” ဟု ယုံကြည်ကြောင်း ဆိုင်းနူးပန်က ပြောသည်။

“အမျိုးသမီးတွေက သူတို့အတွက် လုံခြုံမှုတွေ ..လုပ်ဖို့အတွက်က အမျိုးသမီးတွေ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့လိုအပ်သလို နိုင်ငံရေး အရေးဆိုတဲ့အခါမှာလည်း ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်ဖို့လိုတယ်။ ဒါမှလည်း ကျွန်မတို့ အနာဂါတ်၊ ငြိမ်းချမ်းတဲ့ ကျွန်မတို့ နိုင်ငံကို အမြန်ဆုံးတည်ဆောက်နိုင်မယ်လို့ ကျွန်မအနေနဲ့ ယုံကြည်တယ်” ဟု ၎င်းက ဆိုသည်။

၎င်းကိုယ်တိုင်က တိုင်းရင်းသူကချင်လူငယ်တစ်ဦးနှင့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးဖြစ်သည့်အတွက် ပြည်နယ်၏ အရေးကိစ္စများကို ဆောင်ရွက်မည့်အပြင် အမျိုးသမီးများ နိုင်ငံရေးဦးဆောင်မှုတွင် ပိုမိုပါဝင်လာအောင် လမ်းဖွင့်ပေးနိုင်ရန် ယခုအချိန်ကတည်းက ကြိုတင်ပြင်ဆင်ထားပေးမည်ဟု ၎င်းက ပြောသည်။

ခွဲခြားဆက်ဆံမှု များပြားသော်လည်း တန်းတူညီမျှမှု ရှားပါးသည့် လူ့အဖွဲ့အစည်းကို ငြိမ်းချမ်း၍ နွေးထွေးကြင်နာမှု ဖုံးလွှမ်းသည့် လူ့အသိုင်းအဝိုင်းတစ်ခုအဖြစ် ပြောင်းလဲရန် အပြောင်းအလဲလုပ်နိုင်သည့် ဥပဒေပြုမဏ္ဍိုင်သို့ အရောက်သွားမည်ဟု မအိသဉ္ဇာမောင်က ဆိုသည်။

“ကျွန်မ နေထိုင်ချင်တဲ့ ပတ်ဝန်းကျင်က ကျွန်မအတွက်သာ မဟုတ်ဘူး။ ကျွန်မရဲ့ နောင်ဖြစ်လာမယ့်မျိုးဆက်တွေ အတွက်ကော နွေးထွေးလုံခြုံပြီးတော့မှ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မ နေထိုင်ချင်တယ်။ ကျွန်မ အဲလိုတည်ဆောက်ချင်တယ်။ ဒါကြောင့်မို့လို့ ကျွန်မ ဒီလိုမျိုးကိစ္စတွေ လုပ်နေတာပါ” ဟု မအိသဉ္ဇာမောင်က ပြောသည်။

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading