ဦးသိန်းစိန်အစိုးရလက်ထက်တွင် လွှတ်တော်၌ စွပ်စွဲပြစ်တင်ခြင်းအဆို တင်သွင်းခံခဲ့ရသည့် တစ်ဦးတည်းသော ဝန်ကြီးချုပ်ဖြစ်သူ ဦးသိန်းအောင်သည် အစိုးရအကူးအပြောင်းတွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကို ၎င်းတည်ထောင်ထားသည့် ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့သဖြင့် လက်ရှိအစိုးရလက်ထက်တွင် သမ္မတအမိန့်ဖြင့် ပြန်လည်တောင်းခံခြင်းခံခဲ့ရသူဖြစ်သည် 

ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် (ဓာတ်ပုံ- ဆွေဝင်း/ Myanmar Now)

ယခင်အစိုးရလက်ထက်က ရန်ပုံငွေကြွေးကျန်ကိစ္စကြောင့် ဝေဖန်ခံခဲ့ရသည့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ ၎င်း၏ဇာတိ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

အသက် ၇၂ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်သည် အင်္ဂပူမြို့နယ် ထူးကြီးဇာတိဖြစ်ပြီး တပ်မတော်တွင် နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးချုပ်ဟောင်းတစ်ဦးဖြစ်သည်။ တပ်မတော်အစိုးရလက်ထက်တွင် စွမ်းအင်ဒုဝန်ကြီးနှင့် သစ်တောဝန်ကြီးအဖြစ်လည်း တာဝန်ယူခဲ့ပြီး ဧရာဝတီတိုင်းပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။

ဦးသိန်းအောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် အင်္ဂပူမဲဆန္ဒနယ် အမှတ် (၁) တွင် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းမရှိဘဲ တစ်ဦးတည်း ရွေးကောက်ခံခဲ့ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့် ထိုရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသော်လည်း  ၂၀၁၅ ရွေးကောက်ပွဲတွင် ထိုမဲဆန္ဒနယ်၌ပင် NLD ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သည်။ 

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ရှုံးနိမ့်ပြီးနောက် NLD အစိုးရတက်လာပြီး မကြာမီတွင် ဦးသိန်းအောင်အပါအဝင် ပြည်ခိုင်ဖြိုးဝန်ကြီးချုပ်ဟောင်းလေးဦးသည် ငွေကျပ် သန်းထောင်ချီသော ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကို လွှဲပြောင်းခြင်းမရှိသည့်အတွက် စုံစမ်းစစ်ဆေးခံခဲ့ရသည်။ 

ဦးသိန်းအောင်သည် ဧရာဝတီတိုင်းအစိုးရ၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြစ်သည့် ငွေကျပ် ၅ ဒသမ ၂ ဘီလျံကျော်ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းမရှိကြောင်း ပေါ်ပေါက်ခဲ့သည်။ ၎င်းကမူ ထိုငွေများသည် အစိုးရဘက်ဂျက်ငွေများမဟုတ်ဘဲ သူဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကို ဖွဲ့စည်းခဲ့ကာ လုပ်ငန်းရှင်များကို ရန်ပုံငွေထည့်ဝင်စေခြင်း၊ ဖျော်ဖြေပွဲများကျင်းပ၍ ရန်ပုံငွေရှာဖွေခြင်းများ ပြုလုပ်ခဲ့ခြင်းမှ ရရှိခဲ့ခြင်းသာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

ဦးသိန်းအောင်သည် ဝန်ကြီးချုပ်ရာထူးမှ ဆင်းခါနီးအချိန်တွင် ယင်းဖောင်ဒေးရှင်းကို ဖျက်သိမ်း၍ ဧရာဝတီတိုင်း ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းဟု အမည်ပြောင်းဖွဲ့စည်းပြီး ယခင်ဖောင်ဒေးရှင်းအဟောင်းမှ ရန်ပုံငွေများကို ဖောင်ဒေးရှင်းအသစ်သို့ လှူဒါန်းခဲ့သည်။

အဆိုပါ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းသည် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် နာယကအဖြစ် ပါဝင်ကာ အစိုးရဟောင်းမှ ထိပ်ပိုင်းခေါင်းဆောင်များလည်း ပါဝင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

NLD အစိုးရလက်ထက် ၂၀၁၆ ဇူလိုင်တွင် ဧရာဝတီတိုင်းလွှတ်တော်အစည်းအဝေးတစ်ခု၌ ဖျာပုံလွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက အဆိုပါ ဒေသဖွံဖြိုးရေးရန်ပုံငွေ ၅ ဒသမ ၂ ဘီလျံကျော်နှင့် ပတ်သက်၍ မေးခွန်းမေးမြန်းခဲ့ပြီးနောက် တိုင်းအစိုးရက ဧရာဝတီတိုင်း ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကို စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်ခဲ့သည်။

ထိုမှတစ်ဆင့် ယင်းရန်ပုံငွေကိစ္စကို သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ရန်ပုံငွေများ ပြန်လည်တောင်းခံသင့်ကြောင်း အစီရင်ခံစာတင်ပြခဲ့သည်။ စာရင်းစစ်ချုပ်ရုံး၏ အကြံပြုချက်အတိုင်း ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ ပြန်လည်တောင်းခံရန် သမ္မတရုံးက ၂၀၁၈ ဇူလိုင်တွင် ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံ ညွှန်ကြားခဲ့သည်။

စိစစ်တွေ့ရှိသည့် ရန်ပုံငွေမှာ ကျပ် ၅ ဒသမ ၂ ဘီလျံကျော် ဖြစ်သော်လည်း ဒေသဖွံဖြိုးရေးလုပ်ငန်းတချို့တွင် ပါဝင်ခဲ့သည့်ငွေ ကျပ်သိန်း ၈,၀၀၀ ကျော် ကင်းလွတ်ခွင့် ပြုခဲ့သည့်အတွက် ကျပ်သန်း ၄ ဒသမ ၄ ဘီလျံကျော် ပြန်လည်ပေးအပ်စေရန် သဘောတူဆုံးဖြတ်ခဲ့သည်။ ဖောင်ဒေးရှင်းက ရန်ပုံငွေများကို အရစ်ကျပေးသွင်းခဲ့ပြီး ၂၀၁၉ မေလ ၃၁ တွင် အကျေပေးသွင်းခဲ့သည်။

ဖောင်ဒေးရှင်းထံမှ ပြန်လည်ရရှိခဲ့သည့် ရန်ပုံငွေများကို ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အလိုက်ခွဲဝေကာ တိုင်းအစိုးရကွပ်ကဲမှုအောက်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က Myanmar Now ကို ပြောသည်။

“မြို့နယ်အလိုက် တစ်မြို့နယ်နဲ့ တစ်မြို့နယ်တော့ မတူ။ လမ်းတွေလုပ်တာ၊ တံတားလုပ်တာ၊ ဘက်ဟိုး (Backhoe) လို စက်ပစ္စည်းတွေ ဝယ်တာတွေရှိတယ်။ ၂၆ မြို့နယ်လုံး ခွဲဝေအသုံးပြုတာပါ” ဟု ဦးအောင်ကျော်ခိုင်က ပြောသည်။

တိုင်းအစိုးရ ရန်ပုံငွေကြွေးကျန်ကိစ္စအပြင် ဦးသိန်းအောင်သည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် လွှတ်တော်၌ စွပ်စွဲပြစ်တင်ခြင်းအဆို တင်သွင်းခံခဲ့ရသည့် တစ်ဦးတည်းသော ဝန်ကြီးချုပ်လည်း ဖြစ်သည်။

လွှတ်တော်အတွေ့အကြုံနှင့် ဥပဒေရေးရာကိစ္စများ ရှင်းလင်းခြင်းမှလွဲ၍ အစိုးရဌာနဆိုင်ရာဝန်ထမ်းများသည် လွှတ်တော်ကိုယ်စားလှယ်များ ဆင့်ခေါ်ပါက သွားရန်မလိုအပ်ဟု စာထုတ်ပြန်ခဲ့သဖြင့် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာထိခိုက်စေသည်ဟုဆိုကာ ထိုစဉ်က တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က စွပ်စွဲပြစ်တင်ရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ဘီလျံချီ ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပွားခဲ့သော်လည်း ဦးသိန်းအောင်သည် ယခုရွေးကောက်ပွဲတွင် သူ၏မူလအင်္ဂပူမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးကိုယ်စားပြု ဝင်ရောက်ယှ​ဉ်ပြိုင်ဦးမည်ဖြစ်သည်။

ဦးသိန်းအောင်၏ ပြိုင်ဘက်မှာ လက်ရှိတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဦးသိန်းအောင်ကို မဲ ၃,၀၀၀ ကျော်အကွာဖြင့် အနိုင်ရခဲ့သူလည်းဖြစ်သည်။ 

လတ်တလောတွင် ဦးသိန်းအောင်သည် ၂၀၂၀ ရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ၎င်းတာဝန်ယူခဲ့စဉ်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မဲဆွယ်စည်းရုံးလျက်ရှိသည်။ 

“သားသမီးတွေကလည်း ကျွန်တော် ဆောက်ပေးထားတဲ့ ကျောင်းမှာနေတယ်။ ဆေးရုံတက်တော့လည်း ကျွန်တော် ဆောက်ပေးတဲ့ (ဆေးရုံ) မှာ တက်တယ်။ လမ်းလျှောက်တော့လည်း ကျွန်တော်ခင်းပေးခဲ့တဲ့ လမ်းမပေါ်မှာ လျှောက်ခဲ့တယ်။ လျှပ်စစ်မီးကျတော့လည်း ကျွန်တော် လုပ်ပေးခဲ့တဲ့ မီးအောက်မှာ ထိန်ထိန်လင်းနေကြတယ်။ ဘာဖြစ်လို့ ကျွန်တော့်ကိုကျတော့ မဲမပေးချင်ကြဘဲ သူများကို မဲပေးချင်ကြသလဲ” ဟု ဦးသိန်းအောင်က မဲဆန္ဒရှင်များကို  မေးခွန်းထုတ်လျက်ရှိသည်။

မဲဆွယ်စည်းရုံးရေးအတွက် အင်္ဂပူမြို့နှင့် ကပ်လျက် ကံဦးကျေးရွာအုပ်စုတွင် အောက်တိုဘာ ၂၂ က ဒေသခံများနှင့် တွေ့ဆုံခဲ့စဉ် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ထိုသို့ ပြောဆိုထားသည့် ရုပ်သံဖိုင်ကို Myanmar Now က ရရှိထားသည်။ 

သုံးကြိမ်မြောက် ရွေးကောက်ပွဲဝင်ပြိုင်ရခြင်းမှာ ဒေသဖွံ့ဖြိုးရေးများ ဆက်လက်လုပ်ချင်သေးသည့်အတွက် ဖြစ်ကြောင်း ကံဦးကျေးရွာအုပ်စု မဲဆွယ်ပွဲတွင် ဦးသိန်းအောင်က ပြောကြားခဲ့သည်။ 

“ကျွန်တော်တို့ အစိုးရကာလနဲ့ အခုအစိုးရကာလ၊ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ သမ္မတကြီးဦးဝင်းမြင့်လက်ထက် နှိုင်းယှဉ်ကြည့်တဲ့အခါမှာ တစ်တိုင်းပြည်လုံးလည်း အများကြီးအားနည်းတယ်။ တိုင်းဒေသကြီးလည်း အားနည်းတယ်။ မြို့နယ်တွေလည်း အားနည်းတာ တွေ့တယ်” ဟု ဦးသိန်းအောင်က ဆိုသည်။ 

“အဲဒီတော့ ကျွန်တော်လက်ခံရရင် ငါးနှစ်တာကာလ လဲသင့်တယ်လို့ ခံစားမိတယ်။ ကျန်းမာရေးကောင်းတဲ့အထိ ဒေသခံတွေအကျိုး လုပ်ပေးမယ်ဆိုပြီး အဲလိုလေး ခံစားပြီးတော့ ကျွန်တော် ရွေးကောက်ပွဲဝင်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

ဦးသိန်းအောင်နှင့် ယှဉ်ပြိုင်ရမည့် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ကမူ NLD အစိုးရလက်ထက်တွင် တိုးတက်မှု ပိုပြီးမြန်ဆန်လာသည်ဟု ဆိုသည်။

“သူတို့ လုပ်ခဲ့တဲ့ ဖွံ့ဖြိုးရေးလုပ်ခဲ့တဲ့ အကြောင်းတွေနဲ့ မဲဆွယ်တာပေါ့။ သူတို့ လုပ်တော့လုပ်ခဲ့ပါတယ်။ သူတို့လက်ထက်တုန်းက အထိုင်အထ နှေးနေတာပေါ့။ အဲဒါတွေက ကျွန်တော်တို့ NLD လက်ထက်ကျတော့ အကုန်သွက်သွက်လက်လက် လုပ်နိုင်ခဲ့တာပါ။ အားလုံးက သိနေကြတာပဲ၊ ညာလို့မှမရတာ ဒီခေတ်က” ဟု ဦးအောင်ကျော်ခိုင်က Myanmar Now ကို ပြောသည်။

ဦးသိန်းအောင်သည် ၎င်း၏လက်ထက်တွင် ဒေသဖွံဖြိုးရေးကိစ္စအများအပြား အကောင်အထည်ဖော်နိုင်ခဲ့မှုကြောင့် ၎င်း၏ဇာတိ အင်္ဂပူမြို့နယ်တွင် ထောက်ခံမှု အခိုင်အမာရှိသူ ဖြစ်သည်။​ သို့သော် ဧရာဝတီတိုင်းဒေသကြီးမြို့တော် ပုသိမ်ကို စင်ကာပူကဲ့သို့ ဖြစ်အောင်လုပ်ပေးမည်၊ ဆိုက်ကားနင်းသူများကို ချမ်းသာအောင်လုပ်ပေးနိုင်သည်ဟူသော ပြောစကားများကြောင့်လည်း ဝေဖန်ခံခဲ့ရသူ ဖြစ်သည်။

“ကျွန်တော်တို့ စစ်တမ်းတွေ ကောက်ကြည့်တာတော့ ထောက်ခံမှုက သူမသာကိုယ်မသာပေါ့။ အများကြီးကွာခြားမှုရှိတာ မတွေ့ရဘူး” ဟု အင်္ဂပူမြို့နယ်တွင် ရွေးကောက်ပွဲလေ့လာစောင့်ကြည်မှုများ ပြုလုပ်နေသည့် ရွေးကောက်ပွဲ ပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေးမိတ်ဖက်များ (Election Education and Observation Partners – EEOP) အဖွဲ့မှ ကိုမောင်နိုင်က Myanmar Now ကို ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အင်္ဂပူမဲဆန္ဒနယ် (၁) ၌ မဲပေးသူဦးရေ ၅၆,၀၀၀ ကျော်ရှိခဲ့ရာ ဦးသိန်းအောင်က ၄၆ % ရခဲ့ပြီး ဦးအောင်ကျော်ခိုင်က ၅၁ % ရခဲ့သည်။ ထိုမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြားနိုင်ငံရေးပါတီ နှစ်ခုဖြစ်သော မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ခေတ်သစ်ပြည်သူ့ပါတီတို့မှာ ၁% ခန့်စီသာ ရရှိခဲ့သည်။ 

လာမည့်ရွေးကောက်ပွဲတွင် မဲပဲပေးခွင့်ရှိသူ ၈၀,၀၀၀ ကျော်ရှိသည့် အင်္ဂပူမဲဆန္ဒနယ် (၁) ၌ ပြည်ခိုင်ဖြိုးနှင့် အာဏာရ NLD တို့အပြင် ပါတီသစ်များဖြစ်သည့် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ၊ သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့သည်လည်း ဝင်ပြိုင်ကြမည်ဖြစ်သော်လည်း ဦးသိန်းအောင်နှင့် ဦးအောင်ကျော်ခိုင်တို့နှစ်ဦးသာ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။​

အင်္ဂပူမြို့နယ် ချောင်းဂွအုပ်စုတွင် နေထိုင်သည့် ကိုဇော်ဝင်းဌေးကလည်း ၎င်းတို့ရွာသို့ NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့သာ အဓိက လာရောက်မဲဆွယ်ကြပြီး ထောက်ခံမှုမကွာခြားဟု ဆိုသည်။ ​

“ဦးသိန်းအောင်တို့လည်း နှစ်ခေါက်လာတယ်။ ဦးအောင်ကျော်ခိုင်တို့လည်း နှစ်ခေါက်လာ မဲဆွယ်တယ်။ အားသာတာကတော့ သိပ်မတွေ့ရဘူး။ သိပ်မကွာလှဘူး။ တစ်ဦးနဲ့တစ်ဦးက (အတူတူ) အနေအထားလောက်ပဲ ရှိပါတယ်” ဟု ကိုဇော်ဝင်းဌေးက ပြောသည်။

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading