ကြံခိုင်ရေးပါတီအတွက် ကံကောင်းမှုတွေ ယူဆောင်ပေးလာနိုင်တဲ့ နောက်ထပ်အခြေအနေတစ်ရပ်ကတော့ အာဏာရ NLD ပါတီကို ဦးတည်ချက်ပစ်မှတ်ထားပြီး အရှိန်မြှင့်လှုပ်ရှားလာနေတဲ့ တိုင်းရင်းသားပါတီတွေရဲ့ ရွေးကောက်ပွဲဗျူဟာပဲဖြစ်ပါတယ် ။

Published on Oct 29, 2020
NLDပါတီထောက်ခံသူများ၏ မဲဆွယ်စည်းရုံးမှုတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Now)
NLDပါတီထောက်ခံသူများ၏ မဲဆွယ်စည်းရုံးမှုတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Now)

ကမ္ဘာ့ကပ်ရောဂါဆိုး ကိုဗစ်၁၉ ကပ်ရောဂါကာလကြီးမှာ မဖြစ်ဖြစ်အောင် ကြိုးပမ်းပြီး စီမံကျင်းပရတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ မြန်မာ့သမိုင်းမှာ ထူးခြားစွာ ပြောစမှတ်အဖြစ် ကျန်ရစ်ခဲ့မယ့် ရွေးကောက်ပွဲတစ်ခုဖြစ်မှာတော့ အသေအချာပဲဖြစ်ပါတယ်။ ကနဦးက ကပ်ရောဂါဘေးဆိုးကြောင့် ပြည်သူတွေကို ငဲ့ညှာပြီး ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ သဘောထားပေးကြတဲ့ ပါတီတွေရှိကြပေမယ့် အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်က ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီးဖြစ်တာကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့အထိ မစွန့်စားကြတော့ပဲ မိမိပါတီအောင်နိုင်ရေးကိုသာ ပြန်ပြီးအာရုံစိုက်လာကြတာ တွေ့ရပါတယ်။

ဒါကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးဟာ များစွာသော ဝေဖန်ချက်၊ ထင်မြင်ချက်တွေကြားမှာပဲ ကြိုတင်ကြေညာထားတဲ့အတိုင်း နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ဖို့ သေချာနေပြီလို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲရလဒ်တွေဟာ ဘယ်လိုဖြစ်လာနိုင်သလဲ အထူးသဖြင့် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်နေသူများက ပြောနေသလို တိုင်းရင်းသားဒေသတွေမှာ လက်ရှိအာဏာရပါတီ NLD အနေနဲ့ ပွဲကျပ်တွေ ကြုံတွေ့ရမလား၊ တိုင်းရင်းသားပါတီတွေရဲ့နိုင်ငံရေး တစ်ခေတ်ဆန်းပြီလား၊ အာဏာရပါတီ NLD အနေနဲ့ အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ရေး အခက်အခဲတွေ ဘယ်၍ဘယ်မျှ ကြုံတွေ့ရနိုင်သလဲ စသဖြင့် သုံးသပ်ဝေဖန်ဖို့ အကြောင်းရှိလာပြန်ပါတယ်။ ဒီကနေ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအားပြိုင်မှုတွေ၊ NLD အစိုးရအပေါ် အားမလိုအားမရဖြစ်စေတဲ့ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးပြဿနာတွေ၊ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေး ပြဿနာတွေကို အကြောင်းပြုပြီး အာဏာရပါတီ NLD ရဲ့ ရွေးကောက်ပွဲအနိုင်ရရှိနိုင်မှု အလားအလာနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ရွေးကောက်ပွဲရလဒ်တွေအပေါ် အမျိုးမျိုးသုံးသပ်ရှုမြင်မှုတွေရှိသော်လည်း ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲရဲ့ မြေပြင်ရလဒ် အနေအထားတွေအပေါ်မှာ အချက်အလက်အခြေပြု ဝေဖန်သုံးသပ်မှုတွေလုပ်ဖို့လည်း လိုအပ်တယ်လို့ ယူဆမိတာကြောင့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရင်း ၂၀၂၀ ရွေးကောက်ပွဲ အလားအလာတွေ၊ အရေးပါတဲ့ စိန်ခေါ်မှုတွေကို အခုလို သုံးသပ်ရေးသားလိုက်ပါတယ်။

အခုလို ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကို အခြေပြုကိုးကားတဲ့အခါမှာ ပါဝင်ယှဉ်ပြိုင်သူ ပါတီတစ်ရပ်အနေနဲ့ အစိုးရဖွဲ့နိုင်ခြင်း၊ မဖွဲ့နိုင်ခြင်းဆိုတဲ့ အဓိကအောင်နိုင်ခြင်းရလဒ်အဖြေကို ထုတ်ပေးမယ့် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာရွေးကောက်ပွဲတွေရဲ့ အချက်အလက်တွေကိုသာ အဓိကအသုံးပြုပြီး ဝေဖန်ထောက်ပြသွားမှာဖြစ်ကြောင်း ဦးစွာရှင်းလင်းလိုပါတယ် ။

အဓိကအပြောများနေတဲ့ ပြည်နယ်ရွေးကောက်ပွဲတွေကနေ စလိုက်ချင်ပါတယ်။ နိုင်ငံရေးဟောကိန်းတွေအရ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ယှဉ်ပြိုင်ကြရာမှာ အာဏာရပါတီ NLD အနေနဲ့ တိုင်းရင်းသားအများစုနေထိုင်ရာ ပြည်နယ်တွေမှာ ထူးခြားစွာ ခဲရာခဲဆစ်ယှဉ်ပြိုင်ရမှာဖြစ်သလို အရှုံးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း ဆိုကြပါတယ်။ ဒီဟောကိန်းရဲ့ အခြေခံတွက်ချက်မှုတွေကတော့ NLD ပါတီ အနိုင်ရထားတဲ့ ၅ နှစ်တာကာလတွင်းမှာ ပေါ်ပေါက်ခဲ့သော အုပ်ချုပ်ရေးပြဿနာအချို့နဲ့ လွှတ်တော်တွင်းဆုံးဖြတ်ချက်အချို့မှာ အာဏာရပါတီ NLD က တိုင်းရင်းသားပါတီတွေနဲ့ ဒေသခံတွေရဲ့ ဆန္ဒနဲ့ သဘောထားတွေကို လစ်လျူရှုခဲ့တာတွေကြောင့် ပြည်နယ်အချို့က တိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ဒေသတွင်းရွေးကောက်ပွဲတွေမှာ NLD ကို အနိုင်ယူပြတဲ့နည်းနဲ့ နိုင်ငံရေးမကျေနပ်ချက်ကိုရော ဒေသတွင်းသြဇာကြီးမားမှုကိုပါ ချိန်ထိုးပြသဖို့ ကြိုးစားအားထုတ်လာတဲ့ အနေအထားအပေါ်မှာ အခြေခံထားပါတယ်။ ဒီဟောကိန်းရဲ့ မီးမောင်းထိုးပြရာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ နိုင်ငံရေးအလားအလာကတော့ လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလို သောင်ပြိုကမ်းပြိုအနိုင်ရမှု မရှိတော့ဘဲ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ရှုံးနိမ့်တာကြောင့် NLD အနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ထောက်ခံမှုကို အနိုင်ရထားတဲ့တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းလာရမယ်၊ ဒီလိုနဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေဟာ သက်ဆိုင်ရာဒေသတွေရဲ့ နိုင်ငံရေးမျက်နှာစာမှာ ဦးဆောင်ပါဝင်ခွင့်ရမယ်ဆိုတဲ့ အဆုံးသတ်အိပ်မက်ပဲဖြစ်ပါတယ်။ ကဲ ဒါဆို ဒီဟောကိန်းတွေက ပြောသလို NLD ရဲ့အခြေအနေ ပြည်နယ်တွေမှာ ဘယ်လိုရှိခဲ့သလဲ၊ NLD ရှုံးရင် တိုင်းရင်းသားပါတီတွေနိုင်သလား ၊ လက်ရှိဒေသတွင်း နိုင်ငံရေးနိုးကြားမှုတွေက ဘယ်လိုရလဒ်တွေဆီ ဦးတည်နေလဲဆိုတာ သုံးသပ်ကြည့်ပါမယ်။

ဦးစွာ လေ့လာကြည့်မိတာကတော့ NLDပါတီကို အစိုးရဖွဲ့နိုင်စေခဲ့သော ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲရလဒ်မှာ တိုင်းရင်းသားပြည်နယ်ဒေသထဲက ရလဒ်တွေ ဘယ်လောက်ပါဝင်ခဲ့သလဲဆိုတာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း ၄၉၁ နေရာအတွက် ရွေးကောက်ခဲ့ရာမှာ NLD က နေရာ ၃၉၀ အနိုင်ရခဲ့ပါတယ်။ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ နေရာပါဝင်ပြီး အမျိုးသားနဲ့ ပြည်သူ့လွှတ်တော် ၂ ရပ်ပေါင်း ၆၅၇ နေရာရှိနေတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ့်စိတ်ကြိုက်သမ္မတကိုရွေးချယ်တင်မြှောက်ပြီး အစိုးရဖွဲ့နိုင်ဖို့ နေရာ ၃၃၀ ကျော်လွန်ရရှိဖို့ လိုအပ်တာဖြစ်လို့ နေရာပေါင်း ၃၉၀ ရရှိထားတဲ့ NLD ဟာ ၂၀၁၅ မှာ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ NLD အနိုင်ရရှိခဲ့တဲ့ နေရာ ၃၉၀ကို လေ့လာကြည့်တဲ့အခါ တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ပြည်နယ် ၇ ခု မှာ အနိုင်ရထားတဲ့ နေရာ ၁၁၀ ပါဝင်နေတာကို တွေ့ရပါတယ်။ ပြည်နယ်အလိုက် ယှဉ်ပြိုင်မှုနဲ့ အနိုင်ရမှုအနေအထားကို လေ့လာကြည့်တဲ့အခါ မွန်နဲ့ ကရင်ပြည်နယ်တွေမှာ ရာနှုန်းပြည့်နီးပါး အနိုင်ရခဲ့ပြီး ချင်း၊ ကချင်နဲ့ ကယားမှာလည်း အနိုင်ရရှိမှု ဒုတိယအားကောင်းခဲ့တာ တွေ့ရပါတယ်။ ရခိုင်နဲ့ ရှမ်းမှာတော့ NLD အနေနဲ့ ကြီးမားတဲ့အရှုံးကို ရင်ဆိုင်ခဲ့ရတာ တွေ့ရပါတယ်။ ဒါကြောင့် အခုလို နိုင်ငံရေးဟောကိန်းတွေကြားမှာ NLD ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရရှိခဲ့သော နေရာပေါင်း၁၁၀ ကို အဲဒီဒေသတွေမှာ ပြန်လည်ရရှိနိုင်မည်လား၊ ဆုံးရှုံးသွားခဲ့ရင် အဲဒီဒေသတွေက ရလဒ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ အသေးစိတ်လေ့လာကြည့်ရအောင်ပါ။ 

ပြည်ခိုင်ဖြိုးအတွက် အခရာကျတဲ့ ရှမ်းပြည်နယ် 

အရင်ဆုံး ရှမ်းပြည်နယ်ကနေ စလိုက်ချင်ပါတယ်။ အကြောင်းကတော့ ရှမ်းပြည်နယ်ဟာ နိုင်ငံရဲ့ အကျယ်ဝန်းဆုံးဒေသ အစိတ်ပိုင်းကြီးတစ်ခုဖြစ်သလို အထွေထွေရွေးကောက်ပွဲကျင်းပရာ မဲဆန္ဒနယ်အများဆုံးရှိနေတဲ့ ပြည်နယ်အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ် ။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄၈ နေရာနဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ ၊ ၂ရပ်ပေါင်း မဲဆန္ဒနယ် ၆၀ မှာ ရွေးကောက်ပွဲကျင်းပခဲ့ပြီး ယခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅၀ နေရာနဲ့ အမျိုးသား လွှတ်တော်မဲဆန္ဒနယ်နေရာ ၁၂ နေရာ ပေါင်း ၆၂ နေရာမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ရှမ်းပြည်နယ်မှာ အများဆုံးအနိုင်ရရှိခဲ့တာ ကြံ့ခိုင်ရေးပါတီဖြစ်ပါတယ်။ SNLD နဲ့ NLD က ဒုတိယအများဆုံးအနိုင်ရရှိသူနေရာမှာ ရှိခဲ့တာဖြစ်ပါတယ်။ အတိအကျပြောရရင် လွှတ်တော် ၂ ရပ်ပေါင်း မဲဆန္ဒနယ်များမှာ ကြံ့ခိုင်ရေးက ၁၈ နေရာ ၊ SNLD က ၁၅ နေရာနဲ့ NLD က ၁၅ နေရာဖြစ်ပါတယ်။ ထူးခြားတာက အခြားတိုင်းရင်းသားပါတီများဖြစ်တဲ့ တအောင်းပလောင်အမျိုးသားပါတီက ၅ နေရာ၊ PNO ပအိုဝ်အမျိုးသားအဖွဲ့ချုပ်က ၄ နေရာ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီက ၁ နေရာ နဲ့ ‘ဝ' ဒီမိုကရက်တစ်ပါတီက ၁ နေရာ၊ ကျန်နေရာများမှာ အသီးသီးအနိုင်ရရှိတာပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်နယ် ၇ ခုမှာ တိုင်းရင်းသားပါတီ အနိုင်ရမှု အရေအတွက် အများဆုံးဖြစ်သလို ပြည်နယ်တစ်ခုတည်းအတွင်းမှာပဲ မတူညီသောလူမျိုးစုကို ကိုယ်စားပြုတဲ့ ပါတီအမျိုးအစားအားဖြင့်လည်း အများဆုံးလို့ပြောရမှာ ဖြစ်ပါတယ်။ 

ရှမ်းပါတီ၊ ပအို့ဝ်ပါတီ၊ တအောင်းပလောင်ပါတီ၊ ‘ဝ'ပါတီ နဲ့ ကိုးကန့်ပါတီတွေဟာ အနိုင်ရရှိမှုထဲမှာ ပါဝင်နေတာဟာ ရှမ်းပြည်နယ်ရဲ့ ထူးခြားနိုင်ငံရေးလက္ခဏာ၊ လူမျိုးရေးလက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက အဲဒီလိုအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားပါတီအားကောင်းတဲ့ နယ်မြေတွေတည်ရှိနေတဲ့ ရှမ်းပြည်နယ်မှာ တပ်မတော်ခေါင်းဆောင်ဟောင်းတွေ ဦးဆောင်တဲ့ ကြံခိုင်ရေးပါတီက အများဆုံးအနိုင်ရရှိထားတာပဲ ဖြစ်ပါတယ်။ ဘာကြောင့်များပါလဲ၊ အများစုကတော့ ကြံ့ခိုင်ရေးအနိုင်ရရှိတဲ့ နေရာတွေမှာ တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေ အခြေပြုအထိုင်ချထားတဲ့ နေရာတွေဖြစ်လို့ တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေမဲကြောင့်ပါလို့ ဒီမေးခွန်းကို လွယ်လွယ်ဖြေကြပါလိမ့်မယ်။ ဒီအဖြေဟာလည်း တစိတ်တပိုင်းတော့ မှန်နိုင်ပေမယ့် အဖြေမှန်ကို ရာနှုန်းပြည့်တာဝန်မခံနိုင်ဘူးလို့ ဆိုရပါလိမ့်မယ် ။

၂၀၁၅ ရွေးကောက်ပွဲရဲ့ ရှမ်းပြည်နယ် ပြည်သူ/အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်အလိုက် မဲရရှိမှုကို လေ့လာကြည့်တဲ့အခါမှာတော့ ကြံခိုင်ရေးပါတီဟာ ရှမ်းပြည်နယ်တစ်ဝှမ်းလုံး ၅၄ နေရာမှာ ဝင်ပြိုင်ခဲ့ပြီး သူရှုံးခဲ့တဲ့ မဲဆန္ဒနယ် ၃၆ နေရာရဲ့ ၂၆ နေရာမှာ ဒုတိယမဲအများဆုံးရတဲ့ပါတီ ဖြစ်နေတာကို တွေ့ရပါတယ်။ အဆိုပါ ၂၆ နေရာကို လေ့လာကြည့်တဲ့အခါ ၃ နေရာမှာ ရရှိတဲ့မဲဟာ အနိုင်ရသွားတဲ့ပါတီတွေနဲ့ မဲကွာဟမှု အလွန်ကျဉ်းမြောင်းနေတာ တွေ့ရပါတယ်။ အဲဒီနေရာတွေကတော့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမှာ ရွာငံ၊ ကွန်လုံ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်၅( မူဆယ် ခရိုင်) တို့ပဲဖြစ်ပါတယ်။ 

မှတ်သားဖွယ်အကောင်းဆုံးကတော့ ရွာငံမှာ NLD က ကြံ့ခိုင်ရေးကို ၁၇၃ မဲနဲ့ ကပ်နိုင်ခဲ့သလို ကွန်လုံမှာ ကိုးကန့် ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီက ကြံ့ခိုင်ရေးကို ၅၉ မဲ အသာနဲ့ ကပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ အဲဒီလိုပဲ အမျိုးသားလွှတ်တော် အမှတ် ၅ မှာ တအောင်းပလောင်အမျိုးသားပါတီက ကြံ့ခိုင်ရေးကို ၁၉၉ မဲ အသာနဲ့ ကပ်နိုင်ခဲ့ပါတယ်။ အမျိုးသားလွှတ်တော် အမှတ် ၃ ရလဒ်တွေမှာလည်း SNLD က ၆၅၃၆၄ မဲ၊ ကြံ့ခိုင်ရေးပါတီက ၆၃၂၃၅ ရခဲ့ကြပြီး မဲကွာခြားချက် ၂ထောင်ကျော်ရှိပေမယ့် နှစ်ဘက်ရမဲ ရာခိုင်နှုန်းက ၃၃.၃၄% နဲ့ ၃၂.၂၅% ဖြစ်တာမို့ သာလွန်မှုက ပါးလှပ်နေတာကို တွေ့ရပါတယ်။ အဲဒီလိုရှုံးသော်လည်း ရမဲ ၃၀ % နဲ့ အထက် ၄၁ % အထိ ရတဲ့နေရာ ၅ နေရာ ရှိပါတယ်။ အများနားလည်အောင်ပြောရမယ်ဆိုရင် သူ့ပြိုင်ဘက်က မဲ ၂သောင်း ၂ထောင်ကျော်နဲ့ နိုင်သွားပေမယ့် သူကလည်း မဲ ၂ သောင်းကျော်ရထားတဲ့ အနေအထားမျိုးဖြစ်တာကြောင့် ဒီကိန်းဂဏန်းတွေအရ စစ်တပ်အထိုင်ချထားတဲ့ ဒေသဖြစ်လို့ ၊ စစ်တပ်နဲ့ စစ်တပ်မိသားစုမဲတွေကြောင့်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ မဲရရှိမှုအနေအထားကို ဆုံးဖြတ်ဖို့ မလုံလောက်ဖူးလို့ ပြောနိုင်ပါတယ် ။ 

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပချိန်မှာ ကြံ့ခိုင်ရေးပါတီဟာ အာဏာရပါတီဖြစ်နေလို့ ဒေသခံပြည်သူလူထုရဲ့ စဉ်းစားရွေးချယ်မှုအပေါ် လွှမ်းမိုးမှုရှိနေသလားဆိုတဲ့ အချက်ကိုလည်း စဉ်းစားမိပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေကတော့ PNO ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်ပါတီ ယှဉ်ပြိုင်ရာ မဲဆန္ဒနယ်တွေကို ကြံ့ခိုင်ရေးက လက်ရှောင်ပြီး မပြိုင်ဘဲနေခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီနေရာတွေမှာလည်း PNO ပဲ အနိုင်ရခဲ့တာ တွေ့ရပါတယ်။ ကုန်းကြမ်းနဲ့ လောက်ကိုင်မှာတော့ ဒေသတွင်း လူမျိုးစုတွင်း သြဇာကြီးမားသူတွေက ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ပြိုင်ခဲ့တာ တွေ့ရပြန်ပါတယ်။ ဒါတွေကို လေ့လာကြည့်တဲ့အခါ ကြံ့ခိုင်ရေးပါတီရဲ့ တချိန်က မိတ်ဟောင်းဆွေဟောင်း တိုင်းရင်းသားခေါင်းဆောင်များနဲ့ မဟာမိတ်ဆက်ဆံရေးအင်အားနဲ့ အပြန်အလှန် နိုင်ငံရေးအကျိုးစီးပွားစောင့်ရှောက်မှုကိုတွေ့ရသလို ဘာကြောင့် ကြံ့ခိုင်ရေးဟာ ရှမ်းပြည်နယ်မှာ အများဆုံးအနိုင်ရရှိခဲ့လည်းဆိုတဲ့ အချက်တွေထဲက အရေးပါတဲ့ အချို့သော အချက်တွေကို တွေ့ရမှာဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီဟာ တစ်နိုင်ငံလုံးမှာ ပြည်ထောင်စုလွှတ်တော်အတွက် ၄၁ နေရာ အနိုင်ရခဲ့ပြီး ရှမ်းပြည်နယ်တစ်ခုတည်းမှာ ၁၈ နေရာ ရရှိခဲ့တာကြောင့် ရှမ်းပြည်နယ်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ ရွေးကောက်ပွဲဗျူဟာအတွက် အရေးပါတဲ့နေရာ သော့ချက်တစ်ခုဖြစ်တယ်လို့ မြင်ပါတယ်။ 

အခု ၂၀၂၀ရွေးကောက်ပွဲမှာလည်း PNO ကို အရင်အတိုင်း ၄ နေရာမှာ လက်ရှောင်ပေးထားပြန်ပါတယ်။ အဲဒီနေရာတွေကတော့ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေနဲ့ အမျိုးသားလွှတ်တော် အမှတ် ၁၀ (ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မှတ်ချက်။၂၀၁၅ မှာ အမှတ်၉ မဲဆန္ဒနယ်) တို့ပဲဖြစ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ပြောရမယ်ဆိုရင် ကြံ့ခိုင်ရေးပါတီအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိဖို့အတွက် ရှမ်းပြည်နယ်ကို အားစိုက်ထားမှာ အသေအချာပဲဖြစ်သလို ဒီအတွက် မဟာမိတ်တွေကိုလည်း အခိုင်အမာတည်ဆောက်ထားပါတယ်၊ မဲရလဒ်ကွာခြားချက် ကျဉ်းမြောင်းစွာနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ နေရာတွေကိုလည်း ဒီတခေါက်မှာ အနိုင်ရှိနိုင်ဖို့ သေချာပေါက်ကြိုးပမ်းလာမှာဖြစ်ပါတယ်။

ကြံခိုင်ရေးပါတီအတွက် ကံကောင်းမှုတွေ ယူဆောင်ပေးလာနိုင်တဲ့ နောက်ထပ်အခြေအနေတစ်ရပ်ကတော့ အာဏာရ NLD ပါတီကို ဦးတည်ချက်ပစ်မှတ်ထားပြီး အရှိန်မြှင့်လှုပ်ရှားလာနေတဲ့ တိုင်းရင်းသားပါတီတွေရဲ့ ရွေးကောက်ပွဲဗျူဟာပဲဖြစ်ပါတယ်။ အခြားပြည်နယ်တွေမှာဆိုရင် အားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ ပေါင်းစည်းလိုက်ကြပါတယ်။ ဒီကနေ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဒေသတွင်းတိုင်းရင်းသားပါတီတွေ လှုပ်ရှားကြရာမှာ ပေါ်ပေါက်လာတဲ့ ဘုံရည်ရွယ်ချက်ကတော့ အာဏာရ NLD ပါတီကို အနိုင်ယူပြီး တိုင်ရင်းသားအခွင့်အရေးနဲ့ အခန်းကဏ္ဍကို မြှင့်တင်ရေးဖြစ်ပါတယ်။ 

သေချာတာကတော့ ဒီကြိုးပမ်းမှုကနေ ဖြစ်ပေါ်လာမယ့် အကျိုးအာနိသင်ဟာ NLD ရရှိမယ့် ထောက်ခံမဲတွေအပေါ်သာ အများဆုံးသက်ရောက်မှုရှိနိုင်ပြီး ကြံ့ခိုင်ရေးရဲ့ အမာခံမဲတွေကို ဖဲ့ယူနိုင်ဖို့ မသေချာဘူးလို့ သုံးသပ်ပါတယ်။ NLD ပါတီဟာ အာဏာရပါတီဖြစ်နေလို့ တိုင်းပြည်အရေးအရာကိစ္စများမှာ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တိုင်းရင်းသားဒေသတွေက အုပ်ချုပ်ရေးဆိုင်ရာပြဿနာတွေမှာ တာဝန်ရှိနေတာကတစ်ကြောင်း၊ တိုင်းရင်းသားပါတီတွေနဲ့ NLD ပါတီအကြား မဟာမိတ်ဆက်ဆံရေးတည်ဆောက်နိုင်မယ့် မျှော်လင့်ချက် ပြိုလဲသွားတာကတစ်ကြောင်း တိုင်းရင်းသားပါတီတွေရဲ့ ရွေးကောက်ပွဲမဲဆွယ်ရေး အဓိကပစ်မှတ်သားကောင်ဟာ NLD ဖြစ်လာပါတယ်။ ရှမ်းပြည်နယ်မှာ အများဆုံးနေရာရရှိထားတဲ့ ကြံ့ခိုင်ရေးပါတီဟာ လက်တွေ့မှာ ပြိုင်ဘက်တိုင်းရင်းသားပါတီတွေရဲ့ ပစ်မှတ်စက်ကွင်းထဲမှာ ပျောက်နေတာ သတိထားမိပါတယ်။ ဒီအချက်ဟာပဲ ကြံ့ခိုင်ရေးပါတီအတွက် နိုင်ငံရေးအရ အနေချောင်စေပြီး ရှမ်းပြည်နယ်ထဲက NLD ရရှိထားတဲ့ နေရာတွေကို ဒီတခေါက်မှာ ပြန်လည်အရယူနိုင်ဖို့အတွက် စိတ်ကူးယဉ်နိုင်စေပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ်ထဲက NLD ရဲ့အခြေအနေကိုလည်း သုံးသပ်ချင်ပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာကတည်းက NLD ဟာ တပြည်လုံးမှာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပေမယ့် ရှမ်းပြည်နယ်မှာတော့ မဲဆန္ဒနယ်အရေအတွက်ရဲ့ ၃၉ ရာခိုင်နှုန်းသာ အနိုင်ရခဲ့တာဖြစ်သလို SNLD ရဲ့ အနိုင်ရတဲ့ မဲဆန္ဒနယ်အရေအတွက် ရာခိုင်နှုန်း (၄၁%) နဲ့လည်း ညီတူညီမျှနီးပါး ရရှိခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်း NLD ပါတီ အနိုင်ရရှိထားတဲ့ ၁၅ နေရာကို လေ့လာကြည့်တဲ့အခါ ဒေသတွင်းတိုင်းရင်းသားပါတီတွေနဲ့ အဓိက ယှဉ်ပြိုင်ခဲ့ရတာဟာ SNLD နဲ့ ၁ နေရာ PNO နဲ့က ၁ နေရာ ပေါင်း ၂ နေရာသာရှိပြီး ကျန် ၁၃ နေရာမှာ အဓိကပြိုင်ဘက်ဟာ ကြံ့ခိုင်ရေးပါတီဖြစ်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီ ၁၃ နေရာထဲက ၁၂ နေရာမှာ NLD က ကြံ့ခိုင်ရေးကို မဲအရေအတွက် ထောင်ဂဏန်းကြီးကြီးကနေ သောင်းဂဏန်းအထိ အသာစီးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ရွာငံမှာသာ မဲကွာခြားချက် ကျဉ်းမြောင်းစွာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်၊ ရွာငံမှာ မဲကွာခြားချက် ၁၇၃ မဲသာ ရှိခဲ့ပါတယ်။ ၂၀၂၀ ပြိုင်ဆိုင်မှုအတွက် NLD အနေနဲ့ သတိထားရမယ့် နေရာတွေထဲမှာ ရွာငံပြီးရင် ကြံ့ခိုင်ရေးကို လွတ်လွတ်ကျွတ်ကျွတ်အနိုင်ရထားခဲ့တဲ့ ၁၂ နေရာထဲက မိုင်းတုံနဲ့ မိုင်းယောင်းဟာ နှစ်ဘက်ရမဲ အနေအထားတွေအရ NLD ကို အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်နိုင်တာ တွေ့ရပါတယ်။ 

မိုင်းတုံမှာ မဲကွာခြားချက် ၂၅၁၈ မဲ နဲ့ မိုင်းယောင်းမှာ မဲကွာခြားချက် ၂၈၅၆ မဲ ရှိပါတယ်၊ မဲသုံးထောင်နီးပါး ကွာခြားတယ်ဆိုပေမယ့် မိုင်းတုံမှာ NLD ရမဲ ၈၀၄၀ နဲ့ ကြံ့ခိုင်ရေး ရမဲ ၅၅၂၂ မဲဖြစ်ပြီး၊ မိုင်းယောင်းမှာ NLD ရမဲ ၇၄၇၇ မဲ ၊ ကြံ့ခိုင်ရေးရမဲ ၄၆၂၁ ဖြစ်တာကြောင့် လူတစ်သောင်းခွဲ မဲလာပေးတဲ့ ပြိုင်ပွဲမှာ လူ ၈ ထောင်လောက် ထောက်ခံမဲပေးခံရတဲ့ ပါတီနဲ့ လူ ၅ ထောင်လောက် ထောက်ခံမဲရတဲ့ ပါတီနှစ်ခုရဲ့ ပြိုင်ဆိုင်မှု၊ ယှဉ်ပြိုင်မှုဟာ လျှော့တွက်ထားလို့ မရနိုင်ဘူးလို့ ပြောရမှာဖြစ်ပါတယ်။ 

အဆိုပါ NLD နဲ့ ကြံ့ခိုင်ရေး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရတဲ့ နေရာတွေမှာဆိုရင် တိုင်းရင်းသားပါတီတွေရဲ့ ရမဲဟာ အနောက်မှာ အတော်လေးပြတ်ကျန်ခဲ့တာကို တွေ့ရပါတယ်။ အထက်မှာတင်ပြခဲ့တဲ့ မိုင်းယောင်းမဲဆန္ဒနယ်မှာဆိုရင် ယှဉ်ပြိုင်ခဲ့ကြတဲ့ တိုင်းရင်းသားပါတီတွေရဲ့ရမဲဟာ အဲဒီပါတီကြီးနှစ်ခုရဲ့ မဲကွာဟချက် အရေအတွက်ကိုတောင် မမီဘူးဆိုတာ တွေ့ရပါတယ်။ 

တိုင်းရင်းသားပါတီနဲ့ အဓိကပြိုင်ပြီး NLD အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ် ၂ ခု ကတော့ PNO ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်နဲ့ အဓိကယှဉ်ပြိုင်ရတဲ့ တောင်ကြီးပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နဲ့ SNLD နဲ့ ယှဉ်ပြိုင်ရတဲ့ မိုးမိတ်မဲဆန္ဒနယ်ဖြစ်ပါတယ်။ မိုးမိတ်မှာ NLD က SNLD ကို မဲ ၉ ထောင်ကျော်အသာနဲ့ အနိုင်ရရှိခဲ့ပေမယ့် တောင်ကြီးမဲဆန္ဒနယ်မှာတော့ PNO နဲ့ ရမဲကွာခြားချက် ၆၃၀ မဲသာဖြစ်တာကြောင့် တောင်ကြီးမှာ NLDက ပွတ်ကာသီကာ ကပ်နိုင်ခဲ့တယ်လို့ ပြောမှာဖြစ်ပါတယ်။ NLD လည်း မဲ ၆သောင်း ၅ ထောင်ကျော်ရခဲ့သလို PNO လည်း မဲ ၆သောင်း၅ထောင်ကျော်ရခဲ့ကြပြီး အစွန်းထွက်မှာသာ ကွာခြားခဲ့တာဖြစ်ပါတယ်။ ဒီရလဒ်ကိုကြည့်မယ်ဆိုရင် လာမယ့်၂၀၂၀ရွေးကောက်ပွဲမှာ တောင်ကြီးဟာ NLD အတွက် အလွန်ရင်တုန်စရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်မှာတော့ အသေအချာပဲဖြစ်ပါတယ်။ အထက်မှာဖေါ်ပြခဲ့တဲ့ အချက်တွေကို ကြည့်မယ်ဆိုရင် ကြံ့ခိုင်ရေးအနေနဲ့ NLD လက်ကနေ အနည်းဆုံး ၃ ၊ ၄ နေရာလောက် ပြန်ရဖို့ စိတ်ကူးယဉ်နိုင်တာကို တွေ့ရပါတယ်။  

NLD အနေနဲ့လည်း ရှုံးခဲ့ပေမယ့် ရရှိခဲ့တဲ့ မဲရာခိုင်နှုန်း အားကောင်းခဲ့တာကြောင့် မဲ ၁၇၀၀ ကျော် ကွာဟချက် (၄၁.၄၉ % - ၂၇.၉၈%) နဲ့ ရှုံးခဲ့တဲ့ မိုင်းဖြတ်မဲဆန္ဒနယ်၊ မဲ ၄ ထောင် အကွာ(၃၃.၇၉% - ၂၉.၂၂% ) နဲ့ ရှုံးခဲ့တဲ့ လားရှိုး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နဲ့ မဲ ၃ ထောင်ကျော်အကွာ (၄၄.၈၁% - ၄၉.၁၄%) နဲ့ ရှုံးခဲ့တဲ့ ရပ်စောက် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေမှာ ကြံ့ခိုင်ရေးပါတီကို အနိုင်ရအောင် ပြန်ယူနိုင်မလားဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဓိကအားဖြင့် တပ်တွင်းမဲရုံတွေ တပ်ပြင်ပကို ထုတ်လိုက်တဲ့အတွက် မဲရရှိနိုင်မှုမျှော်မှန်းချက်တွေဟာလည်း အပြောင်းအလဲရှိမလားဆိုတာလည်း စဉ်းစားစရာရှိနေပါတယ် ။ ။

(စာရေးသူ ကိုသီဟသွေးသည် ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သကဲ့သို့ မြန်မာ့နိုင်ငံ့ရေးအကြောင်းလေ့လာရေးသားနေသော ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။ ဤဆောင်းပါးသည် စာရေးသူ၏ ဝေဖန်သုံးသပ်ချက်သာဖြစ်ပြီးMyanmar Now ၏ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။)

စာရေးသူ ကိုသီဟသွေးသည် ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သကဲ့သို့ မြန်မာ့နိုင်ငံ့ရေးအကြောင်းလေ့လာရေးသားနေသော ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading