ချောင်းဆုံတံတားကိစ္စနှင့် ပတ်သက်၍ အာဏာရပါတီအပေါ် အကြိတ်အခဲရှိသည့် မဲဆန္ဒနယ်ဖြစ်ပြီး ပြည်နယ်လွှတ်တော်အကြီးအကဲ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူ့အခွင့်အရေးမြှင့်တင်သူ၊ ဒေသခံ အငြိမ်းစားအစိုးရအရာရှိ စသည့် ပုံရိပ်အမျိုးမျိုးဖြင့် ကိုယ်စားလှယ်လောင်း ၁၈ ဦးက လွှတ်တော်နေရာ လေးခုအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ 

မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းများ အောက်တိုဘာလအတွင်းက ချောင်းဆုံမြို့နယ်တွင် မဲဆွယ်စည်းရုံးရေးလုပ်နေစဉ် (ဓာတ်ပုံ- မိဝိဇယ)

မွန်ပြည်နယ် ဘီလူးကျွန်းပေါ်တွင် သီးခြားတည်ရှိနေသည့် ချောင်းဆုံမြို့နယ်သည် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ချောင်းဆုံမြို့နယ်၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က တစ်လှည့်စီအောင်ပွဲခံခဲ့ကြသည်။ 

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ချောင်းဆုံမြို့နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ 

လာမည့် ရွေးကောက်ပွဲတွင် ချောင်းဆုံမဲဆန္ဒနယ်သည် အာဏရ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် မွန်ပါတီနှစ်ခု ပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီတို့ အကြိတ်အနယ် အနိုင်လုကြမည်ဖြစ်သည်။ 

NLD ပါတီက ရှုံးကြွေးဆပ်ရန် အားခဲထားသလို ပြည်ခိုင်ဖြိုးပါတီကလည်း ပြီးခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲက အနိုင်ဖြင့် အားတက်နေမည်ဖြစ်သည်။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီကို ပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီကလည်း မွန်တိုင်းရင်းသားများ၏ ထောက်ခံမဲအများအပြားကို ရယူကာ အင်အားကြီးပါတီနှစ်ခုကို ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။ 

ချောင်းဆုံမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီ၊ ပြည်ခိုင်ဖြိုးနှင့် NLD အပြင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

NLD ရှုံးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ 

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကိုယ်စားပြု ဒေါ်ခင်ဌေးကြွယ်က ချောင်းဆုံပြည်သူ့လွှတ်တော်နေရာကို ခိုင်လုံမဲ ၂၀,၀၀၀ ကျော်ဖြင့် ပြိုင်ဘက်များကို အပြတ်အသတ်အနိုင်ရခဲ့သည်။ အာဏာရ NLD ပါတီ၏ အစိုးရအဖွဲ့တွင် ဒေါ်ခင်ဌေးကြွယ်က ဖွဲစည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ဝင် ဖြစ်လာသည့်အခါ ယင်းပြည်သူ့လွှတ်တော်နေရာမှာ လစ်လပ်သွားသည်။ 

ချောင်းဆုံးကဲ့သို့ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ၂၀၁၇ တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သည်။​ 

ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် လပိုင်းအလိုတွင် အာဏာရ NLD နှင့် ဒေသခံများကြား အကြီးအကျယ် သဘောထားကွဲလွဲသည့် “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။ 

ချောင်းဆုံမြို့တည်ရှိရာ ဘီလူးကျွန်းနှင့် မော်လမြိုင်ကို ဆက်သွယ်ပေးသည့် သံလွင်မြစ်ကူးတံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် NLD ကိုယ်စားလှယ်၏ အဆိုကို ဒေသခံများ အပြင်းအထန် ကန့်ကွက်နေသည့်ကြားကပင် လွှတ်တော်၌ အတည်ပြုခဲ့သည်။ 

ယင်းဖြစ်စဉ်သည် တံတားအမည်ပေးရုံ သက်သက်ထက် သာလွန်ပိုကဲသော အဓိပ္ပါယ်များ ရှိနေသည့်အတွက် ဒေသခံများက ဆန္ဒပြကန့်ကွက်ခဲ့ခြင်းဖြစ်သည်။​ တိုင်းရင်းသားပြည်နယ်တစ်ခုတွင် ဗမာခေါင်းဆောင်တစ်ဦး၏ အမည်ဖြင့် တံတားအမည်ပေးခြင်းသည် ဗမာလူမျိုးကြီးဝါဒ လွှမ်းမိုးရန် ကြိုးစားခြင်း၏ သရုပ်ဖြစ်သည်ဟု ကန့်ကွက်ခဲ့သူများက ဆိုသည်။ 

ထိုချောင်းဆုံတံတားဂယက်ကြောင့်ပင် ၂၀၁၇ ဧပြီတွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အရေးနိမ့်ကာ ပြည်ခိုင်ဖြိုးပါတီက အောင်ပွဲခံခဲ့သည်ဟု ဒေသခံများက ယူဆသည်။ 

သို့သော် ကြားဖြတ်ရွေးကောက်ပွဲရလဒ်အပေါ် ချောင်းဆုံတံတားကိစ္စ၏ သက်ရောက်မှု အနည်းငယ်သာ ရှိခဲ့သည်ဟု NLD ၏ ချောင်းဆုံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကိုလင်းတင်ဌေးက ပြောသည်။ 

“၁၀၀ မှာဆိုရင် သူ့ရိုက်ခတ်မှုက ၁၀ ရာခိုင်နှုန်းပဲရှိတယ်။ အခုလည်း အဲ့ဒီထက် ကျသွားပြီ တံတားနဲ့ပတ်သက်ရင်။ ၁၀ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိတော့မယ်” ဟု ၎င်းက သုံးသပ်သည်။

ရွေးကောက်ပွဲရလဒ်အပေါ် ရိုက်ခတ်မှုရှိခဲ့သည့် အခြားအချက်တစ်ချက်မှာ ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ပါတီအတွင်း မြို့နယ်အဆင့်နှင့် ဗဟိုကြား သဘောထားကွဲလွဲမှု ဖြစ်သည်ဟု ကိုလင်းတင်ဌေးက ပြောသည်။ 

ကြားဖြတ်ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ချောင်းဆုံမြို့နယ် NLD က သက္ကောရွာဒေသခံ ဦးစောလင်းအောင်ကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့သော်လည်း ပါတီဗဟိုက ဦးအေးဝင်းကို အတည်ပြုရွေးချယ်ခဲ့သည်။ 

ဦးအေးဝင်းသည် NLD ၏ အဓိကပြိုင်ဘက်ပါတီ ပြည်ခိုင်ဖြိုးကိုယ်စားပြု ချောင်းဆုံမြို့နယ် ကွမ်ရိုက်ရွာဒေသခံ ဦးအောင်ကြည်သိန်းကို ယင်းကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ 

ပါတီတွင်းကန့်ကွက်ခံရသူနှင့် ပါတီဝင်ဟောင်းပြိုင်မယ့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ယခု ၂၀၂၀ တွင် ပြန်လည်ချေပနိုင်ရန် အာဏာရ NLD ပါတီက လျှပ်စစ်ပစ္စည်းနှင့် အထည်ဆိုင်လုပ်ငန်းလုပ်ကိုင်သူ အသက် ၄၀ အရွယ် မိချိုသဲကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ထားသည်။ 

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနည်းတူ ကိုယ်စားလှယ်လောင်း မိချိုသဲနှင့်ပတ်သက်၍လည်း ပါတီတွင်း သဘောထားကွဲလွဲမှုရှိခဲ့သည်။ မိချိုသဲကို ကိုယ်စားလှယ်လောင်းအဖြစ် ပါတီက ထုတ်ပြန်ကြေညာပြီးချိန်တွင် ပါတီတွင်းကန့်ကွက်မှုများ ရှိလာသည့်အတွက် ရွေးကောက်ပွဲကော်မရှင်ကို တင်ပြရန် ပါတီထောက်ခံချက်ကို ဆိုင်းငံ့ပြီး ပြန်လည်စိစစ်ခဲ့ရသည်။ 

ပါတီတွင်းကန့်ကွက်မှုများကို ကျော်လွှားပြီး ကိုယ်စားလှယ်လောင်းဖြစ်လာသည့် မိချိုသဲ ယှဉ်ပြိုင်ရမည့် မွန်ညီညွတ်ရေးပါတီကိုယ်စားလှယ်လောင်းမှာ ဦးစောလင်းအောင် ဖြစ်နေသည်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ဗဟိုက ပယ်ချခံခဲ့ရသူ ဖြစ်သည်။

ဦးစောလင်းအောင်သည် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ရန် NLD ဗဟို၏ ပယ်ချခြင်းခံရပြီးနောက် ပါတီကို ကျောခိုင်းခဲ့သည်။ ဒေသအကျိုးဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ၎င်းသည် မွန်ပါတီနှစ်ခု ပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီသို့ ၂၀၁၉ တွင် ဝင်ခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် ကနဦးနေရာ ချောင်းဆုံပြည်သူ့လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုး၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့လည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ 

ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးတင်ထွဋ်မှာ အသက် ၆၄ နှစ်အရွယ် လယ်ယာလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး UBP ကိုယ်စားလှယ်လောင်းမှာ ၄၆ နှစ်အရွယ် ကုမ္ပဏီဒါရိုက်တာတစ်ဦးဖြစ်သည့် ဦးနိုင်နိုင်ဝင်းဖြစ်သည်။

သို့သော် သက္ကောရွာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်ခဲ့သူ ၄၈ နှစ်အရွယ် ဦးစောလင်းအောင်ကမူ ၎င်းကျောခိုင်းခဲ့သည့် အာဏာရပါတီ NLD ကိုယ်စားလှယ်လောင်းသာလျှင် ၎င်းအတွက် အဓိကပြိုင်ဘက်ဖြစ်သည်ဟု ဆိုသည်။

“ပါတီကြီးတွေက တိုက်ခိုက်တာကတော့ အစိုးရမဖွဲ့နိုင်ဘူးဆိုပြီး ထိုးနှက်ပေမယ့် ကျွန်တော်တို့က ကိုယ့်မြိုနယ်၊ ကိုယ့်ပြည်နယ်မှာ လိုအပ်တာတွေကို ဒေသခံတစ်ယောက်လည်းဖြစ်၊ မွန်တိုင်းရင်းသားတစ်ယောက်လည်းဖြစ်တဲ့အတွက် ယှဉ်ပြိုင်ရတာကတော့ မကြောက်ပါဘူး။ နိုင်မယ်လို့လည်း ယုံကြည်ချက်အပြည့်ရှိပါတယ်” ဟု ဦး စောလင်းအောင်က ပြောသည်။ 

လူငယ်ပြိုင်ဘက်နှစ်ဦး ထိပ်တိုက်တွေ့မည့် အမျိုးသားလွှတ်တော်  

လူဦးရေ ၂၀၀,၀၀၀ ကျော် ရှိပြီး မဲပေးခွင့်ရှိသူ အ‌ရေအတွက် ၁၃၀,၀၀၀ ကျော်ရှိသည့် ချောင်းဆုံမြို့နယ်ကို ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၄ အဖြစ် သတ်မှတ်ခဲ့ပြီး ယခု ၂၀၂၀ အတွက်မူ မဲဆန္ဒနယ် ၂ အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့သည်။ နိုင်ငံရေးပါတီလေးခုနှင့် တစ်သီးပုဂ္ဂလတစ်ဦး စုစုပေါင်း ငါးဦးက အမျိုးသားလွှတ်တော်နေရာအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

မွန်ညီညွတ်ရေးပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ၃၃ နှစ်အရွယ် ကိုသန်းနိုင်သည် လူ့အခွင့်အရေးပညာပေးနှင့် စောင့်ကြည့်လေ့လာရေး အရပ်ဘက်အဖွဲ့အစည်းများတွင် ၁၀ နှစ်နီးပါး လုပ်ကိုင်ခဲ့သူဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပါက ၎င်းကျွမ်းကျင်ရာ လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် ဥပဒေများကို ဦးစားပေးပြုပြင်ပြောင်းလဲမည်ဟု ကိုသန်းနိုင်က ဆိုသည်။ 

“ရှိပြီးသား ဥပဒေတွေထဲက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အချက်တွေ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီအောင် အဓိက ထောက်ပြဆွေးနွေးသွားမယ်။ အသစ်ရေးဆွဲမယ့်ဥပဒေတွေကိုလည်း လူ့အခွင့်အရေးနဲ့ ကိုက်ညီအောင် အဆိုတင်သွင်းပြီးတော့ ပြင်ဆင်တဲ့ဟာတွေ၊ ရေးဆွဲတာတွေ အဓိက လုပ်သွားဖို့ရှိပါတယ်” ဟု ၎င်းက ပြောသည်။ 

အာဏာရ NLD ကိုယ်စားပြုကာ ရွေးကောက်ပွဲထပ်မံယှဉ်ပြိုင်ဦးမည့် လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကိုလင်းတင်ဌေးကမူ ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် လွှတ်တော်သက်တမ်းအတွင်း ဒေသဖွံ့ဖြိုးရေး၊ တောင်သူလယ်သမားနှင့် လယ်ယာမြေဥပဒေအရေးတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။ 

“ဒီတစ်ခေါက်တော့ အစ်ကိုတို့ဆီမှာ ဒေသဖွံ့ဖြိုးရေးက ပြည့်စုံသလောက် ရှိလုနီး ဖြစ်နေတဲ့အတွက်ကြောင့် ကိုယ့်မြို့နယ်မှာရှိတဲ့ ပြည်သူတွေ အလုပ်အကိုင်ကောင်းဖို့ ထပ်လုပ်ဖို့ရှိတယ်” ဟု ၃၅ နှစ်အရွယ် ကိုလင်းတင်ဌေးက ပြောသည်။ 

ဒေသဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် ဆောင်ရွက်လိုသည့် အာဏာရ NLD ကိုယ်စားလှယ်လောင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအချက်အလက်များကို နိုင်ငံတကာစံနှုန်းနှင့်အညီ ပြုပြင်ပြောင်းလဲလိုသည့် မွန်ပါတီကိုယ်စားလှယ်လောင်းတို့ နှစ်ဦးအပေါ် ဒေသခံအချို့၏ အမြင်ကလည်း ကွဲပြားသည်။  

ကိုလင်းတင်ဌေးသည် ပြည်ထောင်စုအဆင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဒေသဖွံ့ဖြိုးရေးကိုသာ လုပ်ဆောင်နိုင်သည့်အပေါ် အားရကျေနပ်မှုမရှိဟု ချောင်းဆုံမြို့နယ် ကွမ်ရိုက်ရွာဒေသခံ ဦးညီညီလွင်က ပြောသည်။ 

“တိုင်းရင်းသားတွေက ဖက်ဒရယ်ကို လိုလားကြတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဘာမှအသံမကြားရဘူး။ မုန့်ဖိုးတောင်းတဲ့ အဆင့်လောက်ပဲ။ ဆေးခန်းလေးပေးပါ။ စာ‌သင်ကျောင်းလေးပေးပါ။ တံတားလေး ပြင်ပေးပါ။ ဒီလောက်ပဲ တွေ့နေရတော့” ဟု ဦးညီညီလွင်က မဲဆန္ဒရှင်တစ်ဦးအနေဖြင့် မှတ်ချက်ပြုသည်။  

ပြည်နယ်ဥပဒေပြုမဏ္ဍိုင်ကို ဘယ်ပါတီ လွှမ်းမိုးမလဲ

၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်လွှတ်တော်၌ ပြည်ခိုင်ဖြိုးက ၁၄ နေရာ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ၇ နေရာနှင့် တစညက ၂ နေရာ အနိုင်ရရှိခဲ့ပြီး အခြားဒေသများနည်းတူ ပြည်ခိုင်ဖြိုးက ပြည်နယ်လွှတ်တော်ကို လွှမ်းမိုးခဲ့သည်။

သို့သော် NLD က နိုင်ငံတစ်ဝန်းလုံးအတိုင်းအတာအဖြင့် ရွေးကောက်ပွဲအနိုင်ရခဲ့သည့် ၂၀၁၅ တွင်မူ NLD က ၁၉ နေရာ၊ မွန်အမျိုးသားပါတီက ၂ နေရာ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် ပြည်ခိုင်ဖြိုးက တစ်နေရာစီ မွန်ပြည်နယ်လွှတ်တော်တွင် ရခဲ့သည်။ 

ပြည်နယ်လွှတ်တော် ချောင်းဆုံမဲဆန္ဒနယ် အမှတ် ၁ တွင် ဘီလူးကျွန်းမြောက်ဘက်ခြမ်း ကျေးရွာများပါဝင်ပြီး မွန်လူမျိုးများ အများဆုံးနေထိုင်ရာဒေသ ဖြစ်သည်။ အဆိုပါ မဲဆန္ဒနယ်တွင် မွန်တိုင်းရင်းသား ဒေါက်တာအောင်နိုင်ဦးက ရွေးကောက်ပွဲနှစ်ကြိမ်ဆက်တိုက် အနိုင်ခဲ့သည်။ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

ဒေါက်တာအောင်နိုင်ဦးသည် ယခုရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ ကိုယ်စားပြုကာ ၎င်း၏ မူရင်းမဲဆန္ဒနယ်မှပင် ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။ 

လက်ရှိတွင် မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ တာဝန်ယူထားသည့် ဒေါက်တာအောင်နိုင်ဦးသည် အစိုးရကို ပီပီပြင်ပြင်ထိန်းကျောင်းနိုင်သည့် ကိုယ်စားလှယ်တစ်ဦးဖြစ်သလို မွန်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ရေးအတွက် ထဲထဲဝင်ဝင် လုပ်ကိုင်သူဖြစ်ကြောင်း ဒေသခံများက မှတ်ချက်ပြုသည်။ 

လွှတ်တော်အကြီးအကဲတစ်ဦးဖြစ်သည့် ဒေါက်တာအောင်နိုင်ဦးနှင့် ထိပ်တိုက်တွေ့မည့် NLD ကိုယ်စားလှယ်လောင်းမှာ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်ဖြစ်သည်။ 

ဒေါက်တာအောင်နိုင်ဦးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲ ၁,၀၀၀ ကျော် အသာဖြင့်သာ ပြိုင်ဘက်များဖြစ်သည့် ပြည်ခိုင်ဖြိုးနှင့် NLD ကိုယ်စားလှယ်လောင်းများကို အနိုင်ရခဲ့သဖြင့် လာမည့်ရွေးကောက်ပွဲတွင် ရွာလွတ်ဇာတိ စည်ပင်ဝန်ကြီးနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိသည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရခဲ့သည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် ယခုရွေးကောက်ပွဲတွင် ချောင်းဆုံမဲဆန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဦးအောင်ကြည်သိန်းသည် စိုက်ပျိုးရေးဦးစီးဌာန အရာရှိဟောင်းတစ်ဦး ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရခဲ့ခြင်းမှာ ပြည်ခိုင်ဖြိုးပါတီပုံရိပ်ထက် ၎င်း၏ ပုံရိပ်ကြောင့်ဖြစ်သည်ဟု ဒေသခံများက သုံးသပ်သည်။

၎င်း၏ မဲဆန္ဒနယ်အမှတ် ၂ တွင် ဗမာလူမျိုးအများစုနေထိုင်သည့်အတွက် NLD နှင့် ထိပ်တိုက်တွေ့ရမည်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD က ပြည်ခိုင်ဖြိုးကို မဲကွာခြားမှု ၅,၀၀၀ ကျော်ဖြင့် အနိုင်ရခဲ့သည့် မဲဆန္ဒနယ်လည်းဖြစ်နေသည်။ 

“အခြေအနေကတော့ ပြောလို့မရသေးဘူး။ အထွေထွေရွေးကောက်ပွဲ၊ ကြားဖြတ်မဟုတ်တော့လေ။ ပြိုင်ဆိုင်မှုက ပြင်းထန်တယ်” ဟု ဦးအောင်ကြည်သိန်းက လက်ရှိအခြေအနေကို သုံးသပ်သည်။ 

အထွေထွေရွေးကောက်ပွဲများနှင့် ကြားဖြတ်မဲရလဒ်များအရ ပြည်ခိုင်ဖြိုးပါတီသည် ချောင်းဆုံမြို့နယ်တွင် မဲဆန္ဒရှင် အခိုင်အမာရှိကြောင်း တွေ့ရသည်။

“ပြည်ထောင်စုအဆင့် မကြိုက်ဘူးဆိုရင်တောင် ဒီဒေသမှာ ရှိနေတဲ့သူတွေက လူတွေနဲ့ နီးစပ်တယ်။ သူတို့တွေ တောက်လျှောက် အလုပ်လုပ်ထားတယ်။ ဒါတွေက လူတွေအမြင်မှာ ရှိနေတယ်” ဟု မွန်နိုင်ငံရေးလေ့လာသူ ဦးကြည်ဇော်လွင်က သုံးသပ်သည်။ 

မွန်နှစ်ပါတီ ပူးပေါင်းပြီး မွန်ညီညွတ်ရေးပါတီအနေဖြင့် ထွက်ပေါ်လာသည့် ပြည်နယ်တိုင်းရင်းသားပါတီကလည်း ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်နေရာ အများစုရရှိရေး အာရုံစိုက်နေသည်ကို တွေ့ရသည်ဟု ၎င်းက ဆိုသည်။

“အထူးသဖြင့် အစိုးရက ပိုမိုတာဝန်ခံမှုရှိပြီး ဘတ်ဂျက်သုံးစွဲတဲ့အခါမှာ ပိုမိုပွင့်လင်းမြင်သာတဲ့ အတိုင်းအတာကို လိုချင်တယ်။ ဒေသန္တရအုပ်ချုပ်ရေးကို အကောင်အထည်ဖော်တဲ့အခါ ပိုမို ပီပီပြင်ပြင်အကောင်အထည်ဖော်ချင်တဲ့ သဘောတွေတွေ့ရတယ်” ဟု ဦးကြည်ဇော်လွင်က ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ပြည်နယ်အတွင်း ၈ မြို့နယ်၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်အပါအဝင် စုစုပေါင်း မဲဆန္ဒနယ် ၆၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။​  

မွန်နှစ်ပါတီ ပူးပေါင်းပြီးနောက် မွန်တိုင်းရင်းသားများ၏ ထောက်ခံမှုမှာ သိသိသာသာ မြင့်တက်လာသည့် အနေအထားဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ မြို့နယ်အများစုတွင် အနိုင်ရရန် မျှော်လင့်ထားကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က Myanmar Now ကို ပြောသည်။ 

မွန်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ၈ မြို့နယ်အနက် ကျိုက်ထိုမြို့နယ်မှအပ ကျန် ၇ မြို့နယ်တွင် မွန်ညီညွတ်ရေးပါတီသည် အားကောင်းနေသည်ဟု ၎င်းက ဆိုသည်။

ချောင်းဆုံတံတားကိစ္စအပြီး ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံမဲဆန္ဒနယ်တွင် NLD က ရှုံးနိမ့်ခဲ့သော်လည်း ယခုပွဲတွင် အာဏာရ NLD ပါတီ၏ ကိုယ်စားလှယ်လောင်းလေးဦးစလုံး အနိုင်ရရန် မျှော်မှန်းထားသည်ဟု လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကိုလင်းတင်ဌေးက ဆိုသည်။ 

“သူတို့ပါတီတွေ ဘယ်လိုပေါင်းပေါင်း အစ်ကိုတို့ပါတီကို လိုက်လို့မမီဘူးလို့ ထင်တယ်။ အစ်ကိုတို့ကျတော့ တစ်ကျွန်းလုံးအတိုင်းအတာနဲ့ ကြံ့ခိုင်ရေးနဲ့ အစ်ကိုတို့အဖွဲ့ပဲ ပြိုင်ဆိုင်မှု ပြင်းထန်မှု ရှိမယ်” ဟု ကိုလင်းတင်ဌေးက သုံးသပ်သည်။ 

အာဏာရပါတီကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်အကြီးအကဲ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူ့အခွင့်အရေးမြှင့်တင်သူ၊ ဒေသခံ အငြိမ်းစားအစိုးရအရာရှိ စသည့် ပုံရိပ်အမျိုးမျိုးဖြင့် ကိုယ်စားလှယ်လောင်း ၁၈ ဦးက ချောင်းဆုံလွှတ်တော်နေရာ လေးခုအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ 

ဒေသခံများအတွက် နာစရာဖြစ်ရပ် ချောင်းဆုံကိစ္စသည် သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အခြားတိုင်းရင်းသားပြည်နယ်များအထိပင် ကူးစက်ရိုက်ခတ်စေခဲ့သည့် အဖြစ်အပျက်ဖြစ်သည့်အတွက် အာဏာရပါတီအနေဖြင့် အလေးအနက်ထား စဉ်းစားရမည့် အချက်လည်း ဖြစ်သည်။​

ချောင်းဆုံဒေသခံ မဲဆန္ဒရှင် ဦးညီညီလွင်ကမူ ပါတီကို မကြည့်ဘဲ လူကို ကြည့်ပြီး မဲပေးခြင်းက ဘီလူးကျွန်း၏ ထူးခြားသည့်အချက်ဟု မှတ်ချက်ပြုသည်။ 

“ကျွန်တော်တို့ကတော့ လူကိုကြည့်ပြီးပဲ မဲပေးတယ်။ မူ ဘယ်လောက်ကောင်းကောင်း လူမကောင်းရင် ကျွန်တော်တို့ မဆလကို တော်လှန်ခဲ့တာပဲ” ဟု ၎င်းက ပြောသည်။

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading