ငါးနှစ်သား ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်တွင် လွှတ်တော်နေရာလေးခုအတွက် ရွေးကောက်ယှဉ်ပြိုင်မည်ဖြစ်သည် 

Published on Oct 28, 2020
အမေရိကန်ရောက် ဇိုမျိုးနွယ်စုများအဖွဲ့ (UZO) ၏ ညီလာခံသို့ ၂၀၁၇ ခုနှစ်က ဇိုပါတီမှတက်ရောက်စဉ် ဥက္ကဌ ဦးခမ်အင်ထန်း အမှာစကားပြောကြားစဉ်။ (ဓာတ်ပုံ - ပေးပို့) 
အမေရိကန်ရောက် ဇိုမျိုးနွယ်စုများအဖွဲ့ (UZO) ၏ ညီလာခံသို့ ၂၀၁၇ ခုနှစ်က ဇိုပါတီမှတက်ရောက်စဉ် ဥက္ကဌ ဦးခမ်အင်ထန်း အမှာစကားပြောကြားစဉ်။ (ဓာတ်ပုံ - ပေးပို့) 

မြန်မာနိုင်ငံ၏ လျှပ်စစ်လိုအပ်ချက် ဖြည့်တင်းနိုင်ရန် နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ပေးလိုသည်ဟု ပြောကြားလာသူမှာ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခမ်အင်ထန်း ဖြစ်သည်။ အသက် ၆၀ အရွယ် တီးတိန်ဇာတိသား ဦးခမ်အင်ထန်းသည် ရေတပ်ဝန်ထမ်းဟောင်းတစ်ဦးလည်း ဖြစ်သည်။ 

ဦးခမ်အင်ထန်းသည် ၂၀၁၅ တွင် ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီကို စတင်တည်ထောင်ခဲ့သည်။ ပါတီအမည်မှာ ချင်းတိုင်းရင်းသား မျိုးနွယ်စု ၅၃ ခုအနက် ဇိုလူမျိုးကို အစွဲပြုမှည့်ခေါ်ထားခြင်းဖြစ်ကာ လူမျိုးအမွေအနှစ်ကို ထိန်းသိမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်လိုသည့် ရည်ရွယ်ချက်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

ပါတီဝင် ၄,၀၀၀ ခန့် ရှိသည်ဟုဆိုသည့် ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီသည် ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲတွင် ဇိုလူမျိုးတို့၏ မူရင်းဒေသများဖြစ်သော တွန်းဇံ၊ တီးတိန်၊ ကလေးနှင့် တမူးမြို့နယ်များရှိ မဲဆန္ဒနယ် ၆ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်မရခဲ့ပေ။ ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီဥက္ကဋ္ဌကိုယ်တိုင် ဝင်ရောက်မယှဉ်ပြိုင်တော့ဘဲ တွန်းဇံမြို့နယ်တစ်မြို့နယ်တည်းရှိ လွှတ်တော်ကိုယ်စားလှယ်လေးနေရာစလုံးအတွက် ရွေးကောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ ပေါ်ပေါက်လာရသည့် နောက်ခံအကြောင်းအရာနှင့် ပါတီဥက္ကဋ္ဌ ဦးခမ်အင်ထန်း၏ ဘဝဖြတ်သန်းမှု၊ နိုင်ငံရေးခံယူချက်နှင့် ရည်မှန်းချက်များအကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းထားသည်များမှ ထုတ်နုတ်ဖော်ပြလိုက်ရပါသည်။

မေး ။    ။  အရင်ဆုံး ဥက္ကဋ္ဌရဲ့ ဘဝဖြတ်သန်းမှု၊ နိုင်ငံရေးအတွေ့အကြုံရယ်၊ နောက်ပြီး ဒီဇိုလူမျိုးစုနဲ့ ပတ်သက်တာရယ် နည်းနည်းပြောပြပေးပါ။

ဖြေ ။     ။ ကျွန်တော့်မှာ နိုင်ငံရေးဖြတ်သန်းမှုကတော့ မရှိခဲ့ဘူး ဆိုရမယ်။ မဆလခေတ်တုန်းကတော့ အစိုးရဝန်ထမ်းဆိုတော့ သူများတွေလိုပဲ တင်းပြည့်ပါတီဝင်ပေါ့။ တပ်မတော် ရေတပ်မှာ တာဝန်ထမ်းဆောင်ပြီး ၈၈ မတိုင်ခင်က တပ်က ထွက်လာခဲ့တယ်။

ကျွန်တော်တို့ ဇိုဆိုတာကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ၁၃၅ မျိုးထဲက ချင်းပြည်နယ်မှာ အများဆုံးရှိတယ်။ ၅၃ မျိုး။ ၅၃ မျိုးထဲမှာ ဇိုဆိုတာက တစ်မျိုးပေါ့။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကုဒ်နံပါတ်က ၄၂၁။ ဇိုဆိုတာကတော့ တကယ်တမ်းပြောရမယ်ဆိုရင် ကျန်တဲ့ဟာတွေနဲ့ မတူတဲ့ တစ်ချက်က ဘာလဲဆိုတော့ အဲဒီဇိုဆိုတဲ့ အမည်က ဇိုဆိုတဲ့ ပုဂ္ဂိုလ်ကနေ ဆင်းသက်လာတာ။ ဇိုဆိုတာ လူရဲ့နာမည်။

ကျန်တဲ့ ချင်းလူမျိုးတွေ ဆိုတာတွေက ... ချင်းနာမည်တွေအားလုံးက ဒေသနာမည်တွေ၊ လူနာမည်မဟုတ်ဘူး၊ ဥပမာ တီးတိန်၊ ဖလမ်း၊ ဟားခါး စသဖြင့်ပေါ့နော်။ ချင်းကို ဘာသာပြန်လို့ရှိရင် ဇိုလို့ ဘာသာပြန်တယ်ခင်ဗျ။ အဲဒီဇိုက One Tribe (မျိုးနွယ်စုတစ်ခု) ဖြစ်ပေမယ့် ချင်းတောင်တစ်ခုလုံးကိုလည်း Represent (ကိုယ်စားပြု) လုပ်တယ်။

အမျိုးသားအမှတ်သင်္ကေတကို ထိန်းသိမ်းဖို့လိုတယ်ဆိုတဲ့ အသိနဲ့ ကျွန်တော်တို့ ပါတီရဲ့ နာမည်မှာ ဒီ ဇိုဆိုတာကို ထည့်တာပါ။ နောက်ပြီး အခုလွတ်လပ်လာတဲ့ အနေအထားမှာ ကိုယ့်ဒေသအသီးသီးကို ကိုယ့်လူမျိုးကပဲ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ်ဆိုတဲ့ အကြံဉာဏ်ပေါ်လာတဲ့အခါမှာ ကျွန်တော်တို့ ဒီနှစ်ခုကို ပေါင်းပြီး တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးဆိုတာကို နာမည်ပေးဖြစ်တာပါ။

မေး ။    ။ ဥက္ကဋ္ဌရဲ့ ငယ်ဘဝဖြတ်သန်းမှုကရော ဘယ်လိုရှိပါလဲ။

ဖြေ ။     ။ ကျွန်တော့်အဖေက တီးတိန်မှာ ငွေတိုက်အရာရှိ၊ တစ်နည်းအားဖြင့် အရပ်အခေါ်နဲ့ဆို ငွေတိုက်ဝန်ထောက်ပေါ့နော်။ နောက်တော့ မင်းတပ်ကို ပြောင်းရတယ်။ မင်းတပ်မှာ ၄ တန်းအထိ နေခဲ့တယ်။ ၁၉၇၀ ပြည့်နှစ်မှာ တွန်းဇံကို ပြောင်းလာပြီး တွန်းဇံ အ.ထ.က ကနေ ဆယ်တန်းအောင်ခဲ့တယ်။

ဆယ်တန်းအောင်ပြီးတော့ ၁၉၇၉ ခုနှစ်မှာ ရန်ကုန်ရောက်လာတယ်။ ၁၉၈၀ ပြည့်နှစ်မှာ ရေတပ်ထဲကို ဝင်တယ်။ ရန်ကုန်ရောက်စတုန်းက RO (Radio Officer) သင်တန်းတစ်နှစ်တက်တယ်၊ Radio Officer (ရေဒီယိုအရာရှိ) ဖြစ်ချင်လို့ဆိုပြီး၊ ဒါပေမယ့် အခြေအနေက တစ်မျိုးတစ်ဖုံနဲ့ RO စာမေးပွဲမမီလိုက်ချိန်မှာ ရေတပ်ထဲ ဝင်လိုက်တယ်။

၁၉၈၇ ခုနှစ်မှာ တပ်က ထွက်တယ်။ အရေးအခင်းမတိုင်ခင်လေးမှာပဲ။ ကျွန်တော့်ရဲ့ခွင့်က ၁၉၈၈ ဧပြီမှာ ပြည့်မှာ။ ဒါပေမယ့် အဲဒီအချိန်မှာက ရန်ကုန်မြို့ထဲမှာ တော်တော်လေးကို ရှုပ်ထွေးနေပြီ။ ၈ လေးလုံးအရေးအခင်းဖြစ်တော့ တပ်ထဲက အသိအိမ်မှာ နေပြီးတော့ အဲဒီအချိန်မှာ အရပ်သားဖြစ်နေပြီ။

မေး ။    ။ တပ်မှာ ဘာတာဝန်အထိ ထမ်းဆောင်ခဲ့လဲ၊ တပ်က ထွက်ပြီးနောက်ပိုင်း ဘာလုပ်ဖြစ်လဲ။

ဖြေ ။     ။ ၁၉၉၀ ပြည့်နှစ်မှာ ကလေးမြို့ဘက်မှာ ခဏနေတယ်။ မိသားစုနဲ့။ တပ်ထဲမှာတုန်းက စာပေးစာယူ တက်လိုက်ပျက်လိုက်နဲ့ဆိုတော့ ၁၉၉၂ ခုနှစ်မှ ကျောင်းပြီးတယ်။ ဥပဒေနဲ့။ တပ်မတော်မှာကတော့ ရာထူးမတက်တော့ဘူး။ ရဲဘော်အနေနဲ့ပဲ ထွက်လာတာ။

၁၉၉၄ မှာ ကလေးကနေ ရန်ကုန်ကို ပြောင်းလာတယ်။ ၉၅ ခုနှစ်မှာ ချိန်ဘာ (Chambers) တက်ပြီး ကျွန်တော် ရန်ကုန်မှာ ရှေ့နေစလုပ်ခဲ့တယ်။ အဲဒီအချိန်ကစပြီးတော့ ရှေ့နေလုပ်ငန်းနဲ့ အသက်မွေးခဲ့တာ အခုထိဆိုပါတော့။ အထက်တန်းရှေ့နေပါ။

မေး ။    ။ နိုင်ငံရေးလောကထဲဝင်ဖို့ ဘယ်အချိန်က စိတ်ဖြစ်ပေါ်လာတာလဲ။ နောက်ပြီး ‌တခြားပါတီတစ်ခုခုကို ဝင်တာမဟုတ်ဘဲ ကိုယ်တိုင်ပါတီထောင်ပြီး ဝင်ရောက်လာခဲ့တာကရော ဘာကြောင့်လဲ။

ဖြေ ။    ။ ပြောရမယ်ဆို ၂၀၁၃ လောက်ကတည်းက အဲဒီစိတ်ဆန္ဒရှိလာတယ်။ အချိန်ကာလအလိုက် တချို့တွေက သမိုင်းတွေကို လျှောက်ပြောင်းချင်တဲ့ လူတွေရှိတယ်။ ကျွန်တော်တို့ ချင်းသမိုင်းတွေ၊ ဇိုသမိုင်းတွေကို ပေါက်ကရလုပ်တဲ့ ... ပညာရှိမဟုတ်ဘူးနော်၊ ပညာတတ်တွေ ရှိလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ သမိုင်းကို ထိန်းသိမ်းဖို့၊ ကျွန်တော်တို့ အမျိုးသားသင်္ကေတကို ထိန်းသိမ်းဖို့ နိုင်ငံရေးပါတီအနေနဲ့ လုပ်လိုက်ရင် တစ်ချက်ခုတ်နှစ်ချက်ပြတ် ဖြစ်မယ်၊ ထိန်းသိမ်းပြီးသားဖြစ်မယ်၊ ကိုယ့်ရဲ့ဒေသဖွံ့ဖြိုးရေးနဲ့ ကိုယ့်လိုမျိုးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တဲ့ အခန်းကဏ္ဍကိုလည်း ထဲထဲဝင်ဝင် ပါဝင်နိုင်မယ်။ အဲဒါပါပဲ။

ပြောင်းလဲလာတဲ့ တိုင်းပြည်ရဲ့အနေအထားမှာ တခြားတိုင်းရင်းသားပါတီတွေလည်း အများကြီးပေါ်ထွက်လာတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့လည်း တစ်ထောင့်တစ်နေရာက ပါဝင်ဖို့အတွက် အဲဒီကနေ စပြီး ကျနော်တို့ နိုင်ငံရေးပါတီတည်ထောင်ဖြစ်တာပါ။

မေး ။    ။ ဒီနှစ်ရွေးကောက်ပွဲမှာ ပါတီက တွန်းဇံတစ်မြို့နယ်ထဲမှာပဲ ပြိုင်မယ်လို့ သိရတယ်။ ဘာကြောင့်တစ်နေရာပဲ ပြိုင်တော့တာလဲ။

ဖြေ ။     ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ ၂၀၁၅ တုန်းကတော့ တွန်းဇံမှာ သုံးနေရာ၊ တီးတိန်မှာ တစ်နေရာ၊ ကလေးနဲ့ တမူးတို့မှာ တစ်နေရာစီ ပြိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်တော့ ကျွန်တော်တို့ တွန်းဇံမှာပဲ လွှတ်တော်နေရာ လေးနေရာစလုံးကို ပြိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။

ကျွန်တော်တို့ စပါးစိုက်လို့ရှိရင်တောင် အရင်ဆုံး သူ့ရဲ့ပျိုးခင်းရှိတာကို သေးသေးလေးပဲ အရင်ဆုံးလုပ်ရတာပေါ့။ အဲဒီပျိုးခင်းလေးကနေ စပါးအမျိုးကောင်းလေးဖြစ်လာအောင် စိုက်ရတာ။ အဲဒီလိုပဲ ကျွန်တော်တို့ မြို့နယ် တစ်မြို့နယ်ကနေ အရင်ဆုံးလုပ်မယ်ဆို တဖြည်းဖြည်းချင်း ကျယ်ပြန့်လာမယ်လို့ မျှော်လင့်တယ်။

ချက်ချင်းကြီးလုပ်လို့ မရဘူးလေနော်။ ကွန်ဖြူးရှပ်ရဲ့ စကားလိုပေါ့။ မိုင်တစ်ထောင် သွားချင်လို့ရှိရင် ခြေတစ်လှမ်း အရင်စလှမ်းရမယ် ဆိုတာကိုး။ အဲဒါ စပြီးလှမ်းတဲ့ သဘောပါ။ ကျွန်တော်တို့ ပြိုင်တဲ့ အဲဒီတစ်မြို့နယ်တည်းကိုပဲ ရ၊ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ပြည့်စုံတယ်။ ကျွန်တော်တို့က လွှတ်တော်အသီးသီးမှာ ပါဝင်နိုင်လောက်တဲ့ အနေအထား ဖြစ်ရင်တော်ပြီ။

မေး ။    ။ ဇိုပါတီအနေနဲ့ မဟာမိတ်ဖွဲ့ထားတာ ရှိလား။

ဖြေ ။     ။ ရှိပါတယ်။ ကျွန်တော်တို့က NBF (Nationalities Brotherhood Federation) ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း အဖွဲ့ဝင်ပါ။ တိုင်းရင်းသားပါတီ ၂၄ ခုပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ပါ။

မေး ။    ။ ဇိုပါတီအနေနဲ့ ရွေးကောက်ပွဲမှာ မျှော်မှန်းထားသလို အောင်နိုင်ခဲ့မယ်ဆိုရင် ဘာတွေလုပ်ဆောင်သွားမလဲ။

ဖြေ ။     ။ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေအနေနဲ့ အဓိကထားတာကတော့ ဖက်ဒရယ်မူပဲလေ။ ဒီမှာ ကျွန်တော်တို့က တစ်ထောင့်တစ်နေရာကနေ အသံလေးထွက်နိုင်မလားပေါ့။ ဒီလောက်ပါပဲ။

မြန်မာနိုင်ငံမှာ စီးပွားရေးပြေလည်လို့ရှိရင် နိုင်ငံရေးရော၊ နောက်ဆုံး ဒီ ငြိမ်းချမ်းရေးလမ်းစဉ်တွေလည်း အောင်မြင်လာနိုင်မယ်လို့ ကျွန်တော် အဲဒီလိုပဲ ယူဆမိတယ်။ စီးပွားရေးတိုးတက်ဖို့ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ထုတ်ကုန်မရှိ။ ထုတ်ကုန်က တွင်းထွက်ပစ္စည်းနဲ့ ကျွန်းသစ်တို့ ဒါတွေပဲ ရှိတာ။ Industrial Production (စက်မှုကုန်ထုတ်လုပ်မှု) ရှိဖို့ အရေးကြီးတယ်။

ကျွန်တော် နိုင်ငံအများကြီး ရောက်ဖူးတဲ့အနက်မှာ တိုးတက်သွားတယ်ဆိုတဲ့ နိုင်ငံတွေက လျှပ်စစ်မီးကို အလုံအလောက်ရကြတယ်။ သူတို့ဘယ်ကရလဲဆိုတော့ အဓိကက နျူကလီးယားဓာတ်ပေါင်းဖိုပဲ။ အဲဒီနျူကလီးယားဓာတ်ပေါင်းဖိုကို မြန်မာနိုင်ငံမှာ လုပ်နိုင်လို့ရှိရင် အားလုံးလည်ပတ်နိုင်မယ်။ နေ့ရောညရော လျှပ်စစ်မီးရတယ်ဆိုလို့ရှိရင် ရင်းနှီးမြှုပ်နှံမှုတွေ အလိုလိုပေါ်ပေါက်လာမယ်။

ကျွန်တော့်ကို တစ်ပတ်ပဲ သမ္မတပေးလုပ်မယ်၊ ကြိုက်တဲ့ စီမံကိန်းတစ်ခုကို လုပ်ခွင့်ရမယ်ဆို ကျွန်တော် အဲဒီ နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ချင်တယ်။ ဒီ လျှပ်စစ်ပါဝါအတွက်၊ အဲဒီတစ်ခုလိုတယ်လို့ ကျွန်တော်ကတော့ ဒီလိုပဲမြင်တယ်။ 

အားလုံးတိုးတက်သွားရင် တောထဲမှာ သေနတ်ကိုင်ပြီးတော့ မိုးထဲရေထဲမှာ ဘယ်သူမှမနေချင်ဘူး။ အားလုံးပြန်လာမှာပဲ။ အဲဒီလိုပဲ ကျွန်တော်ကတော့ မြင်တယ်။ ကျွန်တော့်ဟာက အတွေးတိမ်တယ်ပြောလို့ရမလားတော့ မသိဘူး။

မေး ။    ။ နောက်တစ်ချက် မေးချင်တာက ကိုယ်တိုင်လည်း တပ်မတော်သားဖြစ်ဖူးတယ်ပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ တပ်မတော်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်မှုအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။     ။ အဲဒီမှာဆိုရင် မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အရပေါ့လေ၊ ဒီမိုကရေစီဖော်ဆောင်တဲ့ NLD လို ပါတီကြီးမျိုးတောင် ၂၀၀၈ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ကို လက်ခံပြီး ဝင်လာသေးတာဆိုတော့ ကျွန်တော်တို့ကျတော့လည်း မလိုက်ပါလို့ မရဘူးလေနော်။

နောက်ပြီး သူတို့ (တပ်မတော်) ဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရကို သူတို့အတွက် အများကြီးအားနည်းချက်တွေ ရှိလာနေပြီ။ အရင်တုန်းက သူတို့အပိုင်ဆိုတဲ့ ဟာကြီးတွေက မပိုင်ကြတော့ဘူး။ တစ်နည်းအားဖြင့် ကျန်တဲ့ဟာ မပြောနဲ့ ... နိုင်ငံတော်အတိုင်ပင်ခံဆိုတဲ့ဟာက သူတို့မမျှော်လင့်ခဲ့တဲ့ အရာလေ။

နိုင်ငံရေးက ဆုတ်ခွာဖို့ကို သူတို့လည်း တစ်နည်းနည်းနဲ့ ပြင်ဆင်မယ်လို့ ကျွန်တော် ယုံကြည်တယ်ဗျ။ တပ်ရဲ့အပြောင်းအလဲကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့မလုပ်ချင်လည်း လုပ်ရမယ့် သဘောတွေ ရှိတယ်လို့တော့ မြင်တယ်။ 

KLT သည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading