ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများက နေအိမ်တစ်လုံးနှင့် ဆိုင်ကယ်များကို ဖျက်ဆီးခဲ့ပြီး အခင်းဖြစ်ရာတွင် ရပ်ကြည့်နေသူ NLD အင်္ကျီဝတ်ဆင်ထားသည့် ကိုမျိုးဝင်းစိုး (ဒဏ်ရာဖြင့် သေဆုံးခဲ့သူ) ကို ဝိုင်းဝန်းရိုက်နှက်ပြီးနောက် ပြန်လည်ထွက်ခွာချိန်တွင် “ဒါမှပြည်ခိုင်ဖြိုးကွ။ ခြင်္သေ့သွေးဟေ့ မှတ်ပြီလား” ဟုလည်း သံပြိုင်ဟစ်ကြွေးခဲ့ကြသည်ဟု ဆိုသည် 

ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သူ ကိုမျိုးဝင်းစိုး၏ ရုပ်အလောင်းအနီးတွင် မိသားစုဝင်များနှင့် ကိုမျိုးဝင်းစိုး၏ ရင်သွေးငယ်များ ငိုကြွေးနေစဉ်။ (ဓာတ်ပုံ - ရန်မိုးနိုင်/ Myanmar Now) 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထောက်ခံသူများ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သူ ကိုမျိုးဝင်းစိုးသည် အခင်းဖြစ်ပွားချိန်တွင် ပါဝင်ခဲ့ခြင်း မရှိဘဲ NLD အင်္ကျီဝတ်ထားသဖြင့် အကြောင်းမဲ့ ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

ကန့်ဘလူမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီက အောက်တိုဘာ ၂၂ ရက်တွင် မဲဆွယ်စည်းရုံးရေးလှည့်လည်ရာ ကာဘိုးရွာအရောက်တွင် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ၏ ရိုက်နှက်မှုကြောင့် ရရှိခဲ့သည့် ဒဏ်ရာဖြင့် ကိုမျိုးဝင်းစိုးသည် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ကုသစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးယာဉ်တန်းတွင် လိုက်ပါလာသူများသည် တုတ်၊ ဓားများ ကိုင်ဆောင်ထားပြီး ကာဘိုးကျေးရွာရှိ နေအိမ်တစ်လုံးနှင့် NLD စတစ်ကာကပ်ထားသည့် ကျေးရွာလမ်းရှိ ဆိုင်ကယ် ၅ စီးအပြင် ကျေးရွာကိုဗစ်ကာကွယ်ရေးစစ်ဆေးရေးဂိတ်ကိုလည်း ဖျက်ဆီးခဲ့ကြသည်။ 

လူအင်အား ၂,၀၀၀ ခန့်ရှိ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများသည် ကာဘိုးကျေးရွာအတွင်း လှည့်လည်နေစဉ် ယာဉ်ကြောပိတ်ဆို့နေ၍ ဟွန်းတီးကာ ဆိုင်ကယ်ဖြင့်ကျော်တက်ခဲ့သူ အသက် ၁၅ နှစ်အရွယ် ကာဘိုးရွာသား မောင်နေမျိုးအောင်ကို ပြည်ခိုင်ဖြိုးယာဉ်တန်းပါ အမျိုးသမီးတစ်ဦးက ဆဲဆိုရာမှ အခင်းစတင်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ 

"ကျွန်တော့်ကို ပါးရိုက်မယ် ပြောတယ်။ ရိုက်ရဲရင်ရိုက်လို့ ပြန်အော်လိုက်တော့ ကားပေါ်က အုပ်စုလိုက် ဆင်းရိုက်တယ်။ အဲဒီမိန်းမတွေက ကားပေါ်ကနေ တုတ်တွေချပေးတယ်" ဟု မောင်နေမျိုးအောင်က အောက်တိုဘာ ၂၅ ရက်တွင် Myanmar Now ကို ပြောသည်။ 

၎င်းကို ဓားဖြင့်ထောက်ပြီး အသက်မေးကာ "၁၈ နှစ် မပြည့်သေးဘူး။ သူ့ကို မလုပ်နဲ့” ဟု ပြောဆိုကာ လွှတ်ပေးခဲ့သဖြင့် ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့သည်ဟု မောင်နေမျိုးအောင်က ပြောသည်။ 

ပြည်ခိုင်းဖြိုးယာဉ်တန်းပါ လူအုပ်ကြီးသည် ၎င်းတို့ယာဉ်တန်းနောက် ရောက်လာသော NLD စတစ်ကာကပ်ထားသည့် ဆိုင်ကယ်မောင်းသူ လူငယ်လေးဦးကိုလည်း ရိုက်နှက်ခဲ့သဖြင့် ထိုလူငယ်များမှာ နီးစပ်ရာအိမ်အတွင်း ဝင်ရောက်ပုန်းအောင်းခဲ့ရသည်။ 

"ကလေးတွေက ဝင်ပြေးလာတာ၊ မင်းတို့ဘာလို့ ဝင်တုန်း၊ ရန်ဖြစ်နေကြတာ ကြောက်လို့ပါဗျ၊ ကြောက်လို့ပါဆိုတော့ အေး အဲလိုဆိုလည်း အမေကြီးက ပိတ်မရဘူး။ အုံပိတ်ကြဦးဆိုတော့ သူတို့အုံပိတ်ကြတာ (ကျပ်နေသည့်တံခါးကို ဝိုင်းပိတ်ခြင်း)" ဟု အဆိုပါအိမ်ပိုင်ရှင် အသက် ၇၂ နှစ်အရွယ် ဒေါ်ဝင်းတင်က ပြောသည်။ 

၎င်း၏နေအိမ်အတွင်း လာရောက်ပုန်းအောင်းနေသည့် လူငယ်လေးဦးကို ကယ်တင်ပြီးနောက် နေအိမ်ကို ကျောက်ခဲများ၊ အုတ်ခဲများ၊ တုတ်များဖြင့် တရစပ်ပစ်နေသည့် ပြည်ခိုင်ဖြိုးလူအုပ်ကို ကြောက်လွန်း၍ ငိုကာ နီးစပ်ရာဆွေးမျိုးများထံ ဖုန်းဆက်အကူအညီတောင်းခဲ့သည်ဟုလည်း ဒေါ်ဝင်းတင်က ပြောသည်။ 

"တကယ်လို့ ဖွင့်ပေး (တခါးဖွင့်) လိုက်ရင်လည်း ဒီကလေးလေးတွေအဖြစ်က မတွေးရဲစရာပဲ" ဟုလည်း ပြည်ခိုင်ဖြိုးပါတီယာဉ်တန်းပါ လူအုပ်ကြီးကို အနီးကပ်တွေ့မြင်ခဲ့ရပြီး ခဲထုခံခဲ့ရသည့် နေအိမ်ပိုင်ရှင် ဒေါ်ဝင်းတင်က ဆိုသည်။ 

ထိုသို့ နေအိမ်ကို ပစ်ခတ်နေသည်မှာ နာရီဝက်ခန့်ကြာပြီး ယာဉ်တန်းပါ အမျိုးသမီးတစ်ဦးက ကားပေါ်တွင် အသင့်ယူဆောင်လာသည့် ခဲများ၊ သံတုတ်များ အောက်သို့ ချပေးနေသည်ကို မြင်တွေ့ခဲ့ရသည်ဟုလည်း ဒေါ်ဝင်းတင်က ဆိုသည်။

"ခဲတွေကလည်း အဖွားတို့လမ်းထဲက ခဲတွေမဟုတ်ဘူး။ သူတို့ကားပေါ် အသင့်ပါလာတာ။ သံတုတ်တွေက အလံကို လိပ်လိုက်တာ၊ အလံမှာ ဒီမှာ NLD တွေက ဖိုက်ဘာတုတ်သုံးတယ်။ သူတို့က သံတုတ်တွေနဲ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ဒေါ်ဝင်းတင်၏ နေအိမ်ကို ထိုသို့ ခဲဖြင့်ပေါက်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်းများ ပြုလုပ်နေချိန်တွင် အဆိုပါအခင်းဖြစ်ရာသို့ လာရောက်ကြည့်ရှုခဲ့သည့် ကာဘိုးရွာနေ ကိုမျိုးဝင်းစိုးသည် ခေါင်းကို ခဲမှန်သဖြင့် လဲကျသွားကြောင်း တွေ့မြင်ခဲ့သူ ကိုဇင်ထွန်းအောင်က ပြောသည်။ 

“ကျွန်တော်က အနီဝတ်ထားတာ။ (အနီရောင်အင်္ကျီ) ဒါပေမဲ့ NLD အင်္ကျီတော့ မဟုတ်ဘူး။ ကိုမျိုးဝင်းစိုးက NLD အင်္ကျီဝတ်ထားတာ။ ခဲမှန်တော့ လူလဲကျသွားတယ်။ လဲကျသွားတော့ လူအုပ်က ပြေးလာပြီး ဖိနပ်တွေနဲ့ နင်းတယ်။ သူ့ကို ထပ်ရိုက်ကြတယ်” ဟု ထိုရရှိသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့သူ ကိုမျိုးဝင်းစိုးနှင့် အခင်းဖြစ်ပွားရာတွင် အတူရှိနေခဲ့သူ ကိုဇင်ထွန်းအောင်က ပြောသည်။ 

"သူက ရန်ဖြစ်တဲ့အထဲလည်း မပါဘူး။ သူဖာသာလေး ထိုင်ကြည့်နေတာကို ဝင်လုပ်သွားတာ။ ကျွန်တော်လည်း အသက်လုပြေးရတော့ မကယ်လိုက်နိုင်ဘူး” ဟု ကိုဇင်ထွန်းအောင်က ပြောသည်။ 

သေဆုံးသူ ကိုမျိုးဝင်းစိုး၏ မိသားစုဝင်တစ်ဦးဖြစ်သူ ကိုသက်ပိုင်ထူးက "ဒီလိုဖြစ်တယ်ကြားရပြီး သွားခေါ်တော့ စကားသိပ်မပြောနိုင်တော့ဘူး။ ခါးတွေနာတယ်၊ နာတယ်လို့တော့ အော်တယ်။ နားထဲက သွေးတွေထွက်နေတယ်” ဟု ပြောသည်။ 

ကိုမျိုးဝင်းစိုးနှင့် သားသမီးများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို ထောက်ခံသူများဖြစ်ကြပြီး ထိုနေ့ကလည်း ကိုမျိုးဝင်းစိုးသည် NLD အင်္ကျီဝတ်ဆင်ထားသည်ဟု ၎င်း၏ဇနီးဖြစ်သူ ဒေါ်လှမေက ဆိုသည်။ 

"သူပြေးလို့မရဘူးတဲ့။ သူ့ကိုအပေါ်ကနေ ဝိုင်းဖိ ဝိုင်းရိုက်ကြတယ်။ လူတွေက အများကြီးပဲဆိုပြီး ပြန်ပြောပြတယ်” ဟု ကိုမျိုးဝင်းစိုး ဒဏ်ရာရရှိခဲ့ပုံကို ဇနီးဖြစ်သူ ဒေါ်လှမေက ပြောပြသည်။ 

"အိမ်က ကလေးတွေရော သူရောက အမေစု၊ အမေစုနဲ့ နေတာပဲ။ ခုလိုဖြစ်သွားတော့လည်း အမေစုပါတီဘက်ကနေပြီး အသက်ပေးသွားတယ်လို့ ကြံဖန်ဂုဏ်ယူပါတယ်၊။ တစ်ဖက်ပါတီကိုလည်း ဘာမှ မပြောလိုပါဘူး။ ကျွန်မတို့လို မဖြစ်ကြပါစေနဲ့" ဟုလည်း ဒေါ်လှမေက ငိုယိုလျက်ပြောသည်။ 

ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးယာဉ်တန်းတွင် ကန့်ဘလူမြို့မှ နှင်းဆီပါတီတာဝန်ခံ ဦးသောင်းငွေ၏သား ကိုခင်မောင်ဦး၊ ထန်းကုန်းပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးနှင့် ဇီးကုန်းပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးများဖြစ်ကြသည့် ဦးကိုကြီးနှင့် ဦးကိုလေးတို့ ပါဝင်ပြီး ရုပ်သံမှတ်တမ်းများလည်း ရရှိထားသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။ 

"အခု လူတစ်ဦး ရိုက်နှက်ခံရလို့ သေဆုံးသွားပြီ။ သက်ဆိုင်တဲ့ကိုယ်စားလှယ်လောင်းတွေ၊ စည်းရုံးရေးမှူးတွေက ပါတီပုံရိပ်ကျမှာ စိုးလို့လား။ တာဝန်မခံကြဘူးလား” ဟု ကာဘိုးရွာ ဒေသခံ ကိုသန်းထွန်းအောင်က မေးခွန်းထုတ်သည်။ 

အခင်းဖြစ်ပွားရာမှ ပြန်လည်ထွက်ခွာသွားချိန်တွင် ပြည်ခိုင်ဖြိုးယာဉ်တန်းတွင် လိုက်ပါလာသူများက “ဒါမှပြည်ခိုင်ဖြိုးကွ။ ခြင်္သေ့သွေးဟေ့ မှတ်ပြီလား” ဟုလည်း သံပြိုင်ဟစ်ကြွေးခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။ 

ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူ ကာဘိုးရွာသား ကိုမျိုးဝင်းစိုးကို အခင်းဖြစ်ပွားသည့် ညတွင်ပင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း နောက်တစ်နေ့ အောက်တိုဘာ ၂၄ တွင် သေဆုံးခဲ့သည်။ 

ကိုမျိုးဝင်းစိုး၏ ဈာပနကို ကာဘိုးရွာ၌ အောက်တိုဘာ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည်။ NLD အလံလွှမ်းခြုံထားသည့် ရုပ်အလောင်းဘေးတွင် အော်ဟစ်ငိုယိုနေသူ လူမမည် ကလေးသုံးဦးသည် ကိုမျိုးဝင်းစိုး၏ ရင်သွေးများဖြစ်ကြသည်ဟု သိရသည်။ 

"ငါတို့အစ်ကို ခွေးတွေဝိုင်းသတ်လို့ သေရတာ။ ခွေးတွေဝိုင်းသတ်လို့ သေရတာ" ဟု ကိုမျိုးဝင်းစိုး၏ ညီမငယ်ဖြစ်သူသည် ယူကျုံးမရ အော်ဟစ်ငိုကြွေးလျက်ရှိသည်။ 

ကိုမျိုးဝင်းစိုး၏ ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ရန် သုသာန်သို့ ပို့ဆောင်ရာတွင် ရွာသူရွာသား ၅၀၀ ခန့်က လိုက်ပါပို့ဆောင်ခဲ့ကြသည်။ ကိုမျိုးဝင်းစိုး၏ ဇနီးဖြစ်သူမှာ မူးလဲကျသွားသဖြင့် ခင်ပွန်းဖြစ်သူ မြေချရာသို့ လိုက်ပါမကြည့်ရှုနိုင်တော့ဘဲ ဆေးခန်းကို တန်းပို့လိုက်ရသည်။ 

အသုဘလိုက်ပို့သူများတွင် NLD ပါတီအင်္ကျီဝတ်ဆင်ထားသူ အချို့လည်း တွေ့ရှိရသည်။ 

"တစ်ယောက်ထဲမို့ မင်း ခုလိုဖြစ်သွားရတာပါကွာ။ ငါတို့ ရှိကြည့်ပါလား" ဆိုသော လူတစ်ဦး၏ ပြောဆိုသံနှင့် ခံပြင်းတောက်ခေါက်သံကိုလည်း ကြားရသည်။ 

ကိုမျိုးဝင်းစိုးသေဆုံးမှုကြောင့် NLD ပါတီကို ထောက်ခံဝန်းရံလျှင် ထိုသို့ အကြမ်းဖက်ခံရမည်ကို စိုးရိမ်ကြောက်လန့်နေကြသည်ဟု ကာဘိုးနှင့် အနီးအနားကျေးရွာများမှ ဒေသခံများက ဆိုသည်။ 

"အချို့ဆို ဆိုင်ကယ်တွေမှာ ကပ်ထားတဲ့ စတစ်ကာတွေ ပြန်ခွာ။ အင်္ကျီတွေဝတ်ပြီးလည်း ဟိုနားဒီနား သိပ်မသွားရဲတော့ဘူး။ တချို့ရွာတွေဆို သူတို့ရွာက ဘယ်သူတွေကျူးလွန်ထားကြောင်း သိနေရက်နဲ့ မပြောရဲကြဘူး” ဟု ကာဘိုးရွာမှ ကိုသန်းထွန်းအောင်က ဆိုသည်။

ကိုမျိုးဝင်းစိုးသေဆုံးမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု ယူဆထားသည့် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်ယာဉ်တန်းတွင် လိုက်ပါခဲ့သူ ၅ ဦးကို ကန့်ဘလူမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သီးသန့်စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ထားပြီးဖြစ်ကြောင်းလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်က Myanmar Now ကို ပြောသည်။

"အခု ၅ ဦးမိထားပြီလို့ ပြောတယ်။ မကျေနပ်လို့ ထပ်ဖွဲ့တာ။ မြေပြင်ဆင်းပြီး စုံစမ်းကြမှာ" ဟု ဒေါက်တာမြင့်နိုင်က အောက်တိုဘာ ၂၅ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။ 

လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့ရသည့် အဆိုပါပြည်ခိုင်ဖြိုးပါတီ၏ အောင်နိုင်ရေးယာဉ်တန်းတွင် သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းနှင့် စည်းရုံးရေးမှူးများ ပါရှိပါက အရေးယူသွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလေးနိုင်က အောက်တိုဘာ ၂၅ ရက်တွင် ပြောသည်။ 

"တုတ်တွေ ဓားတွေပါတယ်ဆိုတာ၊ ကိုယ်စားလှယ်လောင်းတွေ စည်းရုံးရေးမှူးတွေပါတယ်ဆိုတာ ပေါ်ပေါက်ရင်တော့ အရေးယူမှာ" ဟု ၎င်းက ပြောသည်။ 

ကာဘိုးရွာဖြစ်စဉ်တွင် ပါတီဝန်းရံသူများက သူတို့ကိုယ်ပိုင်အစီအစဉ်ဖြင့်သာ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ယနေ့ (အောက်တိုဘာ ၂၇) တွင် မုံရွာမြို့၌ ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ပါတီတိုင်းအတွင်းရေးမှူး ဦးအောင်ဇော်ဦးက ပြောသည်။ 

“ဆိုင်ကယ်အစီး ၅၀၀၊ လူအင်အား ၁,၅၀၀ ထန်းကုန်းမှာ စုဖွဲ့ပြီးမှ ကာဘိုးကို ရောက်တာ။ အလားတူပဲ ဇီးကုန်းဘက်မှာလည်း ကား ၇၀၊ ဆိုင်ကယ်အစီး ၅၀၀၊ လူအင်အား ၂,၀၀၀ လောက်။ လမ်းကြောင်းနှစ်ကြောင်းနဲ့ သူတို့အချင်းချင်း ညှိနှိုင်းပြီးလုပ်တာ” ဟု ၎င်းက ပြောသည်။ 

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခုကို ထောက်ခံဝန်းရံသူများအကြား ဖြစ်ပွားသည့် ပဋိပက္ခကြောင့် ပထမဦးဆုံးအကြိမ် လူတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading