သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းသွားရောက်ခဲ့သည့် ဘောလခဲမြို့နယ် စောင်းလော့၊ ချိကွဲ့၊ နန့်နောက်၊ ဝမ်ချယ်၊ မိုင်းထမ်းကျေးရွာနှင့် ရွာသစ်မြို့ရှိ နောင်ဆိုင်ဘုန်းကြီးကျောင်းများကို Myanmar Now က သွားရောက်လေ့လာခဲ့သည်
ကယားပြည်နယ် ဘောလခဲမြို့နယ်တွင် မဲဆွယ်စည်းရုံးရေးခရီး ရောက်ရှိနေသည့် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းသည် ယခုရက်ပိုင်းအတွင်း ဘောလခဲမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်များနှင့် တွေ့ဆုံခဲ့သည်။
ယခုလဆန်းပိုင်းတွင် ဘောလခဲသို့ ရောက်ရှိခဲ့သည့် ဦးစိုးသိန်းသည် ကွာရန်တင်း (အသွားအလာကန့်သတ်နေထိုင်) ပြီးလျှင်ပြီးချင်း ဘောလခဲမြို့နယ်အတွင်းရှိ စောင်းလော့၊ ချိကွဲ့၊ နန့်နောက်၊ ဝမ်ချယ်၊ မိုင်းထမ်းကျေးရွာနှင့် ရွာသစ်မြို့ရှိ နောင်ဆိုင်ဘုန်းကြီးကျောင်းများသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဘောလခဲမြို့နယ်၌ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူ ဦးစိုးသိန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုကာ ဘောလခဲမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
စောင်းလော့ရွာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိစဉ် ကျောင်းတွင်အသုံးပြုရန် ကားတစ်စီး၊ ကျပ်သိန်း ၅၀ ထပ်မံကုန်ကျမည့် ဆောက်လုပ်ဆဲ ဆွမ်းစားဆောင်နှင့် ကျေးရွာအတွက် အုတ်တံတားလှူဒါန်းမည်ဟု ဦးစိုးသိန်းက ပြောသွားကြောင်း ကျောင်းစောင့်ဆရာတော် ဦးထာဝရက မိန့်သည်။


“မဲနိုင်မှလို့တော့ မပြောဘူး။ ရွေးကောက်ပွဲပြီးမှပဲ တပည့်တော်လှူပေးပါမယ်ဘုရား။ အဲ့လိုတော့ ပြောသွားတယ်။ ကျန်တာတော့ သိပ်မပြောဘူး” ဟု ဆရာတော် ဦးထာဝရက Myanmar Now ကို ပြောသည်။
ထိုသို့လှူဒါန်းရန် ဦးစိုးသိန်းက ကတိပေးခဲ့သော်လည်း ရွေးကောက်ပွဲတွင် ဒကာများကို မဲဆွယ်ပေးရန် တိုက်တွန်းမှုမျိုး မရှိကြောင်း ဆရာတော်က မိန့်သည်။


“ဦးဇင်းက ကိုယ့်ဟာကိုယ် စိတ်ထဲမှာရှိတာကို ပြောတာ။ စိတ်ထဲမှာ ရှိတယ်ဆိုတာက ဦးစိုးသိန်းလုပ်ခဲ့တဲ့ဟာ ဦးဇင်းတို့က သိတာကိုး။ ဒါ ဦးဇင်းတစ်ပါးတည်းအနေနဲ့ သူ့ကို ရစေချင်တာပေါ့၊ ဒီလောက်ပဲ။ ရွာသားတွေကတော့ သူတို့အပိုင်းလေ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီတွင် ဦးစိုးသိန်းက စောင်းလော့ရွာ ဘုန်းကြီးကျောင်းအတွက် ကားတစ်စီးလှူဒါန်းခဲ့သည်ဟု ရွာသားများက ပြောသည်။
ဦးစိုးသိန်းသည် ချိကွဲ့ရွာသာသနာပြုကျောင်းတိုက်တွင် စေတီတည်ရန်အတွက် ထည့်ဝင်လှူဒါန်းမည်ဟု ကတိပေးသွားကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။
“စေတီတည်ဖို့မှာ ဒကာကြီးတတ်နိုင်သလောက် အလှူငွေတွေ ဘာတွေ ထည့်ပါအုံးဆိုတော့ သူက ရပါတယ်တဲ့။ အဆင်ပြေသလောက်ကို လှူပါ့မယ်ပေါ့နော်” ဟု ဦးစိုးသိန်းက ပြောကြောင်း ကျောင်းထိုင်ဆရာတော် ဦးပညာသီရိက မိန့်သည်။
ရွေးကောက်ပွဲတွင် အနိုင်မရခဲ့လျှင်လည်း လှူဒါန်းပေးသွားမည်ဟု ဦးစိုးသိန်းက ပြောခဲ့ကြောင်း၊ ဦးစိုးသိန်းသည် ယခင်ကတည်းက ကျေးရွာအတွက် လှူဒါန်းမှုများရှိခဲ့သည်ဟုလည်း ဆရာတော်က ဆိုသည်။
“တကယ်လို့ ရွာသူရွာသား စေတီတည်ဆောက်ခဲ့လို့ရှိရင် သိန်း ၁၀၀ နဲ့ ဘိလပ်မြေ အိတ် ၅၀ လာပံ့ပိုးပေးပြီးတော့ ဝိုင်းဝန်းကူညီခဲ့ပေးပါ့မယ်။ အကောင်အထည်ဖော်ပေးကြဖို့ပဲလိုတယ်။ အဲဒါဆောင်ရွက်ပေးမယ်ဆိုပြီး ဘုန်းကြီးနဲ့ပြောတယ်” ဟု ချိကွဲ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘော်ရယ်က Myanmar Now ကို ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီက ဦးစိုးသိန်းသည် ချိကွဲ့ကျေးရွာ ပြည်နယ်လုံးကျွတ် စုပေါင်းတံခွန်တိုင် (ကေထိုးဘိုး)ပွဲတော်အတွက် ကျပ်သိန်း ၄၀၀ ထောက်ပံ့ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
ထို့ပြင်ဝမ်ချယ်ကျေးရွာ ကျောင်းတိုက်တွင်လည်း လိုအပ်သည်များကို မိန့်ကြားရန် ဦးစိုးသိန်းက လျှောက်ထားခဲ့ကြောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝဏ္ဏသီရိက မိန့်ကြားသည်။
“ဘယ်တော့လဲ မပြောတတ်ဘူး။ အခုကျ မလှူသေးဘူးပေါ့။ ဆရာတော်ဆန္ဒရှိရင် ဖြစ်လာပါလိမ့်မယ်၊ အဲလိုတော့လျှောက်တယ်” ဟု ဆရာတော်က ဆိုသည်။
ဦးစိုးသိန်းက ထိုသို့လျှောက်ထားသဖြင့် ကျောင်းတိုက်တွင် ရေချိုးခန်းနှင့် အိမ်သာလိုအပ်နေပြီး ကျပ် သိန်း ၅၀ ကျော် ကုန်ကျမည်ဟု မိန့်ကြားခဲ့သည်ဟုလည်း ဆရာတော်က ဆိုသည်။
“နိုင်ငံရေးနဲ့တော့ မပြောပါဘူး လူမှုရေး၊ ပေးကမ်းစွန့်ကြဲရေးမှာ သူကတော့ လုပ်မယ်ဆိုလုပ်မယ် လှူမယ်ဆိုလှူမယ်။ သူက ကတိတော့မပျက်ဘူး” ဟု ဦးစိုးသိန်းနှင့်ပတ်သက်၍ ဆရာတော်က မိန့်သည်။
ဦးစိုးသိန်းသည် နန့်နောက်၊ မိုင်းထမ်းကျေးရွာတို့ရှိ ဘုန်းကြီးကျောင်းများနှင့် ရွာသစ်မြို့ရှိ နောင်ဆိုင်ကျောင်းတိုက်သို့လည်း ရောက်ရှိခဲ့ပြီး လိုအပ်သည်များကို မိန့်ကြားရန် လျှောက်ထားခဲ့သော်လည်း အလှူမခံခဲ့ကြောင်း အဆိုပါကျောင်းတိုက်များ၏ ဆရာတော်များထံမှ သိရသည်။
မဲဆွယ်ကာလတွင် ဦးစိုးသိန်းသည် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးတွင် လိုက်ပါခြင်းမရှိဘဲ ကျေးရွာများရှိ ဘာသာရေးခေါင်းဆောင်များနှင့် ကျေးရွာရှိ ဩဇာလွှမ်းမိုးသူအချို့ကို သွားရောက်တွေ့ဆုံလေ့ရှိသည်ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဦးစိုးသိန်းသွားရောက်ခဲ့သည့် ကျေးရွာများသို့ Myanmar Now က သွားရောက်ခဲ့စဉ် သိရှိခဲ့သည်။
ဘောလခဲမြို့တွင် ခေတ္တနေထိုင်လျက်ရှိသည့် ဦးစိုးသိန်းကို တွေ့ဆုံမေးမြန်းခွင့်ရရန် Myanmar Now က အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း ဦးစိုးသိန်းက လက်ခံတွေ့ဆုံခြင်း မရှိပေ။
ဘာသာရေးခေါင်းဆောင်များကို တွေ့ဆုံခြင်းနှင့်ပတ်သက်၍ ဦးစိုးသိန်း၏ ရွေးကောက်ပွဲ စည်းရုံးရေးမန်နေဂျာဖြစ်သူ ဦးယုလွင်က “သူက ဗုဒ္ဓဘာသာပဲလေ။ ဗုဒ္ဓဘာသာကို အထွတ်အထိပ်ထားတဲ့အတွက်မို့လို့ သူကိုယ်၌ကလည်း ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် သူရောက်တဲ့နေရာမှာ ဘုန်းကြီးကျောင်းရှိရင် ဆရာတော်ဘုရားတွေကို ဦးထိပ်ပန်ဆင်တယ်။ ဒါသူ့ရဲ့ အလေ့အထပဲ” ဟု ပြောသည်။
ဘာသာရေးအကြောင်းပြု မဲဆွယ်စည်းရုံးသည်ဟု အထင်မခံရအောင် ဦးစိုးသိန်းအနေဖြင့် အလွန်ဆင်ခြင်ရကြောင်း၊ ဆရာတော်များက လိုအပ်ချက်များ တောင်းဆိုသည်များလည်းရှိကြောင်း ၎င်းက ပြောသည်။
“တင်ပါ့ဘုရား လုပ်ပေးနိုင်တဲ့အချိန်ကာလ အတိုင်းအတာဆိုရင် တပည့်တော်လှူဒါန်းပါမယ်ဘုရား ဒါလေးတော့ ပြောခဲ့တယ်” ဟု ကျောင်းထိုင်ဆရာတော်များနှင့် ဦးစိုးသိန်းသွားရောက်တွေ့ဆုံမှုအပေါ် ဦးယုလွင်က ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည်လည်း မဲဆွယ်စည်းရုံးရေးကာလမတိုင်မီက ဝမ်ချယ်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် မဲဆွယ်စည်းရုံးရေးကာလတွင် ဆောင်းလော့ကျေးရွာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိခဲ့ကြောင်း အဆိုပါဆရာတော်များက မိန့်သည်။
“ဘုန်းဘုန်းက ဩဇာအာဏာရှိတယ်ဆိုတော့ ဒကာဒကာမတွေနဲ့ ပြောပေးပြုပေးပေါ့တဲ့။ ဦးဇင်းတို့က မပြောဘူးလို့ ပြောလိုက်တယ်” ဟု ဝမ်ချယ်ကျောင်းဆရာတော် ဘဒ္ဒန္တဝဏ္ဏသီရိက မိန့်သည်။
သို့သော် အဆိုပါဘုန်းကြီးကျောင်းသို့ ရောက်ရှိခဲ့သည့် ဘောလခဲမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်မိမိမော်ကမူ အဆိုပါအချက်ကို ငြင်းသည်။
“ဘုန်းကြီးက အဓိပ္ပါယ်မှတ်မှားတယ်နဲ့ တူပါတယ်။ အဲ့လိုကြီးတော့ ပြောတာမဟုတ်ပါဘူး။ ကျွန်မတို့က ဝါတွင်းပေါ့နော် အဲ့ကျောင်းတစ်ကျောင်းတည်းမဟုတ်ဘူး။ ဘုန်းကြီးကျောင်းအကုန်လုံးကို ဝါဆိုသင်္ဃန်း ကပ်ရင်းနဲ့ ဝတ္တုကပ်ရင်းနဲ့ သွားကြတာ။ ကျွန်မတို့လည်း အဲ့လိုအဓိပ္ပါယ်နဲ့ မပြောပါဘူး” ဟု ၎င်းက ပြောသည်။
ဘောလခဲမြို့နယ် NLD ပါတီဥက္ကဌ ဦးစိုင်းကြီးက မဲဆွယ်ကာလအတွင်း ကျောင်းထိုင်ဆရာတော်များကို ဝင်ရောက်ဖူးမြော်ခဲ့သည်ဟု ပြောသည်။
“ဒီမှာ နည်းနည်းပါးပါး သွားသွားလာလာပေါ့။ မဲစည်းရုံး ဘာစည်းရုံးပေါ့။ ထုံးစံအတိုင်း ဘေးကင်းရန်ကင်း အန္တရာယ်ကင်းအောင်ပေါ့။ စောင့်ရှောက်ပေးပါ၊ အဲ့လိုမျိုးပြောထားခဲ့တယ်။ ဘုန်းကြီးကျောင်းတိုင်းသွားတယ်၊ သင်္ဃန်းကပ်တယ်၊ ဝတ္ထုတွေဘာတွေကပ်တယ် ကိုယ်စားလှယ်လောင်းတွေ မျက်နှာပြရင်းနဲ့” ဟု ဦးစိုင်းကြီးက ပြောသည်။
အောက်တိုဘာ ၂၃ နှင့် ၂၆ တွင် ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုသည် ဒီးမော့ဆိုမြို့ နယ်ရှိ ကျေးရွာ ၃၅ ရွာအတွက် ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငွေကျပ် သိန်း ၁၂၀၀ ကျော် ထောက်ပံ့ခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးသည် အောက်တိုဘာ ၂၆ ၌ ဘောလခဲမြို့နယ်အတွင်း ကျေးရွာဘုန်းကြီးကျောင်းများ အသစ်ပြန်လည်တည်ဆောက်ရန်နှင့် ဘောလုံးကွင်းဖောက်လုပ်ရန် ထောက်ပံ့ငွေကျပ် သိန်း ၇၀ ပေးအပ်ခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့ရုံး၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










