အယ်လ်ဖောင်းရှိုနှင့် ပြည်နယ်လွှတ်တော်အငြင်းပွားမှု ခုံရုံး အပြီးသတ်အမိန့်ချ

နောင်တွင်ပေါ်ပေါက်လာနိုင်သည့် ပြဿနာများ ဖြေရှင်းနိုင်ရန်ဟုဆိုကာ စွပ်စွဲပြစ်တင်မှုနှင့် သက်ဆိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပုဒ်မနှစ်ခုကို အယ်ဖောင်းရှို လျှောက်ထားသည့်အတိုင်း ခုံရုံးက ပိုမိုတိကျစွာ အဓိပ္ပါယ်ဖွင့်ဆိုပေးလိုက်ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၇ တွင် e-court စနစ်ဖြင့် ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အပြီးသတ်စီရင်ချက်ကြားနာမှု 

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း စွပ်စွဲပြစ်တင်ခံရမှုနှင့် ပတ်သက်၍ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဝန်ကြီးချုပ်ဟောင်း လျှောက်ထားတင်သွင်းသည့်အတိုင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့တွင် အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးလိုက်သည်။

ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ဖြုတ်ချခဲ့သည့် ဝန်ကြီးချုပ်ဟောင်း အယ်လ်ဖောင်းရှိုသည် ခုံရုံးသို့ တင်သွင်းခွင့်ရှိသူ ဟုတ်မဟုတ်၊ စွပ်စွဲပြစ်တင်သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ငါးဦးအနက် တစ်ဦးနုတ်ထွက်ထားသဖြင့် စွပ်စွဲပြစ်တင်မှု မြောက်မမြောက်နှင့် စွပ်စွဲပြစ်တင်သူသုံးဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ထည့်သွင်းထားခြင်းသည် ဥပဒေနှင့် ညီမညီ စသည့်အချက်သုံးချက်နှင့် ပတ်သက်၍ နှစ်ဖက်ကြားနာပြီးနောက် ခုံရုံးက အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

“ဦးအယ်လ်ဖောင်းရှိုသည် တာဝန်မှ ရပ်စဲခြင်းမခံရမီ တာဝန်ထမ်းဆောင်ဆဲကာလအတွင်း ၃၁.၈.၂၀၂၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံမှတစ်ဆင့် တင်သွင်းခဲ့ခြင်း ဖြစ်သဖြင့် ၎င်းသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းလွှာ တင်သွင်းခွင့်ရှိသူဖြစ်ကြောင်း ဖြေဆိုလိုက်သည်” ဟု ပထမအချက်နှင့်ပတ်သက်၍ ခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ချိုက အမိန့်ချမှတ်ခဲ့သည်။

စွပ်စွဲပြစ်တင်သူတစ်ဦး နုတ်ထွက်ထားသဖြင့် စွပ်စွဲပြစ်တင်မှု မြောက်မမြောက်နှင့် ပတ်သက်၍ အငြင်းပွားမှုရှိခဲ့ရာ ဝန်ကြီးချုပ်တစ်ဦးအပေါ် စွပ်စွဲပြစ်တင်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံဥပဒေ ပုဒ်မ ၂၆၃ (ခ) ကို အဓိပ္ပါယ်ဖွင့်ဆိုပေးရန် အယ်လ်ဖောင်းရှို၏ ရှေ့နေ ဒေါ်မင်းမင်းစိုးက အောက်တိုဘာ ၆ ကြားနာမှုတွင်  လျှောက်ထားခဲ့သည်။ 

စုံစမ်းစစ်ဆေးရေးအဖွဲ့ကို လွှတ်တော်ဥက္ကဋ္ဌတစ်ဦးတည်း၏ သဘောထားဖြင့် ဖွဲ့စည်းခြင်းမဟုတ်ဘဲ လွှတ်တော်တွင် အဆိုတစ်ရပ်ထပ်မံတင်သွင်း၍ ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ထောက်ခံမှသာ စစ်ဆေးမှု ဆက်လက်ဆောင်ရွက်ရမည်ဟု အဓိပ္ပါယ်ဖွင့်ဆိုပေးရန် လိုအပ်ကြောင်း ဒေါ်မင်းမင်းစိုးက လျှောက်ထားခဲ့သည်။ 

အခြေခံဥပဒေပုဒ်မ ၂၆၃ (ခ) တွင် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးတစ်ဦးဦးအပေါ် စွပ်စွဲပြစ်တင်လိုပါက သက်ဆိုင်ရာ တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးကာ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရန်ဖော်ပြထားပြီး လွှတ်တော်သို့ အဆိုတင်သွင်းရန် မလိုအပ်ပေ။ 

ယနေ့ကြားနာမှုတွင် အဆိုပါ ပုဒ်မ ၂၆၃ ပုဒ်မခွဲ (ခ) ကို  ခုံရုံးက အနက်အဓိပ္ပါယ်ဖွင့်ဆိုပေးရာတွင် စွပ်စွဲချက်ကို တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးကာ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ အဆိုတစ်ရပ်အနေဖြင့် တင်ပြရမည်ဟု အမိန့်ချမှတ်ခဲ့သည်။ 

ကိုယ်စားလှယ်တစ်ဦး နုတ်ထွက်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ခြင်းသည် လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်ဖြစ်သောကြောင့် ခုံရုံးက ဆုံးဖြတ်ပိုင်ခွင့်မရှိသော်လည်း နောင်တွင်ပေါ်ပေါက်လာမည့် ပြဿနာများဖြေရှင်းနိုင်ရန်အတွက် အနက်အဓိပ္ပါယ်ဖွင့်ဆိုခွင့်ရှိကြောင်း ခုံရုံးက ဆိုသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် စွပ်စွဲပြစ်တင်သူသုံးဦး ပါဝင်နေသည့်အတွက် အငြင်းပွားမှုနှင့် ပတ်သက်၍ အခြေခံဥပဒေပုဒ်မ ၂၆၃ (ဂ) တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စွပ်စွဲသူများမှအပ အခြားသင့်လျော်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက် လိုအပ်သည်ဟုလည်း အယ်ဖောင်းရှို၏ရှေ့နေက တင်ပြထားသည်။ 

ယခင်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ (ဂ) တွင် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဌသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးစေရမည်ဟုသာ ပြဋ္ဌာန်းထားပြီး စွပ်စွဲပြစ်တင်သည့်ကိုယ်စားလှယ်များ ထည့်သွင်းဖွဲ့စည်းခွင့် ရှိမရှိ တိကျစွာ ပြဋ္ဌာန်းမထားပေ။  

ယနေ့ကြားနာမှုတွင် ခုံရုံးက ပုဒ်မ ၂၆၃ (ဂ) နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို “သင့်လျော်သော” လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း၍ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးရမည်ဟု ခုံရုံးက အနက်အဓိပ္ပါယ်ဖွင့်ဆိုပေးလိုက်သည်။ 

အယ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်သူ ဦးသဲရယ်၊ ဦးခင်မောင်ထွန်းနှင့် ဦးစိုးရယ်တို့ကို လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ထည့်သွင်းခဲ့ခြင်းသည် လွှတ်တော်ဥက္ကဋ္ဌ၏ ဆောင်ရွက်ချက်များဖြစ်သဖြင့် ခုံရုံးက စိစစ်ပိုင်ခွင့်မရှိကြောင်း၊ သို့သော် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ရာတွင် စည်းကမ်းသတ်မှတ်ချက်များ လိုအပ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ (ဂ) ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း ဖြစ်ကြောင်း ခုံရုံးက အမိန့်ချမှတ်ခဲ့သည်။ 

သို့သော် “သင့်လျော်သော ကိုယ်စားလှယ်များ” ဆိုသည့် စကားရပ်အပေါ် တိကျစွာဖော်ညွှန်းချက် မပါဝင်ပေ။

အထက်ပါအကြောင်းကိစ္စ သုံးရပ်နှင့် စပ်လျဉ်း၍ ခုံရုံးက ယနေ့ချမှတ်သည့်အမိန့်တွင် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ဆောင်ချက်များ အခြေခံဥပဒေနှင့် ညီမညီကို ဆုံးဖြတ်ခြင်းမဟုတ်ဘဲ အခြေခံဥပဒေပုဒ်မနှစ်ခုကို အဓိပ္ပါယ်ဖွင့်ဆိုပေးရန် အယ်လ်ဖောင်းရှို၏ တင်သွင်းလွှာအပေါ်တွင်သာ ခုံရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်လွှတ်တော်၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်သော်လည်း လုပ်ထုံးလုပ်နည်းပိုင်းတွင် အနည်းငယ်မေးခွန်းထုတ်စရာရှိခဲ့ကြောင်း၊ လွှတ်တော်နှင့် အယ်ဖောင်းရှိုတို့ အငြင်းပွားမှုသည် ဂုဏ်သိက္ခာပိုင်းနှင့် သက်ဆိုင်သည့် အမှုအခင်းဖြစ်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်သူ The Fifth Pillar ၏ လုပ်ငန်းအစီအစဉ်ဒါရိုက်တာ ရှေ့နေဦးနေဝင်းနိုင်က Myanmar Now ကို ပြောသည်။  

“ဒီဆုံးဖြတ်ချက်တွေကလည်း နဂိုဥပဒေပြုအာဏာပိုင်ဖြစ်တဲ့ ကယားပြည်နယ်လွှတ်တော်က ဆုံးဖြတ်ထားတဲ့အပေါ်မှာ ပြောင်းလဲသွားမှာမျိုးကတော့ အများကြီးမရှိဘူး။ သို့ပေမယ့်လို့ ဂုဏ်သိက္ခာအရ ပြောမယ်ဆိုရင် ဒီလိုမျိုး စွပ်စွဲပြစ်တင်ခံရတဲ့ လူတစ်ယောက်မှာလည်း ဥပဒေနှင့်ညီညွတ်ခြင်းရှိခဲ့သလား မရှိခဲ့ဘူးလား အဲဒါမျိုးတွေ ရှိလားမရှိဘူးလားဆိုတဲ့ ကိစ္စတွေကတော့ နိုင်ငံရေးသမိုင်းဖြစ်သွားတာပေါ့” ဦးနေဝင်းနိုင်က ပြောသည်။

ဥပဒေစကားရပ်များကို ခုံရုံးတွင် ယခုကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုလိုက်ခြင်းအားဖြင့် နောင်တွင် အငြင်းပွားစရာကိစ္စများ ပေါ်ပေါက်လာပါက ပြန်လည်ကိုးကားအသုံးပြုနိုင်ပြီး လွှတ်တော်များတွင် ဥပဒေပြင်သည့်အခါ မဖြစ်မနေထည့်သွင်းရန် လိုအပ်သည်ဟု ဦးနေဝင်းနိုင်က ဆိုသည်။ 

“ကျွန်တော်တို့နိုင်ငံအတွက် ပြောမယ်ဆိုရင်တော့ Case Study အသစ်လို့ပဲ ပြောရမှာပေါ့။ ဒါမျိုးတွေက တစ်ခါမှမဖြစ်ခဲ့ဘူးလေ။ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ကယားပြည်နယ်လွှတ်တော်ရဲ့ ဒီလိုအငြင်းပွားမှုတွေကို ကြားရတာကတော့ ကျွန်တော်တို့နိုင်ငံတော်မှာရှိတဲ့ ယန္တရားတွေက အသက်ဝင်လာတယ်လို့ ပြောရမှာပေါ့” ဟု ၎င်းကပြောသည်။

ပြည်နယ်ရန်ပုံငွေ အလွဲသုံးစားမှုနှင့် လွှတ်တော်တွင် အဆိုအောင်မြင်ထားသည့် ကတိကဝတ်များ ပျက်ကွက်သဖြင့် ပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုကို ပြီးခဲ့သည့် ဩဂုတ် ၁၃ တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ဖွဲ့စည်းပုံအခြေခံဥပဒ ပုဒ်မ ၂၆၃ အရ စွပ်စွဲပြစ်တင်ခဲ့ပြီး နောက်တစ်နေ့တွင် လွှတ်တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ 

ထို့နောက် စွပ်စွဲပြစ်တင်ရာတွင်ပါဝင်သည့် ဦးသိန်းအောင်(ခ)စဲရယ်က စွပ်စွဲပြစ်တင်မှုပြုလုပ်ခြင်းတွင် မပါဝင်လိုတော့သဖြင့် ပြန်လည်နုတ်ထွက်ကြောင်း လွှတ်တော်ဥက္ကဋ္ဌထံ ဩဂုတ် ၂၀ တွင် တင်ပြခဲ့သည်။  

ဩဂုတ် ၃၁ တွင် ကျင်းပသော ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်မှုအောင်မြင်ပြီး စက်တင်ဘာ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတက ဝန်ကြီးချုပ်ကို ရာထူးမှ ရပ်စဲခဲ့သည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် ၂၀၁၁ မှ ယနေ့အထိ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် ၁၄ ခု ချမှတ်ခဲ့ပြီးဖြစ်သော်လည်း ပြည်နယ်ဝန်ကြီးချုပ်တစ်ဦး စွပ်စွဲပြစ်တင်၊ ဖြုတ်ချခံရမှုနှင့်ပတ်သက်၍ အဆုံးအဖြတ်ခံယူရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading