NLD ၏ နာမည်ကျော် ‘ဒေါက်ဖိနပ်လျှောက်သံ’ အောင်နိုင်ရေးသီချင်းကို လူမျိုးရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေးပုတ်ခတ်သည့် စကားလုံးများ အစားထိုးပုံဖျက်မဲဆွယ်သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အရေးယူပေးရန် နွားထိုးကြီးမြို့နယ် NLD အောင်နိုင်ရေးဥက္ကဋ္ဌက တရားရုံးကို ဦးတိုက်လျှောက်ထားသည်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာ ၂၅ ရက်တွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများက လူစုလူဝေးဖြင့် လှည့်လည်ခဲ့စဉ်။ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်ပွဲတစ်ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို 'အင်္ဂလိပ်၏ ကျွန်မယား'၊ NLD ပါတီသည်လည်း 'သာသနာဖျက်ပါတီ' ဟု ဆိုသော လူမျိုးရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်သည့် စကားလုံးများပါသည့် သီချင်းဖွင့်ကာ မဲဆွယ်သည့်အတွက် NLD ပါတီဝင်များက တရားစွဲဆိုထားကြောင်း သိရှိရသည်။ 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာ ၂၅ ရက်တွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများက လူစုလူဝေးဖြင့် လှည့်လည်ရာတွင် NLD ပါတီ၏ အောင်နိုင်ရေးသီချင်းတစ်ပုဒ်ဖြစ်သည့် 'ဒေါက်ဖိနပ်လျှောက်သံ' သီချင်းမှ စာသားများနေရာတွင် အထက်ပါစာသားများဖြင့် အစားထိုးသီဆိုထားသည့် သီချင်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ အသုံးပြုခဲ့သည့် ပုံဖျက်သီချင်း၏ ပင်မအကြောင်းအရာများမှာ စစ်အစိုးရလက်ထက် လူထုကို ဝါဒဖြန့်သည့် သတင်းဆောင်းပါးများတွင် ပါဝင်လေ့ရှိသည့် စာသားများအတိုင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းဖြစ်သူ ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်ကို အကြောင်းပြုလျက် သူမကို အင်္ဂလိပ်မယားဟု အကြိမ်ကြိမ်ပုတ်ခတ်ခဲ့ကြသည့်နည်းတူ  ၂၀၁၀ နိုင်ငံရေးအကူးအပြောင်းကာလတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မွတ်စလင်များအကျိုးအတွက် လုပ်ဆောင်နေသည်ဟု အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက မဟုတ်မမှန် ဝါဒဖြန့်ခဲ့ကြသည်။ 

ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ အသုံးပြုခဲ့သည့် ထိုသီချင်းပါ စာသားများမှ "ထောင်ထွက်ပါတီ NLD၊ အစဉ်အလာအဆက်ဆက် သာသနာဖျက်ခဲ့ မွတ်ဒေါင်းတို့ပါတီ၊ နိုင်ငံ့အလယ်မှာ သာသနာကိုဖျက် ဒို့ဘဝတွေ ပြောင်းလဲဖို့အတွက် NLDကို မောင်းထုတ်စို့၊ မောင်းထုတ်စို့၊ တိုက်ထုတ်ကြပါစို့" ဖြစ်သည်။ 

ထို့ပြင် "ဒို့မျိုးဆက်ရဲ့ အနာဂါတ်တွေ အရွယ်မတိုင်ခင်မှာ တသီတတန်း ဖာတန်းရောက်မယ့် မေတ္တာတရား ဒီဟာမကြီးရဲ့လုပ်ပုံများ၊ ဘင်္ဂလီဆို ဘုရားလိုကူ နိုင်ငံခေါ်သွင်းထား အဲဒါမျိုးယုတ်တဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်ပါလေ၊ အမျိုးယုတ်တွေ မင်းတို့အလှည့်တွေလာမယ်လေ မင်းတို့အမေ အင်္ဂလိပ်ရဲ့ကျွန်မယား၊ ဟောဒီမြေ ဒေါင်းတို့ငိုသံ တုန်ဟီစေ ပြေးဖို့အသင့်ပြင်ထား" ဟူသော စာသားများလည်း ထည့်သွင်းထားသည်။

ထို ပုံဖျက်ထားသည့် သီချင်းဖွင့်ကာ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ၏ စီတန်းလှည့်လည်သော ဗီဒီယိုဖိုင်များကိုလည်း Myanmar Nowက ရရှိထားသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နွားထိုးကြီးမြို့နယ် NLD အောင်နိုင်ရေးဥက္ကဋ္ဌ ဦးမောင်သုက ပြည်ခိုင်ဖြိုးယာဉ်တန်းပါ USDPပါတီဝန်းရံသူများနှင့် အသံချဲ့စက်ပိုင်ရှင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားရုံးသို့ ယနေ့တွင် ဦးတိုက်လျှောက်ထားခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရန် တရားရုံးက ညွန်ကြားလိုက်သည်ဟု သိရသည်။ 

နွားထိုးကြီးမြို့နယ်တရားရုံးသို့ အောက်တိုဘာ ၂၆ ရက်စွဲဖြင့် ဦးမောင်သုက ဦးတိုက်လျှောက်ထားသည့် စာတွင် နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာ၊ ပဲချက်ကျေးရွာလမ်းတစ်လျှောက် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံတော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အကြည်အညိုပျက်စေသည့် စာသားများပါသော သီချင်းဖြင့် NLD ကို မဲမပေးရန် ပြည်ခိုင်ဖြိုးက လှုံ့ဆော်၊ လှည့်လည်၊ စည်းရုံးခဲ့ကြောင်း ပါဝင်သည်။

“ပြည်ခိုင်ဖြိုး အောင်နိုင်ရေးလှည့်တဲ့အချိန်မှာ ကျွန်တော်တို့ ဒေါက်ဖိနပ်သီချင်းကို ဖျက်ဆိုထားတယ်လေ။ ဘာသာရေး၊ လူမျိုးရေးလှုံ့ဆော်တယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စော်ကားထားတဲ့ စာသားတွေပါလို့” ဟု တရားရုံးသို့ ဦးတိုက်လျှောက်ထားရခြင်းနှင့် ပတ်သက်၍ ဦးမောင်သုက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဝက်လူးနယ်မြေ ရဲစခန်းမှူး ဦးမြင့်လှိုင်ဦးကို မေးမြန်းရာ အသေးစိတ်ကို မပြောနိုင်သေးဟုဆိုသော်လည်း နွားထိုးကြီးမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားနိုင်ရန် ရဲလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးထားကြောင်းကိုမူ အတည်ပြုသည်။

“တရားရုံးကလက်ခံတယ်၊ ကျန်တာတော့ ထူးခြားမှု မရှိသေးပါဘူး။ အကျယ်တဝင့်ပြောလို့ မရသေးပါဘူးခင်ဗျ”ဟု ၎င်းကဆိုသည်။ 

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအပေါ် စစ်ဆေးမှုတစ်စုံတစ်ရာ ရှိမရှိ မသိရသေးသကဲ့သို့ နွားထိုးကြီးမြို့နယ်တရားရုံးက မည်သည့်ပုဒ်မဖြင့် အရေးယူမည်ကိုလည်း မသိရသေးပေ။ 

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကမူ ထိုဖြစ်စဉ်အပေါ် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် လက်ခံကြားနာခြင်းရှိမရှိမှာ တရားသူကြီးပေါ်တွင်သာ မူတည်သည်ဟု သုံးသပ်သည်။

“(အကြည်ညိုပျက်စေမှု) ၅၀၅(ခ)ဆိုရင် ပြဌာန်းချက်က ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေဆိုတော့ သီချင်းက ဖော်ပြချက်ထဲ ပါပြီပေါ့ဗျာ။ အဲဒါဟုတ်ပြီ။ အဲဒီလိုသီချင်းကို လုပ်တာဟာ နိုင်ငံတော်အစိုးရကိုဖြစ်စေ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကိုဖြစ်စေ ထိခိုက်အောင် တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင် အများကိုဖြစ်စေ တစ်ယောက်ယောက်ကိုဖြစ်စေ ကြောက်ခြင်းထိတ်လန့်ခြင်းတစ်ခုခုဖြစ်စေဖို့ အကြံရှိရင်၊ အကြောင်းရှိရင် ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုရင် သာမန်အားဖြင့် အဲဒီပြဌာန်းချက်နဲ့ ဝင်သလား စဉ်းစားမှာပေါ့”ဟု ၎င်းက ပြောသည်။

NLD ပါတီ၏ 'ဒေါက်ဖိနပ်လျှောက်သံ' မူရင်းသီချင်းကို  ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများဖြစ်ကြသည့် ဗိုလ်သူရိန် (ကော့မှူး)က ရေးသားကာ မိမိလေးက သီဆိုထားပြီး အဆိုပါသီချင်းကို NLD ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သုံးစွဲရန် တရားဝင်လှူဒါန်းထားခြင်းဖြစ်သည်။

မူရင်းသီချင်းတွင် NLDကို ရာဇဝင်မရိုင်းသည့် ပြည်သူတို့၏ ပါတီအဖြစ် ရည်ညွန်းစပ်ဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာတရားကို အမွှမ်းတင်ကာ အနာဂတ်အတွက် NLD ကို မဲပေးရန် တိုက်တွန်းထားခြင်းဖြစ်ပြီး ထိုသို့ပုံဖျက်လှုံ့ဆော်ခံရမှုအပေါ် လွန်စွာ စိတ်ထိခိုက်ရကြောင်း မူရင်းသီချင်းဖန်တီးသူ ဗိုလ်သူရိန်(ကော့မှူး)က Myanmar Nowကို ပြောသည်။

“အသားတွေတောင် တဆတ်ဆတ်တုန်တယ်။ လုံးဝမကြိုက်ဘူး။ (ပုံဖျက်ခံရသည့်) ဒီသီချင်းကို အစအဆုံးတောင် နားမထောင်နိုင်ဘူးဗျ" ဟု ၎င်းကပြောပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည်ဟု ထင်မြင်ကြောင်းလည်း ဆိုသည်။ 

ဒေါက်ဖိနပ်လျှောက်သံသီချင်းကို ဖြန့်ချိခြင်း၊ NLD ထံ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သူ ဂျပန်နိုင်ငံတွင် နေထိုင်သူ ကိုမျိုးကြီးကလည်း ထိုသို့သော လုပ်ရပ်အပေါ် ပြည်ခိုင်ဖြိုးက တာဝန်ယူ၊ တာဝန်ခံရန် လိုအပ်ကြောင်း ပြောသည်။

“ကျွန်တော်က ဒေါသအရမ်းကြီးတဲ့လူတစ်ယောက် ပေါက်ကွဲချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ပေါက်ကွဲလို့မရဘူး။ ကျွန်တော်တို့အောင်မြင်မှုကို အဆုံးရှုံးမခံနိုင်ဘူး။ ဒါကြောင့် ပြည်သူအားလုံးအနေနဲ့ ဒီအချိန်မှာ အရမ်းအရေးကြီးတယ်။ ၁၃ ရက် (ရွေးကောက်ပွဲနေ့ရောက်ရန်) ကျန်တယ်။ ကျွန်တော်တို့သည်းခံကြမယ်”ဟု ကိုမျိုးကြီးက ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်း မရှိပေ။ 

ထို့အတူ အဆိုပါမဲဆွယ်စည်းရုံးလှည့်လည်ရာတွင် ပြည်ခိုင်ဖြိုးပါတီ၏ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဗိုလ်မှူးကြီးဟောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးဉာဏ်ထွန်းအောင်ပါဝင်သည်ဟု ဒေသခံအချို့ကဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပါ။

နွားထိုးကြီးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးမြမောင်က ၎င်းတာဝန်ရှိရာ နယ်မြေအတွင်းပေါ်ပေါက်ခဲ့သည့် အထက်ပါဖြစ်စဉ်တွင် ကိုယ်စားလှယ်လောင်းနှင့် ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ်က ကျူးလွန်ခဲ့ခြင်းမဟုတ်၍ အရေးယူ၍မရဟု ပြောသည်။

“ဝန်းရံသူဆိုတာက ပါတီဝင်မဟုတ်တဲ့အတွက် ပါတီကို ဝန်းရံထောက်ခံတာပဲ ရှိတယ်လေ။ အဲဒါမျိုးကျတော့ ဥပဒေမှာ အရေးယူဖို့ ပြဌာန်းထားတာ မရှိဘူးဗျ”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ လူမျိုး၊ ဘာသာ သို့မဟုတ် လူတစ်ဦးချင်းနှင့် လူအများပဋိပက္ခဖြစ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားထိခိုက်စေနိုင်သည့် ရေးသား၊ ဟောပြော၊ စည်းရုံးလှုံ့ဆော်မှုမပြုရန်၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုရန်၊ ပြုလုပ်ပါက ပါတီ၊ ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဟု တင်းကျပ်စွာ ပြဌာန်းထားသည်။ 

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading