၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ကိုယ်စားပြုကာ ဖရူဆိုမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကယောတိုင်းရင်းသူ အယ်ဗလင်းသည် NLD နှင့် မဟာမိတ်ဖွဲ့ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သွားနိုင်ရန် ဆန္ဒရှိနေသည်

Published on Oct 26, 2020
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်မည့် ကယောတိုင်းရင်းသူ အယ်ဗလင်းကို ဖရူဆိုမြို့နယ် ဘီယာကျေးရွာတွင် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ကေဇွန်နွေး/ Myanmar Now) 
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်မည့် ကယောတိုင်းရင်းသူ အယ်ဗလင်းကို ဖရူဆိုမြို့နယ် ဘီယာကျေးရွာတွင် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ကေဇွန်နွေး/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မျက်နှာသစ်လူငယ်နိုင်ငံရေးသမားများအနက် ကယောတိုင်းရင်းသူတစ်ဦးဖြစ်သူ အယ်ဗလင်းလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ 

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ကိုယ်စားပြုကာ ဖရူဆိုမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အယ်ဗလင်းသည် တချိန်က လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ) တွင် ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ 

အယ်ဗလင်းသည် ၂၀၀၁ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ပြီးနောက် တက္ကသိုလ်တက်ရောက်လိုသော်လည်း မိဘများမှာ ကျောင်းမထားနိုင်သဖြင့် ကလလတကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။ 

ဘုရားကျောင်းတွင် အင်္ဂလိပ်စာနှင့် စိတ်ပိုင်းဆိုင်ရာဘာသာရပ်များ လေ့လာဆည်းပူးခဲ့ပြီး ကလလတ၏ နိုင်ငံရေးဌာနတွင် လုပ်ကိုင်နေစဉ် နိုင်ငံရေးပညာရပ်များ လေ့လာခွင့်ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ကလလတ၏ စေလွှတ်မှုဖြင့် ထိုင်းနယ်စပ်တွင် နိုင်ငံတကာရေးရာသင်တန်းကို သုံးနှစ်ခန့် တက်ရောက်ခွင့်ရခဲ့သည်။ ထို့နောက်တွင် အင်္ဂလိပ်စာဘာသာရပ် အဓိကဖြင့် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ 

ကလလတသည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် တပ်မတော်လက်အောက်ရှိ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အဆိုပါအဖွဲ့သည် ၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ခွဲထွက်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း တစ်ဆယ်ကျော်က ဖွဲ့စည်းပုံအခြေခံဥပဒေဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုတွင် စတင်ပါဝင်ခဲ့ခြင်းသည် အယ်ဗလင်း၏ နိုင်ငံရေးခရီးအစဖြစ်သည်။ ထိုအချိန်က အယ်ဗလင်းမှာ အသက် ၂၅ နှစ်အရွယ်သာ ရှိသေးသည်။  

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆန့်ကျင်ရေး

အယ်ဗလင်းအပါအဝင် ကယားပြည်နယ်ရှိ လူငယ်အချို့သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမတိုင်မီကပင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုများ စတင်ခဲ့ကြပြီးဖြစ်သည်။ 

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကရင်နီလူငယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အလွတ်ရသည်အထိ အကြိတ်အနယ်လေ့လာခဲ့ကြပြီး ပြင်ဆင်ပယ်ဖျက်သင့်သည့် အချက်များကို ပြည်သူလူထုသာမက နိုင်ငံရေးနှင့် လက်နက်ကိုင်အင်အားစုများထံ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ကြသည်။

“ညီညွတ်ဖို့အချိန်တန်ပြီ။ စစ်ဖိနပ်အောက်က လွတ်မြောက်ဖို့ အချိန်တန်ပြီပေါ့။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံဟာ တစ်သက်လုံး စစ်ဖိနပ်အောက်ကို ပိုပြီးတော့ ရောက်သွားစေမယ့်အရာဖြစ်တယ်ဆိုတဲ့ သတင်းစကားတွေကို စာရွက်အပိုင်းအစလေးတွေမှာ ထည့်ပြီးတော့မှ လိုက်ဝေတာတွေရှိတယ်” ဟု ထိုစဉ်က လှုပ်ရှားမှုများအကြောင်း အယ်ဗလင်းက ပြောသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန့်ကျင်ရေးအတွက် ပုံစံအမျိုးမျိုးဖြင့် လှုပ်ရှားခဲ့ကြသည်ဟု ဆိုသည်။ တော်လှန်ရေးပုံရိပ်များပါဝင်သည့် CD ချပ်များဝေငှခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကြောင်း ညဘက်တွင် စပရေးဘူးများဖြင့် သင်္ကေတရေးဆွဲခြင်း၊ စာရွက်စာတမ်းများဖြန့်ဝေခြင်း၊ လူငယ်များကို သင်တန်းကျင်းပခြင်း စသည့် အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် လှုပ်ရှားခဲ့ကြသည်ဟု ဆိုသည်။ 

ထိုကာလကတည်းက အိမ်အနီးသို့ ထောက်လှမ်းရေးများ လာရောက်စုံစမ်းနေသည်ကို ရိပ်မိခဲ့ကြောင်း၊ အဖမ်းခံရသည့်နေ့တွင်လည်း ၎င်းတို့ကို စောင့်ကြည့်မှုများရှိနေခဲ့ကြောင်း အယ်ဗလင်းက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပသည့် ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့ဖြစ်သည်။ ညနေ ၆ နာရီခန့်အချိန်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ လူမသိသူမသိ ရုံးခန်းငယ်လေးသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကရင်နီလူငယ်လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

ထိုဖမ်းဆီးခံလူငယ်များအနက် တစ်ဦးတည်းသော အမျိုးသမီးငယ်မှာ အယ်ဗလင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကျင်းပရာ မဲရုံများကို စောင့်ကြည့်မှတ်တမ်းတင်သောကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ကရင်နီလူငယ်များကို ရဲစခန်းတွင် လူခွဲစစ်ဆေးမေးမြန်းခဲ့သည်။ 

၎င်း၏ရဲဘော်ရဲဘက်တစ်ဦးဖြစ်သူ လွီးစီငြိမ်းကို သဲကြီးမဲကြီးနှိပ်စက်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း ထိုစဉ်က အဖြစ်အပျက်နှင့် ပတ်သက်၍ အယ်ဗလင်းက ဆိုသည်။

“သူ့ကိုကြမ်းပြင်ပေါ်မှာ ဒူးထောက်ခိုင်းပြီးတော့ လက်နောက်ပစ်နဲ့ လက်ထိပ်ခတ်ထားတယ်။ မိုးလင်းပေါက် အဲ့အတိုင်းပဲထားတာ။ ဒီကြားထဲမှာ ဒကစ (ဒေသကွပ်ကဲရေးစစ်ဌာနချုပ်) က လာပြီးတော့ ရိုက်သွားလိုက်၊ ရဲတွေက တစ်ယောက်ပြီးတစ်ယောက် ရိုက်လိုက်နဲ့ သူအရိုက်ခံရဆုံးပေါ့” ဟု အယ်ဗလင်းက ပြန်ပြောင်းပြောပြသည်။ 

အယ်ဗလင်းမှာ သူအလုပ်လုပ်နေသည့် အဖွဲ့အစည်း၏ ကူညီမှုဖြင့် အချုပ်ခန်းတွင် တစ်ညသာနေရပြီး ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ကျန်ရဲဘော်ရဲဘက်သုံးဦးမှာ ပုဒ်မအမျိုးမျိုးဖြင့် ထောင်ဒဏ် ၃၇ နှစ်စီ ချမှတ်ခံခဲ့ရပြီး လေးနှစ်အကြာမှ ပြန်လည်လွတ်မြောက်ခဲ့ကြသည်။ 

ထိုအချိန်က အယ်ဗလင်းသည် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး၌ နိုင်ငံရေးဌာန၊ ကွန်ပျူတာဌာနခွဲတွင် အလုပ်လုပ်နေချိန်ဖြစ်သည်။

“ဒီဖိနှိပ်မှုက နိုင်ငံရေးမှာ တော်တော်လေးကို ထဲထဲဝင်ဝင်လုပ်လာဖို့ကို တွန်းအားပေးခဲ့တယ်။ အကွေ့အပြောင်းတစ်ခု ဖြစ်တယ်ပေါ့နော်" ဟု ဖွဲ့စည်းပုံအခြေခံဥပဒေဆန့်ကျင်ရင်း နိုင်ငံရေးတွင် ပါဝင်လာခဲ့ရပုံကို အယ်ဗလင်းက ပြောသည်။ 

ခံယူချက်ဖြင့် နိုင်ငံရေးပညာရပ်များ ဆည်းပူးခဲ့သူ 

ကယောတိုင်းရင်းသူ အယ်ဗလင်းသည် ဆယ်တန်းအောင်ပြီးပြီးချင်းပင် ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ) သို့ ရောက်ရှိပြီး နိုင်ငံရေးပညာရပ်များ လေ့လာသင်ယူခဲ့သည်။ ထိုမှတဆင့် ထိုင်းနိုင်ငံသို့ ပညာတော်သင်စေလွှတ်သဖြင့် နိုင်ငံတကာရေးရာပညာရပ်များကို သုံးနှစ်ခန့် လေ့လာဆည်းပူးခဲ့သည်။

“အစောပိုင်းကတော့ နိုင်ငံရေးခံယူချက်နဲ့ မဟုတ်ဘူးပေါ့နော်။ ကိုယ့်ရဲ့ ရှေ့ဆက်ပညာရပ်ကို မျှော်ကိုးပြီးတော့မှ ရောက်သွားတာ။ ပညာရပ်ကို ရှာရင်းနဲ့ တွေ့ရှိသွားတဲ့ နိုင်ငံရေးရပ်တည်ချက်ကို ရောက်သွားတယ်ပေါ့နော်" ဟု အယ်ဗလင်းက ပြောသည်။

၂၀၁၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့ပြီး အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ် တည်ထောင်ထားသည့် Gorge W. Bush Institute တွင် ခေါင်းဆောင်မှုဘာသာရပ်သင်တန်း တစ်နှစ်တက်ရောက်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ကရင်နီပြည်အမျိုးသားညီညွတ်ရေးပူးတွဲကော်မတီတွင် အလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်လာပြီး ၂၀၁၈ ခုနှစ်တွင် ကလလတ၏ ဗဟိုကော်မတီဝင်အဖြစ် မဲပေးရွေးချယ်ခံရကာ လက်နက်ကိုင်အင်အားစုများအကြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။ 

ထို့ပြင် ကရင်နီပြည်လူငယ်များသမဂ္ဂတွင်လည်း အတွင်းရေးမှူး (၁) အဖြစ် သုံးနှစ်ခန့် တာဝန်ယူဆောင်ရွက်ခဲ့သည်။၂၀၁၂ ခုနှစ်မှစကာ ကယားပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခြောက်ဖွဲ့၏ ကျန်းမာရေးဌာနများကို စုစည်းပြီး ‘လူထုကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးကွန်ရက်' အဖြစ် ဖွဲ့စည်းရာတွင် အယ်ဗလင်းပါဝင်ခဲ့သည်။ အဆိုပါကွန်ရက်တွင် စီမံခန့်ခွဲရေး ဒုတိယညွှန်ကြားရေးမှူးတာဝန်ဖြင့် ထမ်းဆောင်ခဲ့သည်မှာ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းဖြစ်သည့်အချိန်ထိပင်။ 

ကယားပြည်နယ်လူငယ်၊ ကရင်နီပြည်လူငယ်များသမဂ္ဂ၊ ကလလတဗဟိုကော်မတီ၊ ကရင်နီပြည်အမျိုးသားညီညွတ်ရေးပူးတွဲကော်မတီ စသည့် အဖွဲ့အစည်းများတွင်လည်း ပါဝင်ခဲ့ပြီး ပြည်နယ်အတွင်း နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ 

ကယောလူမျိုး မိဘနှစ်ပါးမှ လွိုင်ကော်မြို့တွင် မွေးဖွားခဲ့သူ အယ်ဗလင်းမှာ မွေးချင်း ၁၃ ယောက်အနက် အငယ်ဆုံးဖြစ်သည်။ နိုင်ငံရေးတက်ကြွသူအဖြစ် ပါဝင်ဆောင်ရွက်ရင်း ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆန့်ကျင်ရေး အတူလှုပ်ရှားခဲ့သူ ရဲဘော်ရဲဘက်တစ်ဦးဖြစ်သည့် လွီးစီငြိမ်း (ခ) ခွန်းဘီထူးနှင့် လက်ထပ်ခဲ့သည်။ 

တက်ကြွလှုပ်ရှားသူတစ်ဦးအနေဖြင့် နိုင်ငံရေး၊ လူ့အခွင့်အရေး၊ မျိုးနွယ်စုအခွင့်အရေး၊ လူငယ်၊ အမျိုးသမီးရေးရာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင် နှစ်ပေါင်းတစ်ဆယ်ကျော် ပါဝင်လှုပ်ရှားခဲ့ပြီးနောက် ရွေးကောက်ပွဲတွင် ကိုယ်တိုင်ဝင်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။ 

အယ်ဗလင်း၏ အမျိုးသား လွီးစီငြိမ်း(ခေါ်)ခွန်းဘီထူးသည်လည်း ကယန်းအမျိုးသားပါတီ (KNP) ကိုယ်စားပြုကာ မယ်စဲ့မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် ကယန်းအမျိုးသားပါတီတို့သည် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဟာမိတ်ဖွဲ့ထားကြသည့် တိုင်းရင်းသားပါတီများ ဖြစ်ကြသည်။ 

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း 

အသက် ၃၇ နှစ်အရွယ် အယ်ဗလင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်နေရာအတွက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။ 

ပြည်နယ်အတွက် ပညာရေးကို ဦးစားပေးကာ ထိရောက်သည့် ဘက်ဂျက်ရေးဆွဲရေးကို လွှတ်တော်တွင်းမှ နေ၍ ဖိအားပေးသွားရန် အယ်ဗလင်းက ရည်မှန်းထားသည်။

“ဒေသခံတွေ ပညာမတတ်ဘူးဆိုလို့ရှိရင် မူဝါဒ ဘယ်လောက်ပဲကောင်းနေပါစေ၊ သူတို့လိုက်ပါလာမှုက အရမ်းအားနည်းတယ်။ ကျွန်မတို့ကို ပညာမတတ်အောင်၊ မူဝါဒတွေ မလေ့လာနိုင်အောင် ဖိနှိပ်ထားတဲ့ စနစ်တွေက အများကြီးရှိနေပြီ။ ဒါက ပညာရေးကြောင့်လို့ အများကြီးသုံးသပ်တယ်” ဟု အယ်ဗလင်းက ဆိုသည်။ 

အယ်ဗလင်းကိုယ်တိုင်လည်း ဆယ်တန်းအောင်မြင်ပြီးနောက် မိသားစုအခြေအနေကြောင့် ရှေ့ဆက်ပညာသင်ယူရန် အခက်အခဲ ကြုံတွေ့ခဲ့ရသူဖြစ်သည်။ 

ဝေးလံခေါင်ဖျားသည့် ၎င်း၏ မဲဆန္ဒနယ်တွင် ကျေးရွာအများစုမှာ မူလတန်းကျောင်းသာ ရှိသည့်အတွက် မူလတန်းအဆင့်တွင်သာ ပညာရေးဆုံးခန်းတိုင်နေကြရသည့် အနေအထားကို ပြောင်းပြန်လှန်ပစ်လိုသည့် စိတ်ကူးများ အယ်ဗလင်းတွင် ရှိနေသည်။ 

“ဝေးလံခေါင်ဖျားလေလေ၊ ပိုပြီးတော့မှ အနေအထားက စုတ်ပြတ်လေလေပေါ့နော်။ ပညာရေးစနစ်သာ ကောင်းမယ်ဆိုရင် အဆောက်အဦက မရှိလည်းရတယ်။ ဘုရားကျောင်းထဲမှာ သင်လည်းရတယ်။ ခန်းမမှာသင်လည်းရတယ်။ ဝါးလေးတွေနဲ့ ကိုယ်ထူကိုယ်ထလုပ်လို့လည်းရတယ်။ ဆရာ၊ ဆရာမတွေနဲ့ သင်ထောက်ကူတွေက အဓိကဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသားများအနေဖြင့် အင်အားကြီးပါတီကြီးများနှင့် ရင်ဘောင်တန်းပြီး ပြည်နယ်နိုင်ငံရေးအတွက် ပြောဆိုဆွေးနွေးနိုင်သည့် အခြေအနေရောက်ရှိရေး တိုင်းရင်းသားပါတီတွင် ဝင်ရောက်အားဖြည့်ခြင်းဖြစ်သည်ဟုလည်း KySDP ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရသည့်အကြောင်း အယ်ဗလင်းက ရှင်းပြသည်။ 

ဖရူဆိုမဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ အရည်အချင်းနှင့် နိုင်ငံရေးဖြတ်သန်းမှုအရ ၎င်းတို့က အသားစီးရနေသော်လည်း အကြီးမားဆုံးစိန်ခေါ်မှုမှာ ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ပုံရိပ်ဖြစ်သည်ဟုလည်း အယ်ဗလင်းက ဆိုသည်။ 

“အခုချိန်က ကိုယ်စားလှယ်လောင်းချင်း ယှဉ်နေရတဲ့ အနေအထားမဟုတ်ဘူးပေါ့နော်။ ပုံရိပ်တစ်ခုနဲ့ ယှဉ်နေရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ကို ယှဉ်နေရတဲ့ အနေအထားဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်က အလိုအလျောက် ၂၅ ရာခိုင်နှုန်းယူထားသည့်အချိန်တွင် အင်အားကြီး NLD ပါတီတစ်ခုတည်းက လုပ်ပိုင်ခွင့်ရရှိနေခြင်းက ဖက်ဒရယ်လမ်းကြောင်းကို သွေဖယ်သွားစေနိုင်သည့်အတွက် တိုင်းရင်းသားပါတီများ အင်အားကောင်းရန် လိုအပ်လာသည်ဟု အယ်ဗလင်းက သုံးသပ်ထားသည်။ 

“NLD ကို ရန်သူအနေနဲ့ မဟုတ်ဘူး၊ မဟာမိတ်အနေနဲ့ကို ရှေ့ဆက်နိုင်ငံရေးမှာ ပါတီစုံဒီမိုကရေစီ ဖြစ်စေချင်တယ်။ ကျွန်မတို့မျှော်လင့်ထားတာကလည်း NLD ပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ပြီးတော့မှ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့နိုင်တဲ့အရေးကို လိုလားပါတယ်" ဟု ၎င်းက ပြောသည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် အပြောင်းအလဲအတွက် NLD ကို ပုံအောမဲပေးခဲ့သည့်အပြင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်လည်း စွမ်းစွမ်းတမံကြိုးစားပေးခဲ့ကြောင်း အယ်ဗလင်းက ဆိုသည်။ 

သို့သော် တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ ၎င်းတို့မျှော်လင့်သလို ဖြစ်မလာကြောင်း၊ အထူးသဖြင့် ပြည်နယ်အစိုးရသည် လူထုနှင့် သဟဇာတဖြစ်အောင် နွေးထွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မရှိခဲ့ဟု ဆိုသည်။ 

"တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ပြည်သူလူထုကို သစ္စာခံမယ့်ပုဂ္ဂိုလ်တွေ မဟုတ်ကြဘူးပေါ့နော်။ ပါတီကို သစ္စာခံမယ့်သူတွေ ဦးစားပေးနေတဲ့ဟာမျိုးတွေ အများကြီးတွေ့လာရတယ်ပေါ့နော်။ လူထုနဲ့မကိုက်ညီတဲ့ ပါတီရဲ့ဆုံးဖြတ်ချက်တွေကို အကောင်ထည်ဖော်လာတာ တွေ့ရတယ်” ဟု အယ်ဗလင်းက သူ့ထင်မြင်ချက်ကို ပြောသည်။ 

ကိုယ်တိုင်ဆန့်ကျင်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲဝင်ပြိုင်မည်ဆိုသော်လည်း ဖွဲ့စည်းပုံသည် ဒီမိုကရေစီလမ်းကြောင်းတွင် အနှောင့်အယှက်တစ်ခုဖြစ်နေသည့်အပြင် ဖက်ဒရယ်နှင့်လည်း ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု အယ်ဗလင်းက ယုံကြည်နေဆဲဖြစ်သည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရနှင့် NLD အစိုးရ နှစ်ဆက်လုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် မယ်မယ်ရရ အားစိုက်ထုတ်မှု မရှိသည့်အတွက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း ခိုင်မာလာပြီဟု မဆိုနိုင်ကြောင်းလည်း အယ်ဗလင်းက ဆိုသည်။ 

သို့သော် NLD နှင့် မဟာမိတ်အဖြစ် ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကို ရွေးကောက်ပွဲဝင်ပြိုင်မည့် ကယောတိုင်းရင်းသူ အယ်ဗလင်း မျှော်လင့်နေဆဲဖြစ်သည်။ 

"တကယ့်ဒီမိုကရေစီ အကူးအပြောင်းကို ဦးဆောင်သွားမယ့် NLD နဲ့ အတူတကွ တက်ညီလက်ညီ မဟာမိတ်သဏ္ဍာန်နဲ့ ၂၀၀၈ ဥပဒေကို ပြောင်းလဲဖို့ သုံးသပ်ပါတယ်။ NLD မှတစ်ပါး မဟာမိတ်ဖွဲ့ပြီးတော့ သွားဖို့ နည်းလမ်းကိုတော့ ဘယ်တိုင်းရင်းသားကမှ စဉ်းစားကြမှာ မဟုတ်ဘူး" ဟု အယ်ဗလင်းက ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading