NLD အစိုးရ ရင်ဆိုင်ရမယ့် ထွေအုပ်ဌာန

NLD ပါတီက အစိုးရဖွဲ့နိုင်ပေမဲ့ တပ်မတော်ဟာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တစ်ဆင့် တိုင်းပြည်ရဲ့အုပ်ချုပ်ရေးယန္တရားအပေါ် သြဇာကြီးမားနေပါတယ်။

Published on Feb 7, 2016
ရန်ကုန်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတစ်ရုံး (ဓာတ်ပုံ - ဖြိုးသီဟချို / Myanmar Now)
ရန်ကုန်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတစ်ရုံး (ဓာတ်ပုံ - ဖြိုးသီဟချို / Myanmar Now)

ရန်ကုန် – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ်က တိုင်းပြည်ကို ငါးနှစ်ကြာ ဦးဆောင် အုပ်ချုပ်ဖို့ ပြင်ဆင်နေပါပြီ။

မြန်မာပြည်မှာ အုပ်ချုပ်ရေးယန္တရားကြီးတစ်ခုလုံးကို နှစ်ပေါင်းများစွာ နေ့စဉ် မောင်းနှင်နေတာက ထွေအုပ်လို့ ခေါ်ကြတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပါ။ ထွေအုပ်ဌာနဟာ ရဲတပ်ဖွဲ့လိုပဲ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့အောက်မှာ ရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူမယ့်သူဟာ ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက် စေလွှတ်ထားတဲ့ စစ်အရာရှိဖြစ်ရမယ်လို့ ယခင် တပ်မတော်အစိုးရ အချိန်ယူ ရေးဆွဲ ပြဋ္ဌာန်းထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဆိုပါတယ်။

“တစ်တိုင်းပြည်လုံးကို ကာကွယ်ရေးဦးစီးချုပ်က အုပ်ချုပ်နေသလိုဖြစ်နေတယ်” လို့ NLD ပါတီရဲ့ ဥပဒေ အကြံပေး ရှေ့နေဦးကိုနီက သုံးသပ်ပါတယ်။

အမှန်တကယ်ပြောင်းလဲဖို့ တာဝန်ယူမယ်ဆိုတဲ့ NLD ပါတီက အစိုးရ ဖွဲ့နိုင်ပေမဲ့ တပ်မတော်ဟာ ထွေအုပ်ဌာနကတစ်ဆင့် တိုင်းပြည်ရဲ့အုပ်ချုပ်ရေးယန္တရားကြီး တစ်ခုလုံးအပေါ် သြဇာကြီးနေမှာဖြစ်ပါတယ်။

စစ်အစိုးရများလက်ထက် အရေးပါခဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့

ထွေအုပ်ဌာနဟာ ဗိုလ်ချုပ်နေဝင်းရဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်အစိုးရခေတ်မှာ ပေါ်ပေါက်ခဲ့တာပါ။ ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ အစိုးရတွေကလည်း ဒီဌာနကို ဆက်လက် ထားရှိခဲ့ပါတယ်။

ဒီဌာနဟာ တစ်တိုင်းပြည်လုံးရဲ့ အုပ်ချုပ်ရေးယန္တရားကြီးလည်ပတ်မှုမှာ အဓိက အကျဆုံး အဖွဲ့အစည်းဖြစ်နေတယ်၊ မြန်မာပြည်ရဲ့ အင်အားအကောင်းဆုံး အဖွဲ့အစည်း တပ်မတော်တောင်မှ ထွေအုပ်လောက် ပြည်သူလူထုကြားထဲကို စိမ့်ဝင်ပျံ့နှံ့မှု မရှိဘူးလို့ ၂ဝ၁၄ ခုနှစ်က ကြည်ပြာချစ်စောနဲ့ Matthew Arnold တို့ ရေးသားပြုစုတဲ့ ထွေအုပ်ဌာနအကြောင်း စာတမ်းမှာ သုံးသပ်ထားပါတယ်။

မျက်မှောက်ခေတ် ထွေအုပ်ရဲ့ ဖွဲ့စည်းပုံ၊ တာဝန်၊ အခန်းကဏ္ဍတွေဟာ ၁၉၈၈ မှာ ပေါ်ပေါက်လာတဲ့ စစ်အစိုးရလက်ထက်မှာ အစပြုတယ်၊ ဝန်ထမ်းအင်အားနဲ့ အရေးပါ အရာရောက်မှုက အဆက်မပြတ် ကြီးထွားလာခဲ့တယ်လို့ စာတမ်းမှာ ဆက်လက်ရေးသားထားပါတယ်။ ၁၉၈၈ မှာ ထွေအုပ်ဝန်ထမ်းပေါင်း ၂၆,၂၃၆ ဦးရှိရာ ကနေ ၁၉၉၅ မှာ ၃၁,၃၃၉ ဦးအထိ ရှိလာတယ်လို့ စာတမ်းက ဆိုပါတယ်။ ဒီနေ့အချိန်မှာတော့ အရေအတွက် လေးထောင်ကျော် ပိုပြီး တိုးလာတယ်လို့ သိရပါတယ်။

ထွေအုပ်ဟာ ဦးသိန်းစိန်အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးဌာနပေါင်း သုံးဆယ်ကျော်၊ နေပြည်တော်နဲ့ ရပ်ကွက်/ကျေးရွာပေါင်း ခြောက်သောင်းကျော်အကြားမှာ ကြားခံဆောင်ရွက်ပေးပါတယ်။ အခွန်ကောက်ခံမှု၊ ရပ်ရွာလုံခြုံရေးနဲ့ မြေယာစီမံခန့်ခွဲမှု၊ အရပ်ဘက်လူမှု အဖွဲ့အစည်းနဲ့ ကူညီရေးအဖွဲ့တွေ မှတ်ပုံတင်ရေး၊ ရပ်ရွာအတွင်းက လူဦးရေအတိုးအလျော့၊ အရွှေ့အပြောင်းမှတ်တမ်းယူတဲ့ကိစ္စတွေကို ဒီဌာနရဲ့ လုပ်ငန်းစဉ်ထဲမှာ တွေ့ရမှာပါ။ ပွဲလမ်းသဘင်ကျင်းပခွင့် ထုတ်ပေးမှုကနေ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အရေးယူဆောင်ရွက်တဲ့အလုပ်အထိ အုပ်ချုပ်ရေးလုပ်ငန်း အမျိုးမျိုးကို တာဝန်ယူခဲ့တာ တွေ့ရပါတယ်။

၂ဝ၁၁ ခုနှစ်မှာ အစိုးရပုံစံအသစ်နဲ့ အုပ်ချုပ်တဲ့အခါ ပြည်နယ်/တိုင်း ထွေအုပ်ဌာနအကြီးအမှူးဟာ ပြည်နယ်/တိုင်း အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဖြစ်လာပါတယ်။

မြို့နယ်ပေါင်း ၃၃ဝ မှာ ရှိတဲ့ မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို လုံခြုံရေး၊ အုပ်ချုပ်ရေး ဆိုင်ရာတွေကို စီစဉ်ညွှန်ကြားပြီး ရရှိလာတဲ့အချက်အလက်တွေကို ခရိုင်၊ ပြည်နယ်/တိုင်း စသဖြင့် အဆင့်ဆင့် တင်ပြရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးအဖြစ် ငါးနှစ်ကြာ တာဝန်ယူခဲ့တဲ့ ဒေါ်ညိုညိုသင်းက ပြည်သူ တိုက်ရိုက်ရွေးချယ်ထားတဲ့ ဝန်ကြီးချုပ်တွေ ရှိနေပေမယ့် အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေကို အဓိက အကောင်အထည်ဖော် မောင်းနှင်နေသူတွေက ပြည်ထဲရေးဝန်ကြီးဌာန ရွေးချယ်ခန့်အပ်ထားတဲ့ စစ်ဘက်အရာရှိဟောင်းတွေ ဖြစ်နေတာဟာ နိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအတွက် အဟန့်အတား ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရရယ်၊ ရွေးကောက်တင်မြှောက်ထားတာ မဟုတ်ပေမယ့် အုပ်ချုပ်နေတဲ့အစိုးရရယ် ဆိုပြီး နှစ်ခု စင်ပြိုင်လို ဖြစ်နေတာ” လို့ ဒေါ်ညိုညိုသင်းက သုံးသပ်ပါတယ်။

ပြည်နယ်/တိုင်း ဝန်ကြီးချုပ်၊ ဝန်ကြီးများ ထွေအုပ်တွေအပေါ် သြဇာလွှမ်းရေးက အစိုးရသစ်လက်ထက် အကြီးမားဆုံး အခက်အခဲတွေထဲ ပါဝင်မယ်လို့ သူက ဆိုပါတယ်။

ဦးသိန်းစိန်အစိုးရနဲ့ ထွေအုပ်
 

အရေးပါ အရာရောက်ခဲ့တဲ့ ထွေအုပ်ဌာနနဲ့ ယခင်စစ်အစိုးရစိတ်ကြိုက် ပုံဖော်ခဲ့တဲ့ ပြည်နယ်/တိုင်းအစိုးရတို့ကြား ငါးနှစ်ကြာ ဆက်စပ် လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ ပဋိပက္ခ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့အသံ မကြားခဲ့ရပါဘူး။

သို့သော်လည်း ချင်းပြည်နယ်အစိုးရအဖွဲ့မှာ ပညာရေး၊ ကျန်းမာရေး၊ ပြန်ကြားရေး စတဲ့ ဝန်ကြီးဌာနရှစ်ခုရဲ့ ဝန်ကြီး ဒေါက်တာဘမောင်က ထွေအုပ်နဲ့ ဆက်ဆံရေးဟာ အလုံးစုံပြေလည်မှု မရှိခဲ့ပါဘူးလို့ ပြောပါတယ်။

စာအဝင်အထွက်က အစပြုလို့ ဝန်ကြီးတွေရဲ့ခွင့်ရက် ကိစ္စတွေအထိ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး ထွေအုပ်အရာရှိဆီကို ဖြတ်သန်းနေရတယ်၊ အဲဒီအရာရှိရဲ့ လက်အောက်ခံသဘောဖြစ်နေတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ပြည်နယ်ဝန်ကြီးတွေက နေပြည်တော် အစည်းအဝေးတချို့မှာ တင်ပြကြတယ်လို့ ဒေါက်တာဘမောင်က ဆိုပါတယ်။

တာဝန်ရှိသူများကတော့ ထွေအုပ်ဌာနတွေကြောင့် အစိုးရအဖွဲ့အသွင်ကူးပြောင်းရာမှာ ပိုအဆင်ပြေလိမ့်မယ်ဆိုတဲ့ အဖြေကိုပဲ ပေးခဲ့ကြတယ်လို့ သူက ရှင်းပြပါတယ်။

“အစိုးရသစ်ကိုလွှဲပြောင်းပေးဖို့နေရာမှာ ရုံးဝန်ထမ်း အကြီးအကဲအနေနဲ့ ထွေအုပ်အရာရှိဟာ ဆက်တိုက်ရှိနေမှ အချိတ်အဆက်မိမယ်ပေါ့။ အဲဒီလို သူတို့ပြန်ဖြေပါတယ်” လို့ ဒေါက်တာဘမောင်က ပြောပါတယ်။

NLD အစိုးရသစ်ကတော့ ပြည်နယ်/တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ ထွေအုပ်အရာရှိတို့ကြား ပြဿနာ ဖြစ်လာရင် ပြတ်ပြတ်သားသားကိုင်တွယ်ဖွယ် ရှိတယ်လို့ ရှေ့နေဦးကိုနီက သုံးသပ်ပါတယ်။

“ဝန်ကြီးချုပ်ရဲ့တာဝန်က ဘယ်နားသွားထားမလဲ။ သူ့(ထွေအုပ်အရာရှိ) အထက်မှာ ဝန်ကြီးတွေ အများကြီး ရှိသေးတယ်။ အဲဒီဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေထိုင်တဲ့ အစည်းအဝေးက တိုင်း(ဒေသကြီးအဆင့်) အတွက် အမြင့်ဆုံးပဲ။ ခိုင်းတာလုပ်ရမှာပေါ့၊ အဆင်မပြေလို့ကို မရဘူး၊ အဆင်မပြေရင် ထုတ်ပစ်လိုက်ရုံပဲ”လို့ ဦးကိုနီက ပြောပါတယ်။

ပြည်နယ်/တိုင်း အစိုးရအဖွဲ့တွေအတွက် ဥပဒေအရအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ များစွာရှိတဲ့အတွက် ထွေအုပ်အရာရှိဖြစ်တဲ့ အစိုးရအဖွဲ့အတွင်းရေးမှူးတွေကို ကိုင်တွယ်နိုင်ဖို့ ကိစ္စဟာ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေရဲ့ အရည်အချင်းတွေပေါ်မှာပဲ မူတည်နေတယ်လို့ ဒေါ်ညိုညိုသင်းက ဆိုပါတယ်။

“ကိုယ့်မှာအရပ်သားဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေက အရည်အချင်းပြည့်မီမယ်ဆိုရင်တော့ ဒီထွေအုပ်ကို အားကိုးစရာမလိုပါဘူး” လို့ ဒေါ်ညိုညိုသင်းက သုံးသပ်ပါတယ်။

48420297_797163233964872_380653171803947008_o.jpg

၂၀၁၈ မေလ ၁၄က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့ စစ်ပွဲဆန့်ကျင်ရေးကဗျာရွတ်သူများကိုု ရပ်တန့်ရန် အာဏာပိုုင်များက ပြောကြားရာတွင် တွေ.ရသော ထွေအုုပ်အရာရှိတစ်ဦး။ ဓာတ်ပုံ။ စန္ဒာမော်/Myanmar Now

ထွေအုပ်ပြုပြင်ပြောင်းလဲရေး

NLD အစိုးရလက်ထက်မှာ သမ္မတအာဏာသုံးပြီး ထွေအုပ်ဌာနကို ဖျက်သိမ်းရေး သို့မဟုတ် နေရာပြောင်းရွှေ့ရေး လုပ်ဆောင်ဖို့ ကြိုးပမ်းဖွယ်ရှိတယ်လို့ ယူဆသူတချို့လည်း ရှိပါတယ်။

ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင် ကိုဝကတော့ NLD က အစိုးရအဖွဲ့သစ်ဖွဲ့တဲ့အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးမူဝါဒအရ တပ်မတော်အပါအဝင် နိုင်ငံရေးအင်အားစု အားလုံးနဲ့ ဆက်ဆံရေး ပြေလည်ဖို့ အရေးကြီးတဲ့ အနေအထားမျိုး ဖြစ်နေတဲ့အတွက် ထွေအုပ်ဌာနနဲ့ ပတ်သက်ပြီး ကိုင်တွယ်မှုက ညင်သာဖွယ်ရှိတယ်လို့ သုံးသပ်ပါတယ်။

"ထွေအုပ်ဌာန ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်နေတယ်လို့ ယူဆတယ်၊ အဲဒီလိုလုပ်တဲ့အခါ (ထွေအုပ်ဌာနက) ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့အတွက်၊ ပြည်ထဲရေးကလည်း ကာချုပ်ရဲ့အောက်မှာ ရှိတဲ့အတွက် တပ်နဲ့ သဘောတူညီမှု မရမချင်းတော့ ဒီလို လုပ်လို့ရမှာ မဟုတ်ဘူး" လို့ သူက သုံးသပ်ပါတယ်။

အသွင်ကူးပြောင်းရေးကာလမှာ ဌာနတွင်း ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ရမယ်ဆိုတာကို Myanmar Now က ဆက်သွယ်မေးမြန်းခွင့်ရခဲ့တဲ့ ထွေအုပ်အရာရှိတွေက သဘောတူကြပါတယ်။

ထွေအုပ်ရဲ့ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဦးလှမျိုးကတော့ ပြည်သူတွေရဲ့လိုအပ်ချက်အရ လုပ်သင့်တယ်ဆိုသော်လည်း အတင်းလုပ်ယူမယ့်အစား အချိန်ယူပြီးပြောင်းရမယ်လို့ သူကပြောပါတယ်။

“ဖြစ်သင့်တယ်ဆိုတာတွေက အများကြီး၊ အကောင်းတွေချည်းပြောလို့က မရဘူးလေ” လို့ နေပြည်တော်မှာ ရုံးထိုင်တဲ့ ဦးလှမျိုးက ဆိုပါတယ်။

ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ကို သူ့ရုံးခန်းမှာ သွားရောက် တွေ့ဆုံစဉ်မှာတော့ ထွေအုပ်ဌာနနဲ့ ပတ်သက်ပြီး လွှတ်တော်နဲ့ အစိုးရအဖွဲ့က အကောင်အထည်ဖော်လာမှာတွေကို အငြင်းပွားစရာ မရှိဘူးလို့ သူက ဆိုပါတယ်။

“တက်လာမယ့် အစိုးရအပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ လာမယ့်အစိုးရရဲ့ မူဝါဒတွေ၊ ပေါ်လစီတွေကို အကောင်အထည်ဖော်ပေးဖို့က အသင့်ပါပဲ” လို့ ဦးမြင့်လွင်က နောက်မှီကုလားထိုင်ကနေ ခန္ဓာကိုယ်ကို တစ်ချက်ဆန့်လိုက်ရင်း ပြောပါတယ်။

မကြာသေးခင်က ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ကြိမ် တွေ့ဆုံရာမှာ ထွေအုပ်ဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့အကြောင်း ဆွေးနွေးခဲ့ခြင်း ရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။

မြန်မာပြည်ဆိုင်ရာ သြစတေးလျသံအမတ်ဟောင်း Mr. Trevor Wilson ကတော့ ဒီမိုကရေစီဖော်ဆောင်ရာမှာ ပြည်ထဲရေးဌာနကို စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာထားဖို့ အခြေခံဥပဒေမှာ ထည့်သွင်း ပြဋ္ဌာန်းထားခြင်းက လိုလည်း မလိုအပ်၊ သင့်လျော်မှုလည်း မရှိဘူး လို့ သုံးသပ်ပါတယ်။

“အခြေခံဥပဒေပြင်ဆင်ရေး လုပ်ကြတော့မယ်ဆိုရင် ပထမဆုံး ပြင်သင့်တာကတော့ ပြည်ထဲရေးဌာနကို တပ်မတော်ရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်ကနေရွှေ့ဖို့ ဆိုတဲ့ အချက်လည်း ပါဝင်သင့်ပါတယ်” လို့ Mr. Trevor Wilson က ပြောလိုက်ပါတယ်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading