Music Zone ရှိရာ နိုင်ငံပိုင်မြေမှ ပြည်ခိုင်ဖြိုး သိန်းထောင်ချီရသော်လည်း အခွန်ဆောင်ခြင်းမရှိ 

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone မြေနေရာကို ပရဟိတလုပ်ငန်းများအတွက် ၁၉၉၆ ခုနှစ်တွင် ယာယီအသုံးပြုခွင့် ရရှိခဲ့သည့် ပြည်ခိုင်ဖြိုးပါတီက ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များထံ နှစ်ရှည်အငှားချထားခြင်းအားဖြင့် ကျပ်သိန်းပေါင်းများစွာ ရရှိနေသည် 

Published on Oct 23, 2020
သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလလမ်းနှင့် သရက်တော လမ်းဒေါင့်ရှိ နိုင်ငံပိုင်မြေပေါ်တွင် ဆောက်လုပ်ထားသည့် Music Zone ကို အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 
သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလလမ်းနှင့် သရက်တော လမ်းဒေါင့်ရှိ နိုင်ငံပိုင်မြေပေါ်တွင် ဆောက်လုပ်ထားသည့် Music Zone ကို အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းတွင် မြန်မာနိုင်ငံ၌ ကိုဗစ်နိုင်တင်း (Covid-19) ဒုတိယလှိုင်း စတင်ရိုက်ခတ်ခဲ့သည်။ ကူးစက်မှုအများဆုံးဖြင့် ရခိုင်ပြည်နယ်တွင် စတင်ဖြစ်ပွားခဲ့သည့် တကျော့ပြန် ကိုဗစ်နိုင်တင်းကပ်ရောဂါသည် စီးပွားရေးမြို့တော် ရန်ကုန်ထိတိုင် အလျင်အမြန်ကူးစက်ပျံ့နှံ့ခဲ့သည်။ 

ကိုဗစ်နိုင်တင်းကပ်ရောဂါ ထိန်းချုပ်နိုင်ရန်အလို့ငှာ ရန်ကုန်မြို့တွင် စားသောက်ဆိုင်နှင့် ဆက်စပ်လုပ်ငန်းများကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားခဲ့သည်။ စက်တင်ဘာလဆန်းပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone ကေတီဗီမှ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ၉၀ ကျော်အထိ တွေ့ရှိခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပြန်ကြေညာခဲ့သည်။

ကန့်သတ်ပိတ်ပင်ထားသည့် ကိုဗစ်ကာလအတွင်း စားသောက်ဆိုင်နှင့် ဖျော်ဖြေရေး တွဲလျက်လုပ်ကိုင်သည့် Music Zone မှ အတည်ပြုလူနာ ၉၀ ကျော် တွေ့ရှိခဲ့မှုအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ကိုဗစ်ကာလအတွင်း ကန့်သတ်ခွင့်ပြုချက်ကို ကျော်လွန်လုပ်ကိုင်ခဲ့သည့် Music Zone ပိုင်ရှင်ကို သက်ဆိုင်ရာက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ 

သို့သော်လည်း အမှုဖွင့်ပြီး သီတင်းပတ်အတန်ကြာသည်အထိ Music Zone ပိုင်ရှင်ကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။ အောက်တိုဘာလ ၃ ရက်နေ့မှသာ Music Zone ပိုင်ရှင် ဦးဇော်မင်းနှင့် ဆိုင်မန်နေဂျာ ဦးဇော်မိုး (ခ) ကျော်ကျော်ဆိုသူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။ 

သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလလမ်းနှင့် သရက်တောလမ်းဒေါင့်ရှိ Music Zone သည် သုည ဒသမ ၃၆၇ ဧကရှိ နိုင်ငံပိုင်မြေနေရာတွင် တည်ရှိပြီး ဗိုလ်ချုပ်ကြီးဟောင်းများဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရယူသုံးစွဲထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။

ထိုမြေနေရာကို တစ်ဆင့်ငှားရမ်းခအတွက် ပြည်ခိုင်ဖြိုးပါတီမှာ ကျပ်ငွေသိန်းပေါင်းများစွာ ရရှိနေသော်လည်း နိုင်ငံတော်အား ၂၀၁၂ ခုမှစ၍ တစ်စုံတစ်ရာ အခွန်ပေးဆောင်မှုမရှိတော့ကြောင်း အစိုးရတာဝန်ရှိသူများက ဆိုသည်။ 

၁၆ နှစ်စာအတွက် မြေခွန် ကျပ် ၇၀၀၀ ကျော်

သင်္ဃန်းကျွန်းမြို့ နယ်ရှိ Music Zone နေရာမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲခွင့်ရှိသည့် နိုင်ငံပိုင်မြေနေရာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းလက်ထက် ၁၉၉၆ ခုနှစ်တွင် ပရဟိတလုပ်ငန်းများလုပ်ကိုင်ရန် ရည်ရွယ်ပြီး ယာယီအသုံးပြုခွင့် ပေးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

အဆိုပါမြေနေရာကို ပြည်ခိုင်ဖြိုးအသင်းလက်ထက်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြစ်သည့် ယနေ့အချိန်ထိ ပုဂ္ဂလိကလုပ်ငန်းရှင်ထံ နှစ်ရှည်အငှားချထားခြင်းအားဖြင့် ကျပ်သိန်းပေါင်းများစွာသော ဝင်ငွေကို ပြည်ခိုင်ဖြိုးပါတီက ရရှိနေသည်။

စစ်အစိုးရလက်ထက်တွင် လူမှုရေးအသင်းအဖြစ် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီက အဆိုပါနိုင်ငံပိုင်မြေနေရာအတွက် မြေခွန်အဖြစ် သုံးလတစ်ကြိမ် ၁၁၆ ကျပ်သာ ပေးဆောင်ခဲ့ရပြီး ၂၀၁၂ ခုနှစ်မှစ၍ အဆိုပါအခွန်ကိုပင် ပေးဆောင်ခြင်းမရှိတော့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြေယာဌာနခွဲမှ  ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင်အောင်က Myanmar Now ကို ပြောသည်။ 

“၁၁၆ ကျပ် ကြီးကြပ်ပါတယ်။ ဟိုခေတ် အခွန်အခပေါ့နော်။ ၂၀၁၂ အထိ ပေးသွင်းထားတယ်လို့ စိစစ်တွေ့ရှိရတယ်။ ကျွန်မတို့ဌာနက မြေခွန်မြေခ ကြီးကြပ်တာပေါ့နော်” ဟု ၎င်းက ပြောသည်။ 

ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်းရှိ နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံ လွှဲပြောင်းပေးခြင်းများရှိခဲ့သော်လည်း ‌သင်္ဃန်းကျွန်းမြို့ နယ်ရှိ Music Zone နေရာမှာမူ စည်ပင်သို့ လွှဲပြောင်းပေးခဲ့ရာတွင် မပါဝင်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။ 

“လွှဲစာရင်းထဲမှာတော့ အဲ့ဒီမြေကွက်က ပါမသွားဘူး။ အဲ့ဒီပတ်ဝန်းကျင်ကမြေကွက်တွေ တချို့ဂရန်မြေကွက်တွေ၊ အထူးဂရန်ထုတ်ပေးတာတွေဘာတွေ အကုန်ပါသွားပြီး အဲ့ဒီမြေကွက်က ပါမသွားဘူး။ ကျန်ခဲ့တာ။ တမင်ချန်ခဲ့တာတော့ မဟုတ်ဘူး” ဟု ဒေါ်မြင့်မြင့်အောင်က ပြောသည်။

နိုင်ငံပိုင်မြေဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone မြေနေရာနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်မှစ၍ မည်သည့်အခွန်မျှ မရရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုသည့်နည်းတူ စည်ပင်စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေမဟုတ်ကြောင်းလည်း စည်ပင်က ဆိုသည်။ 

“အဲဒီမြေက မြို့ပြနဲ့ အိုးအိမ်ဦးစီးဌာနရဲ့ စီမံခန့်ခွဲခွင့်ရှိတဲ့မြေ။ စည်ပင်သာယာ စီမံခန့်ခွဲခွင့်ရှိတဲ့မြေ မဟုတ်ဘူး။ အဲ့ဒါကြောင့် အဲ့ဒီကိစ္စတွေ ကျွန်တော် မသိပါဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။ 

၁၉၉၆ ခုနှစ်တွင် အဆိုပါမြေနေရာကို အိုးအိမ်ဦးစီးဌာနက ပြည်ခိုင်ဖြိုးအသင်းကို ယာယီအသုံးပြုခွင့် ပေးခဲ့ရာတွင် သင်္ဃန်းကျွန်းမြို့နယ်စည်ပင်သာယာရေးကော်မတီကိုလည်း စာဖြင့် မိတ္တူပို့ခဲ့ကြောင်း Myanmar Now က ရရှိထားသည့် မှတ်တမ်းများအရ သိရသည်။ 

သို့သော် Music Zone ရှိ နိုင်ငံပိုင်မြေနေရာ၏ လက်ရှိစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

အဆိုပါမြေနေရာအတွက် ၁၉၉၆ မှ ၂၀၁၂ အထိ ၁၆ နှစ်စာအတွက် နိုင်ငံတော်က မြေခွန် ၇၄၂၄ ကျပ်သာ ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကမူ နှစ်ပေါင်း ၂၄ နှစ်ကြာ တိုက်ရိုက်စီမံခန့်ခွဲလုပ်ကိုင်နေသည့်အပြင် ၂၀၄၂ ခုနှစ်အထိပင် ပုဂ္ဂလိကလုပ်ငန်းရှင်ကို အငှားချထားပြီးဖြစ်သည်။  

ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်းပေါင်းများစွာ ရရှိနေ 

Myanmar Now က ရရှိထားသည့် စာချုပ်စာတမ်းများနှင့် မှတ်တမ်းများအရ သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone မြေနေရာကို ပြည်ခိုင်ဖြိုးအသင်းက ၁၉၉၆ ခုနှစ်၌ပင် ကျောက်ခွဲစက်လုပ်ငန်းရှင် တရုတ်လူမျိုး ဦးတီးတီး ခေါ် ဦးဝင်းထွန်းကို တစ်လကျပ်တစ်သိန်းခွဲနှုန်းဖြင့် ၂၀၀၃ ခုနှစ်အထိ အငှားချထားခဲ့သည်။

အဆိုပါမြေနေရာ၌ပင် ခိုင်မြဲစားသောက်ဆိုင် (စင်တင်တေးဂီတ) ဖွင့်လှစ်ရန် ပြည်ခိုင်ဖြိုးပါတီက တစ်လကျပ်တစ်သိန်းခွဲနှုန်းဖြင့်ပင် ၂၀၀၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ထပ်မံအငှားချထားခဲ့သည်။ အဆိုပါ ခိုင်မြဲစားသောက်ဆိုင်ပိုင်ရှင်သည် ပြည်ခိုင်ဖြိုးပါတီဝင် ဦးရင်ထွေးဆိုသူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီ၏ အမာခံပါတီဝင်တစ်ဦးဖြစ်သူ ဦးရင်ထွေးဆိုသူက အဆိုပါမြေနေရာလုပ်ပိုင်ခွင့်ကို ၂၀၁၀ ပြည့်နှစ်တွင် Music Zone ပိုင်ရှင် ဦးဇော်မင်းထံ ကျပ်သိန်း ၅၀၀ ဖြင့် တဆင့်ပြန်လည်ရောင်းချခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောသည်။

Myanmar Now က ရရှိထားသည့် မှတ်တမ်းများအရ လသာမြို့နယ် တရုတ်တန်းတွင် နေထိုင်သူ ဦးဇော်မင်းက အဆိုပါမြေနေရာကို ၂၀၁၀ တွင် စတင်ငှားရမ်းခဲ့သည်။ စာချုပ်အရ ငှားရမ်းခ တစ်လကျပ်တစ်သိန်းခွဲနှုန်းဖြင့် နှစ်ပေါင်း ၃၀ အတွက် ကျပ်သိန်း ၅၄၀ ဖြင့် စာချုပ်ချုပ်ဆိုခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် တစ်လငှားရမ်းခ ကျပ် ၅ သိန်းအထိ တိုးမြှင့်ပြီး စာချုပ်ပြင်ဆင်ချုပ်ဆိုခဲ့သည်။ 

၂၀၁၂ မှ ၂၀၄၂ အထိ နှစ်ပေါင်း ၃၀ စာ Music Zone ပိုင်ရှင်ကို အငှားချထားသည့် စာချုပ်တွင် သင်္ဃန်းကျွန်းမြို့နယ်ပြည်ခိုင်ဖြိုးအသင်း အတွင်းရေးမှူး ဦးခင်ဝေဆိုသူနှင့် တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ဌေးဆိုသူတို့က လက်မှတ်ရေးထိုးထားသည်။ နှစ်ပေါင်း ၃၀ ငှားရမ်းခအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၈၀၀ ရရှိခဲ့သည်။ 

Music Zone ပိုင်ရှင် ဦးဇော်မင်းကို နှစ်ရှည်အငှားချထားရာတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စား လက်မှတ်ရေးထိုးခဲ့သူ ဦးခင်ဝေဆိုသူသည် ၂၀၁၀ ရွေးကောက်ပွဲတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone မြေနေရာကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များထံ အငှားချထားခြင်းဖြင့် ကျပ်သိန်းပေါင်းများစွာ ရရှိနေခြင်းနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏ ရန်ကုန်တိုင်းအတွင်းရေးမှူး ဒေါက်တာကျော်စိုးကို ဆက်သွယ်မေးမြန်းရာတွင် ပြော၍မရသေးဟု ဆိုသည်။

“အဲဒီဆောင်ရွက်ခဲ့တဲ့ကာလ ကျွန်တော်တို့လည်း ကောင်းကောင်းမသိတော့ အခုတော့ ပြန်လေ့လာဆဲပဲ။ အခုက တာဝန်ယူပြီး ပြောလို့မရသေးဘူး” ဟု ဒေါက်တာကျော်စိုးက ပြောသည်။

နှစ်ရှည်ငှားခွင့်ရရှိခဲ့သူ ဦးဇော်မင်းက အဆိုပါမြေနေရာတွင် Music Zone စားသောက်ဆိုင်နှင့် ကေတီဗီလုပ်ငန်းအတွက် အဆောက်အအုံများကို စည်ပင်ဌာနခွင့်ပြုမိန့်ဖြင့် ၂၀၁၄ တွင် စတင်ဆောက်လုပ်ခဲ့သည်။ စည်ပင်ခွင့်ပြုမိန့်တွင် လူနေထိုင်ရန်အတွက်သာဟု ဖော်ပြထားသော်လည်း အမှန်တကယ်လုပ်ကိုင်နေသည်မှာ စားသောက်ဆိုင်နှင့် အခကြေးငွေရရှိသည့် ဖျော်ဖြေရေးလုပ်ငန်းများဖြစ်သည်။ 

နိုင်ငံပိုင်မြေကို တဆင့်ပြန်လည်အငှားချထားခြင်း ဝန်ကြီးဌာနမသိ 

လူမှုရေးအသင်းအဖြစ် ရပ်တည်ချိန်က ပရဟိတလုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် ယာယီအသုံးပြုခွင့်ထားသည့် နိုင်ငံပိုင်မြေကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီးချိန်အထိ ဆက်လက်အသုံးပြုနေခြင်းနှင့် စီးပွားရေးလုပ်ငန်းများကို ထပ်ဆင့်အငှားချထားခြင်းများကို မသိရှိကြောင်းနှင့် ခွင့်ပြုမိန့်တွင် ထိုသို့သော တားမြစ်ချက်များလည်း မပါဝင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်အောင်က ပြောသည်။ 

“ယာယီမြေအသုံးပြုခွင့်မှာ ပူးတွဲစည်းကမ်းချက်တွေ မပါပါဘူး။ ပူးတွဲစည်းကမ်းချက်မှာ တစ်ချို့ဆိုရင် ဘာလုပ်ငန်းလုပ်ရန် ဆိုတာလေးတွေ ပါတာပေါ့နော်။ ဥပမာ စက်မှုလုပ်ငန်းအတွက်ဆိုရင် စက်မှုလုပ်ငန်းဆောင်ရွက်ရန် အဲ့လိုလေးတွေပါတာပေါ့။ အခု ဒီမြေပေါ်မှာ ဘာမလုပ်ရဘူးဆိုတဲ့ စည်းကမ်းချက်တော့ မတွေ့ဘူး” ဟု ၎င်းက ပြောသည်။ 

အဆိုပါနိုင်ငံပိုင်မြေပေါ်တွင် ပြည်ခိုင်ဖြိုးပါတီက စီးပွားရေးလုပ်ငန်းရှင်များထံ ထပ်မံအငှားချထား လုပ်ကိုင်နေခြင်းကို ဝန်ကြီးဌာနအနေဖြင့် မသိရှိခဲ့ဘဲ လတ်တလော အမှုပြန်ပေါ်လာမှသာ အမှုတွဲဟောင်းများ ပြန်ရှာကြည့်နေရသည်ဟုလည်း ဒေါ်မြင့်မြင့်အောင်က ဆိုသည်။ 

သင်္ဃန်းကျွန်းမြို့ နယ်ရှိ Music Zone နေရာနှင့် ပတ်သက်၍ ၂၀၁၉ မတ်လအတွင်းက ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက မေးမြန်းခဲ့ဖူးပြီး အဆိုပါမြေနေရာနှင့် ပတ်သက်၍ စည်ပင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက အပြန်အလှန်လွှဲချနေသည်ဟုလည်း ဝေဖန်ခဲ့သည်။

“လွှဲတယ်ဆိုတာကို တိတိကျကျ ဘယ်လိုအခြေအနေနဲ့ ဘယ်မြေကွက်ကို ဘယ်လိုလွှဲသလဲဆိုတာ အတိအကျမရှိလို့လား။ အိုးအိမ်နဲ့ ပြဿနာဖြစ်ရင် စည်ပင်ကို လွှဲတယ်လို့ပြောတယ်။ စည်ပင်ကို မေးရင် အိုးအိမ်က လုပ်တယ်လို့ပြောတယ်။ သူတို့က အဲ့ဒီလိုတွေ ဖြစ်နေတယ်” ဟု ဦးရွှေလှဝင်းက ပြောသည်။

အဆိုပါမြေနေရာတွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ်ခဲ့သည့် Music Zone ဆိုင်ပိုင်ရှင် ဦးဇော်မင်းကို ကျပ်သိန်းပေါင်း ၃၅၀ နီးပါး (၃၄,၅၂၅,၈၂၀) ဒဏ်ရိုက်ကာ ဆက်လက်ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်း ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ပြန်လည်ဖြေကြားခဲ့သည်။ 

သို့သော် နိုင်ငံပိုင်မြေနေရာကို ပြည်ခိုင်ဖြိုးပါတီက တစ်ဆင့်ပြန်လည် အငှားချထားခြင်းဖြစ်ကြောင်းကိုမူ ရှင်းလင်းတင်ပြခဲ့ခြင်း မရှိပေ။ 

နိုင်ငံပိုင်မြေ ပြန်လည်ရရှိရေး ကြိုးပမ်းမည်

နိုင်ငံပိုင်မြေဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone နေရာ ပြန်လည်ရရှိရေးအတွက် လွှတ်တော်၌ အဆိုတင်သွင်းကာ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။ 

“ဒီမြေကွက်ပေါ်မှာ ၂၄ နှစ်တိတိ စီးပွားရေးသမားတွေ လုပ်ကိုင်စားသောက်လို့ ပြီးပြီပေါ့နော်။ အခုလောက်ဆို တော်လောက်ပြီလို့ပဲ ယူဆပါတယ်။ အခု တစ်ခုခုတော့ နိုင်ငံတော်က လုပ်ရတော့မှာပေါ့နော်” ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောသည်။ 

ထိုနိုင်ငံပိုင်မြေကို Music Zone ဆိုင်ပိုင်ရှင် ဦးဇော်မင်းက ပြည်ခိုင်ဖြိုးပါတီထံမှ ပြန်လည်ငှားရမ်းထားသည်မှာ ၂၀၄၂ အထိဖြစ်သည်။ ထိုမြေပေါ်ရှိ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခွင့် ရမရဆိုသည်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်အောင်က ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone နေရာနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနကို မေးမြန်းရန် ပြည်သူ့လွှတ်တော်သို့ ယခုလဆန်းပိုင်းတွင် စာတင်ထားပြီးဖြစ်သည်ဟု ဦးရွှေလှဝင်းက ပြောသည်။ 

"ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ဆိုင်တာကိုပဲ ကျွန်တော်မေးတာ။ ရန်ကုန်တိုင်းအစိုးရနဲ့ဆိုင်တာ တစ်ခုမှ မပါဘူး။ ဆောက်လုပ်ရေးနဲ့ဆိုင်တာပဲ။ အိုးအိမ်ကိစ္စပဲ ကျွန်တော်မေးတာ" ဟု ၎င်းက ပြောသည်။ 

သင်္ဃန်းကျွန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကလည်း “အခုထိ ဒီမြေက နိုင်ငံပိုင်မြေပဲ။ ဘယ်သူ့ကိုမှ အမည်ပေါက်နဲ့ ပေးထားတာ မရှိဘူး။ ပြည်ခိုင်ဖြိုးက သူ့ကို လူမှုရေးအသင်းအဖွဲ့ဆိုပြီး ယာယီမြေအသုံးချခွင့်ပေးတဲ့ဟာကို သူက ပြန်ငှားပစ်တာ အနှစ် ၃၀” ဟု ပြောသည်။

ပြည်ခိုင်ဖြိုးပါတီက ရယူထားသည့် ထိုနိုင်ငံပိုင်မြေပေါ်တွင် ပုဂ္ဂလိကစီးပွားရေးလုပ်ကိုင်ခဲ့သည်မှာ စစ်တပ်အရာရှိကြီးဟောင်းများဖြစ်ကြသည့် ရန်ကုန်မြို့တော်ဝန်ဟောင်း ဗိုလ်မှူးကြီးကိုလေး၊ ဗိုလ်မှူးချုပ်အောင်သိန်းလင်းနှင့် ဗိုလ်မှူးချုပ်လှမြင့်တို့ လက်ထက်မှ ယနေ့အချိန်အထိ ဖြစ်သည်။ 

ဗိုလ်မှူးကြီးကိုလေးသည် ရန်ကုန်မြို့တော်ဝန်အဖြစ် ၁၉၈၈ မှ ၂၀၀၃ အထိ၊ ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် ၂၀၀၃ မှ ၂၀၁၁ အထိ မြို့တော်ဝန်အဖြစ်လည်းကောင်း၊ ဗိုလ်မှူးချုပ်လှမြင့်သည် ၂၀၁၁ မှ ၂၀၁၆ အထိလည်းကောင်း ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့ကြသည်။ 

မူလက ပြည်ခိုင်ဖြိုးအသင်းကို လူမှုရေးလုပ်ငန်းများအတွက် ယာယီအသုံးပြုခွင့်ပြုခဲ့သော ထိုနိုင်ငံပိုင်မြေနေရာတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် Music Zone ပိုင်ရှင်နှင့် ဒုတိယအကြိမ် စာချုပ်ချုပ်ဆိုရာတွင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်နေပြီဖြစ်သော်လည်း ‘ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း’ ဟုသာ စာချုပ်တွင် ဖော်ပြထားသည်။ 

“ဥပဒေကို လက်တစ်လုံးခြားလုပ်တာပေါ့နော်။ အသင်းဆိုတာလည်းမရှိတော့ဘူး ပါတီဖြစ်သွားပြီ။ ပါတီဖြစ်သွားပြီဆိုတော့ အသင်းနာမည်နဲ့ စာချုပ်ချုပ်တာတို့၊ ဒီမြို့နယ်အတွင်းရေးမှူးကနေ ဒီမြေကွက်ကို အနှစ် ၃၀ အထိပေးဖို့ အခွင့်အရေးရှိသလားပေါ့။ ဂရန်တစ်ခုရဖို့၊ ယာယီလေးတစ်ခုရဖို့တောင် မနည်းလုပ်ယူရတာလေ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ဆိုသည်။ 

121586009_1904151039732625_4840399397862953672_o.jpg

မကြာသေးမီက နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုး မဲဆွယ်လှုပ်ရှားမှုတစ်ခု။ (ဉာဏ်လှိုင်လင်း/Myanmar Now) 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် သာကေတမြို့နယ်အတွင်းရှိ နိုင်ငံပိုင်မြေပေါ်ရှိ ဈေးဆိုင်ခန်း ၅၅ ခန်းကို ၁၉၉၀ ပြည့်နှစ်မှစ၍ ယနေ့အချိန်ထိ ပုဂ္ဂလိကကို အငှားချထားကာ လစဉ်ကျပ် ၂၇ သိန်းကျော် ရရှိနေသော်လည်း အဆိုပါဆိုင်ခန်းများကို ပိုင်ဆိုင်သည့် အထောက်အထားမရှိပေ။ 

ထို့ပြင် ဆိပ်ကမ်းမြို့နယ်ဟောင်း (ယခုလမ်းမတော်မြို့နယ်) မော်တင်ရပ်ကွက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် နိုင်ငံပိုင်မြေပေါ်တွင် ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရုံးဆောက်လုပ်ခဲ့ပြီး ယနေ့ထက်တိုင် အသုံးပြုလျက်ရှိသည်။ 

အဆိုပါဆိပ်ကမ်းမြို့နယ်ဟောင်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အကြိမ်ကြိမ် ဖယ်ရှားခိုင်းခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်လက်အသုံးပြုနေသည့်အတွက် ကာလပေါက်ဈေးဖြင့် ဝယ်ယူရန် ဆုံးဖြတ်လိုက်ပြီး ဈေးနှုန်းညှိနှိုင်းနေသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့် ဇူလိုင်လအတွင်း Myanmar Now ကို ပြောကြားထားသည်။ 

နိုင်ငံပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ရထားကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သုံးစွဲပါက သုံးစွဲသည့် နိုင်ငံရေးပါတီကို အပြီးဖျက်သိမ်းရမည်ဟု နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် ပြဌာန်းထားသော်လည်း တိုင်ကြားသူရှိမှသာ အရေးယူနိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading