လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နှင်းနှင်းမွှေးသည် ပညာရေးကို လက်ဆင့်ကမ်းသူ ကျောင်းဆရာမ မဖြစ်ခဲ့ရသော်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပါက ပညာရေးဥပဒေကို ပြုပြင်ပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းမည်ဟု ဆိုသည်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နှင်းနှင်းမွှေးကို ရန်ကုန် ဗိုလ်တထောင်မြို့နယ်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ရုံးခန်း၌ အောက်တိုဘာ ၁၀ တွင် တွေ့ရစဉ် (ဓာတ်ပုံ- မျိုးဆက်ပိုင်/ Myanmar Now)

ပညာရေးကို လက်ဆင့်ကမ်းသည့် ကျောင်းဆရာမတစ်ဦး ဖြစ်ချင်ခဲ့သူ ဒေါ်နှင်းနှင်းမွှေးသည် ရှစ်လေးလုံးအရေးတော်ပုံမှ အစပြုကာ ၎င်း၏ ငယ်ဘဝအိပ်မက်ကို စွန့်လွှတ်ခဲ့ရသည်။ အရေးတော်ပုံကြောင့် နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့သော်လည်း ပညာရေးနှင့် ပတ်သက်သည့် ၎င်း၏ စိတ်အားထက်သန်မှုကို ယခုအချိန်အထိ မလျှော့သေးပေ။ 

၎င်းသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်မည့် ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦး ဖြစ်လာပါက အမျိုးသားပညာရေးဥပဒေကို ပြုပြင်ရေးဆွဲမည်ဟု ၅၂ နှစ်အရွယ် ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။ 

“ပညာရေးဥပဒေက တိုင်းပြည်ရဲ့ အခြေခံအချက်တွေထဲမှာ ပါတယ်ဆိုတော့ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်နိုင်တဲ့ ပညာရေးမျိုးဖြစ်အောင် ရေးဆွဲပြင်ဆင်ချင်တယ်” ဟု ဒေါ်နှင်းနှင်းမွှေးက ပြောသည်။ 

၎င်းသည် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ရန် အခွင့်အရေး မရမီအချိန်ကတည်းက ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်လှုပ်ရှားခဲ့ဖူးသူဖြစ်သည်။ ဒေါ်နှင်းနှင်းမွှေးသည် ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) တွင် နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။

“လက်ရှိပညာရေးဥပဒေက လွဲမှားနေတယ်လို့ ယူဆတယ်။ ပြင်ဖို့ ကြိုးစားခဲ့ပေမယ့်လို့ မပြင်နိုင်ခဲ့သေးဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။ 

ပညာရေးဥပဒေအပြင် ဒေါ်နှင်းနှင်းမွှေး ပြင်ဆင်လိုသည့် နောက်ထပ်ဥပဒေတစ်ခုက ဒီမိုကရေစီလမ်းစဉ်နှင့် မကိုက်ညီဟု အများစု လက်ခံထားကြသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပင် ဖြစ်သည်။ စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲအတည်ပြုခဲ့သည့် အခြေခံဥပဒေအောက်တွင် ရှိနေသောလွှတ်တော်အတွင်း ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ် ၂၅ % ရှိနေသမျှကာလပတ်လုံး ထိုဥပဒေပြင်ဆင်နိုင်လိမ့်မည် မဟုတ်သည်ကိုလည်း ၎င်းက နားလည်သဘောပေါက်သည်။ 

သို့သော် ၎င်းကိုယ်တိုင် အပြင်းအထန်ကန့်ကွက်ခဲ့သည့် အခြေခံဥပဒေအောက်မှပင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ရခြင်းမှာ ပြည်သူ့အသံကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြောဆိုပေးရန် ဖြစ်သည်ဟု ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။

“ကျွန်မတို့က လွှတ်တော်ထဲမှာ အသံကျယ်ကျယ်လောင်လောင် ထုတ်မယ်။ သေချာတယ် (အခြေခံဥပဒေကို ပြင်ဖို့) ဘာမှ လုပ်လို့ရနိုင်မှာ မဟုတ်ဘူး။ သို့သော်လည်း ကျွန်မတို့ ဘာပြောချင်လဲဆိုတာကို နိုင်ငံတကာအထိ တရားဝင် ပြောလို့ရမယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် လွှတ်တော်ပြင်ပနိုင်ငံရေးတွင် ပါဝင်လှုပ်ရှားခဲ့သူပီပီ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သည့် နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အင်အားစုများ၏ အရေးပါမှုကိုလည်း ဒေါ်နှင်းနှင်းမွှေးက ယုံကြည်လက်ခံသည်။

“နောက်တစ်ခု အရေးကြီးတာက လွှတ်တော်ထဲမှာရှိတဲ့ အင်အားစုတွေနဲ့ လွှတ်တော်ပြင်ပမှာရှိတဲ့ အင်အားစုတွေ သေချာပေါက် ဟန်ချက်ညီညီ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်ဖို့ လိုတယ်။ လွှတ်တော်ပြင်ပမှာရှိတဲ့ အင်အားစုတွေက အရေးကြီးတယ် သူတို့အသံကို နားထောင်ရမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။ 

ငယ်စဉ်ကတည်းက နိုင်ငံရေးကို နားရည်ဝခဲ့သူ

ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်ပွားချိန်တွင် ဒေါ်နှင်းနှင်းမွှေးသည် အသက် ၂၀ အရွယ် ရန်ကုန်တက္ကသိုလ်ကျောင်းသူတစ်ဦးအနေဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၈၈ အောက်တိုဘာတွင် လူ့ဘောင်သစ်ပါတီ စတင်ဖွဲ့စည်းခဲ့ချိန်ကတည်းက ပါတီတစ်ဦးအဖြစ် ရှိနေခဲ့ရာ ပါတီသက်တမ်းသည် ၎င်း၏ နိုင်ငံရေးဖြတ်သန်းမှု သက်တမ်းဟု ဆိုနိုင်သည်။ 

ဒေါ်နှင်းနှင်းမွှေးသည် နိုင်ငံရေးလှုပ်ရှားမှုများကို ၎င်းကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ မလုပ်ကိုင်ခဲ့ခင်ကတည်းက နိုင်ငံရေးဆိုသည်ကို ရင်းနှီးခဲ့သည်။ ဖခင်ဖြစ်သူ ဦးကျော်မင်းသည် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ၊ ပြည်သူ့ရဲဘော်နှင့် ဆရာကြီးသခင်ကိုယ်တောင်မှိုင်း ဦးဆောင်ခဲ့သော ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ (ပုဇွန်တောင်မြို့နယ်) တွင် ပါဝင်ခဲ့သောကြောင့် ဖြစ်သည်။ 

ဦးနေဝင်း နိုင်ငံတော်အာဏာသိမ်းပြီးနောက် ပါတီအသင်းအဖွဲ့များ ဖျက်သိမ်းခြင်းခံရသည့်အခါ ဖခင်ဖြစ်သူ၏ နိုင်ငံရေးမိတ်ဆွေများက အိမ်တွင် လာရောက်ဆွေးနွေးပြောဆိုတတ်ကြသည်ကို ဒေါ်နှင်းနှင်းမွှေး မှတ်မိနေသေးသည်။  

“ကျွန်မတို့အိမ်မှာဆိုရင် တစ်ပါတ်ကို နှစ်ခါ၊ သုံးခါ နိုင်ငံရေးသမားကြီးတွေစုပြီး ဆွေးနွေးကြ၊ ပြောဆိုကြတယ်။ ညဘက်ဆိုရင် ကျွန်မတို့ဦးလေးကလည်း ပုဇွန်တောင်မြို့နယ်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့အတွင်းရေးမှူးပါ။ သူပြောတဲ့ စကားတွေကိုလည်း ကျွန်မတို့က အမြဲတမ်းကြားနေရတယ်။ ဒါတွေကိုတော့ ကျွန်မ ဖြတ်သန်းခဲ့ရပါတယ်” ဟု ၎င်းက ပြောပြသည်။ 

ဒေါ်နှင်းနှင်းမွှေး၏ မိဘနှစ်ပါးစလုံးက ပညာရေးကို အားပေးသူများဖြစ်ပြီး ပညာရေးစနစ် မကောင်းသော်လည်း ကိုယ်ပိုင်အသိပညာနှင့် ပညာတတ်ဖြစ်ရန် လိုအပ်သည်ဟု ၎င်းကို ငယ်စဉ်ကတည်းက သွန်သင်ခဲ့သည်။ တက္ကသိုလ်ဝင်တန်းတွင် သမိုင်းဂုဏ်ထူးဖြင့် အောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် တတိယနှစ် တက်ရောက်နေစဉ် ရှစ်လေးလုံးကျောင်းသားအရေးတော်ပုံ ဖြစ်လာခဲ့သည်။ 

ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်၏ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တွင် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ၎င်းနေထိုင်သည့် သာကေတမြို့နယ်ရှိ ကျောင်းသားသမဂ္ဂတွင် ထဲထဲဝင်ဝင် လှုပ်ရှားခဲ့သည်။ သာကေတမြို့နယ် ကျောင်းသားသမဂ္ဂရုံးကို စစ်တပ်က စီးနင်းဝင်ရောက်ပြီး သမဂ္ဂဆိုင်းဘုတ်ကို နင်းချေဖျက်ဆီးခဲ့သည်ကို မြင်တွေ့ခဲ့ခြင်းက အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူ မနှင်းနှင်းမွှေးကို နိုင်ငံရေးဆက်လက်လုပ်ဆောင်ရန် တွန်းအားပေးခဲ့သည်။

၁၉၈၈ စက်တင်ဘာတွင် နဝတအစိုးရက အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီများ ပေါ်ပေါက်လာခဲ့သည်။ တက်ကြွလှုပ်ရှားသူ ကျောင်းသားအချို့၏ ဦးဆောင်မှုဖြင့် အောက်တိုဘာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ဖွဲ့စည်းခဲ့ရာ ဒေါ်နှင်းနှင်းမွှေးက ပါတီဝင်အဖြစ် သာကေတမြို့နယ်ပါတီရုံးတွင် တာဝန်ယူဆောင်ရွက်ခဲ့သည်။ 

“ကျောင်းတွေ ပိတ်ထားတဲ့အခါ ကျောင်းသားတွေရဲ့ ပညာရေးကို ဘယ်လိုဆက်ပြီး လုပ်ပေးရမလဲဆိုပြီး ကျွန်မတို့က ကျောင်းလေးတွေဖွင့်ပြီး စာသင်ပေးတယ်။ လယ်သမားတွေအတွက် ဆောင်ရွက်ပေးတယ်။ နိုင်ငံ့ဝန်ထမ်းတွေကို ဖိနှိပ်တာတွေ ရှိတဲ့အခါ ဆောင်ရွက်ပေးတယ်။ အဲဒီအခါ တပ်ကလူတွေက ကျွန်မတို့ကို မျက်မုန်းကျိုးလာတယ်” ဟု ဒေါ်နှင်းနှင်းမွှေးက ပြောသည်။ 

ထိုအချိန်က သာကေတမြို့နယ်တွင် ကျောင်းသားလှုပ်ရှားမှုများဖြစ်သည့်အခါတိုင်း ၎င်း၏ နေအိမ်ကို စစ်တပ်၊ ရဲနှင့် ထောက်လှမ်းရေးတို့က မကြာခဏ လာရောက်ရှာဖွေမှုများ ရှိခဲ့သည်။ ၁၉၈၉ ဩဂုတ်တွင်တော့ ၎င်း မှတ်တမ်းအနေဖြင့် သိမ်းဆည်းထားသည့် ပါတီအဖွဲ့အစည်းအသီးသီး၏ ထုတ်ပြန်ချက်များကို ထောက်လှမ်းရေးက ရှာဖွေတွေ့ရှိပြီး ဖမ်းဆီးခဲ့သည်။ ၁၉၈၉ စက်တင်ဘာတွင် ပုဒ်မ ၅ (ည) ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းခံခဲ့ရသည်။ 

၎င်းထောင်ကျနေစဉ် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည့် NLD ကို စစ်အစိုးရက အာဏာလွှဲပြောင်း မပေးသဖြင့် အင်းစိန်ထောင်တွင်း ဆန္ဒပြတောင်းဆိုမှုတွင် ပါဝင်ခဲ့သည်။ ထို့ကြောင့် သာယာဝတီအကျဉ်းထောင်သို့ ထပ်မံပြောင်းရွှေ့ခံခဲ့ရသည်။

‘မိုက်လို့မဟုတ် ကြိုက်လို့’

၁၉၉၂ တွင် သာယာဝတီအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ပညာဆက်လက်သင်ကြားရန် ကြိုးစားခဲ့သော်လည်း ၎င်း၏ ခံယူချက်နှင့် သွေဖယ်နေသည့် အခြေအနေတစ်ခုကို ကြုံတွေ့ရပြန်သည်။ 

“ကျွန်မတို့ ခေတ်တုန်းက ကျောင်းသားတော်တော်များများက ခံဝန်ထိုးရတယ်။ နိုင်ငံရေးနဲ့ မပတ်သက်တော့ပါဘူးဆိုပြီး နိုင်ငံရေးကင်းရှင်းကြောင်း ခံဝန်ထိုးရတယ်။ ကျွန်မရဲ့ ယုံကြည်ချက်အရ အဲဒါက လုံးဝမဖြစ်နိုင်ဘူး” ဟု ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။ 

ထို့ကြောင့် ထိုခေတ်အခါက နိုင်ငံရေးကင်းရှင်းကြောင်း ခံဝန်ထိုးရန် မလိုအပ်သည့် အဝေးသင်ပညာရေးစနစ်ကိုသာ ဒေါ်နှင်းနှင်းမွှေးက ရွေးခဲ့သည်။ ၁၉၉၅ တွင် သမိုင်းဘာသာအထူးပြုဖြင့် ဘွဲ့ရရှိခဲ့ပြီး သမိုင်းဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်းမှာ “မိုက်လို့မဟုတ် ကြိုက်လို့” ယူခဲ့ခြင်းဖြစ်ကြောင်း၊ သမိုင်းသိမှသာ စနစ်၏လွဲချော်နေမှုများကို ပြောင်းနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်း၏ ခံယူချက်ကို ပြောပြသည်။ 

ထို့အပြင် ဗကသအဖွဲ့ချုပ် ပြန်လည်ပေါ်ထွန်းရေးကော်မတီတွင် ပါဝင်ကာ လက်နက်ကိုင်တော်လှန်ရေးအတွက် တောခိုသွားခဲ့ကြသော ကျောင်းသားများနှင့် မြေပေါ်တွင် ကျန်ရှိနေသေးသည့် ကျောင်းသားရဲဘော်များ ချိတ်ဆက်ပေးနိုင်ရန် ကြိုးပမ်းမှုကြောင့် စစ်ထောက်လှမ်းရေး၏ လိုက်လံစုံစမ်းမှုများ အမြဲလိုလို ခံခဲ့ရသည်။ 

၎င်း၏ ကျောင်းသားရဲဘော်ရဲဘက်အချို့ ဖမ်းဆီးခံခဲ့ရပြီး ၎င်းကိုယ်တိုင်လည်း ဝရမ်းပြေးဘဝဖြင့် နှစ်အတန်ကြာ တိမ်းရှောင်နေခဲ့ရသည်။ ၁၉၉၇ ဇန်နဝါရီတွင်တော့ မတရားအသင်းပုဒ်မ ၁၇/၁ ဖြင့် ထောင် ၃ နှစ် ချမှတ်ခံခဲ့ရပြန်သည်။ 

ထောင်မှထွက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံခေတ်သစ်သမိုင်းတွင် အရေးအပါဆုံးသော နိုင်ငံရေးဖြစ်စဉ်များဖြစ်သည့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းရေးကို ကန့်ကွက်ခြင်းတို့တွင်လည်း ဒေါ်နှင်းနှင်းမွှေးက တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သည်။

ထို့အပြင် ၂၀၁၂ တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့လုပ်ငန်းကော်မတီတွင် ပါဝင်ကာ နိုင်ငံရေးအကျဉ်းသားများစာရင်းကို ဦးဆောင်ပြုစုခဲ့သည်။ ယင်းမှာ ၎င်း၏ဘဝတွင် ဂုဏ်ယူရသည့် ကိစ္စတစ်ခုဖြစ်သည်ဟု ဆိုသည်။

နိုင်ငံရေးနယ်ပယ်တွင် ဆယ်စုနှစ်သုံးခုနီးပါး ဖြတ်သန်းပြီးနောက် လွှတ်တော်အတွင်းမှနေ၍ နိုင်ငံရေးအရွေ့ကို တွန်းနိုင်ရန် ၂၀၁၅ ရွေးကောက်ပွဲတွင် လူ့ဘောင်သစ်ပါတီကိုယ်စားပြုပြီး မန္တလေးတွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၅) အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ 

ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန် ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခြင်းမှာ ၎င်းအတွက် ဒုတိယအကြိမ်ကြိုးပမ်းမှု ဖြစ်သည်။ ပြည်သူ၏ ရွေးကောက်ခံရလျှင် ပြည်သူကို အကာအကွယ်ပေးမည့် ဥပဒေများကို ပြဋ္ဌာန်းနိုင်ရေး ကြိုးစားမည်ဟု ဆိုသည်။ 

“အမိန့်တွေနဲ့လာတဲ့ ဥပဒေတွေ မဟုတ်ဘဲ ပြည်သူတွေကိုယ်တိုင် ပါဝင်စဉ်းစားတဲ့ ဥပဒေမျိုးတွေ ဖြစ်ဖို့လိုတယ်” ဟု ဒေါ်နှင်းနှင်းမွှေးက ပြောသည်။ 

ရှစ်လေးလုံးအရေးတော်ပုံက မွေးထုတ်ပေးလိုက်သည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့်အလျောက် ပြည်သူနှင့်အတူ တိုက်ပွဲဝင်ရမည်ဟူသည့် နိုင်ငံရေးခံယူချက်ကို ယနေ့အထိ လက်ဆုပ်ကိုင်ထားသည်ဟု ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။ 

အမျိုးသမီးတစ်ဦး နိုင်ငံရေးလောကတွင် ဖြတ်သန်းသည့်အခါ လူ့အဖွဲ့အစည်း၏ အကန့်အသတ်များကြောင့် အမျိုးသားများထက် ပိုမိုခက်ခဲသည်ဟုလည်း ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။ 

နိုင်ငံရေးအခင်းအကျင်းတွင် အမျိုးသမီးများက ရာခိုင်နှုန်းတစ်ခုအနေဖြင့် ပါဝင်လာခြင်းထက် ဆုံးဖြတ်ချက်ချခွင့်ရှိသည့်နေရာတွင် ရောက်ရှိနေရန် လိုအပ်သည်ဟု ထောက်ပြသည်။ 

“ဝန်ကြီးချုပ်ထဲမှာ ဆိုရင်လည်း အမျိုးသမီးက တော်တော်နည်းပါးတယ်။ တကယ်တမ်း ဆုံးဖြတ်ခွင့်ရှိတဲ့နေရာမှာ အမျိုးသမီးတွေလည်း ရှိသင့်တယ်လို့ ကျွန်မထင်တယ်။ အမျိုးသမီးတွေဘက်ကလည်း ပေးလာတဲ့ တာဝန်ကို ကျေပွန်ဖို့ လိုသလို တစ်ဘက်ကလည်း တာဝန်ပေးဖို့ လိုအပ်တယ်” ဟု ဒေါ်နှင်းနှင်းမွှေးက ပြောသည်။ 

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading