အစိုးရဖွဲ့နိုင်ခြေရှိသည့် ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီကိုသာ ဦးတည်နှိုင်းယှဉ်ခြင်းဖြစ်ပြီး ၂၀၁၀ တွင် 'ကုလား' ၃ ဦးထည့်သွင်းခဲ့တဲ့ပါတီနှင့် ၂၀၂၀ တွင် ၄၂ ဦးထည့်ထားသည့်ပါတီကို ချိန်ထိုးသုံးသပ်ရန် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က မဲဆွယ်စည်းရုံးရာတွင် ထည့်သွင်းဟောပြောခဲ့သည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည် အစ္စလာမ်ဘာသာဝင် ၄၂ ဦးကို ကိုယ်စားလှယ်လောင်းအဖြစ် လျာထားကြောင်း သတင်းအမှားဖြင့် မဲဆွယ်စည်းရုံးဟောပြောခဲ့သူ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်အကြောင်း ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားရန် စီစဉ်နေသည်ဟု ပန်းဘဲတန်းမြို့နယ် NLD ပါတီဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။
NLD ပါတီကို ပုတ်ခတ်၍ ဘာသာရေးအကြောင်းပြ မဲဆွယ်နေခြင်းကြောင့် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားရန်နှင့် လိုအပ်ပါက ရဲစခန်း၌ အမှုဖွင့် တရားစွဲဆိုရန် စီစဉ်နေပြီး ပါတီဗဟိုထံမှ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေသည်ဟု ၎င်းက ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် မင်းကင်းမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်သည် မင်းကင်းမြို့နယ် ဥယျာဉ်မကျေးရွာတွင် အောက်တိုဘာ ၈ ရက်က မဲဆွယ်စည်းရုံးရေး ဟောပြောခဲ့ရာ၌ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းများ ပါဝင်နေမှုနှင့် ပတ်သက်၍ အာဏာရ NLD ပါတီကို ပုတ်ခတ်ပြောဆိုခဲ့သည်။
"ခင်ဗျားတို့ သိဖို့က ၂၀၁၀ မှာ သုံးယောက်ထည့်ခဲ့တဲ့ ပါတီနဲ့ အခု ၂၀၂၀ မှာ တင်ဖို့ ၄၂ ယောက် ၆၂ ယောက်ထည့်တယ်ဆိုတဲ့ ပါတီအဲဒီနှစ်ခုကို ချိန်ထိုးပြီးတော့မှ သုံးသပ်ကြည့်။ အတိအကျပြောမယ်။ ပန်းဘဲတန်းမဲဆန္ဒနယ်မှာ စည်သူမောင်ဆိုတဲ့ ကုလားလေး။ အဲဒါမျိုးတွေထည့်တာ ၄၂ ယောက်ရှိတယ်။ မိဘပြည်သူတွေ ဘယ်ပါတီဘက်က ရပ်မလဲ" ဟု ဦးမောင်မြင့်က ဟောပြောခဲ့သည်။


အင်တာနက်လူမှုကွန်ရက်တွင် အောက်တိုဘာ ၁၅ ရက်မှ စတင်ပျံ့နှံ့ခဲ့သည့် အဆိုပါရုပ်သံတွင် မင်းကင်းမောင်မြင့်ဟု လူသိများသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးမောင်မြင့်က အစိုးရဖွဲ့နိုင်ခြေရှိသည့် ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီကိုသာ ဦးတည်နှိုင်းယှဉ်ပြောကြားလိုသည်ဟုလည်း ဆိုခဲ့သည်။
“လွှတ်တော်ထဲ ရောက်ရင် ဘာတွေဖွပြီးတော့ ဘာတွေ ဒုက္ခပေးဦးမလဲ မသိဘူး။ ဒါပေမဲ့လည်း ဘယ်သူ့ကို ကိုယ်စားပြုတာလဲ။ NLD ပါတီကို ကိုယ်စားပြုတာလေ။ သူတို့ ဘယ်လိုထိန်းနိုင်မလဲ။ သူတို့ကပဲ တမင်သက်သက် လုပ်ပေးနေတာလား ကျွန်တော်တို့ မသိနိုင်ဘူး" ဟု ဦးမောင်မြင့်က ဟောပြောခဲ့သည်။


Myanmar Now က ရရှိထားသည့် အခြားရုပ်သံဖိုင်တစ်ခုအရလည်း မင်းကင်းမြို့နယ် ကျွန်းတော်ရွာ၌ အောက်တိုဘာ ၂ ရက်တွင် ဦးမောင်မြင့်က မဲဆွယ်စည်းရုံးရေး ဟောပြောခဲ့ရာတွင် အစ္စလာမ်ဘာသာဝင်များ ထည့်သွင်းထားခြင်းနှင့်ပတ်သက်၍ NLD ပါတီကို ပုတ်ခတ်ဟောပြောထားသည်ကို တွေ့ရှိရသည်။
အချိန် ၇ မိနစ်ကျော်ကြာ အဆိုပါရုပ်သံတွင် ဦးမောင်မြင့်က ၂၀၁၀ ရွေးကောက်ပွဲအောင်နိုင်ပြီးနောက် လွှတ်တော်ထဲ ရောက်ရှိသည့် ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ကုလားသုံးဦးကို လူမျိုးရေး ဘာသာရေးမမေးနိုင်ရန် ထိန်းချုပ်နိုင်သည့်အပြင် မုတ်ဆိတ်မွှေးပင် မထားခိုင်းကြောင်းလည်း ထည့်သွင်းဟောပြောထားသည်။
၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီက ရွေးချယ်ထားသည့် အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်း နှစ်ဦးသာရှိပြီး မန္တလေးမြို့မှ ဒေါ်ဝင်းမြမြနှင့် ရန်ကုန် ပန်းဘဲတန်းမြို့နယ်မှ ဦးစည်သူမောင်ဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပန်းဘဲတန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးစည်သူမောင်က “ကျွန်တော်တို့နိုင်ငံမှာ သတင်းတု သတင်းမှားတွေ Hate speechs (အမုန်းစကား) တွေကြောင့်ပဲ ပဋိပက္ခတွေ မီးဟုန်းဟုန်း တောက်ခဲ့ရတယ်။ ဒါတွေက ဒီအချိန်မှာ ရပ်သင့်ပြီ။ တိုင်းပြည်ကို တည်ဆောက်တဲ့ နေရာမှာ တူညီတဲ့ပန်းတိုင်တစ်ခုကို မတူတဲ့လက်တွေတွဲပြီး သွားကြတာဗျ” ဟု ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမောင်မြင့်သည် မင်းကင်းမြို့နယ်အတွင်း ဘာသာရေးနှင့် လူမျိုးရေးအကြောင်းပြ မဲဆွယ်နေသည်ကို ရုပ်သံမှတ်တမ်းတင်ထားကြောင်း မင်းကင်းမြို့နယ် NLD ပါတီ၏ ဥပဒေအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းထွဋ်က ပြောသည်။
NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွှန့်က မင်းကင်းအမတ် ဦးမောင်မြင့်နှင့် ပတ်သက်၍ တင်ပြလာမှု တစ်စုံတစ်ရာ မရောက်ရှိသေးသော်လည်း ဘာသာရေးအကြောင်းပြကာ အမုန်းစကားများ၊ သတင်းမှားများသုံး၍ ၎င်းတို့ပါတီအပေါ် ပုတ်ခတ်မဲဆွယ်ပါက ဥပဒေဖြင့်သာ တုံ့ပြန်ရန် မူဝါဒချမှတ်ထားကြောင်း ပြောသည်။
“မမှန်ကန်တဲ့ သတင်းအချက်အလက်တွေနဲ့ ပြည်သူတွေကို မဲဆွယ်တာဟာ၊ ဒါ ပြည်သူတွေကို အထင်သေးတာပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကို ဆက်သွယ်မေးမြန်းရာတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ မဆွေးနွေးလိုကြောင်း ပြောသည်။
ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (ဈ) အရ ဘာသာရေးကို အကြောင်းပြ၍ ဆန္ဒမဲပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲမပေးရန်သော်လည်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းနှင့် ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်မှုပြုသူ သို့မဟုတ် ယင်းသို့ပြုလုပ်သည့် အဖွဲ့အစည်းဝင်ဖြစ်သူသည် ရွေးကောက်ပွဲတွင် ရွေးကောက်ခံပိုင်ခွင့် မရှိသူဟု ဖော်ပြထားသည်။
လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် ဟောပြောလှုံ့ဆော်ပါက ဥပဒေကြောင်းအရ ထောင်တစ်နှစ်အထိ ကျခံရမည့် ပြစ်မှုမြောက်သလို ထိုကျူးလွန်မှုသည် တရားမဲ့ပြုကျင့်မှုလည်းမြောက်သဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရသည့်တိုင်အောင် ကန့်ကွက်သူရှိလျှင် ရွေးကောက်ခံကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းခံရနိုင်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










