ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲမကျင်းပနိုင်တော့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပြီးနောက် ရခိုင်အမျိုးသားပါတီက ပြည်နယ်တောင်ပိုင်းတွင် ပထမဆုံးအကြိမ် အင်အားပြ မဲဆွယ်စည်းရုံးရေး စတင်ခဲ့သည်
ရခိုင်အမျိုးသားပါတီ (ANP) က ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့၌ ယနေ့ (အောက်တိုဘာ ၂၁) နံနက်ပိုင်းတွင် ထောင်နှင့်ချီသော လူအင်အားဖြင့် မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲမကျင်းပနိုင်တော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ANP ပါတီက ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ပထမဆုံးအကြိမ် အင်အားပြ မဲဆွယ်စည်းရုံးခဲ့ခြင်းဖြစ်သည်။

ANP ပါတီသည် တောင်ကုတ်မြို့နယ်ရှိ ကျေးရွာများတွင်သာ အားကောင်းပြီး ရွေးကောက်ပွဲကျင်းပမည့် မြို့ပေါ်ရပ်ကွက်လေးခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့ အားကောင်းသောကြောင့် အနိုင်ရရှိရန်အတွက် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမည်ဟု တောင်ကုတ်မြို့နယ် ANP ဒုတိယဥက္ကဋ္ဌ ဦးဖေကြွယ်က ဆိုသည်။
“အခက်အခဲကတော့ အကြီးအကျယ် ရှိတယ်လို့ပြောရမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီကို အဓိကထောက်ခံတာက ကျေးရွာတွေဟာ အဓိကကျတယ်။ အဲဒီကျေးရွာထဲက ပြည်သူတွေဟာ သူတို့လိုလားတဲ့ ပါတီတွေကို မဲပေးခွင့် မရတဲ့အတွက် ကျနော်တို့အတွက်လည်း ပြည်သူတွေရဲ့ မဲပေးခွင့် အားလုံးဆုံးရှုံးရမယ်။ ဆိုတော့ မြို့ပေါ်ရပ်ကွက်လေးခုဆိုတာ ကျွန်တော်တို့ရဲ့ အဓိကအောင်နိုင်ရေး နယ်မြေမဟုတ်ဘူး ”ဟု ၎င်းက ဆိုသည်။


ရွေးကောက်ပွဲကျင်းပမည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် အမှတ် (၂) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များတွင် သိမ်တောင်၊ ကံပိုင်၊ ဂူတာနှင့် ချောင်းကောက် စသည့် မြို့ပေါ်ရပ်ကွက်လေးခုသာ ကျန်ရှိသည်။ မဲပေးခွင့်ရှိသူ တစ်သိန်းကျော်ရှိသည့် တောင်ကုတ်မြို့နယ်တွင် ၂၄,၀၀၀ ကျော်သာ မဲပေးခွင့် ရရှိတော့မည် ဖြစ်သည်။
အောင်နိုင်ရေးအတွက် စည်းရုံးလှုံ့ဆော်ရာတွင် တောင်ကုတ်မြို့ပေါ်ရပ်ကွက်လေးခု၌ အားပေးထောက်ခံမှုရှိသောကြောင့် အတိုင်းအတာတစ်ခုအထိ ဝမ်းသာမိကြောင်းနှင့် အောင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ဦးဖေကြွယ်က ပြောသည်။


“ကျွန်တော်တို့ကတော့ ဒီဟာကို အောင်ပန်းတစ်ခုလို့တော့ ပြောလို့မရသေးဘူး။ ဒါပေမဲ့ ထောက်ခံမှုတွေကို မြင်ရတယ်။ မြင်ရပေမယ့် ဒါ ရွေးကောက်ပွဲအတွက် အဖြေတစ်ခု မဟုတ်သေးဘူးလို့ သုံးသပ်တယ်” ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲမကျင်းပနိုင်သော နေရာများတွင် တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၂ ခု ပါဝင်လျက်ရှိသည်။
ANP ပါတီကိုယ်စားပြုကာ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်လှသက်စိုး (ခေါ်) ဒေါ်ခင်ထိပ်ထားကမူ မြို့ပေါ်ရပ်ကွက်များတွင် မဲကွဲသွားတတ်သည့် အလားအလာရှိတတ်သော်လည်း အနိုင်ရရန် ယုံကြည်မှုရှိသည်ဟု ဆိုသည်။
“အနိုင်ရဖို့အတွက်တော့ ရုန်းကန်ရတယ်။ နယ်ဘက်က အားတွေကိုယူမယ်လို့ တွေးထားတာ။ မြို့ပေါ်ရပ်ကွက်ဆိုတာက သူလည်းမသာနိုင်၊ ကိုယ်လည်းမသာနိုင်။ မဲကွဲတတ်ပါတယ်။ အခုတော့ အခြေအနေကြည့်တဲ့ဟာ ရခိုင်ပြည်သူ၊ပြည်သားတွေ စည်းလုံးမှု အချိန်တန်ပြီ၊ နိုးကြားဖို့အချိန်တန်ပြီဆိုတဲ့ ပုံစံမျိုး ဖြစ်နေကြတယ်။ မြို့ပေါ်ကလူတွေလည်း အဲလိုမျိုးဖြစ်နေကြပြီလို့ ထင်မြင်ယူဆမိတယ်” ဟု ဒေါ်ခင်ထိပ်ထားက ပြောသည်။
တောင်ကုတ်မြို့ပေါ်တွင် ယနေ့ပြုလုပ်သည့် ANP ပါတီ၏ ယာဉ်တန်းဖြင့် မဲဆွယ်စည်းရေးလှုပ်ရှားမှုတွင် ရခိုင်အမျိုးသားရေးသီချင်းများဖြင့် မြို့ပတ်လှည့်လည်ခဲ့ကြပြီး နောက်ရက်များတွင်လည်း အလားတူပြုလုပ်သွားရန်ရှိကာ ပါတီဗဟိုနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ပါတီဝင်များလည်း လာရောက်ဝန်းရံနိုင်ရန် စီစဉ်နေသည်ဟု ပါတီဝင်များက ဆိုသည်။
ANP ပါတီကိုယ်စားပြုပြီး တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၂) မဲဆန္ဒနယ်တွင် ဒေါ်ခင်မျိုးယဉ်၊ အမျိုးသားလွှတ်တော်အတွက် ဦးသန်းဝင်းနှင့် ပြည်သူ့လွှတ်တော်နေရာအတွက် ဒေါ်လှသက်စိုးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
တောင်ကုတ်မြို့နယ်တွင် အာဏာရ NLD ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်နှင့် အမျိုးသားလွှတ်တော် အမှတ် (၁၂) မဲဆန္ဒနယ်မြေ ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သည် အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် တောင်ကုတ်နှင့် ၁၅ မိုင်ခန့် ကွာဝေးသည့် ဖောင်းကားကျေးရွာသို့ မဲဆွယ်ရန် သွားရောက်ခဲ့စဉ် ရက္ခိုင့်တပ်တော် ( AA) ၏ ဖမ်းဆီးမှု ခံခဲ့ရသည်။
ကိုဗစ်နိုင်တင်းကပ်ဘေးကာလတွင် ကျန်းမာရေးစည်းကမ်းချက်များ မလိုက်နာဘဲ NLD အစိုးရသည် နိုင်ငံရေးအမြတ်ထုတ်ကာ စစ်တပ်သည် စစ်ရေးအမြတ်ထုတ်နေကြောင်း၊ အစိုးရနှင့် စစ်တပ်က ဖမ်းဆီးထားသူများ လွှတ်ပေးမှသာ NLD ပါတီဝင်များကို ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း AA က အောက်တိုဘာ ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဦးမင်းအောင်နှင့် ဒေါ်နီနီမေမြင့်မှာ လက်ရှိ ပြည်နယ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များလည်း ဖြစ်ကြသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








