ဝန်ကြီးသက်တမ်း ငါးနှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် တိုင်းရင်းသားအရေးကိစ္စများကို အားသစ်လောင်းကာ ဆက်လက်အကောင်အထည်ဖော်လိုသည့်အတွက် စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ထပ်မံယှဉ်ပြိုင်ဦးမည်ဟု ဒေါ်မွှေးမွှေးခင်က ပြောသည်

၂၀၁၅ တွင် ၎င်းအနိုင်ရရှိခဲ့သည့် စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ထပ်မံယှဉ်ပြိုင်ဦးမည့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်လောင်း ဒေါ်မွှေးမွှေးခင် (ခ) နန်းမွှေးမွှေးခင် (ဓာတ်ပုံ- ဒေါ်မွှေးမွှေးခင် Facebook)

မပြီးပြည့်စုံသေးသည့် တိုင်းရင်းသားအခွင့်အ‌ရေးနှင့် နိမ့်ကျနေဆဲ တိုင်းရင်းသားများ၏ လူမှုဘဝအခြေအနေများက ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦးဖြစ်သည့် ဒေါ်မွှေးမွှေးခင်ကို နှစ်ကြိမ်ဆက်တိုက် ရွေးကောက်ပွဲဝင်ပြိုင်ရန် တွန်းအားပေးနေသည်။

ဒေါ်မွှေးမွှေးခင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားပြု၍ ရွေးကောက်ခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဖြစ်သည်။ ဝန်ကြီးသက်တမ်း ငါးနှစ်အတွင်း အကောင်အထည်ဖော်ခဲ့သည့် တိုင်းရင်းသားဖွံ့ဖြိုးရေးလုပ်ငန်းများကို အားသစ်လောင်းရန် စိတ်အားထက်သန်နေသူလည်း ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းတာဝန်ယူထားသည့် စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ပင် ထပ်မံရွေးကောက်ယှဉ်ပြိုင်ဦးမည်ဖြစ်သည်။​ 

“ငါးနှစ်တာမှာ လုပ်ခဲ့တဲ့ဟာတွေကို ပိုပြီးတော့ အဆင့်မြှင့်ချင်တယ်။ အားစိုက်ပြီး အဆင့်မြှင့်ချင်တယ်” ဟု စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင်က ပြောသည်။

တိုင်းရင်းသားရေးရာဝန်ကြီးနေရာသည် ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်တင်မြှောက်သည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဝန်ကြီးနေရာဖြစ်သည်။ ချင်းပြည်နယ်မှအပ တိုင်းနှင့်ပြည်နယ်အားလုံးတွင် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာစုစုပေါင်း ၂၉ ခုရှိကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးအနက် အမျိုးသမီးတိုင်ရင်းသားရေးရာဝန်ကြီး ၅ ဦး ရှိသည့်အနက် ဒေါ်မွှေးမွှေးခင် တစ်ဦးတည်းသာ တိုင်းရင်းသားပါတီကိုယ်စားပြု ကိုယ်စားလှယ်ဖြစ်သည်။ ကျန်အမျိုးသမီးဝန်ကြီး ၄ ဦးစလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဖြစ်သည်။

နိုင်ငံရေးလမ်းခရီးအစ

ဒေါ်မွှေးမွှေးခင် (ခ) နန်းမွှေးမွှေးခင်သည် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ကက်သာကျေးရွာဇာတိ ဖြစ်သည်။ အသက် ၅၈ နှစ်ရှိပြီဖြစ်သည့် ဒေါ်မွှေးမွှေးခင်သည် ရှမ်းနီတိုင်းရင်းသူဖြစ်ပြီး ဆေးပင်စင်ဖြင့် အငြိမ်းစားယူခဲ့သည့် အထက်တန်းသူနာပြုတစ်ဦးလည်းဖြစ်သည်။ 

ဝန်ထမ်းဘဝဖြင့် စစ်ကိုင်း၊ ကသာ၊ မန္တလေး စသည့်မြို့များသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မိသားစုနှင့် မန္တလေးတွင် အခြေချခဲ့သည်။

၂၀၀၈ တွင် သူနာပြုဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူခဲ့ပြီး ဆေးဝါးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။၂၀၁၀ အလွန် မြန်မာ့နိုင်ငံရေးရာသီဥတု ပြောင်းလဲလာချိန်တွင် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ခဲ့ကြောင်း ဒေါ်မွှေးမွှေးခင်က ပြန်ပြောင်းပြောပြသည်။

အထူးသဖြင့် တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ဒေသများသည် ပညာရေး၊ ကျန်မာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတိုးတက်ရေးတို့တွင် အစစအရာရာနိမ့်ကျနေဆဲဖြစ်ပြီး ထိုအခြေအနေကို မြှင့်တင်ပေးချင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

သားသမီးသုံးဦး၏ မိခင် ဒေါ်မွှေးမွှေးခင်သည် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဖြစ်ပြီးနောက် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ရုံးစိုက်ရာ မုံရွာမြို့တွင် ဝန်ကြီးတာဝန်များ ထမ်းဆောင်ရသဖြင့် မိသားစုများနေထိုင်သည့် မန္တလေးမြို့ကိုပင် မပြန်ဖြစ်ပေ။

တိုင်းရင်းသားအရေးအတွက် ခရေစေ့တွင်းကျ ပံ့ပိုးကူညီရန် အင်အားကြီးနိုင်ငံရေးပါတီများသို့ မဝင်ရောက်ဘဲ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တွင် အခြေပြုဖွဲ့စည်းထားသည့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်မက ဝန်ထမ်းတစ်ယောက် လုပ်တယ်ဆိုရင် ညွှန်ကြားရေးမှူးလောက်ပဲ ဖြစ်မယ်။ ကျွန်မရဲ့ ဌာနတစ်ခုတည်းလောက်ကိုပဲ လုပ်ပေးနိုင်မယ်ပေါ့။ ကျွန်မ လူမျိုးတစ်ခုလုံးရဲ့ အရေးအရာကိစ္စတွေ လုပ်မယ်ဆိုရင် ကျွန်မတို့က နိုင်ငံရေးလုပ်မှ ဖြစ်မယ်ဆိုတဲ့ စိတ်က ဖြစ်လာတယ်။ အဲ့ဒါကြောင့် နိုင်ငံရေးထဲ ဝင်လုပ်ဖြစ်တာပေါ့” ဒေါ်မွှေးမွှေးခင်က ပြောသည်။

မန္တလေးမြို့တွင် ပါတီဌာနချုပ်အခြေစိုက်သည့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီကို လက်ရှိပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်နှင့် ရှမ်းနီခေါင်းဆောင်များက ၂၀၁၂ မေတွင် ထူထောင်ခဲ့သည်။ 

ရှမ်းနီတိုင်းရင်းသားများကို ကိုယ်စားပြုသည့် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီလည်းရှိပြီး ယင်းပါတီသည် ၂၀၁၅ မေ တွင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ခွဲထွက်ထူထောင်ခဲ့ခြင်းဖြစ်သည်။ ပါတီအတွင်း အယူအဆနှင့် သဘောထားမတိုက်ဆိုင်မှုကြောင့် ခွဲထွက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ရှမ်းနီလူမျိုးအများစုနေထိုင်သည့် စစ်ကိုင်းနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်း ၅၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

ယင်းတို့အနက် စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင်နှင့် ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့် နှစ်ဦးသာ အနိုင်ရရှိခဲ့သည်။ ထိုကဲ့သို့ အနိုင်ရရှိခြင်းသည် ဒေါ်မွှေးမွှေးခင်၏ ရှမ်းတိုင်းရင်းသားဖွံ့ဖြိုးရေးအတွက် ရည်မှန်းချက်များကို ဆေးသားတင်ပေးလိုက်သကဲ့သို့ ဖြစ်သည်။

ဝန်ကြီးတစ်ဦးအတွက် မှတ်ကျောက်

တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦးအနေဖြင့် သီးသန့်ဘက်ဂျက်စာရင်းမရှိသဖြင့် လုပ်ပိုင်ခွင့်အကန့်အသတ် များစွာရှိသော်လည်း ရှမ်းတိုင်းရင်းသားရေးရာနှင့်ပတ်သက်၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းခဲ့သည်ဟု ဒေါ်မွှေးမွှေးခင်က ဆိုသည်။

တိုင်းရင်းသားဒေသများတွင် မူးယစ်ဆေးဝါးပြဿနာသည် အကြီးကျယ်ဆုံးသော ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ကျေးလက်အခြေပြု မူယစ်ဆေးဝါးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ရန် ဆောင်ရွက်ခဲ့သည်ဟု ၎င်းကဆိုသည်။  

သို့သော် တိုင်းရင်းသားဒေသများသည် ဝေးလံခေါင်ဖျားသည့် နေရာများတွင် တည်ရှိခြင်းတို့ကြောင့် ဒေသအနှံ့အပြားသို့ ကွင်းဆင်းလေ့လာရန် အခက်အခဲရှိသည်ဟု ဒေါ်မွှေးမွှေးခင်က ဆိုသည်။

ဝန်ကြီးသက်တမ်းအတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်ပြင်၊ ပင်လည်ဘူး၊ တမူး၊ ဗန်းမောက်၊ ထီးချိုင့်၊ အင်းတော် မြို့နယ်ရှိ စာသင်ကျောင်းများတွင် ရှမ်း၊ ရှမ်းနီတိုင်းရင်းသားစားပေများ သင်ကြားနိုင်ရန် ကြိုးပမ်းခဲ့သည်ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပပေးသည့်အပြင် ရှမ်းနီစာပေညီလာခံကိုလည်း နှစ်ကြိမ်တိုင် ကျင်းပပေးနိုင်ခဲ့သည်ဟု ဒေါ်မွှေးမွှေးခင်က ဆိုသည်။

“စာပေပျောက်ရင် စကားပျောက်မယ်ပေါ့။ အခုစကားက ကျွန်မတို့ တိုင်းရင်းသားရွာတွေမှာ ကလေးတွေဆိုရင် ရှမ်းစကားကို သိပ်မပြောတတ်ကြတော့ဘူး။ ဒီစာတွေ သင်ပေးခြင်းဖြင့် စကားတွေ ပြောလာမယ်” ဟု ၎င်းက ရှမ်းဘာသာစကား သင်ကြားပေးခြင်း၏ အကျိုးကျေးဇူးကို ရှင်းပြသည်။

သို့သော်လည်း ထိုကဲ့သို့ တိုင်းရင်းသားယဉ်ကျေးမှုအခမ်းအနားနှင့် ရှမ်းနီစာပေညီလာခံ နှစ်ကြိမ် ကျင်းပနိုင်ခဲ့ခြင်းသည် ဒေါ်မွှေးမွှေးခင် တစ်ဦးတည်း၏ စွမ်းဆောင်မှုကြောင့် မဟုတ်ဟု သျှမ်းနီစာပေသုတေသနအဖွဲ့၏ အဖွဲ့ဝင် ဒေါက်တာစိုင်းခိုင်ကျော်က ဆိုသည်။

ဒေါ်မွှေးမွှေးခင်၏ စွမ်းဆောင်မှုများသည် တိုင်းဝန်ကြီးတစ်ဦး၏ သမားရိုးကျ ဆောင်ရွက်ချက်များသာဖြစ်ပြီး ထူးထူးခြားခြားအသိအမှတ်ပြုဖွယ်ရာ မရှိကြောင်း ၎င်းက ဆိုသည်။

“ထူးထူးခြားခြားကြီးတော့ သိပ်ပြီးတော့ မမြင်ပါဘူး။ ပုံမှန်လုပ်ရိုးလုပ်စဉ်အနေနဲ့ လူကြီးတစ်ယောက်အနေနဲ့ လုပ်ရိုးလုပ်စဉ်အနေနဲ့ လုပ်တာတွေတော့ရှိတာပေါ့” ဟု ၎င်းကဆိုသည်။ 

တိုင်းရင်းသားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနည်းဥပဒေ ရေးဆွဲရာတွင် ပါဝင်ခဲ့ပြီး ထပ်မံရွေးကောက်အနိုင်ရရှိပါက ယင်းနည်းဥပဒေပါအချက်များကို ဆက်လက် လက်တွေ့အကောင်အထည်ဖော်လိုသည်ဟု ဒေါ်မွှေးမွှေးခင်က ဆိုသည်။

တိုင်းရင်းသားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနည်းဥပဒေတွင် စာပေ၊ ယဉ်ကျေးမှုနှင့် လူစွမ်းအားအရင်းအမြစ်လုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းနှင့် ပြည်နယ်အစိုးရ၏ ဘက်ဂျက်စာရင်းတွင် သီးသန့်ငွေစာရင်းတင်ပြတောင်းခံနိုင်မည် ဖြစ်သည်။

“ဒီနည်းဥပဒေမှာ တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှုကိစ္စတွေ ပါတယ်။ သယံဇာတ တူးဖော်မှုတွေ ပါမယ်။ နောက်ပြီး ကျွန်မတို့ရဲ့အခွင့်အရေးပေါ့နော်။ တိုင်းဒေသကြီးဘက်ဂျက်ထဲမှာ စာပေယဉ်ကျေးမှုကိစ္စတွေ ထည့်ဆွဲလို့ရတယ်ဆိုတာလည်း ပါတယ်” ဟု ၎င်းကဆိုသည်။

ဒေါ်မွှေးမွှေးခင်သည်၂၀၁၈ တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး သဘောတူစာချုပ်(NCA) ရေးထိုးရာတွင် တစ်ဦးတည်းသော အမျိုးသမီးအသိသက်သေအဖြစ် ပါဝင်ခဲ့သည်။

ရွေးကောက်ပွဲ မျှော်လင့်ချက်

ရက်ပိုင်းသာ လိုတော့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်း ၇,၀၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ်လောင်းမှာ ၁,၁၀၀ ကျော် ပါဝင်သည်။

လူထုထောက်ခံမှုရရန် ပါတီများက အပြိုင်အဆိုင်မဲဆွယ်နေကြပြီး ရှမ်းတိုင်းရင်းသားအများစု လွှမ်းမိုးသည့် ဒေသများတွင် တိုင်းရင်းသားကိုယ်စားပြုပါတီများသည် လူမျိုးရေးပေါ် အခြေခံကာ မဲဆွယ်ကြသဖြင့် ၂၀၁၅ ရွေးကောက်ပွဲထက် ပြိုင်ဆိုင်မှုပိုပြင်းထန်ကြောင်း ဒေါ်မွှေးမွှေးခင်၏ ပြိုင်ဘက် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ်လောင်း ဦးကျော်ဌေးလွင်က မှတ်ချက်ပြုသည်။

NLD ပါတီသည် တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ပြည်ထောင်စုပါတီဖြစ်ပြီး ၎င်းရွေးကောက်ခံရပါက တိုင်းရင်းသားရေးရာနှင့်ပတ်သက်၍ ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ဦးကျော်ဌေးလွင်က ဆိုသည်။

“သူ (ဒေါ်မွှေးမွှေးခင်) လည်း စွမ်းဆောင်နိုင်သလောက် စွမ်းဆောင်ပါတယ်။ ကျွန်တော်ဖြစ်ခဲ့တယ်ဆိုရင် သူ့ရဲ့လုပ်ဆောင်ချက်ထက် ပိုပြီးတော့ လုပ်ရမှာက ကျွန်တော့်တာဝန်ပေါ့။ ပြီးကျမှ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုရှိအောင် ကျွန်တော်အနေနဲ့ လုပ်ဆောင်ရမယ်ဆိုတာ ကျွန်တော့်ရဲ့ တာဝန်လို့ပဲ ခံယူပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် တစ်သီးပုဂ္ဂလနှင့် နိုင်ငံရေးပါတီ ၈ ခုမှ ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ပြိုင်မည်ဖြစ်ပြီး အမျိုးသား ၄ ဦးနှင့် ဒေါ်မွှေးမွှေးခင်အပါအဝင် အမျိုးသမီး ၄ ဦး ဖြစ်သည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒေါ်မွှေးမွှေးခင်၊ NLD ပါတီမှ ဦးကျော်ဌေးလွင်၊ ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်ခင်မိုးရီ၊ တစ်သီးပုဂ္ဂလ စိုင်းခမ်းရွှေ၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီမှ စိုင်းလှိုင်ငြိမ်းနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဒေါ်သိန်းမြင့်တို့ အသီးသီး ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

နိုင်ငံရေးတွင် အမျိုးသမီးများကို ဦးစားပေးလာသည့်အပြင် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုအပေါ် ယုံကြည်ချက် မြင့်မားလာခြင်းကြောင့် အမျိုးသမီးကိုယ်စားလှယ်လောင်းပါဝင်မှု မြင့်တက်လာသည်ဟု‌ ဒေါ်မွှေးမွှေးခင်က ဆိုသည်။

ဒေါ်မွှေးမွှေးခင်အနေဖြင့်လည်း မဲဆွယ်စည်းရုံးရေးဆင်းရာတွင် လူထု၏ထောက်ခံမှုကို အားရကျေနပ်မှုရှိပြီး အထူးသဖြင့် အမျိုးသမီးများ၏ ထောက်ခံမှုမှာ ယခင်ကထက် ပိုမိုအားကောင်းလာသည်ဟု ဆိုသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရကာ နောက်ထပ်သက်တမ်း ၅ နှစ် တာဝန်ထမ်းဆောင်နိုင်ရမည်ဟုလည်း ဒေါ်မွှေးမွှေးခင်က ခိုင်ခိုင်မာမာ ယုံကြည်ထားသည်။

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading