ဗကသကျောင်းသားနှစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ (ခ) တို့ဖြင့် မန္တလေးရှိ တရားရုံးလေးခု၌ တရားစွဲဆိုခံခဲ့ရပြီး ယခုပြစ်ဒဏ်အပါအဝင် စုစုပေါင်းထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရသည်
ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ မြန်မာစစ်တပ်၏လုပ်ရပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံထားရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ (ဗကသ) အဖွဲ့ချုပ်မှ ကိုစိုးလှနိုင်နှင့် ကိုကျော်သီဟရဲကျော်တို့ကို ယနေ့ (အောက်တိုဘာ ၂၁) တွင် အမရပူရမြို့နယ် တရားရုံးက ၅၀၅(က) (ခ)ပုဒ်မ နှစ်ခုအတွက် ထောင်ဒဏ် ၁ နှစ် တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်သည်။
၎င်းတို့နှစ်ဦးကို စစ်ဆန့်ကျင်ရေး ကမ်ပိန်းပြုလုပ်မှုများအတွက် ယင်းရာဇသတ်ကြီးပုဒ်မများနှင့်ပင် မဟာအောင်မြေမြို့နယ်တရားရုံးက အောက်တိုဘာ ၅ တွင် ထောင်ဒဏ် နှစ်နှစ်၊ အောင်မြေသာစံမြို့နယ်တရားရုံးက အောက်တိုဘာ ၆ တွင် ထောင်ဒဏ်တစ်နှစ်၊ ချမ်းအေးသာစံမြို့နယ်တရားရုံးက အောက်တိုဘာ ၉ တွင် ထောင်ဒဏ် နှစ်နှစ် အသီသီး ချမှတ်ထားပြီးဖြစ်ရာ ယခုပြစ်ဒဏ်အပါအဝင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသည်။

ကိုစိုးလှနိုင်နှင့် ကိုကျော်သီဟရဲကျော်သည် အဆိုပါ ရာဇသတ်ကြီးပုဒ်မများအပြင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နှင့် ၃၀ (က) တို့ဖြင့်လည်း အမှုဖွင့်ခံထားရသည်။
"ပြည်တွင်းစစ်ကြောင့် အကျိုးအမြတ်ရတဲ့သူတွေက ပြည်တွင်းစစ်ဆန့်ကျင်တဲ့သူတွေကို ဖိနှိပ်တာလို့ပဲ မြင်ပါတယ်” ဟု ကျောင်းသားများကို တရားစွဲဆိုမှုနှင့် ပတ်သက်၍ ဗကသအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ၁ မောင်အောင်ပြည့်စုံဖြိုးက Myanmar Now ကို ပြောသည်။


“ကျောင်းသားတွေကို ထောင်ချလို့ ကျွန်တော်တို့စစ်ဆန့်ကျင်ရေးတွေ ရပ်သွားမှာမဟုတ်ပါဘူး။ တတ်နိုင်တဲ့ဘက်က ဆက်လက်ဆန့်ကျင်သွားမှာပါ" ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မန္တလေး စျေးချိုနာရီစင်အနီး ရခိုင်အရေးနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့သည့် ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ကိုသက်မောင်မောင်အပါအဝင် ကျောင်းသား (၁၃) ဦးကိုလည်း မူလက ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့်သာ တရားစွဲဆိုထားသော်လည်း ရဲတပ်ဖွဲ့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့်ပါ ချမ်းအေးသာစံမြို့နယ်တရားရုံး၌ ထပ်မံတရားစွဲဆိုထားသည်။


ဗကသကျောင်းသားများသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်ပေးရေးနှင့် ရခိုင်ပြည်နယ်တွ င် 4G အင်တာနက် အမြန်ဆုံးဖွင့်ပေးရေးအတွက် ဆန္ဒထုတ်ဖော်ခြင်း၊ တပ်မတော်ကို ဝေဖန်သည့် စာသားများပါဝင်သော စတစ်ကာများနှင့် ဗီနိုင်းများကပ်ခြင်းတို့ကို မန္တလေး၊ မုံရွာ၊ မိတ္ထီလာ၊ ပခုက္ကူ၊ မကွေး၊ ရန်ကုန်၊ စစ်တွေ စသည့်မြို့များတွင် စက်တင်ဘာအတွင်းက ပြုလုပ်ခဲ့ကြသဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရခြင်း ဖြစ်သည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နှင့် (ခ) သည် တပ်မတော်အရာရှိနှင့် တပ်သားများကို စစ်ပုန်ကန်ခြင်း၊ တာဝန်ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်း ပြုစေအောင်၊ အစိုးရ သို့မဟုတ် ငြိမ်ဝပ်ပိပြားမှုကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို ကျူးလွန်ချင်လာအောင် ကောလာဟလ၊ သတင်း၊ ကြေညာချက်များကို ဟောပြောခြင်း၊ ရေးသားဖော်ပြခြင်း တို့အတွက် စွဲဆိုသောပုဒ်မများဖြစ်ပြီး ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်သည်။
ငြိမ်းစုစီ ခေါ် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ ၁၉ အရ ခွင့်ပြုချက်မရှိဘဲ စီတန်းလှည့်လည်လျှင် ထောင်ဒဏ် ၃ လ သို့မဟုတ် ငွေဒဏ် ကျပ် ၃၀,၀၀၀ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေမှာမူ ပုဒ်မပေါ်မူတည်ပြီး အများဆုံး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












