ဦးကျော်မြင့် ထွက်ပြေးစဉ်က အိုးဘိုထောင်မှူးဟောင်းဖြစ်ခဲ့သူနှင့် လုံခြုံရေးရဲဝန်ထမ်းများအပါအဝင် သက်သေငါးဦးကို စစ်ဆေးပြီးနောက် ထောင်ပြေးကြောင်း ခိုင်လုံသည်ဟုဆိုကာ စွဲချက်တင်လိုက်ခြင်း ဖြစ်သည်
နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံလိုက်ရသည့် နှင်းဆီပါတီခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို လွန်ခဲ့သော ၂၁ နှစ်က ထောင်ပြေးမှုအတွက် မန္တလေး ချမ်းအေးသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ် ၂၂၄ ဖြင့် ယနေ့ (အောက်တိုဘာ ၂၀) တွင် စွဲချက်တင်လိုက်သည်။
၁၉၉၉ တွင် မန္တလေးအိုးဘိုထောင်မှ ဦးကျော်မြင့် ထွက်ပြေးမှုကြောင့် ထောင်ကိုးနှစ်ကျခံခဲ့ရသူ ထောင်မှူးဟောင်း ဦးအေးချမ်း (ခေါ်) ဆရာတော် ဦးဣန္ဒြောဘာသ အပါအဝင် သက်သေငါးဦးကို စစ်ဆေးခဲ့ပြီး ဦးကျော်မြင့် ထောင်ပြေးကြောင်း ပေါ်ပေါက်သည်ဆိုကာ တရားရုံးက စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ဦးကျော်မြင့် ထောင်မှထွက်ပြေးစဉ် အမှုဖွင့် တရားစွဲဆိုခဲ့သည့် အမှတ် (၈) ရဲစခန်းမှူးဟောင်း ရဲအုပ်သိန်းဌေးကိုမူ ရဲက ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိသည့်အတွက် လက်ရှိရဲစခန်းမှူးဦးအောင်မင်းက တရားလိုပြုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယနေ့ရုံးချိန်းတွင် အဓိက သက်သေများဖြစ်သည့် ထောင်မှူးဟောင်း ဦးဣန္ဒြောဘာသ၊ လက်ရှိ အိုးဘိုအကျဉ်းထောင် ဒုကြီးကြပ်ရေးမှူး ဦးစည်သူတင်မြင့်၊ ဦးကျော်မြင့်ထွက်ပြေးစဉ်က လုံခြုံရေးတာဝန်ယူခဲ့သူ ရဲတပ်သား ဦးအောင်မြင့်ကြည်နှင့် ရဲတပ်သားဦးကျော်ခိုင်၊ လက်ရှိ အမှတ် (၈) ရဲစခန်းမှူး ဦးအောင်မင်းတို့ကို စစ်ဆေးခဲ့သည်။


အဆိုပါ သက်သေများ၏ ထွက်ဆိုချက်များဖြင့် စွဲချက်တင်ရန် လုံလောက်သည့်အတွက် အစိုးရဥပဒေအကြံပေးက ကျန်ရှိသည့် သက်သေများကို ပယ်ချပေးရန် အဆိုတင်သွင်းခဲ့သည်။ ယင်းအဆိုကို တရားရုံးက လက်ခံခဲ့ပြီး ဦးကျော်မြင့်ကို ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် စွဲချက်တင်ခဲ့သည်။
"ဦးကျော်မြင့်က သူ့မှာ အပြစ်မရှိကြောင်း ငြင်းတယ်။ ဒါပေမဲ့ ထောင်ပြေးကြောင်း ပေါ်ပေါက်တဲ့အတွက် စွဲချက်တင်လိုက်တယ်" ဟု ချမ်းအေးသာစံမြို့နယ်တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။
ထောင်ပြေးခဲ့သည့် ဦးကျော်မြင့်မှာ လက်ရှိတရားခွင်တွင် ရောက်ရှိနေသည့် ဦးကျော်မြင့် ဟုတ်ပါသလားဟု တရားခွင်တွင် တရားသူကြီးက သက်သေလာရောက်ထွက်ဆိုသည့် ဆရာတော်ဦးဣန္ဒြောဘာသကို မေးမြန်းရာ ဆရာတော်က ဦးကျော်မြင့်ကို နှာခေါင်းစည်းချွတ်ခိုင်း၍ ကြည့်ပြီး ဟုတ်မှန်ကြောင်း တရားရုံးသို့ ထွက်ဆိုသည်။
ယနေ့ရုံးထုတ်တွင် ဦးကျော်မြင့်ကို လုံခြုံရေးဝန်ထမ်းများ ဝန်းရံ၍ ကိုဗစ်နိုင်တင်း တစ်ကိုယ်ရေကာကွယ်ရေးအင်္ကျီ PPE ဝတ်ဆင်ပေးထားသည်ကို တွေ့ရသည်။ သို့သော် တရားခွင်တွင် အင်္ကျီအပေါ်ပိုင်းကို ချွတ်ကာ စစ်ဆေးခဲ့သည်။
နောက်ရုံးချိန်း အောက်တိုဘာ ၂၃ တွင် ဦးကျော်မြင့်ကို စတင်စစ်ဆေးမည်ဖြစ်ပြီး ၎င်းကို လက်ရှိစွဲဆိုထားသည့်ပုဒ်မမှာ ထောင်ပြေးမှုတစ်ခုသာရှိပြီး ထပ်တိုးစွဲဆိုသည့်ပုဒ်မ မရှိဟု တရားရုံးအချက်အလက်များအရ သိရသည်။
ဦးကျော်မြင့်၏ရှေ့နေ ဦးနေလင်းထွန်းက ဦးကျော်မြင့်၏ အမှုသည် ယခင်အမှုတွဲဟောင်း ပျောက်ဆုံးနေပြီး ရဲမှတ်ပုံတင်စာအုပ်တွင် ပြန်ကြည့်ကာ တရားရုံးက အမှုတည်ဆောက်ထားခြင်း ဖြစ်သည်ဟုဆိုသည်။
"စာရွက်ပျောက်နေတဲ့အတွက် အမှုအပေါ်မှာ သက်ရောက်မှုကတော့ တရားသူကြီးအပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်တို့က မှတ်ချက်မပေးလိုဘူး" ဟု ပြောသည်။
၂၀၂၀ရွေးကောက်ပွဲတွင် ဦးကျော်မြင့်၏ UDP ပါတီသည် နိုင်ငံတစ်ဝန်း မဲဆန္ဒနယ်ပေါင်း ၁,၁၃၀ ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့သော်လည်း တရားမဝင်ငွေကြေးပိုင်ဆိုင်မှုဖြင့် နိုင်ငံရေးပါတီအဖြစ်မှ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၇ တွင် ဖျက်သိမ်းခဲ့သည်။
ယနေ့ရုံးချိန်းတွင် ဦးကျော်မြင့်၏ နှင်းဆီပါတီဝင်အချို့ လာရောက်ဝန်းရံကြပြီး တရားခွင်မှ အချုပ်ကားအထွက်တွင် "ဦးကျော်မြင့် ကျန်းမာပါစေ" ဟု ကြွေးကြော်ခဲ့ကြသည်။
ပါတီဖျက်သိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ နှင်းဆီပါတီကိုယ်စားပြု၍ ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ရွေးကောက်ခံရန် စီစဉ်ထားခဲ့သည့် ဦးသက်ဦးက ရွေးကောက်ပွဲကော်မရှင်နှင့် တရားစီရင်ရေးကို တရားရုံးရှေ့၌ ဝေဖန်မှုများပြုလုပ်ခဲ့သည်။
"ကိုယ်စားလှယ်တွေကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်သူ့အဖေခေါ်ရမှန်း မသိတော့တာပေါ့" ဟု ဦးသက်ဦးက ပြောသည်။
နှင်းဆီပါတီ (UDP)သည် အစိုးရအာဏာကို လိုချင်၍ ယှဉ်ပြိုင်ရခြင်းမဟုတ်ဘဲ လူထုအာဏာသာ လိုသည်ဟူသော ပါတီရည်ရွယ်ချက်များကို ကြိုက်နှစ်သက်သဖြင့် ပါတီဝင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွားဟူ (ခ) ဟူးဟွား (ခ) ဇခုန်ဇုန်းဆောင် ဦးစီးလုပ်ကိုင်ခဲ့သော မြန်မာကျုံယွမ်ကုမ္ပဏီကို စစ်အစိုးရအာဏာပိုင်များက တရားမဝင်အဖွဲ့အဖြစ် ကြေညာကာ ဦးကျော်မြင့်ကိုလည်း ၁၉၉၈ ဇန်နဝါရီလ ၁ တွင် ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့သည်။ ၎င်းသည် ၁၉၉၉ ဇန်နဝါရီတွင် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးသွားခဲ့သူ ဖြစ်သည်။
ဦးကျော်မြင့်သည် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးလွတ်မြောက်ပြီးနောက် အမေရိကန်နှင့် ကနေဒါနိုင်ငံများတွင် ခိုလှုံနေထိုင်ခဲ့သည်။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ကနေဒါနိုင်ငံ၌ ၂၀၀၇ တွင် ထူထောင်ခဲ့ပြီး ၂၀၁၀ မေတွင် နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့သည်။
ဦးကျော်မြင့်သည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၎င်း၏ နှင်းဆီပါတီမှာ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။
ဦးကျော်မြင့်၏ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ခ)၊ (ခ)၊ (ဂ) တို့ပါ ပြဌာန်းချက်များနှင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိသဖြင့် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းပြီး ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်လောင်းများသည်လည်း ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးသွားပါသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။














